Chapter 92
ခဲ့ကျင်းယန်နှင့်လုယွင်ကျီက ကလေးငယ်ဆွေ့ဆွေ့ကို ရုတ်တရက်အံ့အားသင့်သွားစေရန် သူ(မ)၏အိမ်သို့ရောက်လာခြင်းဖြစ်သည်။
ခဲ့ကျင်းယန်က ကုဆွေ့ဆွေ့အားအိမ်မွေးတိရစ္ဆာန်ဆိုင်သို့ခေါ်သွားကာ ခွေးလေးတစ်ကောင်လောက်ဝယ်ပေးချင်သည်။ ယူနန်တွင်ရိုက်ကူးရေးလုပ်နေစဥ်က မြို့တော်သို့ပြန်ရောက်သည့်အခါ အိမ်မွေးခွေးလေးဝယ်ပေးမည်ဟု ဆွေ့ဆွေ့အားသူကတိပေးခဲ့သည်။ သို့သော် အခြားသူများကိုဝယ်ခိုင်းသည်ထက် သူကိုယ်တိုင်ရွေးပြီးလက်ဆောင်အဖြစ်ဝယ်ပေးသည်က ပို၍အဓိပ္ပါယ်ရှိပေလိမ့်မည်။
သို့သော် ခွေးလေးတစ်ကောင်ဝယ်ပေးချင်သည်ဟုပြောလာသောခဲ့ကျင်းယန်၏စကားကို ဖုန်းယောက်ချင်းက အလျင်အမြန်ငြင်းဆန်သည်။
"ဟင့်အင်း...ကျွန်မသမီးလေးဆွေ့ဆွေ့က ခွေးတစ်ကောင်မွေးနိုင်လောက်တဲ့အထိ အရွယ်မရောက်သေးဘူး"။
ဆွေ့ဆွေ့ကနွေရာသီရောက်တိုင်း ခန္ဓာကိုယ်အရေပြားတစ်ပြင်လုံးတွင် အနီရောင်အဖုအပိန့်များထွက်တတ်သည်။ ဤတစ်နွေလုံး တိရစ္ဆာန်အမွေးများနှင့်မထိတွေ့ရန် ဆရာဝန်ကလည်းသတိပေးထားသည်။ ဆွေ့ဆွေ့၏ဓာတ်မတည့်မှုက နောက်ပိုင်းတွင်အနည်းငယ်သက်သာလာသော်လည်း ယူနန်ရိုက်ကူးရေးအပြီးအိမ်သို့ပြန်လာသောအခါ အနီအစက်အပြောက်တစ်ချို့ကို ဖုန်းယောက်ချင်းတွေ့လိုက်ရသည်။ သို့သော် သိပ်မပြင်းထန်သောကြောင့် သောက်ဆေးနှင့်သာပျောက်သွားသည်။
အစပိုင်းတွင် ထိုဓာတ်မတည့်သောလက္ခဏာဖြစ်သည့်အနီအစက်အပြောက်များမှာ ယူနန်ဒေသ၏ပူနွေးစိုထိုင်းသော ရာသီဥတုအခြေအနေကြောင့်ဟု ဖုန်းယောက်ချင်းထင်မိသော်လည်း ဆွေ့ဆွေ့ကအိမ်မွေးခွေးတစ်ကောင်နှင့်ထိတွေ့လာခဲ့ပုံရသည်။
သို့သော်ထိုအချက်က အဓိကမဟုတ်ပေ။ အရေးအကြီးဆုံးအချက်မှာ သူတို့အိမ်တွင်ခွေးမွေးမည်ဆိုလျှင် မည်သူကများတာဝန်ယူပြီးစောင့်ရှောက်ပေးလိမ့်မည်နည်း။
အိမ်မွေးခွေးများကို တစ်နေ့သုံးခါ လမ်းလျှောက်ထွက်ပေးရသည်။ ရောဂါများကိုကာကွယ်ရန်အတွက် လစဥ်လတိုင်း ကာကွယ်ဆေးမျိုးစုံထိုးပေးရပြန်သည်။ တစ်နေ့သုံးကြိမ် အစားအသောက်ကိုလည်း ဂရုတစိုက်ကျွေးမွေးရသေးသည်။ ဖုန်းယောက်ချင်းကိုယ်တိုင်က စိတ်မရှည်တတ်သူဖြစ်ရာ တိရစ္ဆာန်လေးများကို ကောင်းကောင်းကြည့်ရှုစောင့်ရှောက်နိုင်မည်မဟုတ်ချေ။
တိရစ္ဆာန်ဖြစ်စေကာမူ ဖြစ်ကတတ်ဆန်း ပေါ့ပေါ့ဆဆဆက်ဆံ၍မဖြစ်ပေ။ အိမ်တွင်ခေါ်မွေးသည်မှစ၍ အသေအချာဂရုစိုက်ပျိုးထောင်ရန် အရေးကြီးသလိုတာဝန်ဝတ္တရားလည်းကြီးသည်။ အသက်တစ်ချောင်းကို သူ(မ)လက်လွတ်စပယ် တာဝန်မယူချင်ပေ။
