Ch 28
Viewers 550

 Chapter 28.1

 

 

သူ(မ) ချင်ရှန့်အား အကျဉ်းချုံးအကြောင်းကြားပြီးနောက် စတူဒီယိုမှပြင်ဆင်ထားသည့် ဗန်ကားပေါ်တက်သွားခဲ့သည်။ သူ(မ)နှင့်အတူ မန်နေဂျာ ကောင်းအပြင် လက်ထောက်အသစ် ရှောင်းထောင်နှင့် စတိုင်လ်အဖွဲ့မှ လူအုပ်စုကြီးလည်း ယွင်မူဟိုတယ်သို့ရောက်လာကြသည်။

 

ကောင်းကောသည် သူ(မ)အတွက် ကြီးကျယ်ခမ်းနားသော အခြွေအရံများကို စီစဉ်ပေးထားသဖြင့် မသိလျှင်  သူ(မ)သည် အတော်လေးကျော်ကြားသူပမာပင်။ ထိုသည်မှာ ချင်မင်းဆက်ကြွချီလာသည်ဟုပင်ထင်ကောင်း ထင်နိုင်သည်အထိ ကြီးကျယ်လွန်းသည်။

 

အသိမိတ်ဆွေအချို့သည် ၎င်းတို့ကို နှုတ်ဆက်ဖို့ရောက် လာပြီး ထိုနေရာတွင် လှပပြီးတောက်ပနေသည့် အမျိုး သမီးတစ်ဦးကိုလည်း တွေ့လိုက်ရသောကြောင့် ချက် ချင်းအံ့ဩသွားကြသည်။

 

ချင်ကျောက် ချူရွှယ်ချီနှင့် လမ်းခွဲလိုက်ပြီဖြစ်ကြောင်း ဤနယ်ပယ်ရှိ လူတိုင်းကြားဖူးသဖြင့် မကြာမီတွင် အခြားအမျိုးသမီးကို ခေါ်လာမည်ဟု မမျှော်လင့်ထားချေ။ ထိုသည်မှာ သတင်းကြီးပင်။

 

စူးရှသောမျက်လုံးရှိသူများသည် ကျီဖေးအား အတန် ငယ်ရင်းနှီးနေသလို ခံစားလိုက်ရသည်။ သူ(မ)သည် ချင်ကော်ပိုရေးရှင်းနှင့်သက်ဆိုင်သည့် မဂ္ဂဇင်းအမျိုးမျိုးနှင့် ကြော်ငြာဘုတ်အများစုတွင် ပါဝင်တက်သည်။ ထိုသည် မှာချင်ကျောက်နှင့် သူ(မ)၏ ဆက်ဆံရေးကိုပိုဆန်း ကြယ်စေခဲ့သည်။

 

"ကောင်းကော လာပြီပဲ၊ မစ္စတာချင် ဘာအလုပ်တွေရှုပ်နေတာလဲ၊ ငါတို့ သူ့ကို မတွေ့ရတာကြာပြီ၊ ဒါက..."

 

"ဒါက ငါတို့ စတူဒီယိုမှာ အသစ်လက်မှတ်ထိုးထားတဲ့ အနုပညာရှင် ကျီဖေးပဲ၊ ကျေးဇူးပြုပြီး သူမကို အနာဂတ်ကျရင် ဂရုစိုက်ပေးပါဦး"

 

"ကောင်းကော ကျွန်တော်တို့ကို အရိပ်အမြွက်ပေးပါဦး၊ သူ(မ)နဲ့ မစ္စတာချင်..."

 

"သူ(မ)က သူ့ရဲ့ချစ်သူ၊ ရည်းစား မဟုတ်ဘူး၊ သူ့ နောက် ခံကမရိုးရှင်းဘူး၊ သူ(မ)က အထက်အသိုင်းအ၀ိုင်းလာခဲ့တာ၊ အခုမှ လုပ်ငန်းခွင်ထဲစဝင်လာတဲ့သူပါ"

 

ကောင်းဟောင်သည် ပြဿနာကိုရှောင်ရှားရန်ရှင်းရှင်း လင်းလင်းသာပြောခဲ့ပြီး နည်းလမ်းရှိသူများသည် သူ(မ) ၏ အထောက်အထားကို သေချာပေါက်ရှာဖွေတွေ့ရှိမည်ဖြစ်သည်။

 

ပွဲအခမ်းအနားတွင် ကောင်းဟောင်သည် နှုတ်ဆက်လာသူတိုင်းကို ကိုင်တွယ်ခဲ့သည်။ ကျီဖေးသည် အနောက်မှ လိုက်လာကာ သူ(မ)၏ ဖန်ခွက်ကို ယဉ်ကျေးစွာ မြှောက်ပြပြိး အပြုံးတစ်ပွင့်တက်ဆင်ကာ လူများ၏မျက်နှာနှင့် နာမည်များကို မှတ်မိရန်သာလိုအပ်သည်။

 

ထိုသို့ကာကွယ်မှုမျိုးသည် ကျီဖေး၏အဆင့်အတန်းကို ပိုပြီးမြင့်မားသည့် အမြင်မျိူးဖြစ်စေသည်။

 

ပွဲတစ်ခုလုံးအား ကောင်းဟောင်သည် ကျွမ်းကျင်စွာ သွားလာခဲ့ပြီး ကျီဖေးသည် ဘေးနားနေပျော်ရွှင်စွာ လိုက်ပါလာရုံသာဖြစ်သဖြင့် သူ(မ)အလွန်ကျေနပ်မိသည်။ 

 

