အပိုင်း ၉၇
Viewers 15k

Chapter 97

'တိမ်မြှုပ်နေသော' ရုပ်ရှင်ကားက သူကြည့်ခဲ့ဖူးသော အိုင်ပီကားများနှင့်အလွန်ကွာခြားသည်ကို သဘောပေါက်သိရှိသွားပြီးနောက် ကျောက်ချီမင်းတစ်ယောက် ထိုရုပ်ရှင်ကိုသာမာန်ကာလျှံကာ အပေါ်ယံမျှမကြည့်တော့ဘဲ အစမှအဆုံးအသေအချာစိတ်နှစ်ပြီးကြည့်ရန်ဆုံးဖြတ်လိုက်သည်။

သူက ဦးထုပ်အနက်ရောင်ကိုခပ်ငိုက်ငိုက်ဆောင်းကာ သာမာန်လူတစ်ယောက်ကဲ့သို့ရိုးရိုးရှင်းရှင်းသာဝတ်စားဆင်ယင်ထား၏။ ရုပ်ရှင်အနုပညာအသိုင်းအဝိုင်းမှ ဝေဖန်ရေးသမားများနှင့်သမ္ဘာကြီးများကိုတွေ့သော်လည်း သူတကူးတကသွားပြီး နှုတ်ဆက်မနေပေ။ ဤနေရာသို့သူရောက်နေခြင်း၏အဓိကအကြောင်းရင်းမှာ အတန်းဖော်ဟောင်းဖြစ်သည့်လုယွမ်ကျစ်၏မျက်နှာကိုထောက်၍သာဖြစ်သည်။

ပရိုမိုးရှင်းဆင်းရာတွင် ပရိသတ်များအား မျှော်လင့်ချက်ကြီးကြီးမားမားပေးထားသည့် ဤရုပ်ရှင်ကားကြီးက မှန်းချက်နှင့်နှမ်းထွက်မကိုက်လျှင် ဝေဖန်ရေးသမားများအတွက်အခွင့်အရေးကောင်းတစ်ခုဖြစ်လာပေဦးမည်။ ရုပ်ရှင်ကားကောင်းများ ရှားပါးလာသည့်ခေတ်တွင်သူလည်းသိပ်ပြီးမျှော်လင့်မထားပေ။

သို့သော် ဤရုပ်ရှင်ကားကြီး၏ပထမပိုင်းဇာတ်ဝင်ခန်းကိုကြည့်လိုက်မိသည်နှင့် သူအထင်အမြင်သေးလွန်းနေခဲ့မှန်း သဘောပေါက်သွားသည်။ ဒါရိုက်တာချန်းက ဖြစ်ကတတ်ဆန်းရိုက်ကူးတတ်သည့်သူတစ်ယောက်မဟုတ်မှန်း သူသိပေ၏။

'တိမ်မြှုပ်နေသော' ရုပ်ရှင်ကားကြီးကို လူအင်အား ၊ ငွေအင်အားအပြည့်ဖြင့် သေချာအချိန်ပေးပြီးရိုက်ကူးထားမှန်းကို တစ်ချက်ကြည့်ရုံဖြင့်သိနိုင်သည်။ 

ဤရုပ်ရှင်နှင့်ပတ်သတ်၍ သူ့ထင်မြင်ယူဆချက်များမှားသွားခဲ့သည်။ အိုင်ပီရုပ်ရှင်ကိုအခြေခံပြီးရိုက်ကူးထားသောကြောင့် အထင်မကြီးခဲ့သည်မှာအမှန်ပင်။ သူ၏တလွဲထင်မြင်ချက်ကျေးဇူးကြောင့် ရုပ်ရှင်ကားကောင်းတစ်ကားကိုလက်လွှတ်မိခါနီးဖြစ်သွားခဲ့၏။

သူဆောင်းထားသောဦးထုပ်ကြောင့် ရုပ်ရှင်ကိုသေချာအာရုံမစိုက်နိုင်ကာစိတ်ရှုပ်လာသောကြောင့် ကျောက်ချီမင်းတစ်ယောက် ဦးထုပ်ကိုချွတ်ပစ်လိုက်သည်။