"မေမေ...သမီးတို့...တကယ်ပဲခွေးပေါက်လေးကို...မွေးလို့မရဘူးလားဟင်...တစ်ကောင်ပဲကို"။
ဆွေ့ဆွေ့က ဝမ်းနည်းပက်လက်ဖြင့် ထပ်မံတောင်းဆိုလာသည်။
"အင်း...သမီးကြီးလာမှ....မေမေတို့ခွေးလေးတစ်ကောင်လောက်မွေးကြမယ်လေ...အဲဒီအချိန်ကျမှ...ခွေးလေးကိုသေချာစောင့်ရှောက်နိုင်လောက်မယ်...အခုသမီးကအရမ်းငယ်နေသေးတယ်...ဆွေ့ဆွေ့"။ ဖုန်းယောက်ချင်းက ဝမ်းနည်းနေသောဆွေ့ဆွေ့အား အရွယ်ရောက်မှခွေးလေးမွေးမည်ဟုကတိပေးကာ ဖြေသိမ့်လိုက်သည်။ သို့သော် ဆွေ့ဆွေ့မှာ စိတ်ကျေနပ်သည့်ပုံမပေါ်ပေ။ မှိုင်တွေတွေနှင့်သာခေါင်းညိမ့်ပြသည်။
သူ့ဘေးတွင်စိတ်ပျက်လက်ပျက်နှင့်မှိုင်တွေနေသော ဆွေ့ဆွေ့ကိုကြည့်ကာ ခဲ့ကျင်းယန်ပြောလိုက်သည်။ "ဆွေ့ဆွေ့....အခုသမီးရဲ့အိမ်မှာ...
ခွေးပေါက်လေးကိုမွေးလို့မရသေးလည်း...ကိစ္စမရှိပါဘူး...ပါပါးအိမ်မှာမွေးမယ်လေ...ခွေးလေးကိုကြည့်ချင်တဲ့အချိန်တိုင်း...ဆွေ့ဆွေ့ကပါပါးအိမ်မှာလာကြည့်လို့ရတယ်"။
ခဲ့ကျင်းယန်၏စကားအပြီးတွင် ဆွေ့ဆွေ့၏ဝမ်းနည်းစိတ်ပျက်မှုတို့မှာ မြှူမှုန်တစ်ဖွယ်ပျောက်ကွယ်သွားလေသည်။ သုန်မှုန်နေ
သည့် မျက်နှာလေးမှာ စိတ်လှုပ်ရှားမှုတို့ဖြင့် ပြန်လည်ဝင်းပလာသည်။ ထို့နောက် ခွေးလေးမွေးမည့်ကိစ္စနှင့်ပတ်သတ်ပြီး နှစ်ယောက်သားခေါင်းချင်းဆိုင်ကာ အသည်းအသန်ဆွေးနွေးကြတော့သည်။
အသံတိုးတိုးနှင့်တတွတ်တွတ်တိုင်ပင်နေကြသော်လည်း ဘေးတွင်ထိုင်နေသည့်ဖုန်းယောက်ချင်းနှင့် လုယွင်ကျီနှစ်ယောက်လုံး သူတို့ကိုအတိုင်းသားကြားနေရသည်။ သို့သော် ထိုကလေးနှစ်ယောက်ကိုစိတ်ချမ်းသာအောင် လွှတ်ထားပေးလိုက်သည်။
ကြည့်ရှုသူပရိသတ်များအားလည်ပင်းရှည်အောင် တမေ့တမောစောင့်ရပြီးနောက် "ကလေးငယ်နှင့်ခရီးသွားခြင်း" အစီအစဥ်၏စတုတ္ထပိုင်းထုတ်လွှင့်မည့်ရက်သို့ ရောက်လာခဲ့သည်။
စတုတ္ထအပိုင်း၏အကြောင်းအရာမှာ အစားအသောက်အစုံအလင်ကို စားသောက်ပြရန်ဖြစ်သည်။ ဤအပိုင်းတွင်ရိုက်ကူးရေးအဖွဲ့နှင့်ဧည့်သည်အနုပညာရှင်များက အစားအသောက်ကောင်းကြိုက်သူများကြားတွင်နာမည်ကြီးသော စီမြို့တော်တွင်သွားရောက်ရိုက်ကူးခဲ့ကြသည်။
ရိုက်ကူးရေးအဖွဲ့၏အစီအစဥ်ကိုကြားသိပြီးနောက် ဧည့်သည်အနုပညာရှင်များမှာအတော်လေးအံ့အားသင့်သွားကြသည်။
