အပိုင်း ၉၅
Viewers 15k

Chapter 95


ယနေ့ညတွင် 'ကလေးငယ်နှင့်ခရီးသွားခြင်း' ရသစုံရှိုးအစီအစဥ်၏စတုတ္ထပိုင်းကို ထုတ်လွှင့်ပြသမည်ဖြစ်သည်။ ချင်ယွီ၀မ်လည်း သူမ၏အိုင်ဒေါပေါက်စလေးပါဝင်ရိုက်ကူးထားသောရသစုံရှိုးကိုလက်မလွှတ်နိုင်၍ တီဗွီရှေ့တွင်အသင့်ထိုင်စောင့်နေလိုက်သည်။


သို့သော် ကြည့်နေရင်းတစ်ဝက်တစ်ပျက်တွင် ရုတ်တရက်တံခါးခေါက်သံတစ်သံကြောင့် သူမ၏အာရုံများပျံ့လွှင့်သွားသည်။ 


ချင်ယွီ၀မ်လည်း စိတ်အနှောင့်အယှက်ဖြစ်သွားသောကြောင့် မျက်မှောင်ကြုတ်ကာ အကျိုးအကြောင်းမေးလိုက်သည့်အခါ တစ််က်လူကပြန်ဖြေလာ၏။ 


"မစ္စစ်ယွီဝမ်...မမကြီးပြန်ရောက်နေပါပြီ အောက်ထပ်မှာပါ"


"ဟုတ်ပြီ...ငါလာခဲ့မယ်"


ချင်ယွီ၀မ်၏အိမ်မက်မှာ ငွေကြေးနှင့်ပတ်သတ်၍ ပူပင်စိုးရိမ်စရာမလိုသည့် ကျိကျိတက်ချမ်းသာသောသူဌေးမတစ်ဦးဖြစ်ရန်ပင်။ သူမတွင် သူမထက်နှစ်နှစ်ခန့်ငယ်သော မောင်လေးတစ်ဦးရှိသည်။ မိဘများအနားယူသွားလျှင် လုပ်ငန်းများအားလုံးကိုသူမတို့မောင်နှမနှစ်ယောက်အားသေချာပေါက်လွှဲခဲ့ပေးမည်ဖြစ်သောကြောင့် ဆင်းရဲမည်ကိုစိုးရိမ်စရာမလိုပေ။ သို့သော် ဘဝတစ်လျှောက်လုံး ကုမ္ပဏီအလုပ်များထဲတွင် သူမ မနှစ်မြှုပ်လိုပေ။ စီးပွားရေးကို သူမစိတ်မဝင်စား။ အေးအေးလူလူသာနေချင်မိသည်။


သို့သော် ယနေ့တွင် သူမ၏မိခင်ဖြစ်သူက ပြန်လာပြီးနားပူနားဆာလုပ်တော့မည်ကို ရှောင်လွှဲနိုင်မည်မဟုတ်ပေ။ သူမနှစ်ဆယ့်သုံးနှစ်အရွယ်တုန်းကလည်း မိခင်ဖြစ်သူကအိမ်ထောင်အတင်းပြုခိုင်းခဲ့သည်။ ယခုအခါတွင်လည်း ချင်ကုပ္မဏီတွင်နေရာတစ်နေရာရအောင် အလုပ်လုပ်စေလိုပြန်သည်။


"ယွီ၀မ်...ငါပြောတာကို...နင်နားထောင်နေရဲ့လား"


စကားကိုသေချာနားမထောင်ဘဲ အာရုံပျံ့လွှင့်နေသောသူမကို မိခင်ဖြစ်သူက ခပ်နာနာလေးဆွဲဆိတ်လိုက်သောကြောင့် ချင်ယွီဝမ်တစ်ယောက် ငယ်သံပါအောင်အော်လိုက်မိသည်။


"မေမေ...ဖြေးဖြေးလုပ်ပါ သမီးနားထောင်နေတယ်လေ"။


ချင်ယွီ၀မ်က ချင်မျိုးရိုးတစ်ယောက်ဖြစ်ပြီး ချင်ကုမ္ပဏီအုပ်စုကြီးနှင့်ရင်းနှီးလှသည့်ဆက်ဆံရေးမျိုးဖြစ်သော်လည်း အမှန်အတိုင်းပြောရမည်ဆိုလျှင် သူမတို့မိသားစုက ချင်အိမ်တော်၏လက်အောက်ခံအခွဲတစ်ခုအဖြစ်သာ သတ်မှတ်နိုင်သည်။ အိမ်တော်၏စီးပွားရေးအပိုင်းတွင် ထဲထဲဝင်ဝင်ပတ်သတ်ခြင်းမရှိပေ။ သူမကိုယ်တိုင်လည်း ချင်ကုမ္ပဏီ၏ဒါရိုက်တာအဖွဲ့ဝင်တစ်ယောက်ဖြစ်လာရန်ပင် အရည်အချင်းမပြည့်မီချေ။ သူမတို့မိသားစု၏လုပ်ငန်းမှန်သမျှမှာလည်း ချင်အုပ်စုနှင့်စိုးစဥ်းမျှမပတ်သတ်ပေ။