ထိုအခါ ဘေးပတ်ပတ်လည်တွင်ထိုင်နေသောသတင်းမီဒီယာသမားများအားလုံးက သူ့ကိုချက်ချင်းမှတ်မိပြီးအံ့အားသင့်သွားကြသည်။ နာမည်ကြီးရုပ်ရှင်ဝေဖန်ရေးသမား ကျောက်ချီမင်းပင် လူကိုယ်တိုင်တက်ရောက်လာသောကြောင့် 'တိမ်မြှုပ်နေသော' ရုပ်ရှင်၏အရှိန်အဝါက အချဥ်မဟုတ်မှန်း ပိုပြီးသတိထားမိသွားကြသည်။

ရုပ်ရှင်ဒါရိုက်တညတိုင်း မိမိဖန်တီးထားသောအနုပညာလက်ရာကို အကောင်းဆုံးဖြစ်စေချင်ကြပြီး ရုံဝင်ငွေအများဆုံးရရန်မျှော်မှန်းထားကြသူချည်းသာဖြစ်သည်။ နာမည်ကျော်ဝေဖန်ရေးသမားတစ်ယောက်၏ ထင်မြင်သုံးသပ်ချက်က ရုံဝင်ငွေအပေါ်အကျိုးသက်ရောက်မှုအတော်ကြီးမား၏။

ဝေဖန်ရေးသမားများ၏ထင်မြင်သုံးသပ်ချက်က ကောင်းမွန်နေလျှင် ကိစ္စမရှိပေ။ သို့သော် ဆိုးဝါးသောသုံးသပ်ချက်များထွက်လာလျှင် ရုံဝင်ငွေက ချက်ချင်းထိုးကျသွားနိုင်သည်။

ကျောက်ချီမင်းက သတင်းထောက်များအားလုံး သူ့အပေါ်အာရုံရောက်နေသည်ကို သတိမထားမိနိုင်လောက်အောင် ရုပ်ရှင်ထဲသို့စိတ်ရောကိုယ်ပါနှစ်ဝင်စီးမျောနေသည်။

'တိမ်မြှုပ်နေသော' ရုပ်ရှင်၏ ကနဦးနောက်ခံဇာတ်လမ်းက အလွန်ရိုးရှင်းလှသည်။ ချန်းတိုင်းပြည်၏ဧကရာဇ်ကမိဖုရားတစ်ဦးတည်းကိုသာ ထိမ်းမြားခဲ့ပြီး တစ်ဦးနှင့်တစ်ဦးအလွန်ချစ်ခင်မြတ်နိုးကြသည်။ နှစ်အနည်းငယ်အကြာတွင် သားတစ်ဦး သမီးတစ်ဦးထွန်းကားခဲ့ကြသည်။ ပြည်သူချစ်သောတော်ဝင်မိသားစုလေးဦးက တိုင်းပြည်ကြီးကိုအေးချမ်းတည်ငြိမ်စွာဖြင့် အုပ်ချုပ်နေကြ၏။

သို့သော် သုံးလခန့်ကြာပြီးနောက် ချူးတိုင်းပြည်က စစ်သည်အင်အားနှစ်သိန်းနီးပါးနှင့်ချန်းတိုင်းပြည်ကို ကျူးကျော်တိုက်ခိုက်လေသည်။

ချူးစစ်တပ်က ချန်းတိုင်းပြည်၏တောင်ဘက်ပိုင်းကို ဦးစွာတိုက်ခိုက်ကာ နယ်မြေအားလုံးကိုသူ့လက်အောက်သို့သိမ်းသွင်းခဲ့သည်။ ချန်းတိုင်းပြည်ကလည်း စစ်ရေးစစ်ရာတွင်ချူးတိုင်းပြည်နှင့် သူမသာကိုယ်မသာအနေအထားတွင်ရှိသောကြောင့် ပြန်လည်ခုခံတိုက်ခိုက်ကာ နယ်မြေများကိုပြန်လည်သိမ်းယူ၏။ 

သို့ရာတွင် ချန်းတိုင်းပြည်၏ဘက်တော်သားတစ်ဦးကသစ္စာဖောက်ကာ စစ်တပ်မဟာ၏တိုက်စစ်နှင့်ပတ်သတ်သည့်သတင်းအချက်အလက်များကို တစ်ဖက်ရန်သူထံ ရောင်းစားလိုက်သောကြောင့် ချန်းတိုင်းပြည်မှာအရေးနိမ့်သွားရတော့သည်။

