အပိုင်း ၉၆
Viewers 15k

Chapter 96


'တိမ်မြှုပ်နေသော' ရုပ်ရှင်ဇာတ်ကားကြီး၏ ပွဲဦးထွက် စတင်ထုတ်လွှင့်သောဇာတ်ဝင်ခန်း။


ပွဲဦးထွက်ထုတ်လွှင့်ပြသမည့်ယနေ့ညပွဲတွင် ကုဆွေ့ဆွေ့က အဝါနုရောင်ဂါဝန်လေးဝတ်လာသည်။ ခေါင်းတွင်လည်း စိန်ပွင့်လေးများစီထားသော ခေါင်းပတ်ကလေးပတ်ထားသေး၏။ နတ်သမီးသဖွယ်ချောမောပြီးချစ်စဖွယ်ကောင်းလွန်းနေသည့်ကလေးမလေးက လူတိုင်း၏အသိအာရုံကိုဖမ်းစားသွားနိုင်သည်။


ကုဆွေ့ဆွေ့က လုချီနှင့်အတူလက်ချင်းတွဲ၍ ပွဲတက်လာသည်။ ဇာတ်လိုက်မင်းသမီးနေရာတွင်သရုပ်ဆောင်ထားသည့်ဖုယင်းယွီကမူ ဒါရိုက်တာချန်းဘေးတွင်အတူလိုက်ပါလာ၏။ 


"ဆွေ့ဆွေ့...ဒီလိုရုပ်ရှင်ကားကြီးမှာ ပထမဆုံးပါဝင်သရုပ်ဆောင်ရတဲ့အတွက် ဘယ်လိုခံစားရလဲ"


ကုဆွေ့ဆွေ့အနေနှင့် ပထမဦးဆုံးအကြိမ်အဖြစ်အင်တာဗျူးခံရခြင်းဖြစ်သည်။ ငယ်ရွယ်သေးသောကလေးတစ်ဦးဖြစ်သောကြောင့် ရှက်ကြောက်နေသည်မျိုးတော့မရှိချေ။


"သမီးကြိုးကြိုးစားစားရိုက်ခဲ့တာမလို့ အဆင်ပြေမယ်လို့ထင်ပါတယ်"


ကုဆွေ့ဆွေ့၏ယုံကြည်မှုအပြည့်နှင့်ဖြေချလိုက်သောစကားကြောင့် အင်တာဗျူးနေသည့်သတင်းထောက်မလေးလည်း မနေနိုင်ဘဲပြုံးမိသွားသည်။ ထို့နောက် ကလေးငယ်ကိုမေးခွန်းအချို့ထပ်မေးလိုက်၏။


 "ဆွေ့ဆွေ့က...ကိုကိုလုချီနဲ့မောင်နှမနေရာမှာ အတူတူတွဲပြီး သရုပ်ဆောင်ရတာနော် အဲဒီကိုကိုနဲ့ရော ဆက်ဆံရေး အဆင်ပြေကြလား...ဘယ်လိုနေလဲ"


ကုဆွေ့ဆွေ့က ခေါင်းလေးငဲ့စောင်းကာလုချီရှိရာဘက်သို့ကြည့်ရင်း ခပ်ပြတ်ပြတ်ပြန်ဖြေလိုက်၏။ 


"ကိုကိုလုချီကအရမ်းချစ်ဖို့ကောင်းတဲ့အစ်ကိုတစ်ယောက်ပါ...သမီးကိုအမြဲတမ်းဂရုစိုက်ပြီး မုန့်တွေလည်းနေ့တိုင်းဝယ်ကျွေးတယ် အတူတူလည်းကစားပေးတယ်"


ကလေးငယ်၏ရုတ်တရက်ချီးကျူးမှုကြောင့် လုချီတစ်ယောက် ရှက်ကိုးရှက်ကန်းဖြစ်သွားမိသည်။ သီးသန့်အင်တာဗျူးအသေးစားလေးဖြစ်သောကြောင့် သတင်းထောက်က မလိုအပ်သည့်မေးခွန်းများကိုမမေးဘဲ လိုရင်းတိုရှင်းနှင့်အင်တာဗျူးကိုအဆုံးသတ်လိုက်၏။ 


"အစ်ကိုတို့နှစ်ယောက်နဲ့ဓာတ်ပုံအတူရိုက်လို့ရမလား"


"ရပါတယ်ဗျ"


လုချီက ဆွေ့ဆွေ့၏လက်ကိုဆွဲကိုင်ရင်း ပြုံးပြုံးလေးနှင့်ပြန်ဖြေသည်။


သတင်းထောက်လည်း လုချီနှင့်ဆွေ့ဆွေ့ကိုကြည့်ရင်းပြုံးလိုက်မိသည်။ ဒါရိုက်တာချန်းက သရုပ်ဆောင်ရွေးချယ်သည့်နေရာတွင် အင်မတန်မှ အမြင်ရှိလှသည်ဟုလည်း တွေးမိပြန်သည်။ 'တိမ်မြှုပ်နေသော' ရုပ်ရှင်တွင်မောင်နှမအဖြစ်သရုပ်ဆောင်ထားသော ကုဆွေ့ဆွေ့နှင့်လုချီက တွဲရပ်နေရုံနှင့်အတော်လေးလိုက်ဖက်မှုရှိပြီးပရိသတ်များကိုဆွဲဆောင်နိုင်၏။ 


