အပိုင်း ၉၈
Viewers 15k

Chapter 98

တစ်နာရီခွဲကျော်ကျော်ခန့်ကြာမြင့်သော ရှပ်ရှင်ဇာတ်ကားကြီးက မကြာမီတွင်ပြီးဆုံးသွားခဲ့သည်။ နောက်ဆုံးဇာတ်ဝင်ခန်း၏ ဆွေးမြေ့ဝမ်းနည်းဖွယ်ကောင်းသည့်တီးလုံးသံစဥ်လေးအပြီးတွင် ကြည့်ရှုနေသူအားလုံးက ထိုင်နေရာမှမတ်တပ်ထရပ်ကြပြီး လက်ခုပ်သြဘာပေးလေတော့သည်။

ဇာတ်ရုံတစ်ခုလုံး ပရိသတ်များ၏သြဘာပေးသံများဖြင့် ဟိန်းထွက်နေ၏။

"တိမ်မြှုပ်နေသော ရုပ်ရှင်ကားကြီးရဲ့ပွဲဦးထွက်ထုတ်လွှင့်ပြသတဲ့ပွဲကို မအားလပ်တဲ့အချိန်တွေကြားက တက်ရောက်အားပေးကြတဲ့ လူကြီးမင်းများအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ် ကျွန်တော့်အနေနဲ့ ဒီရုပ်ရှင်ကို တစ်နှစ်ခွဲလောက်အချိန်ယူပြီး ပြင်ဆင်ရိုက်ကူးခဲ့ရတာပါ"

ဒါရိုက်တာချန်းကရိုက်ကူးရေးဝန်ထမ်းတစ်ဦးဆီမှ မိုက်ခရိုဖုန်းကိုလှမ်းယူလိုက်ပြီး စင်မြင့်ပေါ်တွင် မိန့်ခွန်းပြောကြားလေသည်။ ပါဝင်သရုပ်ဆောင်ခဲ့ကြသည့်သရုပ်ဆောင်အနုပညာရှင်များနှင့် နောက်ကွယ်မှကြိုးကြိုးစားစားရိုက်ကူးပေးခဲ့ကြသော ရိုက်ကူးရေးဝန်ထမ်းအားလုံးကိုလည်း ကျေးဇူးတင်ကြောင်းပြောသည်။

ထို့အပြင် အငယ်ဆုံးဝိုင်းတော်သားဖြစ်သည့် ကုဆွေ့ဆွေ့ကို အထူးပင်ကျေးဇူးတင်စကားပြောသွားသေး၏။

"ဆွေ့ဆွေ့က ကျွန်တော်တို့ရဲ့ရိုက်ကူးရေးအဖွဲ့ထဲကို နောက်ကျမှဝင်လာတာပါ အရွယ်ငယ်ပေမဲ့ အရည်အချင်းရှိတဲ့ကလေးတစ်ယောက်ပဲနောက်ဆုံးဇာတ်ဝင်ခန်းရိုက်ကူးတုန်းကဆိုရင်

ကျွန်တော်သူ့ကိုအများကြီးငိုအောင် လုပ်ခဲ့မိတယ် မျက်လုံးတွေမို့အစ်လာတဲ့အထိ ဇာတ်ဝင်ခန်းပီပြင်အောင် ခက်ခက်ခဲခဲရိုက်ခဲ့ရပေမဲ့ မငြီးမငြူဘဲ ကြိုးကြိုးစားစားသရုပ်ဆောင်ပေးရှာတယ်"

ဒါရိုက်တာကြီးက သူမကို ချီးကျူးစကားပြောလာသည့်အခါ ကုဆွေ့ဆွေ့မှာရှက်ပြုံးလေးပြုံးရင်း ပျော်ရွှင်စွာနားထောင်နေသည်။ ရှေ့အနာဂတ်တွင်လည်း ဒီ့ထက်ပိုကြိုးကြိုးစားစားသရုပ်ဆောင်လိုသည့်စိတ်များ တစ်ဖွားဖွားပေါ်လာရ၏။ 

ရုပ်ရှင်စတင်ထုတ်လွှင့်ပြသသည့်ပွဲကြီးက အောင်အောင်မြင်မြင်ပြီးဆုံးသွားခဲ့သည်။ နာမည်ကျော်ရုပ်ရှင်ဝေဖန်ရေးသမားတစ်ဦးဖြစ်သော ကျန်းယိဝေ့မှာ ပွဲပြီးသည်အထိ ရှေ့ဆုံးတန်းတွင်မထဘဲထိုင်နေသေးသည်။ မင်းသမီးငယ်လေးလင်းယာက ရန်သူတို့၏စနက်ဖြင့်အသတ်ခံလိုက်ရသောကြောင့် အစ်ကိုဖြစ်သူအိမ်ရှေ့မင်းသားလီရှောင်ကိုယ်တိုင် ရန်သူအားလုံးကို လက်စားချေပြီးတစ်ယောက်မကျန်သတ်ဖြတ်ခဲ့သည်။ 