ချင်ယွီ၀မ်ကလက်ရှိအနေအထားကိုရောင့်ရဲတင်းတိမ်နေသော်လည်း မိခင်ဖြစ်သူနှင့်ညီအစ်ကိုမောင်နှမများကမူ မကျေနပ်ကြချေ။ ဤထက်ပို၍ ချင်အိမ်တော်နှင့်ပတ်သတ်လိုကြ၏။


ချင်ယွီဝမ်ကမူ ထိုအရာများကိုစိတ်မပူသလို မက်လည်းမမက်မောချေ။ သူမတို့မိသားစုတွင်လည်း ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းရှိပြီး ငွေကိုကောင်းကောင်းသုံးနိုင်သည့်အခြေအနေတွင် ရှိသည် မဟုတ်လား။ ဤအခြေအနေနှင့် တင့်တောင်းတင့်တယ်နေနိုင်သောကြောင့် ချင်အုပ်စု၏လုပ်ငန်းများနှင့်ပိုင်ဆိုင်မှုများကို သူမစိတ်မဝင်စားပေ။ အခြားလုပ်ငန်းစုများတွင်လည်း ရှယ်ယာဝင်ထားရာ ထိုဝေစုအမြတ်ငွေများပေါ်မှီခိုပြီး အပူအပင်အကြောင့်အကြမဲ့စွာနေနိုင် စားနိုင်၏။ 


တစ်ခါတစ်ရံတွင် ရောင့်ရဲတင်းတိမ်မှုရှိတတ်ရန် လူတိုင်းသင်ယူသင့်သည်။ ချင်မျိုးနွယ်အတော်များများက သူမလို အေးအေးဆေးဆေးမနေဘဲ အိမ်တော်၏ပိုင်ဆိုင်မှုနှင့်လုပ်ငန်းအခွင့်အလမ်းများကို လက်ဝါးကြီးအုပ်နိုင်ရန် မိသားစုအချင်းချင်းညှာတာထောက်ထားခြင်းမရှိဘဲ အပြင်းအထန် ယှဥ်ပြိုင်တိုက်ခိုက်နေကြသည်မှာ သနားစရာကောင်းလှ၏။ သေလျှင် ထားခဲ့ရမည့် ဥစ္စာပစ္စည်းငွေကြေးချမ်းသာများကို အဘယ်ကြောင့် ထိုမျှလောက်မက်မောနေကြမှန်း သူမနားမလည်နိုင်ပေ။ သူမအနေနှင့် ရိုးရှင်းသောဘဝလေးကိုအေးအေးချမ်းချမ်းဖြတ်သန်းပြီး ရောင့်ရဲတင်းတိမ်စွာဖြင့်နေထိုင်လိုသည်။ ထာဝရမတည်မြဲနိုင်သော ချမ်းသာမှုဟူသည့်အရာနောက် တကောက်ကောက်လိုက်ပြီး အမောမဆို့ချင်ပေ။ 


"ငါနင့်ကိုပြောပြီးသွားပြီနော်...နောက်အပတ်ကျရင် ချင်ကုမ္ပဏီရဲ့ဌာနချုပ်ရုံးမှာရုံးထိုင်ရလိမ့်မယ် အသင့်ပြင်ထားလိုက်"


မိခင်ဖြစ်သူစကားကိုငြင်းဆန်ရန် ပြင်လိုက်သော်လည်း တစ်စုံတစ်ခုကိုချင်ယွီ၀မ်တွေးမိသွား၏။ ဆွေ့ဆွေ့လေးက ဤနှစ်အစောပိုင်းတွင် ချင်ဖျော်ဖြေရေးကုမ္ပဏီနှင့်စာချုပ်ချုပ်လိုက်သည် မဟုတ်လား။ သူမသာ ချင်အုပ်စုထဲသို့ဝင်နိုင်လျှင် ဆွေ့ဆွေ့ရှိနေသော ချင်ဖျော်ဖြေရေးကုမ္ပဏီဘက်သို့ကူးပြောင်းနိုင်ချေရှိသည်။ နဂိုက အလိုမကျသော သူမ၏မျက်နှာအမူအရာမှာ ထိုအတွေးကြောင့် ချက်ချင်းဝင်းပလာတော့သည်။


"မေမေ...သမီးရုံးချုပ်မှာတော့မထိုင်ချင်ဘူး တစ်ခြားနေရာမှာမရဘူးလား"


မိခင်ဖြစ်သူအား သူမအရဲစွန့်ကာမေးလိုက်၏။


"ရုံးချုပ်မှာမလုပ်လို့ နင်ကဘယ်မှာလုပ်ချင်တာလဲ နင့်ရဲ့ဝမ်းကွဲအစ်မတွေလိုမျိုး ဘာမဟုတ်တဲ့ ဖျော်ဖြေရေးကုမ္ပဏီအသေးလေးမှာ ဝေ့လည်ကြောင်ပတ်လုပ်ဖို့တွေးနေတာမလား"