ရုပ်ရှင်မထုတ်လွှင့်မီ ကော်ဇောနီလျှောက်လှမ်းမှုက သတင်းစာရှင်းလင်းပွဲကဲ့သို့ပင်ဖြစ်သည်။ ပထမဆုံးအနေဖြင့် ရိုက်ကူးရေးတာဝန်ရှိသူဝန်ထမ်းများက ရုပ်ရှင်ရိုက်ကူးနေစဥ် သူတို့ကြုံတွေ့ခဲ့ရသောအခက်အခဲများနှင့် စိတ်ဝင်စားဖွယ်အကြောင်းအရာများကို မျှဝေသည်။ ထို့နောက် သတင်းထောက်များနှင့်အပြန်အလှန်အမေးအဖြေလုပ်ကြသည်။


သို့သော် သတင်းစာရှင်းလင်းပွဲတွင်ဖြစ်ခဲ့သော အဖြစ်အပျက်ကြောင့် ဒါရိုက်တာချန်းက ဤတစ်ခေါက်တွင် မီဒီယာသမားများကို သူကိုယ်တိုင်ရွေးချယ်ပြီးအကန့်အသတ်နှင့်ဖိတ်ထားသည်။ ယနေ့က သူတို့အားလုံးအတွက် အရေးအကြီးဆုံးနေ့ဖြစ်သလို ရုပ်ရှင်အသိုင်းအဝိုင်းမှနာမည်ကြီးအကျော်အမော်အတော်များများလည်းတက်ရောက်ကြမည်ဖြစ်သောကြောင့် နည်းနည်းလေးမှ အမှားအယွင်းအတိမ်းအစောင်းမခံနိုင်ချေ။


သရုပ်ဆောင်များနှင့်ရိုက်ကူးရေးအဖွဲ့သားများက သတင်းထောက်များနှင့်ဆွေးနွေးကြပြီးနောက် အစီအစဥ်ပထမပိုင်းကိုအဆုံးသတ်လိုက်ကြသည်။ ထို့နောက် အဓိကအစီအစဥ်ဖြစ်သည့် ရုပ်ရှင်ထုတ်လွှင့်ပြသမည့်အချိန်သို့ရောက်လာ၏။ 


ယနေ့ပွဲတွင် သတင်းမီဒီယာသမားများနှင့်အကျော်အမော်အနုပညာရှင်များအပြင် ဒါရိုက်တာချန်းက စီးပွားရေးလုပ်ငန်းရှင်ကြီးများနှင့် ရုပ်ရှင်ကျွမ်းကျင်ဝေဖန်ရေးသမားများကိုပါ ဖိတ်ထားသေးသည်။


သို့သော် သူ မမျှော်လင့်ထားသည်က ကျောက်ချီမင်းလည်း တက်ရောက်လာမည်ကိုပင်။


ထိုလူက သာမာန်ရှပ်အင်္ကျီအနက်ရောင်နှင့် ဦးထုပ်အနက်ရောင်ကိုခပ်ငိုက်ငိုက်ဆောင်းထားသောကြောင့် သေချာကြည့်ယူမှ မှတ်မိနိုင်သည်။ ထို့ကြောင့် အနီးအနားတွင်နေရာယူထားသော သတင်းထောက်များပင်လျှင် သူ့ကိုသတိမထားမိကြပေ။ ဖိတ်စာရှိကုတ်နံပါတ်အတိုင်းထိုင်ခုံတွင်သူထိုင်လိုက်မှ ဝန်ထမ်းတစ်ဦးက သတိထားမိသွား၏။


ကျောက်ချီမင်းကလည်း ရုပ်ရှင်လောကတွင်အထူးကျော်ကြားသော ဝေဖန်ရေးသမားတစ်ဦးဖြစ်သည်။ တဲ့တိုးဆန်ပြီးရိုသားသောဝေဖန်မှုများကြောင့် အဆိပ်ပြင်းသောဝေဖန်ရေးသမားဟု လူသိများသည်။ ရုပ်ရှင်ကားအသစ်ထွက်တိုင်း ပရိသတ်များက သူ့ထင်မြင်ချက်ကို စောင့်မျှော်တတ်ကြ၏။ ကျောက်ချီမင်း၏စကားအပေါ်မူတည်ပြီး ရုပ်ရှင်တစ်ကား၏အောင်မြင်မှုက ကွာခြားသွားသည်။ 