အခြေအနေများက တစ်စထက်တစ်စပိုပိုဆိုးလာသောကြောင့် ဧကရာဇ်နှင့်မိဖုရားက မင်းသားနှင့်မင်းသမီးငယ်ကိုနန်းတော်အပြင်သို့ပို့ရန်အလောတကြီးစီစဥ်တော့သည်။ မင်းသားနှင့်မင်းသမီးငယ်တို့မောင်နှမနှစ်ယောက်လုံး နန်းတော်အပြင်ဘက်သို့ရောက်သွားသော်လည်း ဧကရာဇ်မင်းမြတ်နှင့်မိဖုရားကြီးတို့မှာအချိန်မီထွက်မလာနိုင်ခဲ့သောကြောင့် တစ်ဟုန်းဟုန်းတောက်လောင်နေသောနန်းတော်ကြီးနှင့်အတူထာ၀ရကျန်ရစ်ခဲ့ရတော့၏။

ဘုရင့်နန်းဆောင်မှနန်းတော်ဂိတ်ပေါက်ဝအထိလောင်မြှိုက်နေသောမီးက အလွန်ကြောက်မက်ဖွယ်ကောင်းလွန်းလှသည်။

မင်းသားနှင့်မင်းသမီးငယ်နောက်သို့ရန်သူများကလည်း ထပ်ကြပ်မကွာလိုက်လာကြ၏။ 

"ကိုကို ညီမလေးကြောက်တယ်...ခမည်းတော်နဲ့မယ်မယ်ရောဟင်"

"လင်းယာ...မကြောက်နဲ့နော် ကိုကိုရှိတယ်..."

မင်းသားလီရှောင်က သူ၏ညီမငယ်ကိုလက်မောင်းထဲတွင်တင်းတင်းကျပ်ကျပ်ပွေ့ဖက်ထားသည်။ မင်းသမီးလင်းယာ၏မျက်ဝန်းထဲတွင် ငရဲခန်းတမျှလောင်မြှိုက်နေသောမီးတောက်ကြီးနှင့် ငိုသံများဖြင့်သွေးချောင်းစီးနေသော နန်းတော်ကြီး၏ပုံရိပ်ကရောင်ပြန်ဟပ်နေသည်။ ကလေးငယ်လေး၏မျက်ခမ်းထောင့်မှ သလင်းကျောက်ကဲ့သို့ကြည်လင်နေသောမျက်ရည်တစ်စက်စီးကျသွား၏။

ထိုမျက်ရည်က အပြစ်ကင်းစင်မှု ၊ ချစ်ခြင်းမေတ္တာနှင့်သံယောဇဥ်တို့မှပေါက်ဖွားလာသောဝမ်းနည်းကြေကွဲမှု ၊ ကလေးငယ်တစ်ဦး၏လောကကြီးအကြောင်းကိုမိုနားမလည်မှုတို့နှင့်ပေါင်းစပ်ထားသည်။ အူလှိုက်သည်းလှိုက်ငိုယိုမှုတို့ထက် အသံတိတ်ကျသောမျက်ရည်က ရင်တွင်းအပူမီးကိုပို၍ပေါ်လွင်စေ၏။ ရုံအတွင်းရှိ ကြည့်ရှုသူပရိသတ်များမှာလည်း အသက်လုပြေးနေကြသောမောင်နှမနှစ်ယောက်ကိုကြည့်ရင်း ခံစားချက်များဆို့နင့်လာကာ အတူလိုက်ငိုမိကြသည်။ 

အပြစ်မရှိသောကလေးနှစ်ယောက်အပေါ် ကံကြမ္မာကရက်စက်လွန်းလှပါတကား။

ထို့အပြင် အိမ်ရှေ့မင်းသားလီရှောင်အဖြစ်သရုပ်ဆောင်သော လုချီ၏မျက်ဝန်းထဲတွင်ပေါ်လွင်နေသော ခံစားချက်များက ကျောက်ချီမင်း၏စိတ်အာရုံတို့ကိုလုံး၀ဖမ်းစားသွားနိုင်သည်။ မင်းသားငယ်၏မျက်ဝန်းထဲတွင်လည်း လောင်ကျွမ်းနေသောနန်းတော်ကြီးနှင့်ထပ်တူ လောင်မြိုက်နေသည်။ မိဘများကိုမကာကွယ်နိုင်လိုက်သဖြင့်မိမိကိုယ်ကိုမကျေမချမ်းဖြစ်မှု ရန်သူများအပေါ်စက်ဆုပ်ရွံရှာမုန်းတီးမှု ၊ အင်အားမဲ့နေသည့်မိမိကိုယ်ကိုအားမလိုအားမရဖြစ်မှု စသည့်ခံစားချက်တို့က အတိုင်းသားပေါ်လွင်နေသည်။