ဇာတ်လမ်းအဆုံး မီးလောင်ပြာကျသွားသောချန်းနန်းတော်ကြီးရှေ့တွင် တစ်ကိုယ်တည်းအထီးကျန်ဆန်စွာရပ်နေသောတစ်ချိန်ကအိမ်ရှေ့မင်းသားလီရှောင်၏ အရာအားလုံးကိုဆုံးရှုံးလိုက်ရပြီး ဗလာနတ္တိဖြစ်သွားသည့် ပုံရိပ်ကိုကြည့်ရင်း ကျန်းယိဝေ့မှာမျက်ခမ်းစပ်မှမျက်ရည်များကို လူမမြင်အောင်တိတ်တဆိတ်ခိုးသုတ်နေမိသည်။

ဤ "တိမ်မြှုပ်နေသော' ရုပ်ရှင်ကားကြီးက လက်စားချေခြင်းကိုအသားပေးထားသောဇာတ်လမ်းဇာတ်ကွက်မျိုးဖြစ်လင့်စကား ကြည့်ရှုသူပရိသတ်များကို စိတ်ခံစားချက်အတက်အကျများဖြင့် ရသစုံပေးစွမ်းနိုင်သည်။

ရုပ်ရှင်ပြီးဆုံးသွားသည့်တိုင် ကြည့်ရှုသူများမှာ ဇာတ်လမ်းထဲနစ်မြှောနေဆဲပင်။

ပထမဆုံးရုံတင်ပြသမှုပြီးဆုံးသွားပြီးနောက် ကျောက်ချီမင်းတစ်ယောက် ရိုက်ကူးရေးအဖွဲ့က ပွဲတက်လာသူဧည့်သည်တိုင်းအတွက်ပြင်ဆင်ပေးထားသောလက်ဆောင်များကိုယူကာ ရုံအပြင်ဘက်သို့ထွက်လာလိုက်သည်။ နာရီကိုတစ်ချက်ငုံ့ကြည့်လိုက်သည့်အခါ ရုပ်ရှင်ကဒုတိယကြိမ်ပြန်လည်ထုတ်လွှင့်ပြသရန်နောက်ထပ်မိနစ်ငါးဆယ်ခန့်လိုသေး၏။

ပုံမှန်ဆိုလျှင် ကျောက်ချီမင်းကညဆယ့်နှစ်နာရီမတိုင်မီအိပ်ရာဝင်လေ့ရှိသော်လည်း ယခုမူ လုံးဝအိပ်ချင်စိတ်ရှိမနေပေ။ သူ့အတွေးများအားလုံးကို 'တိမ်မြှုပ်နေသော' ရုပ်ရှင်၏ ဂန္တဝင်မြောက်ဇာတ်ဝင်ခန်းတစ်ခုချင်းစီတိုင်းက စိုးမိုးထားသည်။

အိမ်ပြန်ပြီး ရုပ်ရှင်အတွက်ထင်မြင်သုံးသပ်ချက်ရေးရင်ကောင်းမလား ၊ သို့မဟုတ် ဒုတိယအကြိမ်ထုတ်လွှင့်ပြသသည်ကိုသွားကြည့်ရင်ကောင်းမလား။ 

ကျောက်ချီမင်းတစ်ယောက် ထိုအစီအစဥ်နှစ်ခုကြားတွင် တွေဝေတုံ့ဆိုင်းနေမိသည်။

"ဟင့်အင်း...ငါရုပ်ရှင်လက်မှတ်ဝယ်ပြီး ဒုတိယတစ်ခေါက်ပြန်ကြည့်ရမယ် အဲဒါပြီးမှ ထင်မြင်သုံးသပ်ချက်ကိုရေးတော့မယ်"

ပထမအကြိမ်တုန်းက ရုပ်ရှင်အစပိုင်းကိုအပြည့်အဝအာရုံမစိုက်လိုက်မိသဖြင့် ဒုတိယတစ်ခေါက်ထပ်ကြည့်သင့်သည်ဟု သူဆုံးဖြတ်လိုက်သည်။ ရုပ်ရှင်ကားကောင်းတစ်ကောင်းအတွက်ထင်မြင်သုံးသပ်ချက်များကိုလက်လွတ်စပယ် သာမာန်ကာလျှံကာမရေးသင့်ချေ။ ဖန်တီးသူတို့ကို မလေးစားရာကျပေလိမ့်မည်။ 