ယခုပွဲတွင် အနုပညာရှင်များထက် လုပ်ငန်းရှင်များ များပြားနေသောကြောင့် အတင်းအဖျင်းပြောခြင်းကို ကန့်သတ်ထားသည်။

 

အချိန်တွေကြာလာတာနှင့်အမျှ ကျီဖေး ဆက်ကြည့်ရန် စိတ်မ၀င်စားတော့ချေ။

 

 သူ(မ) ငြီးငွေ့လာသဖြင့် ခေါင်းကို တစ်ဖက်သို့လှည့်လိုက်ချိန် ဝိုင်ခွက် ပြုတ်ကျလုနီးပါးထိတ်လန့်သွားသည်။

 

အဘယ့်‌ကြောင့်ဆို ချူရွှယ်ချီသည် ရုတ်တရက်ပေါ်လာပြီး ၎င်းတို့ထံ အမြန်လျှောက်လာ၍ဖြစ်သည်။

 

ချူရှင်းယွဲ့သည် ယခင်က ကိုယ့်မျက်နှာကို အဘယ့်ကြောင့် ဖျက်စီးချင်ခဲ့သည်ကို သူ(မ)အနည်းငယ်နား လည်နိုင်သည်။ အဘယ့်ကြောင့်ဆို တူညီသောမျက်နှာကိုမြင်လိုက်ရချိန် လူများကို ခဏတာစိတ်ရှုပ်သွားစေနိုင်သည်။ ထိုအခိုက်အတန့် အခိုက်အတန့်လေးပင် ချူရှင်းယွဲ့ မနှစ်မြို့ချေ။

 

ဒါပေမယ့် သူ(မ)ဘာလို့ဒီမှာရှိနေတာလဲ ?

 

ချူရွှယ်ချီသည် ကောင်းဟောင်ဆီသို့ ဦးတည်လာသည်။ သူ(မ) သူ့ကို အဝေးမှမြင်လိုက်သဖြင့် ချင်ကျောက်လည်း ရှိနေမည်ဟုထင်ခဲ့သော်လည်း ကောင်းဟောင်အနားတွင် ကျီဖေးကိုတွေ့ဖို့ မမျှော်လင့်ထားချေ။

 

သူ(မ) ခဏရပ်တန့်သွားသော်လည်း ကျီဖေးကိုမစော် ကားဝံ့ပေ။ ထိုအစား သူ(မ)သည် ကောင်းဟောင်ကို စိတ်အားထက်သန်စွာ မေးလိုက်သည်။

 

"ကောင်းကော၊ ချင်ကော ရှိလား"

 

ကောင်းဟောင်သည် စိတ်မရှည်သော်လည်းပရော်ဖက် ရှင်နယ်အပြုံးကို ဆက်လက် ထိန်းထားဆဲဖြစ်သည်-

 

"ဟင့်အင်း သူဒီမှာ မရှိဘူး"

 

သို့သော် ချူရွှယ်ချီ မယုံချေ။

 

"သူ ဒီမှာရှိပေမယ့် ကျွန်မကို မတွေ့ချင်တာလား"

 

ချူရွှယ်ချီသည် ကျယ်လောင်စွာမပြောသော်လည်း ပတ်ဝန်းကျင်ရှိ လူများစွာ၏စိတ်ဝင်တစား ကြည့်ရှုခြင်းကိုခံရဆဲပင်။

 

ထိုအရာသည် ကောင်းဟောင်ကို အလွန်ဒေါသထွက်စေခဲ့သည်။ မီဒီယာများသာ ထိုအကြောင်းအရာများကို သိခဲ့လျှင် ချက်ချင်းပင် ရေပန်းစားသွားလိမ့်မည်။ ယခင်က ၎င်းတို့နှစ်ဦးနှင့်ပတ်သက်ခဲ့သည့်  ကောလဟာလများနှင့်တောင် ထပ်ပေါင်းလိုက်လျှင် သူ့အား ခေါင်းကိုက်စေ သည်။

 

မန်နေဂျာတစ်ယောက်အနေနှင့် သူ့အနုပညာရှင်ကို ဤအခက်အခဲများကို ရင်ဆိုင်ရန် ခွင့်မပြုနိုင်ချေ။

 

ကောင်းဟောင်သည် ချူရွှယ်ချီမှာအကျိုးသင့်အ ကြောင်းသင့်နားမထောင်ကြောင်း သိထားသဖြင့် အချိန် ဆွဲသည့် နဗျူဟာကို အသုံးပြုလိုက်သည်။

 

"မစ္စချူ ကျွန်တော်တို့ဘာလို့ အပြင်ထွက်ပြီးစကားမပြောရတာလဲ"

 

"ကောင်းပြီ၊ ကျွန်မကို ချင်ကောနဲ့ တွေ့ဖို့ခေါ်သွားပေး"

 

ကောင်းဟောင်၏ မျက်နှာတင်းမာသွားသည်။ သူသည်ကျီဖေးကို လှည့်ကြည့်လိုက်သည်။

 

ကျီဖေးလည်း လက်မြှောက်လိုက်ရသည်။ ချူရှင်းယွဲ့၏ ကံသည် အမှန်တကယ်ကို ဆိုးရွားလွန်းသည်။ အကယ်၍ ညီအစ်မနှစ်ယောက် ဆုံတွေ့ခဲ့လျှင် ချူရွှယ်ချီ ရူးသွပ်သွားပြီး သူ(မ)ကိုဒုက္ခပေးမှာဆိုးသည်။

 

