အပိုင်း ၉၉
Viewers 15k

Chapter 99

အသည်းအသန်အင်တာဗျူးလုပ်ချင်နေသော သတင်းမီဒီယာသမားများကို ခွာထုတ်ပြီးနောက် လုယွမ်ကျစ်က ကုဆွေ့ဆွေ့ကိုမြေအောက်ကားပါကင်တွင်အသင့်ရပ်ထားသော ကားအနက်ရောင်လေးဆီသို့ဂရုတစိုက်ခေါ်သွားသည်။

ကားတံခါးဖွင့်လိုက်သည်နှင့် ကုဆွေ့ဆွေ့က ကားအနောက်ခန်းတွင်ဝင်ထိုင်၏။ မိခင်ဖြစ်သူကိုတွေ့လိုက်ရသည့်အခါ သူမကပျော်ရွှင်စွာဖြင့် ရင်ခွင်ထဲသို့တစ်ကိုယ်လုံးပစ်ဝင်လိုက်တော့သည်။

ဖုန့်ယောင်ချင်းလည်း 'တိမ်မြှုပ်နေသော' ရုပ်ရှင်၏ ယနေ့ပွဲဦးထွက်ပြပွဲကိုတက်ရောက်ခဲ့သည်။ သူမ၏သမီးလေး ပထမဆုံးပါဝင်သရုပ်ဆောင်ထားသော ရုပ်ရှင်ကားကြီးကို လက်မလွှတ်နိုင်ပေ။

ဆွေ့ဆွေ့က ရုပ်ရှင်ရိုက်ကူးရေးအဖွဲ့သားတစ်ဦးဖြစ်သောကြောင့် ရှေ့ဆုံးတန်းတွင်အခြားသရုပ်ဆောင်များနှင့်အတူထိုင်ရသည်။ ဖုန့်ယောင်ချင်းကမူ ကိုယ်စားလှယ်လုယွမ်ကျစ်ကြိုတင်စီစဥ်ပေးထားသော အလယ်တန်းလောက်တွင်ထိုင်သည်။

အစပိုင်းတွင် သမီးဖြစ်သူသရုပ်ဆောင်ထားသောကြောင့်သာ ဖုန့်ယောင်ချင်းစိတ်ဝင်တစားကြည့်ခြင်းဖြစ်၏။ သို့သော် ဇာတ်လမ်းစသည်နှင့်အမျှ ဇာတ်ရှိန်တဖြေးဖြေးတက်လာကာ သူမကိုယ်တိုင်ဇာတ်လမ်း၏စည်းချက်ကာရံအတိုင်းပျော်ဝင်နှစ်မြှုပ်သွားခဲ့သည်။

ရုပ်ရှင်များကိုနှစ်ခြိုက်လေ့မရှိသည့်သူမလိုလူတစ်ယောက်ပင် 'တိမ်မြှုပ်နေသော' ရုပ်ရှင်ကားကြီးက အနုပညာလက်ရာဖန်တီးမှုကောင်းမွန်လှသော ဇာတ်လမ်းတစ်ပုဒ်ဖြစ်ကြောင်း ကောက်ချက်ချနိုင်သည်။

"မေမေရေ...ကြားလိုက်လားဟင် ရုပ်ရှင်ရုံထဲမှာ လူတိုင်းကသမီးကိုချီးကျူးနေကြတာ"

ကုဆွေ့ဆွေ့က မိခင်ဖြစ်သူအား စိတ်လှုပ်ရှားစွာဖြင့်ပြောလိုက်သည်။ ဖုန့်ယောင်ချင်းအနားသို့ရောက်လာလျှင် ဆွေ့ဆွေ့ကအခြားလူရှေ့တွင်ထက် ပို၍ကလေးဆန်နေတတ်ပြီး စိတ်ထဲရှိသမျှကို သတိလက်လွတ်ထုတ်ပြောတတ်၏။

ရုပ်ရှင်ထဲတွင် သူမသမီးငယ်လေး၏ထူးချွန်ပြောင်မြောက်လှသောသရုပ်ဆောင်ချက်များနှင့်ရုံထဲတွင်ကြားခဲ့ရသောချီးကျူးစကားများကိုပြန်တွေးမိလိုက်သောအခါ ဖုန့်ယောင်ချင်းတစ်ယောက် စိတ်သက်သာရာရသွားသလို တစ်ဆက်တည်း ဆွေ့ဆွေ့အတွက်လည်း အလွန်ဂုဏ်ယူနေမိ၏။ ထို့ကြောင့် ကိုယ်ကိုအရှေ့သို့ညွတ်ကိုင်းကာ သမီးငယ်လေး၏ပါးပြင်ကိုငုံ့နမ်းလိုက်သည်။ 