ကျောက်ချီမင်း၏အမြင်တွင် 'တိမ်မြှုပ်နေသော' ရုပ်ရှင်ကို အမှတ်ပေးရမည်ဆိုပါက အမှတ်ပြည့်ဆယ်မှတ်တွင် ကိုးမှတ်ပေးရပေလိမ့်မည်။ တစ်မှတ်လျော့ရသည့်အကြောင်းရင်းမှာ ဇာတ်လိုက်ဖြစ်သောလုချီ၏သရုပ်ဆောင်စွမ်းရည်ကြောင့်ဖြစ်သည်။ သာမာန်လူတစ်ယောက်၏အမြင်တွင် အိမ်ရှေ့မင်းသားလီရှောင်အဖြစ်ပုံဖော်သွားသောလုချီ၏သရုပ်ဆောင်ချက်က ပြီးပြည့်စုံသည်ဟုဆိုနိုင်သော်လည်း ကျွမ်းကျင်အဆင့်ဝေဖန်သူများ၏မျက်လုံးထဲတွင်မူ ဝါရင့်သမ္ဘာရင့်အနုပညာရှင်ကြီးများနှင့်ယှဥ်လျှင် လိုအပ်ချက်များရှိနေသေးသည်။ 

သို့သော် တက်သစ်စလူငယ်သရုပ်ဆောင်တစ်ယောက်ဖြစ်ပါလျက်နှင့် ဤမျှလောက်အထိပီပီပြင်ပြင်သရုပ်ဆောင်သွားနိုင်သော လုချီကို ကျောက်ချီမင်းစိတ်ထဲတွင်ချီးကျူးလိုက်မိ၏။ အနာဂတ်တွင်အလားအလာအလွန်ကောင်းမွန်ပြီး တိုးတက်လာနိုင်သော ကျောက်စိမ်းရိုင်းတစ်တုံးပင်။ 

ထို့အပြင် မင်းသမီးငယ်လေးလင်းယာအဖြစ်သရုပ်ဆောင်သွားသည့် ကလေးသရုပ်ဆောင်က ကျောက်ချီမင်းကိုဆွံ့အသွားစေသည်။ ကလေးတစ်ယောက်ဆီမှ ဤသို့သောသရုပ်ဆောင်မှုမျိုးကို ကျောက်ချီမင်းမမျှော်လင့်ထားခဲ့ပေ။ ကြည့်ရှုသူတို့၏ရင်ထဲသို့ရောက်အောင် မျက်နှာအမူအရာနှင့်ပုံဖော်သရုပ်ဆောင်သွားနိုင်သည်မှာ ကြောက်ခမန်းလိလိပင်ဖြစ်၏။ ဇာတ်လမ်းဇာတ်ကွက်နှင့် ဒါရိုက်တာချန်း၏ဖန်တီးမှုရိုက်ချက်တို့က အပြစ်ပြောစရာတစ်ကွက်မှမရှိအောင်ပြည့်စုံကောင်းမွန်သည်။ နောက်ခံတီးလုံးမှစ၍ စက္ခုအာရုံကိုဖမ်းစားနိုင်သည့်ရုပ်ထွက်များအထိ ပစ်ရက်စရာတစ်ခုမှမရှိပေ။ နှစ်ပေါင်းများစွာကြာသည်အထိ ပရိသတ်များရင်ထဲတွင်ကိန်းအောင်းနေရာယူနိုင်အောင် ဂန္တဝင်အနုပညာလက်ရာတစ်ခုဟု ဆိုထိုက်ပေ၏။

ကျောက်ချီမင်းလည်း ဒုတိယအကြိမ်တစ်နိုင်ငံလုံးရှိရုံကြီးများတွင်ထုတ်လွှင့်ပြသသည်ကိုကြည့်ရှုရန် အွန်လိုင်းမှတစ်ဆင့်လက်မှတ်မှာယူရအောင် ဖုန်းဖွင့်လိုက်သည်။ သို့သော် ကံဆိုးစွာဖြင့် အနီးအနားရှိရုပ်ရှင်ရုံများအားလုံးတွင် လက်မှတ်များမကျန်တော့ပေ။ ညသန်းခေါင်ကြီး လက်မှတ်အားလုံးရောင်းထွက်သွားသောကြောင့် ကျောက်ချီမင်းမှာ အံ့သြလို့မဆုံးပေ။ လုချီ ၊ ဖုယင်းယွီနှင့်ကုဆွေ့ဆွေ့တို့ကဲ့သို့ နာမည်ကျော်များပါဝင်ရိုက်ကူးထားခြင်းဖြစ်ရာ ပရိသတ်များ၏အစောင့်မျှော်ဆုံးရုပ်ရှင်တစ်ခုဖြစ်လာသည်မှာ အထူးအဆန်းတော့မဟုတ်ချေ။