ကျီဖေးသည် ကောင်းဟောင်ကြည့်နေသည်ကိုမြင်ချိန် "ကျွန်မ ပင်ပန်းနေပြီ၊ ခဏလောက်လမ်းလျှောက်ထွက်လိုက်ဦးမယ်၊ ရှောင်းထောင်ကို ကျွန်မနဲ့အတူခေါ်သွားလိုက်မယ်"

 

ကောင်းဟောင် ခေါင်းညိတ်လိုက်ပြီး ခန်းမထဲမှ အမြန်ထွက်လာပြီး အတင်းအဖျင်းပြောလိုစိတ် ပြင်းပြနေသည့် လူတစ်စုကိုချန်ထားခဲ့ကာ ၎င်းတို့၏သိချင်စိတ်များကို ချိုးနှိမ်လိုက်သည်။

 

Yunmu Hotelတွင် အဆောက်အအုံ ၃ လုံး ခွဲခြားထားပြီး တစ်ခုမှာ စားသောက်ရန်နှင့် ဖျော်ဖြေရေး အတွက်ဖြစ်ကာ၊ နောက်တစ်ခုမှာ တည်းခိုရန် နှင့် ကျန်တစ်ခုမှာ အစည်းအဝေးများ ကျင်းပရန်ဖြစ်ပြီး အခြားအရာများလည်းရှိသည်။

 

ကျီဖေးသည် ကောင်းဟောင်တို့နှင့် လမ်းခွဲလိုက်သည်နှင့် တပြိုင်နက် အဝတ်အစားလဲလှယ်ရန် ဟိုတယ်ခန်းသို့ ပြန်လာခဲ့ပြီး ရှင်းယွဲ့ကို  မက်ဆေ့ခ်ျတစ်စောင် ပေးပို့ခဲ့သည်။

 

"ရှင်းယွဲ့ ငါ Yunmu Hotelမှာ ပွဲတစ်ခုရှိလို့ရောက်နေတယ်၊ ငါ နင့်ကိုမြင်လိုက်သလိုပဲ နင်လည်း ဒီမှာလား ?"

 

တုံ့ပြန်မှုမရှိခဲ့ချေ။

 

ကျီဖေးသည် မက်ဆေ့ချ်ကို တစ်ဖက်မှမမြင်ဖူးခြင်းလား သို့မဟုတ် မတုံ့ပြန်လိုခြင်းလားဆိုတာ မသိချေ။ သူ(မ) သည် အဆုံးတွင် ချင်ကျောက်၏မရီးဖြစ်ပြီး ရှင်းယွဲ့သည် အဆက်အသွယ်အားလုံးကို ဖြတ်တောက်ပစ်ချင်သည်။

 

သို့သော် ကျီဖေးသည် သူ(မ)ကိုကြင်နာစွာသတိပေးနေတုန်းပင် "စကားမစပ် ချူရွှယ်ချီကိုလည်း ခုနက အခမ်း အနားမှာတွေ့ခဲ့တယ်၊ နင်တို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် မတွေ့ဖို့ မျှော်လင့်ပါတယ်"

 

တုံ့ပြန်မှု မရှိသေးချေ။ ကျီဖေးသည် ထိုမျှသာ ကူညီနိုင်သည်။

 

သူ(မ)သည် ရှောင်းထောင်ကို ထမင်းစားခန်းနှင့် ဖျော် ဖြေရေးနေရာသို့ ဆွဲခေါ်သွားလိုက်သည်။

 

သို့သော်လည်း ပထမထပ်ရှိ ဧည့်ခန်းသို့ ရောက်သည်နှင့် တပြိုင်နက် ဆူညံမှုအချို့ကိုကြားလိုက်ရပြီး လူများလည်းဝိုင်းကြည့်နေကြသည်။

 

သူတို့ ဒါကို ဘယ်လို ကျော်သွားနိုင်မှာလဲ ?

 

ကျီဖေးနှင့် ရှောင်းထောင်သည် ချက်ချင်းပင်လမ်း ကြောင်းပြောင်းကာ လူအုပ်ကြားထဲတိုး၀င်သွားလိုက်သည်။

 

ဘုရားရေ! အဲ့နေမှာက အမျိုးသားတစ်ဦးက ဒူးထောက်ပြီး အမျိုးသမီးတစ်ဦးရဲ့ခြေထောက်တွေကို ပွေ့ဖက်ထားတာပဲ၊ သူတို့ နှစ်ယောက်စလုံးက အသက်နှစ်ဆယ်လောက်ပဲရှိသေးပုံရတယ်။

 

ထိုလူငယ်သည် "ရှောင်ရ ကိုယ်မင်းကိုချစ်တယ်၊ မင်းမရှိရင် ကိုယ်အသက်မရှင်နိုင်ဘူး၊ မင်းသာ ကိုယ့်ကိုထားခဲ့ရင် ကိုယ်သေသွားလိမ့်မယ်!"

 

နီရဲနေသော မျက်လုံးများနှင့် အမျိုးသမီးသည်လည်း "အားကျစ် ကြည့်တဲ့သူတွေ အများကြီးပဲ၊ ဒီလို မလုပ်ပါနဲ့!"

 

"ရှောင်ရ ကိုယ်မှားပါတယ်၊ ကိုယ်မှားမှန်း  တကယ်သိပါပြီ၊ ကိုယ်မင်းကိုအရမ်းချစ်တယ်၊ ကိုယ်မင်းကိုပဲ ဂရုစိုက်တာ၊ ကိုယ် စိတ်မငြိမ်ဖြစ်နေလို့ အဲ့လူကို ထိုးမိလိုက်တာပါ၊ မင်းနဲ့ အဲဒီလူ ဘယ်လောက်ရင်းနှီးနေလဲဆိုတာ အထင်းသားကြီးလေ!"