"မေမေ့သမီးလေးက အတော်ဆုံးပဲ သမီးအတွက် မေမေဂုဏ်ယူပါတယ်"

လူတိုင်း၏ချီးကျူးမှုနှင့်အားပေးချစ်ခင်မှုကိုတစ်ခဲနက်ရရှိလိုက်သောကြောင့် ကုဆွေ့ဆွေ့မှာ အပျော်လွန်ပြီး အိပ်လို့မရတော့။ လူတစ်ကိုယ်လုံးလည်း လေပေါ်လွှင့်နေသကဲ့သို့ခံစားနေရသည်။

"မေမေ...သမီးအခုမအိပ်ချင်သေးဘူး ရုပ်ရှင်ရုံကိုသွားပြီးနောက်တစ်ခေါက်ထပ်ကြည့်ချင်သေးတယ်"

ဖုန့်ယောင်ချင်းလည်း တော်လွန်းသောသမီးငယ်ကိုဆုချရန် အတွက် ချက်ချင်းမတွေဝေဘဲ ပူဆာသမျှကို လိုက်လျောပေးလိုက်သည်။

 "ဟုတ်ပြီ...မေမေအခုလက်မှတ်ဘွတ်ကင်မှာလိုက်မယ်နော်"

ထို့နောက် ဖုန်းထုတ်ကာ လက်မှတ်မှာယူရန် ဝက်ဘ်ဆိုက်ထဲဝင်လိုက်သည်။ အနီးအနားရှိရုပ်ရှင်ရုံများတွင်လက်မှတ်စုံစမ်းကြည့်ရာ သူမ၏မျက်ဝန်းထဲတွင်အံ့သြမှုအရိပ်အယောင်တို့ဖြတ်ပြေးသွားသည်။

'ဘယ်လိုဖြစ်ရတာပါလိမ့်...မြို့ထဲရှိရုပ်ရှင်ရုံအားလုံးတွင် လက်မှတ်များရောင်းကုန်သွားပြီဆိုပါလား...'

ညသန်းခေါင်ကြီး ရုပ်ရှင်ရုံအားလုံးတွင်လက်မှတ်ရောင်းကုန်သွားပြီးလူပြည့်နေခြင်းက သမာရိုးကျကိစ္စတော့မဟုတ်တန်ရာ။ ညဆယ့်နှစ်နာရီဟူသောအချိန်က အတော်လေးနောက်ကျနေလေပြီ။ ဤအချိန်တွင်ရုံလျှံနေခြင်းက အဓိပ္ပါယ်မရှိပေ။

ဖုန့်ယောင်ချင်းလည်းထိုသို့တွေးရင်း ဝက်ဘ်ဆိုက်ထဲသို့တစ်ခေါက်ပြန်ဝင်ကြည့်လိုက်သည်။

သို့သော် "လက်မှတ်အားလုံးရောင်းကုန်သွားပြီ" ဟုပြနေဆဲပင်။

ထို့ကြောင့် ဖုန့်ယောင်ချင်းလည်း ဆွေ့ဆွေ့အား အကျိုးအကြောင်းပြောပြရတော့၏။

 "ဆွေ့ဆွေ့လေး...မေမေအခုလက်မှတ်ဝယ်ဖို့လုပ်တာ လက်မှတ်အားလုံးကုန်သွားလို့ ဝယ်လို့မရတော့ဘူးတဲ့ ညလည်းနက်နေပြီဆိုတော့ဟမေမေတို့ မနက်ဖြန်မှသွားကြည့်ကြရအောင်နော်"

ဆွေ့ဆွေ့မှာ မိခင်ဖြစ်သူ၏စကားကြောင့်အနည်းငယ်စိတ်ပျက်သွားသော်လည်း လက်မှတ်မပါလျှင်ရုပ်ရှင်ရုံထဲသို့ဝင်ခွင့်မရနိုင်မှန်း နားလည်ပါသည်။ ထို့ကြောင့် သူမသဘောပေါက်ကြောင်းခေါင်းညိမ့်ပြကာပြောလိုက်၏။

 "အင်း...အဲ့လိုဆိုလည်း မနက်ဖြန်မှသွားကြတာပေါ့ နော်မေမေ"

ဆွေ့ဆွေ့တို့သားအမိနှစ်ယောက်စကားပြောပြီးသွားမှ ဘေးတွင်ရပ်နေသောလုယွမ်ကျစ်က ဖုန်းကိုချကာ ကားနောက်ခုံမှဖဲကြိုးလေးချည်ထားသည့် အပန်းရောင်ဘူးလေးတစ်ဘူးကိုထုတ်လာသည်။ ထို့နောက်ပြုံးရင်းပြောလိုက်၏။ 