"မေမေကလည်း အတွေးလွန်နေပြန်ပါပြီ သမီးက ဖျော်ဖြေရေးအေဂျင်စီဘက်မှာအလုပ်လုပ်ချင်တယ်ဆိုတာက အနုပညာရှင်ဖြစ်ချင်လို့လည်းမဟုတ်ဘူး ဒီတိုင်းအဲဒီဘက်က နည်းနည်းပိုသက်သာတယ်လေ ရုံးချုပ်မှာမထိုင်ခင် အဲ့မှာအတွေ့အကြုံယူတဲ့အနေနဲ့အရင်လုပ်ကြည့်မလားလို့ပါ သမီးတကယ်ကြိုးကြိုးစားစားလုပ်ပါ့မယ် ချင်ဖျော်ဖြေရေးအေဂျင်စီမှာ သာမာန်နေရာတစ်နေရာလောက်စီစဥ်ပေးလိုက် အခုသွားလုပ်ဆိုလုပ်ပါ့မယ်"


"အေး...အဲ့လိုဆိုရင်လည်းကောင်းပြီလေ ပြောတဲ့အတိုင်းသေသေချာချာကြိုးစားပြီးလုပ်...မဟုတ်လို့ကတော့...အိမ်ပေါ်ကနေချက်ချင်းဆင်းရမယ်မှတ်...မနက်ဖြန်ကျရင် ချင်ဥက္ကဋ္ဌကြီးနဲ့ဆွေးနွေးပြီး ဖျော်ဖြေရေးအေဂျင်စီဘက်မှာတစ်နေရာစီစဥ်ခိုင်းထားလိုက်မယ်"


"ကျေးဇူးပါ...မေမေ"


တစ်ရက်ပြီးတစ်ရက်တရွေ့ရွေ့ကုန်ဆုံးသွားပြီးနောက် သြဂုတ်လတစ်ရက်နေ့သို့ရောက်လာခဲ့သည်။


ထိုအချိန်ကာလအတွင်း ကုဆွေ့ဆွေ့က 'ကလေးငယ်နှင့်ခရီးသွားခြင်း' ရသစုံရှိုး၏ခြောက်ပိုင်းမြောက်နှင့်ခုနစ်ပိုင်းမြောက်ကို ရိုက်ကူးခဲ့ပြီး တစ်ချိန်တည်းတွင် 'တစ်ရက်တာမတော်တဆတွေ့ဆုံခြင်း' ဟုအမည်ရသည့်ဇာတ်လမ်းတွဲကိုလည်း လွန်ခဲ့သောနှစ်ရက်ကအပြီးသတ်ရိုက်ကူးခဲ့သည်။


သို့သော် ကိုယ်စားလှယ်ဖြစ်သည့်လုယွမ်ကျစ်ကမူ 'တိမ်မြှုပ်နေသော' ရုပ်ရှင်ကားကြီး ထုတ်လွှင့်ပြသမည့်နေ့နှင့်ပတ်သတ်ပြီး ပို၍စိုးရိမ်နေမိသည်။


'တိမ်မြှုပ်နေသော' ရုပ်ရှင်က ဆွေ့ဆွေ့၏ပထမဦးဆုံး ရုပ်ရှင်ဖြစ်သလို သူမ၏ဘဝတက်လမ်းကို အဆုံးအဖြတ်ပေးနိုင်သည့်အရာတစ်ခုလည်းဖြစ်သည်။ ရုပ်ရှင်၏အောင်မြင်မှုပေါ်မူတည်၍ ဆွေ့ဆွေ့၏အနုပညာလမ်းကြောင်းကို ဘက်ပေါင်းစုံမှသက်ရောက်မှုပေးနိုင်သည်။


"ဒီညက...ငါ့ကလေးတွေရဲ့ရုပ်ရှင်ကားကိုစပြမှာနော် မင်းအရမ်းအလုပ်ရှုပ်နေရင်တောင်မှ မလာလို့မရဘူး"


"စိတ်မပူစမ်းပါနဲ့ကွာ...ငါတို့နှစ်ယောက်ကနှစ်ပေါင်းများစွာသူငယ်ချင်းဖြစ်လာကြာတာမလား ငါ အဲဒီကိုအချိန်မီအရောက်လာခဲ့ပါ့မယ်"


ယနေ့ညမှာ 'တိမ်မြှုပ်နေသော' ရုပ်ရှင်ကားကြီးကို နိုင်ငံတစ်ဝှမ်းလုံးရှိ ရုပ်ရှင်ရုံကြီးများတွင် တရားဝင်ထုတ်လွှင့်ပြသမည့်အချိန်ဖြစ်၏။


သြဂုတ်လတစ်ရက်နေ့ ညနေခြောက်နာရီတွင် ...


အွန်လိုင်းမှကြိုတင်ရောင်းချနေသောရုံလက်မှတ်အရောင်းရငွေမှာ ရှစ်ဆယ့်ငါးသန်းကျော်သွားပြီဖြစ်ပြီး ဆက်လက်မြင့်တက်နေဆဲပင်။


___________________________________________