 

"တော်စမ်း! အဲ့လူက ကျွန်မရဲ့ပါမောက္ခဆိုတာ ရှင်သိပါတယ်၊ ရှင် နည်းနည်းလေးတောင်မဆင်ခြင်ပဲ ချက်ချင်းထိုးပစ်လိုက်တာလေ... ထားလိုက်တော့ ကျွန်မ မပြောချင်တော့ဘူး၊ ကျွန်မတို့ လမ်းခွဲပြီးပြီ၊ ကျွန်မ..."

 

"ဟင့်အင်း ကိုယ် လမ်းမခွဲချင်ဘူးနော် ကိုယ့်ကိုပြောင်း လဲခွင့်ပြုပါထ ကိုယ်တောင်းပန်ပါတယ်" ထိုလူ၏လေသံ သည် တုန်ရီနေသည်။

 

မိန်းမပျိုလေးသည် "ရှင် သ၀န်တိုပြီး ကျွန်မ ပတ်ဝန်း ကျင်ကယောက်ျားတွေကို ရိုက်တာ ဒါ ပထမဆုံးအကြိမ် မဟုတ်ဘူး၊ ရှင့်ကြောင့် ကျွန်မသူတို့ကို ခဏခဏတောင်းပန်ရတယ်၊ ကျွန်မသူငယ်ချင်းက ရှင့်မှာ စိတ်ပိုင်းဆိုင်ရာ ပြဿနာရှိနေတယ်လို့ပြောတယ်၊ အရင်က ဆို သူ(မ) ရှင်နဲ့ လမ်းခွဲဖို့တောင်အကြံပေးသေးတယ်၊ ဒါပေမယ့် ကျွန်မ ရှင့်ကိုအခွင့်အရေးပေးခဲ့တာ။၊ ဒါတောင် ရှင်က ထပ်လုပ်ရဲတယ်ဆိုတော့ ကျွန်မရှင့်ကို စိတ်ပျက်သွားပြီ"

 

"အဲ့ဒီလူတွေက မင်းအပေါ် မကောင်းတဲ့ စိတ်ဆန္ဒတွေရှိနေလို့လေ၊ မင်းက ယောင်္ကျားလေးမဟုတ်တော့ သူတို့ဘာတွေတွေးနေမယ်ဆိုတာ မသိတာ၊ ကိုယ် မင်းကို ကာကွယ်နေတာပါ"

 

"ရှင် စကားလမ်းကြောင်းလွှဲဖို့မစဉ်းစားနဲ့ !  ကျွန်မ  သူ(မ)ရဲ့ အကြံဉာဏ်ကို နားထောင်ပြီး ရှင့်ကို ဘယ်တော့မှ ပြန်တွေ့မှာမဟုတ်ဘူး"

 

"ကိုယ် မှားတယ်၊ ကိုယ် မှားခဲ့ပါတယ်လို့၊ မင်းသာ ကိုယ့်ကိုခွင့်လွှတ်နိုင်ရင် မင်းပြောသမျှတိုင်း ကိုယ်လုပ်မယ်၊ ကိုယ်လူမှားထိုးခံမိလို့ ကိုယ့်ကိုကိုယ်ပြန်ရိုက်ပါ့မယ်"

 

ထိုသည်နှင့် အမျိုးသားသည် သူ့မျက်နှာသူ ပြန်ရိုက်တော့သည်။

 

ပတ်ဝန်းကျင်ရှိလူများလည်း တီးတိုးပြောနေကြသည်။

 

အမျိုးသမီးသည် ခဏအကြာတွင် ဆက်မကြည့်ရပ်တော့ချေ။ သူ့ လက်ကို အလျင်အမြန် ဆုပ်ကိုင်ကာ စိုးရိမ်တကြီး ကြည့်မိလိုက်သည်။

 

"ရှင် ကိုယ့်ကိုကိုယ် မရိုက်နဲ့၊ ကျွန်မတို့ ပြဿနာက အဲ့လောက်မရိုးရှင်းဘူး!"

 

"ကိုယ်သိပါတယ်၊ မင်းအဲ့ မတော်တဆမှုကို စိတ်ဆွဲနေတာကို၊ ကိုယ်နဲ့ သူမကြားက ဘာမှမရှိဘူး၊ ကိုယ် သူ(မ)နဲ့ လုံးဝအဆက်အသွယ်ဖြတ်လိုက်ပြီ"

 

"ဒါပေမယ့် ကျွန်မ သူငယ်ချင်းက ရှင်နဲ့ သူ(မ)ကိုထပ်တွေ့တယ်လို့ ပြောတယ်၊ ရှင် ကျွန်မကို လိမ်နေတာ၊ ကျွန်မ ရှင့်ဆီ ဘယ်တော့မှပြန်မလာဘူး"

 

ထိုလူ၏မျက်နှာသည် တွန့်ရှုံ့သွားသည်။

 

"မဖြစ်နိုင်တာ ရှောင်ရ!  သူ(မ)မှာ သက်သေရောရှိလို့လား ? မင်းသူငယ်ချင်းရဲ့ အချစ်ရေးကအဆင်မပြေဘူးလို့ မင်းပြောတယ်မဟုတ်လား၊ သူက ကိုယ်တို့နှစ်ယောက်ရဲ့ဆက်ဆံရေးကို မနာလိုဖြစ်နေတာပဲ"

 