"ငါတို့အစီအစဥ်တွေအတွက်...ဒီတစ်ပတ်မှာ...စပွန်ဆာတွေဘာတွေရှိလို့များလား...ရိုက်ကူးရေးအဖွဲ့ကဘာလို့များ...အရမ်းစေတနာကောင်းနေရတာပါလိမ့်"။ သူတို့အားလုံးစိတ်ထဲတွင်အမျိုးမျိုးတွေးနေမိကြသော်လည်း ဝါးတီးဆွဲရမည်ဖြစ်သောကြောင့် မည်သူမှအတွန့်မတက်ကြချေ။ ဤအပိုင်းတစ်ပိုင်းလုံးအစားအသောက်ချည်းပတ်စားကြမည်ဟုရိုက်ကူးရေးအဖွဲ့ကပြောလာသောအခါ ကလေးလူကြီးအားလုံး ပျော်ရွှင်စိတ်လှုပ်ရှားမှုကိုမထိန်းနိုင်တော့ပဲ လက်သီးလက်မောင်းတန်းကာ အားပါးတရအော်ဟစ်ကုန်ကြတော့သည်။
ရိုက်ကူးရေးအဖွဲ့ကသူတို့တစ်ဖွဲ့ချင်းစီကို ယွမ်နှစ်ရာအတိပေးထားသည်။ ထိုငွေယွမ်နှစ်ရာကိုသာ အစားအသောက်အားလုံးအတွက်သုံးစွဲရမည်ဖြစ်သည်။ ငွေအကန့်အသတ်အတွင်းစားသောက်ရမည်ဖြစ်သောကြောင့် ပိုက်ဆံကိုရေလိုသုံးလေ့ရှိသော ခဲ့ကျင်းယန်အဖို့အဆင်မပြေလှပေ။ ထို့အပြင်စျေးကြီးပေးပြီးနာမည်ကျော်စားဖိုမှူးလက်ရာကိုမှစားတတ်သည့်သူ့အတွက် ယွမ်နှစ်ရာကလောက်ပင်မလောက်ချေ။ ဟင်းတစ်ပွဲစာသာလောက်သည်။ သို့သော် ကပ်စေးနှဲသောရိုက်ကူးရေးအဖွဲ့ကြောင့် မလောက်လောက်အောင်ချွေတာပြီးစားရပေတော့မည်။
ဆယ်မိနစ်ခန့်လမ်းလျှောက်ဆင်းသွားပြီးနောက် လမ်းမပေါ်တွင်ထည်ထည်ဝါဝါတည်ရှိနေသော ဟော့ပေါ့ဆိုင်ကြီးကိုခဲ့ကျင်းယန်သတိထားမိသွားသောကြောင့် ဆွေ့ဆွေ့နှင့်အတူဝင်သွားလိုက်သည်။ ထို့နောက်စားပွဲဝိုင်းအလွတ်တွင်နှစ်ယောက်သားနေရာယူလိုက်ကြသည်။ မကြာမီတွင် စားပွဲထိုးတစ်ဦးရောက်လာပြီး မီနူးစာအုပ်လာချပေးသည်။ မီနူးကိုကြည့်ကာ ခဲ့ကျင်းယန်က သိပ်မစပ်သည့်အမဲသားဟော့ပေါ့ကိုမှာယူလိုက်သည်။ ဤဆိုင်တွင်ဟင်းပွဲတိုင်းကို အစပ်လယ်ဗယ်နှစ်မျိုးသတ်မှတ်ထားသည်။ စီမြို့တော်ရှိဒေသခံများက အစပ်အတော်စားနိုင်ပုံရသည်။ ကလေးပါနေသောကြောင့် ခဲ့ကျင်းယန် အစပ်လျှော့ပြီးမှာလိုက်ခြင်းဖြစ်သည်။
တစ်ခဏတာထိုင်စောင့်ပြီးနောက် မှာယူထားသို့အစားအသောက်အားလုံးစားပွဲပေါ်သို့အသင့်ရောက်လာသည်။ သို့သော်အဓိကဟင်းပွဲဖြစ်
သည့် အစပ်ပေါ့အမဲသားဟော့ပေါ့ကိုကြည့်ပြီး ခဲ့ကျင်းယန်မျက်လုံးပြူးသွားရသည်။ ဟော့ပါ့တစ်အိုးလုံးတွင်ငရုတ်သီးစိမ်းများနှင့်ငရုတ်သီးအနှစ်များကိုအထင်းသားတွေ့နေရသောကြောင့်ပင်။ ဒီအတိုင်းသာဆိုလျှင် ဆွေ့ဆွေ့စားနိုင်မည်မဟုတ်ပေ။ အရသာမြည်းသည့်အနေနှင့်အိုးထဲရှိအသားအချို့ကိုယူကာခဲ့ကျင်းယန်တစ်လုတ်စားကြည့်လိုက်သည်။ အရသာကအတော်လေးကောင်းကာ သူ့အတွက်သိပ်မစပ်သော်လည်း ကလေးအတွက်သေချာပေါက်စပ်နေပေလိမ့်မည်။