"ဆွေ့ဆွေ့လေး...သမီးကိုယ်တိုင် ဝင်သရုပ်ဆောင်ထားတဲ့ ပထမဆုံးရုပ်ရှင်ကားလေးရုံတင်တဲ့နေ့မှာ

သမီးကိုဂုဏ်ပြုတဲ့အနေနဲ့ ဦးကလက်ဆောင်လေးတစ်ခုယူလာတယ် ဖွင့်ကြည့်လိုက်ပါဦး"

'တိမ်မြှုပ်နေသော' ရုပ်ရှင်တွင် ဆွေ့ဆွေ့၏သရုပ်ဆောင်မှုက မျက်နှာသစ်ကလေးသရုပ်ဆောင်ဖြစ်လင့်ကစား အလွန်ပီပြင်ပြီးသဘာဝကျသည်။ နာမည်ကျော်ရုပ်ရှင်ဝေဖန်ရေးသမားတစ်ဦးဖြစ်သော သူ့အတန်းဖော်ဟောင်းကြီးကျောက်ချီမင်းနှင့် ယခုလေးတင်မှဖုန်းပြောပြီးခြင်းဖြစ်၏။ ကျောက်ချီမင်းက သရုပ်ဆောင်တစ်ယောက်ကို ပယ်ပယ်နှယ်နှယ်ချီးကျူးသည်မှာ ရှားပါးလွန်းသည်။ ဆွေ့ဆွေ့၏သရုပ်ဆောင်စွမ်းရည်ကိုချီးကျူးအမွှန်းတင်သွားသောကြောင့် လုယွမ်ကျစ်ပင် အံ့သြသွားရသည်။ ကုဆွေ့ဆွေ့က အနာဂတ်တွင် ထွန်းတောက်ဦးမည့်အနုပညာကြယ်တစ်ပွင့်ပင်။

လုယွမ်ကျစ်အနေနှင့် တပည့်အသစ်မမွေးရသည်မှာ နှစ်ပေါင်းများစွာကြာနေပြီဖြစ်သည်။ 

ဤနှစ်များအတွင်း ကုဆွေ့ဆွေ့က သူကိုယ်တိုင်လေ့ကျင့်ပျိုးထောင်ပေးရသော ပထမဆုံးအနုပညာရှင်ဖြစ်သည်။ ထို့ကြောင့် မိမိတပည့်၏အောင်မြင်မှုက သူ့လိုဆရာတစ်ယောက်အတွက် ဝမ်းသာပီတိဖြစ်စေသည့်ခံစားချက်ကိုတစ်ဖန်ပြန်ခံစားမိလာစေ၏။

ခဲ့ကျင်းယန်ကိုမူ သူဘေးမဲ့လွတ်ထားသည်မှာကြာလှပြီဖြစ်သည်။ ကိုယ်စားလှယ်လုပ်လာသည့်သက်တမ်းတစ်လျှောက် ခဲ့ကျင်းယန်လိုအနုပညာရှင်မျိုးကို သူတစ်ခါမှမတွေ့ဖူးသလို လုယွမ်ကျစ်ပင်လက်လန်သွားရသည်။ တက်သစ်စအနုပညာရှင်ဘဝတည်းက ရှာလိုက်သည့်ပြဿနာဆိုသည်မှာလည်း တစ်ခုပြီးတစ်ခု။ သူ့ကိုလေ့ကျင့်ပျိုးထောင်ရသည်လောက် လုယွမ်ကျစ်စိတ်အပျက်ရဆုံးအရာမရှိတော့။ ထိုအနှီကောင်လေးကြောင့် သူ့မှာတစ်နေ့တစ်နေ့ကျီးလန့်စာစားနေရသလိုပင်။ ဘယ်အချိန် ဘယ်နေရာမှာ ဘယ်လိုပြဿနာရှာလာမလဲဆိုတာကိုသာ ရင်တထိတ်ထိတ်နှင့်စောင့်ကြည့်နေရသည်။

ကုဆွေ့ဆွေ့လေးကသာ သူ့အမောပြေဆေးလေးပင်။

ဆွေ့ဆွေ့က လုယွမ်ကျစ်ပေးသည့်အပန်းရောင်လက်ဆောင်ဘူးကို ဂရုတစိုက်ဖွင့်ကြည့်လိုက်ရာ စကတ်လှလှလေးတစ်ထည်ကိုတွေ့လိုက်ရသည်။ ကုဆွေ့ဆွေ့မှာ တစ်ခြားဘာကိုမှအာရုံမစိုက်နိုင်တော့ဘဲ ထိုစကတ်လေးကိုသာတစိမ့်စိမ်စိုက်ကြည့်နေသည်။ အဝတ်အစားလှလှလေးများကို သူမအလွန်သဘောကျ၏။

"ဒီလက်ဆောင်ကို သမီးတကယ်သဘောကျပါတယ် ကျေးဇူးပါဦးဦးလု"

ထခုန်မတတ်ပျော်ရွှင်နေသော ကလေးငယ်ကိုကြည့်ကာ လုယွမ်ကျစ်လည်း စိတ်လိုလက်ရလိုက်ပြုံးမိသည်။

.....