"သူက အဲ့လိုမဟုတ်ဘူး၊ သူက လူကောင်းတစ်ယောက်ပဲ၊ ရှင် သူ(မ)ကို အဲ့လို မပြောသင့်ဘူး။  သူ(မ)က ကျွန်မကို ခဏခဏကူညီခဲ့တယ်၊ ကျွန်မတို့ ရန်ဖြစ်တုန်းကလည်း  သူ(မ)ကပဲ ကျွန်မကို နှစ်သိမ့်ပေးခဲ့တာ"

 

"မင်းကို အမြဲတမ်းနှစ်သိမ့်ပေးတယ် ? ကိုယ်တို့ ရန်ဖြစ်တိုင်း နှစ်သိမ်းပေးတယ်တဲ့လား၊? ကိုယ်နည်းနည်းတော့ စိတ်မြန်လက်မြန်ရှိတက်ပေမဲ့ ကိုယ်လုပ်သမျှတိုင်းက မင်းကို အရမ်းချစ်မိလို့ပါ၊ မင်းက ဒါကိုငြင်းဆန်ချင်တာလား၊ သူ(မ)ကရော မင်းအပေါ်ထားတဲ့ ကိုယ့်ခံစားချက်တွေကိုတောင် ငြင်းပေးတာလား ? သူ(မ)က မင်းပျော်နေတာကို မမြင်ချင်တာ!"

 

"မဟုတ်ဘူး...အဲ့လို့မဟုတ်ဘူး!" 

 

သူ(မ)အသည်းအသန်ငြင်းသော်လည်း  သူ(မ)မျက်လုံးများသည် ရှင်းရှင်းလင်းလင်း မှေးမှိန်သွားသည် ။

 

"ကိုယ်တို့ လက်တွဲလာခဲ့တာ နှစ်ပေါင်းများစွာကြာပြီ၊ ကိုယ့်ထက် မင်းကို အပြင်လူကိ ယုံချင်တာလား၊ ကိုယ်မှာ ချို့ယွင်းချက်လေးတွေ ရှိနေရင်တောင် မင်းကို တကယ်ချစ်တာပါ၊ ကိုယ်တို့ အရင်က အခုလိုမဟုတ်ဘူး၊ သူ(မ)ပေါ်လာမှ အခုလိုဖြစ်ရတာ၊ မင်းလည်း ပြောင်းလဲသွားတယ်၊ မင်း အရင်က ကိုယ်ပြောသမျှနားထောင်ပေမဲ့ အခုတော့ ကိုယ်လုပ်သမျှကိုသံသယ၀င်နေပြီ၊ သူ မင်း အနားမှာနေပြီး ဦးနှောက်ဆေးနေတာပဲ"

 

"ဟင့်အင်း... သူပြောတာအဓိပ္ပာယ်ရှိတယ်၊ ရှင် ကျွန်မကို ထိန်းချုပ်လွန်းတာ၊ ကျွန်မမှာ လွတ်လပ်မှုဆိုတာမရှိဘူး၊ ကျွန်မ ဘာဝတ်ရမယ်ဆိုတာတောင် မဆုံးဖြတ်နိုင်ဘူး၊ တခြားသူတွေကလည်း ကျွန်မကို အကြံပေးတယ်၊ ကျွန်မ အမှန်တရားကို ရှင်းရှင်းလင်းလင်းမြင်နိုင်တယ်"  အမျိုးသမီးသည် ဆန့်ကျင်မြဲဖြစ်သည်။

 

"ဒါတွေအားလုံးက အသေးအမွှားတွေပဲလေ၊ ကိုယ်က မင်းကို ဂရုစိုက်ချင်တာ၊ မင်းမသိတာတစ်ခုရှိတယ်၊ တကယ်တော့ မင်း သူငယ်ချင်းက ကိုယ့်အပေါ် ခံစားချက်ရှိနေတာ"

 

အမျိုးသမီး အံ့သြသွားသည် "ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊  သူ(မ)က..."

 

"ကိုယ် မင်းကို လာတွေ့တိုင်း သူ(မ)ကိုယ့်ကိုစိုက်ကြည့်တယ်၊ မင်းကို ကိုယ်နဲ့လမ်းခွဲဖို့အမြဲသွေးဆောင်တယ်ဆိုထဲက ကိုယ့်ကို crush နေတာ မဟုတ်ရင် ဘာဖြစ်မှာလဲ?! သူက ကိုယ်တို့ကိုလမ်းခွဲစေချင်နေတာပဲ၊ ဒါပေမယ့် ကိုယ် သူ့ကိုစိတ်မဝင်စားဘူး၊ ကိုယ် အခွင့်အရေးမပေးဘူး။"

 

အမျိုးသမီးသည် ထိုဖြစ်နိုင်ချေကို အမှတ်ရသွားပုံရပြီး လုံးဝအံ့အားသင့်သွားသည်။

 

"သူ(မ)က...စတား တစ်ယောက်လို အရမ်းလှတယ်လေ၊ ရှင် ဘာလို့စိတ်မဝင်စားတာလဲ..."

 

"ကိုယ် မင်းကို ချစ်လို့ပါ ရှောင်ရရဲ့! ကောင်းကင်ဘုံက လှပပါပြီဆိုတဲ့ နတ်ဘုရားမက ကိုယ့်ရှေ့ကိုယ်လုံးတီး ချွတ်ပြရင်တောင် ကိုယ်စိတ်မဝင်စားဘူး!"

 

"ကျွန်မ...သူ့ကို သွားမေးလိုက်မယ်၊ ဒါတောင် အမှန်ဆိုရင် ကျွန်မ ရှင့်ကို ခွင့်လွှတ်ပြီး နောက်တစ်ကြိမ်အခွင့် အရေးပေးမယ်၊ မဟုတ်ရင်တော့ ဒီဟာကို အဆုံးသတ်လိုက်ရအောင်၊ ကျွန်မ တစ်ခြားသူတွေကို မထိခိုက်စေချင်တော့ဘူး!"