"ဆွေ့ဆွေ့လေး...ဒါကအရမ်းစပ်လွန်းတယ်...သမီးစားနိုင်မှာမဟုတ်ဘူး...ပါပါးရေဆေးပြီးမှကျွေးမယ်နော်"။ ထို့နောက် ခဲ့ကျင်းယန်က စားပွဲထိုးအား ပန်းကန်လုံးတစ်ခုတောင်းလိုက်သည်။ အမဲသားရှာဘူကိုဟော့ပေါ့အိုးထဲတွင်အရင်ပြုတ်ပြီးနောက် ရေသန့်နှင့်ဆေးချကာ ပန်းကန်လုံးထဲထည့်ပြီးမှဆွေ့ဆွေ့အားစားစေသည်။ ဆွေ့ဆွေ့မှာအမဲသားအရသာကိုအကြိုက်တွေ့နေပုံရသည်။ ခဲ့ကျင်းယန်ထည့်ပေးသော အသားများကိုတစ်လုတ်ပြီးတစ်လုတ်စားနေသည်။
သို့သော် အစပ်သိပ်မစားနိုင်သောကြောင့် သုံးလေးလုတ်စားအပြီးတွင်စပ်လာ၍ ရေတောင်းသောက်တော့သည်။ ထို့နောက်စားလိုက်ရေသောက်လိုက်လုပ်ပြန်သည်။ စပ်သော်လည်း စားလို့ကောင်းသည် မဟုတ်လား။ ဆပ်တိုက်စားနေသော ကလေးငယ်ကြောင့်ရိုက်ကူးရေးအဖွဲ့မှာစိတ်ပူလာရသည်။ ထို့ကြောင့်ဗိုက်မအောင့်စေရန် အစာအိမ်ဆေးနှစ်လုံးတိုက်လိုက်ရသည်။
လေးဆယ့်ငါးမိနစ်လောက်တွင်အစားအသောက်အားလုံးပြောင်သလင်းခါသွားသည်။ ပိုက်ဆံရှင်းရမည့်အချိန်သို့ရောက်လာသောအခါမှ ခဲ့ကျင်းယန်တို့တိုင်ပတ်တော့သည်။ ကုန်ကျငွေဖြတ်ပိုင်းစာရွက်ကို တစ်ချက်ကြည့်လိုက်ရာ စုစုပေါင်းကျသင့်ငွေမှာတစ်ရာလေးဆယ့်ရှစ်ယွမ်ဟုရေးထားသည်။ သူတို့လက်ထဲတွင်ရိုက်ကူးရေးအဖွဲ့ကပေးထားသောငွေယွမ်နှစ်ရာသာရှိသည်။ အဖွဲ့တိုင်း၏မစ်ရှင်မှာအနည်းဆုံးအစားအသောက်သုံးမျိုးလေးမျိုးခန့်စားပြရန်ဖြစ်သော်လည်း ယခုမူ တစ်မျိုးတည်းနှင့်တင် ပိုက်ဆံတစ်ဝက်ကျော်ကျော်ခန့်ကျွတ်သွားပြီဖြစ်သည်။ ကျန်ငါးဆယ့်နှစ်ယွမ်တည်းနှင့်အခြားအစားအသောက်များကိုမည်သို့စားပြရတော့မည်နည်း။
စားပွဲထိုးလေးမှာ ပိုက်ဆံကိုင်ကာချီတုံချတုံဖြစ်နေသော ခဲ့ကျင်းယန်ကိုသတိထားမိသွားပုံရသည်။ ထို့နောက် တစ်စုံတစ်ခုကိုပြောရန်ပြင်လိုက်သည်။ "မင်္ဂလာပါဗျ...ကျွန်တော်တို့ဆိုင်က
ပရိုမိုးရှင်းအစီအစဥ်လေးကိုပြောပြချင်ပါတယ်
အစပ်ဆုံးအမဲသားဟော့ပေါ့တစ်ပွဲလုံးကို...ကုန်အောင်စားနိုင်ရင်...ကုန်ကျငွေ အားလုံးအတွက်
ငါးဆယ်ရာခိုင်နှုန်းလျှော့စျေးရပါမယ်...အစ်ကိုတို့စိတ်ဝင်စားရင်...ဒီအစီအစဥ်မှာပါဝင်နိုင်ပါတယ်ခင်ဗျာ"။