တစ်ဖက်တွင်လည်း ချင်ယွီ၀မ်တစ်ယောက် 'တိမ်မြှုပ်နေသော' ရုပ်ရှင်ကိုကြည့်ရန်ရုပ်ရှင်ရုံသို့ကြိုရောက်နေသည်။ မြို့တော်ရှိအကြီးဆုံးရုပ်ရှင်ရုံကြီးပင်လျှင် လူများပြည့်သိပ်နေသည်။

"ဒီကအစ်ကိုကလည်း ပေါက်စလေးရဲ့ပရိသတ်လား"

ချင်ယွီ၀မ်တစ်ယောက်ရုံပေါက်ဝတွင်ရပ်ပြီး ဖုန်းပြောနေစဥ် သူမနှင့်ရွယ်တူဖြစ်ဟန်ရှိသော လူတစ်ယောက်ရုပ်ရှင်ရုံထဲသို့ဝင်လာသောကြောင့် လှမ်းနှုတ်ဆက်လိုက်သည်။

သူနှင့်မသိဘဲ စကားလာပြောသောမိန်းကလေးကြောင့် ကျောက်ချီမင်းလည်းကြောင်အမ်းအမ်းဖြစ်သွားမိ၏။ 

"ဘယ်ကပေါက်စရဲ့ပရိသတ်ဖြစ်ရမှာလဲ"

ထိုလူ၏စကားပြောပုံကိုကြည့်ပြီး ချင်ယွီ၀မ်တစ်ယောက်မျက်မှောင်ကြုတ်သွားရသည်။ နောက်မှ ဆွေ့ဆွေ့လေး၏ပရိသတ်မဟုတ်မှန်းသဘောပေါက်သွားသည်။

 "ဆောရီးနော်...ကျွန်မက အစ်ကို့ကို ဆွေ့ဆွေ့လေးရဲ့ပရိသတ်လို့ထင်လိုက်မိလို့ပါ ဒီညရုပ်ရှင်ကိုပေါက်စလေးရဲ့ပရိသတ်တွေပဲ လာကြည့်ခွင့်ရှိတာမလို့ ကျေးဇူးပြု၍ထွက်သွားပေးပါ ဒါမှမဟုတ်လည်း တစ်ခြားရုပ်ရှင်ရုံမှာသွားကြည့်ပေါ့"

"ဒီမှာမိန်းကလေး...ကျွန်တော်က ဘယ်သူ့ဘယ်သူရဲ့ပရိသတ်မှတော့မဟုတ်ဘူး ဒါပေမဲ့ရုပ်ရှင်ကြည့်ဖို့လာခဲ့တာလေ ပြီးတော့စုရွှီက ကျွန်တော့်ရဲ့သူငယ်ချင်း ဒီကိုလာဖို့သူကိုယ်တိုင်ခွင့်ပြုထားတာ"

ထိုအခါမှ ချင်ယွီ၀မ်လည်းသဘောပေါက်သွားသည်။ နာမည်ကျော်ရုပ်ရှင်ဝေဖန်ရေးသမားတစ်ဦးရောက်လာမည်ဖြစ်သောကြောင့် နေရာကောင်းကောင်းတစ်ခုစီစဥ်ပေးထားရန် သူမ၏သူငယ်ချင်းစုရွှီက သေသေချာချာမှာသွားခဲ့၏။ 

"အော်...ရုပ်ရှင်ဝေဖန်ရေးသမား...ကျွန်မသဘောပေါက်ပြီ ဒါဆိုအစ်ကိုက...အဲဒီနာမည်ကြီးနေတဲ့ ကျောက်ချီမင်းကိုး"

"အင်း...အဲ့လိုပဲထားပါတော့ ရုပ်ရှင်စတော့မှာဆိုတော့ ကျွန်တော့်ကိုအထဲဝင်ခွင့်ပြုပါဦး"

"ဒါပေါ့...ကိစ္စမရှိပါဘူး ဝင်ပါ ကျွန်မအစ်ကို့အတွက် နေရာကောင်းကောင်းစီစဥ်ပေးထားတယ် ပြီးတော့ခုဏကကိစ္စအတွက်လည်းတောင်းပန်ပါတယ်"

___________________________________________