 

အမျိုးသမီးသည် ခဏလောက် ရုန်းကန်ပြီးနောက်  ယောက်ျားကို တွန်းထုတ်ကာ ထွက်ပြေးသွားသည်။

 

အမျိုးသားသည် အကြာကြီး ဒူးထောက်နေရသော ကြောင့် ခြေထောက်များထုံကျင်နေသဖြင့် သူ(မ)နောက်ကို မလိုက်နိုင်တော့ချေ။

 

"မင်းတို့က ဘာလာကြည့်နေတာလဲ၊ အားလုံး သွားကြစမ်း"

 

အမျိုးသားသည် ယခုအခါမှ သူ၏ရှက်စရာကောင်းသည့် ပုံရိပ်ကို လူဘယ်နှစ်ယောက်မြင်သွားသည်ကို သတိရလိုက်ပြီး ဒေါသတကြီး အော်လိုက်သည်။

 

ကျီဖေးနှင့် ရှောင်းထောင်တို့သည်လည်း ကြည့်ရှုသူများနှင့်အတူ လူစုခွဲလိုက်ကြသည်။ သူတို့သည် လမ်း လျှောက်ရင်း အတင်းပြောနေကြဆဲပင်။

 

"ဖေးကျဲ သူတို့ အဆင်ပြင်မယ်ထင်လား"

 

ရှောင်းထောင် စိတ်ဝင်တစား မေးလာသည်။

 

"သူတို့ ပြေလိမ့်မယ်" ကျီဖေးမှန်းဆလိုက်သည်။ ၎င်းတို့၏အမည်များကို သူ(မ)မသိသောကြောင့် အမှန်တရားကို အတည်ပြုရန် သူ(မ)၏စနစ်ကိုအသုံးမပြုနိုင်သဖြင့် ဒရာမာကို ပေါ့ပေါ့ပါးပါးသာ ကြည့်ခဲ့ရသည်။

 

"ဟင် ? ဒါနဲ့ အဲဒီလူပြောခဲ့တာကတွေ မှန်တယ်လို့ကျဲထင်လား" ရှောင်းထောင်အံ့အားသင့်စွာ မေးလိုက်သည်။

 

"ဒါပေမယ့် အဲ့လူကိုကြည့်ရတာ လူကောင်းမဟုတ်ဘူးလို့ ညီမ ခံစားရတယ်"

 

“အမှန်လား အမှားလားတော့ မသိဘူး၊ ဒါပေမယ့် အဲဒီအမျိုးသမီးရဲ့ သဘောထားကိုကြည့်ရရင်တော့ အဆင် ပြေဖို့ဆိုတာ အချိန်တစ်ခုပဲလိုတယ်”

 

ကျီဖေးက ဆက်ပြီး "အမျိုးသားပြောတာ အမှန်ဆိုရင်တော့ ကိစ္စမရှိဘူး၊ ဒါပေမယ့် သူ လိမ်နေရင် အဲ့ဒီအမျိုး သမီးရဲ့ သူငယ်ချင်းအတွက် စိတ်မကောင်းစရာပဲ"

 

"ဟုတ်တယ်၊ သူ(မ) သူငယ်ချင်းကို ကူညီဖို့ကြိုးစားနေကို အဲ့အမျိုးသားက သူ့ကို crush နေတယ်လို့ပြောပြီး    မကောင်းအမြင်ခံရအောင် လုပ်ခဲ့တာပဲ"

 

"ဒါ အဆိုးဆုံးမဟုတ်သေးဘူး" ကျီဖေး ပြောလိုက်သည်။

 

ရှောင်းထောင် မုန့်အားဝါးနေလျက် သူ(မ)အားနားမလည်နိုင်စွာကြည့်လိုက်သည်။

 

 

 

 

🍉 Chapter 28.2

 

 

 

ကျီဖေးသည်လည်း ပါးစပ်ထဲတွင် စုတ်လုံးတစ်ခုကို ထည့်လျက် "အဆိုးဆုံးကတော့ မိန်းကလေးသူငယ် ချင်းကိုအထင်လွဲသွားတာပဲ၊ သူက အဲါအမျိုးသားရဲ့စကားကြောင့် သူငယ်ချင်းကို မုန်းသွားလိမ့်မယ်၊  နောက်ကျရင် သူ(မ) သူငယ်ချင်းက အခက်အခဲတောင်ကြုံနိုင်တယ်၊ ဒါကို 'အ‌ပေါ်ယံသူငယ်ချင်း' လို့ခေါ်တယ်၊ ရှောင်းထောင်… နောက်ဆို နင် သူငယ်ချင်းရှာတဲ့အခါ အဲ့လိုလူမျိုးနဲ့ ဝေးဝေးနေနော်"

 

ရှောင်းထောင် လျင်မြန်စွာခေါင်းညိတ်လိုက်သည်။ သူသူငယ်ချင်းရွေးချယ်ရာတွင် သေချာပေါက်သတိထားမည်ဟု တေးမှတ်ထားလိုက်သည်။

 

ထိုစဉ် ခဏအကြာတွင် ရှောင်းထောင်က "ဟိုမှာ အဲ့မိန်းမ!"