သို့သော် ကျောက်ချီမင်းတစ်ယောက် လက်မလျှော့နိုင်သေးပေ။ ထို့ကြောင့် ရုပ်ရှင်ရုံပိုင်ရှင်သူငယ်ချင်းတစ်ဦးကိုဖုန်းခေါ်ကာ မရမကဝင်ကြည့်နိုင်မည့်နည်းလမ်းဖန်လိုက်သည်။ ညကြီးသန်းခေါင် ရုပ်ရှင်ကြည့်ရဖို့အရေး ဟိုဟိုဒီဒီပြေးလွှားနေရသည်မှာ အနည်းငယ်ရီစရာတော့ကောင်းလှ၏။

"ကုဆွေ့ဆွေ့...ဒါရိုက်တာချန်းလိုနာမည်ကျော်ဒါရိုက်တာတစ်ယောက်ရဲ့ရုပ်ရှင်မှာ သရုပ်ဆောင်ရတာဘယ်လိုနေလဲဗျ အစောကလည်း ဒါရိုက်တာကြီးကသမီးကိုချီးကျူးသွားတယ်နော် အဲ့အတွက်ဘယ်လိုခံစားရလဲ"

ပွဲပြီးဆုံးသွားသည်နှင့် သတင်းထောက်အတော်များများက ကုဆွေ့ဆွေ့ကိုအင်တာဗျူးရန်အပြေးချဥ်းကပ်လာကြသည်။ သူမထံသို့အပြေးရောက်လာသော လူအုပ်ကြီးကြောင့် ကုဆွေ့ဆွေ့မှာ ထိတ်လန့်သွားရ၏။ 

ထို့နောက် အခြားသတင်းထောက်များကလည်း တစ်ယောက်တစ်ပေါက်နှင့်မေးခွန်းများတရစပ်မေးနေကြသည်။ သူမတစ်ခွန်းမှပြန်မဖြေနိုင်မီတွင် ကိုယ်စားလှယ်လုယွမ်ကျစ်က ဘေးနားသို့ရောက်ချလာသည်။

လုယွမ်ကျစ်က ရွှေရောင်မျက်မှန်ကိုင်းကိုတွန်းတင်လိုက်ရင်း ခပ်အေးအေးပြောလိုက်၏။ 

"အားလုံးပဲ ကျွန်တော်တောင်းပန်ပါတယ်...ကုဆွေ့ဆွေ့ကိုအင်တာဗျူးချင်တယ်ဆိုရင် ကြိုပြီးချိန်းဆိုမှုလုပ်ထားရပါမယ် အခုက နောက်လည်းနောက်ကျနေပြီဆိုတော့ ကလေးကိုကျွန်တော်ခေါ်ပြန်သွားလိုက်ပါတော့မယ်"

ချင်ဖျော်ဖြေရေးကုမ္ပဏီကြီး၏ရွှေလက်ပိုင်ရှင်ဟု တင်စားခေါ်ဝေါ်ကြသည့်ကိုယ်စားလှယ်လုယွမ်ကျစ်ကို အနုပညာအသိုင်းအဝိုင်းထဲတွင်မသိသူမရှိပေ။

ကုဆွေ့ဆွေ့ကိုအင်တာဗျူးချင်နေကြသော သတင်းထောက်များမှာ လုယွမ်ကျစ်၏ပညာသားပါပါငြင်းဆိုမှုကြောင့် ဇွတ်မတိုးရဲတော့ပေ။ လုယွမ်ကျစ်၏အရှိန်အဝါနှင့်လုပ်ပိုင်ခွင့်များကိုလူတိုင်းသွားမရှုပ်ရဲကြပေ။ သို့သော် တစ်မိုးအောက်တစ်ယောက်လုယွမ်ကျစ်က ကုဆွေ့ဆွေ့၏ကိုယ်စားလှယ်ဖြစ်နေသောကြောင့် အားလုံးပါးစပ်အဟောင်းသားဖြစ်သွားကြသည်။ လုယွမ်ကျစ်၏လက်အောက်က အနုပညာရှင်တိုင်း ဒိတ်ဒိတ်ကြဲအောင်မြင်သွားကြသူချည်းပင်။ ထို့ကြောင့် ကုဆွေ့ဆွေ့က ခေသူမဟုတ်မှန်း သဘောပေါက်သွားကြ၏။

___________________________________________