လွန်ခဲ့သောနှစ်အနည်းငယ်အတွင်း ကျောက်ချီမင်းက ပြည်တွင်းရုပ်ရှင်များထက် နိုင်ငံခြားရုပ်ရှင်များနှင့်ပတ်သတ်သော ထင်မြင်ချက်များကို အလေးပေးပြီးရေးသားပြောဆိုခဲ့သည်။ လတ်တလောတွင် ရုံဝင်ငွေအကောင်းဆုံးစံချိန်ချိုးထားသော 'ပျော်ရွှင်မှု" ဟူသည့် နာမည်ကျော်ဟာသရုပ်ရှင်ကားနှင့်ပတ်သတ်ပြီး ဝေဖန်ထားသေး၏။ ပရိသတ်အတော်များများအကြိုက်တွေ့ကြသော်လည်း ကျောက်ချီမင်းက ဇာတ်လမ်းဟာကွက်များနှင့်သရုပ်ဆောင်အချို့၏ လွန်ကဲသောသရုပ်ဆောင်မှုအချို့ကိုထောက်ပြထားသည်။


"သူ့ကိုဘယ်သူဖိတ်ထားတာလဲ"


ဒါရိုက်တာချန်းက ကျောက်ချီမင်းကိုရုတ်တရက်မြင်လိုက်ရသောကြောင့် အံ့သြသွားမိသည်။ သူကိုယ်တိုင်ဖိတ်ခဲ့ခြင်းမဟုတ်သည်မှာ အသေအချာပင်။ ထိုသို့ဆိုလျှင် မည်သူကများ ကျောက်ချီမင်းကို ဤပွဲသို့ဖိတ်ခဲ့ပါသနည်း။ 


ကျောက်ချီမင်း၏နှုတ်ကမြွေတစ်ကောင်လိုအဆိပ်ပြင်းသော်လည်း လေးစားဖွယ်ကောင်းလှသည်။ ဒါရိုက်တာများကိုယ်တိုင်ပင် သတိမထားမိသောဟာကွက်များကိုထောက်ပြနိုင်သည်။ ဝါရင့်သရုပ်ဆောင်များပင်မသိသော အားနည်းချက်


နှင့်အမှားများကို ချက်ချင်းကွင်းကွင်းကွက်ကွက်မြင်နိုင်၏။ ထို့ကြောင့် ဒါရိုက်တာချန်းကိုယ်တိုင်လည်း မလေးစားပဲမနေနိုင်ပေ။


အချိန်ကျလာသည့်အခါ ရုပ်ရှင်ရုံတစ်ခုလုံးရှိ မီးများအားလုံးမှိန်ကျသွားသည်။ ဆူညံတက်ကြွနေသော ရုပ်ရှင်ရုံက ရုတ်ချည်းဆိုသလိုတိတ်ဆိတ်သွားသည်။ ထို့နောက် ပိတ်ကားထက်တွင် ဆည်းလည်းသံကဲ့သို့ရယ်သံလေးက နားဝင်ချိုဖွယ်ပျံ့လွှင့်လာတော့၏။


ပထမဆုံးဇာတ်ဝင်ခန်းတွင် ပိုးထည်ရိုးရာဝတ်စုံကို ကျော့ရှင်းစွာဝတ်ဆင်ထားသောမင်းသမီးလေးအား အထိန်းတော်များက အနောက်မှလိုက်ထိန်းနေကြသည်။ ထို့နောက် တစ်စုံတစ်ယောက်၏အသံနှင့်အတူ အဝေးမြင်ကွင်းမှအနီးမြင်ကွင်းသို့ပြောင်းသွားသည်။


ကျောက်ချီမင်း၏မျက်ဝန်းတို့မှာစူးရှနေပြီး ပိတ်ကားထက်ကိုအပြည့်အဝအာရုံစူးစိုက်ထားသည်။ ရုပ်ရှင်အစပိုင်းကိုကြည့်လိုက်သည်နှင့် ဒါရိုက်တာချန်း၏ထူးခြားလှသောရိုက်ကူးမှုပုံစံကိုတွေ့နိုင်သည်။ နောက်ခံရှုခင်းများနှင့်အပြင်အဆင်မှာအလွန်ရင်သက်ရှုမောဖွယ်ကောင်းလှ၏။ ရိုက်ကူးရေးနည်းပညာနှင့်တီထွင်ဆန်းသစ်မှုအားကောင်းလှသောဒါရိုက်တာချန်း၏ရုပ်ရှင်များမှာ ကျောက်ချီမင်းပင် သြချမိပေသည်။


သို့သော် ဤတစ်ခေါက်ရုပ်ရှင်တွင် သရုပ်ဆောင်နှစ်ဦးမှာ ကျောက်ချီမင်း၏မျက်လုံးထဲတွင်ထူးထူးခြားခြားထင်းထွက်နေသည်။ သဘာဝကျလှသောသရုပ်ဆောင်ချက်များက ကြည့်ရှုသူတို့ကိုရုပ်ရှင်ဇာတ်လမ်းထဲ အလွယ်တကူလိုက်ပါစီးမျောသွားစေ၏။


___________________________________________