 

ကျီဖေး ခေါင်းကိုလှည့်ကြည့်လိုက်ရာ စောစောက ရှောင်ရလို့ခေါ်တဲ့ အမျိုးသမီးသည် အနီးနားရှိ ကော်ဖီဆိုင်ထဲကို ဝင်သွားသည်အား တွေ့လိုက်ရသည်။

 

ကော်ဖီဆိုင်သည် အပြင်ဘက် လူသွားစင်္ကြံကို မျက်နှာမူထားသော မှန်ပြတင်းပေါက်ကြီးများရှိသည်။

 

သို့သော်လည်း ကျီဖေးသည် ထိုအမျိုးသမီးကို ဂရုမစိုက်ခဲ့ပေ။ ယင်းအစား အတွင်းဘက်ရှိ ထိုင်ခုံများကို စိုက်ကြည့်ရင်း သူ(မ)မျက်လုံးများသည် ပန်းကန်ပြားများကဲ့သို့ ပြူးကျယ်သွားသည်။

 

...

 

ဖျော်ဖြေရေးနေရာတွင်ရှိသော ကော်ဖီဆိုင်တွင် လူလေးဦးသည် အတူထိုင်ကာ ကော်ဖီသောက်ရင်း စီးပွားရေးကိစ္စများဆွေးနွေးကြသည်။

 

"ကျွန်မတို့ ပရောဂျက်က အရမ်းအဆင့်မြင့်တယ်၊ ပြည် တွင်းရင်းနှီးမြှုပ်နှံသူတွေက ရှေးရိုးဆန်တယ်၊ အဲ့တော့ ဒီအချိန်မှာ အောင်မြင်ဖို့ဆိုတာ ခက်လိမ့်မယ်၊ နိုင်ငံခြားကို သွားတဲ့အခါ အဲ့ကရင်းနှီးမြှုပ်နှံမှုကိုရအောင် ကြိုးစားရမယ်"

 

“နိုင်ငံခြားသုတေသန အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ပေမယ့် ပါမောက္ခက ခေါင်းဆောင်တဲ့နေရာကို ငါတို့နိုင်ငံလက်ထဲမှာ ထားဖို့မျှော်လင့်မိလို့ ပြည်တွင်းရင်းနှီးမြှုပ်နှံသူတွေကို ရှာဖွေဖို့ ခက်ခက်ခဲခဲ ကြိုးစားနေရတာပဲ”

 

"ငါတို့ တခြားနည်းလမ်း စဉ်းစားရမှာလား"

 

"ရှင်းယွဲ့ နင်က ချူမိသားစုက..."

 

တစ်စုံတစ်ယောက်သည် တစ်ခုခုပြောတော့မည်ဖြစ်သော်လည်း ရုတ်တရတ်ရပ်တန့်လိုက်သည်။

 

စားပွဲရှိ အခြားသုံးယောက်သည် ချူရှင်းယွဲ့ကို မှင်တက်စွာကြည့်နေကြသည် ။

 

"တောင်းပန်ပါတယ်၊ ငါ အရမ်းအလျင်လိုနေလို့ပါ" ထိုလူသည် အမြန်တောင်းပန်လိုက်သည်။

 

တစ်ဖက်တွင်ထိုင်နေသော ချူရှင်းယွဲ့သည် ခပ်ဖျော့ဖျော့ပြုံးကာ "ဘာမှမဖြစ်ပါဘူး၊ တခြားရွေးချယ်စရာတွေ စဉ်းစားကြည့်ရအောင်"

 

ယခုအချိန်တွင် ချူရှင်းယွဲ့သည် ယောက်ျားလေးအား ကစား စတိုင်အတိုင်း၀တ်ဆင်ထားကာ ခပ်တိုတိုဆံပင်နှင့်ဖြစ်သည်။ သူမသည် အလှတက် အနက်ရောင်မျက် မှန်နှင့် ရိုးရိုးရှင်းရှင်း အဖြူရောင်ရှပ်အင်္ကျီကို ၀တ်ဆင်ထားသည်။ ထိုကဲ့သို့ လူစည်ကားသောနေရာတွင် ထိုင်နေသော်လည်း ကြယ်ပွင့်လေးချူရွှယ်ချီနှင့် သူမကို မည်သူမျှရောနှောမည်မဟုတ်ချေ။

 

၎င်းတို့စကားပြောနေစဉ်တွင် နာထောင်ချင်စရာကောင်း သော အမျိုးသားတစ်ဦး၏အသံသည် ၎င်းတို့နောက်ဘက်မှ ရုတ်တရက်ထွက်လာသည်။

 

"မင်းတို့ရဲ့ ဆွေးနွေးမှုထဲ ကျွန်တော်ရောပါလို့ရမလား၊ မင်းတို့ရဲ့ သုတေသနပရောဂျက်ကို အရမ်းစိတ်ဝင်စားလို့ ရင်းနှီးမြှုပ်နှံချင်လို့ပါ"

 

ချူရှင်းယွဲ့၏ခန္ဓာကိုယ်သည် တောင့်တင်းသွားပြီး ကျန်လူများသည်လည်း တွေဝေစွာကြည့်လိုက်သည်။

 

ထိုသည်မှာ ဦးထုပ်၊ နေကာမျက်မှန်နှင့် မက်စ်အနက်ရောင်တို့ကို ဝတ်ဆင်ထားသည့် အရပ်ရှည်ရှည်အမျိုး သားတစ်ဦးဖြစ်သည်။ သူသည် ဆိုဖာနောက်ဘက်တွင် လက်တစ်ဖက်ကို ထောက်ထားပြီး ကျန်တစ်ဖက်သည် မက်စ်ကိုဖယ်လိုက်ကာ ဆွဲဆောင်မှုရှိသော နှုတ်ခမ်းတစ်စုံသည် ဖြည်းညှင်းစွာ ထွက်ပေါ်လာသည် "ကျွန်တော်‌ရော ထိုင်လို့ရမလား ?"