ခမည်းတော်နှင့်မယ်တော်က သူတို့မောင်နှမနှစ်ယောက်ကို ဖြေမဆည်နိုင်အောင်ဝမ်းနည်းပူဆွေးနေသောမျက်နှာအမူအရာဖြင့် နန်းတော်အပြင်သို့လွှတ်လိုက်သည့်အချိန်ကတည်းက အရိပ်အကဲသိပြီးထက်မြက်လွန်းလှသောအိမ်ရှေ့မင်းသားလီရှောင်မှာ အခြေအနေအရပ်ရပ်ကိုခန့်မှန်းမိပြီးသားဖြစ်သည်။ မိဘများနှင့်အတူနေခဲ့ပြီး ချူးစစ်တပ်ကိုသူတိုက်ခိုက်ချင်ခဲ့သည်။ အသက်စွန့်ရလျှင်တောင် ချန်းတိုင်းပြည်၏ဦးသျှောင်နှင့်အတူ နန်းတော်ကြီးထဲတွင်သွေးမြေခလိုသည်။ ဘာမှမလုပ်နိုင်ဘဲ သူရဲဘောကြောင်ကာထွက်ပြေးခြင်းထက် တိုင်းပြည်အတွက်ရဲရဲဝံ့ဝံ့အသက်ပေးလိုက်ရခြင်းကို သူပို၍မြတ်နိုး၏။

သို့သော် သူထိုသို့မလုပ်နိုင်ခဲ့ပေ။

အဘယ်ကြောင့်ဆိုသော် သူတစ်ကိုယ်တည်းမဟုတ်။ သူ့ဘေးတွင် သူ့ကာကွယ်စောင့်ရှောက်မှုကိုလိုအပ်နေသော ညီမငယ်လေးရှိနေသေးသည်။ တိုင်းပြည်အတွက်အသက်စွန့်ချင်သော်လည်း သုံးနှစ်အရွယ်ညီမလေးကိုပို၍တန်ဖိုးထားပေ၏။

ထို့အပြင် နန်းတော်မှမထွက်မီတွင် ညီမလေးကိုအကောင်းဆုံးကာကွယ်စောင့်ရှောက်ပါ့မည်ဟု ခမည်းတော်နှင့်မယ်မယ်ကိုသူကတိပေးခဲ့သည်။

ညတွင်းချင်း မိသားစုတစ်ခုလုံးပြိုကွဲခဲ့ရပြီး တိုင်းသူပြည်သားများလည်း မျက်စိရှေ့တွင်အတုံးတုံးအရုန်းရုန်းသေကြေပျက်စီးသည်ကို မြင်ခဲ့ရသည်။ သို့သော် တစ်ကိုယ်ကောင်းဆန်စွာဖြင့် ညီမလေးကိုခေါ်ကာ သူကိုယ်လွတ်ရုန်းခဲ့ရသည်။ နာကျင်ဝမ်းနည်းမှု ၊ မိမိကိုယ်ကိုအပြစ်တင်မှု ၊ ရွံရှာမုန်းတီးမှုတို့ကိုထွေးပိုက်ရင်း ရန်သူတို့လက်မှလွှတ်အောင် သူအသားကုန်ပြေးခဲ့သည်။

ထိုဇာတ်ဝင်ခန်းကိုကြည့်နေချိန်တွင် သရုပ်ဆောင်နှစ်ဦး၏ ပီပြင်လှသောသဘာဝကျကျသရုပ်ဆောင်ချက်များကြောင့် ကျောက်ချီမင်းမှာ မှင်သက်မိသွားပြီး စိတ်ထဲတွင်လည်းအကြိမ်ကြိမ်ချီးကျူးနေမိသည်။

___________________________________________