 

လူတိုင်းသည် မျက်လုံးများ ပြူးကျယ်သွားပြီး ချူရှင်းယွဲ့ကိုသာ စိုက်ကြည့်နေမိကြသည်။

 

၎င်းတို့သည် ချူရှင်းယွဲ့၏အတန်းဖော်များဖြစ်သည်မှာ နှစ်ပေါင်းများစွာကြာပြီဖြစ်သဖြင့် မင်းသားကြီး ချင်ကျောက်နှင့် သူ(မ)၏ စေ့စပ်ကြောင်းလမ်းအကြောင်းကို အနည်းငယ်သိထားကြသည်။ သူတို့ ၎င်းကို အဝေးကနေတောင် အကြိမ်ပေါင်းများစွာ မြင်ဖူးသည်။

 

ရံဖန်ရံခါတွင် ထိုစေ့စပ်ထားသူသည် ချူရှင်းယွဲ့၏ အမွှာညီမနှင့် hot search ပေါ် ရောက်နေတာကာ ထိုမိန်းက လေးနှင့် ပိုနီးစပ်ကြောင်းပြသနေသည်။

 

မကြာသေးမီက ချူရှင်းယွဲ့ ရောက်လာပြီး သုတေသနအဖွဲ့နှင့်အတူ နိုင်ငံရပ်ခြားသို့သွားရန် ဆုံးဖြတ်လိုက်သောအခါ ပါမောက္ခသည် သူ(မ)၏ကိုယ်ရေးကိုယ်တာကိစ္စများကို မေးမြန်းခဲ့ချိန် အားလုံးပြေလည်သည်ဟု ပြောခဲ့သည်။

 

ချူရှင်းယွဲ့သည်  သူ(မ)၏ စေ့စပ်ကြောင်းလမ်းမှုကို ဖြတ်တောက်လိုက်ပြီး မိသားစုနှင့်လည်း အဆက်အဘသွယ်ဖြတ်လိုက်သည်ကို သူတို့ သိလိုက်ရသည်။

 

သူ(မ)၏စေ့စပ်ထားသူသည် ညီမဖြစ်သူနှင့် ပိုရင်းနှီးသောကြောင့်ဖြစ်ပေမည်။ အဆုံးတွင် ၎င်းတို့သည် ဖျော်ဖြေရေးနယ်ပယ်တွင် နေ့တိုင်းတွေ့ဆုံနိုင်သော် လည်း သုတေသီများသည်တော့ တစ်ယောက်နှင့် တစ်ယောက်မတွေ့နိုင်လောက်အောင် အလုပ်များပေသည်။

 

သူတို့သည် ချူရှင်းယွဲ့အတွက် စိတ်မကောင်းဖြစ်မိကြသည်။ သူတို့သည် သူ(မ)ကို နှစ်အတော်ကြာ သိလာပြီးနောက်တွင် ၎င်းတို့မစပ်စုလျှင်ပင် သူ(မ)ရင်ထဲတွင် တစ် စုံတစ်ယောက်ရှိနေကြောင်း သူတို့သိသည်။ ထိုကြောင့် သူ(မ)သည် အခြားပိုးပန်းမှုများစွာကို ငြင်းတက်သည်။

 

 

သို့သော် ချူရှင်းယွဲ့သည် ၎င်းတို့၏ နှစ်သိမ့်မှုကို မလို အပ်သဖြင့် ၎င်းတို့ တက်နိုင်သလောက် ထိုအကြောင်းကိုမပြောရန်ရှောင်ရှားကြသည်။

 

ဒါပေမဲ့ ထိပ်တန်းနာမည်ကြီးတစ်ယောက်ဖြစ်တဲ့ ဒီစေ့စပ်သူဟောင်းက ဘယ်လိုလုပ် ဒီကိုရောက်လာတာလဲ?

 

သူ ဘာပြောလိုက်တာ ? သူတို့ရဲ့ ပရောဂျက်မှာ ရင်းနှီးမြှုပ်နှံချင်လို့တဲ့လား?

 

သူ ချူရှင်းယွဲ့အတွက် လာခဲ့တာ ရှင်းနေတာကို !

 

သူ ပြန်အဆင်ပြေချင်တာများ ဖြစ်နိုင်မလား ?

 

ဤအခိုက်အတန့်တွင် တိတ်ဆိတ်စွာ နေတက်သော သိပ္ပံသုတေသီများသည်ပင် ၎င်းတို့ကိုယ်အတွင်း၌ အတင်း အဖျင်းမီးပွားများလောင်ကျွမ်းနေသည်ကိုခံစားမိသည်။

 

ချူရှင်းယွဲ့နံဘေးတွင်ထိုင်နေသော သုတေသီအမျိုးသ မီးသည် မတ်တပ်ရပ်လိုက်ပြီး ဆန့်ကျင်ဘက်ထိုင်ခုံသို့ ရွှေ့လိုက်သည်။ ၎င်းတို့ သုံးယောက်သား ကော်ဖီခွက်ကို ကိုင်ကာအသံမထွက်ရဲချေ။

 

ချင်ကျောက်သည် ချူရှင်းယွဲ့၏ အသွင်အပြင်အသစ်ကိုမြင်သောအခါ သူ့နှလုံးသားသည် ရင်ဘတ်ထဲမှ ခုန်ထွက်လုနီးပါးပင် ဖြစ်သွားသည်။ ထိုသည်မှာ သူ့စိတ်ကြိုက်ပုံစံမဟုတ်သော်လည်း ယခုအခါမသေချာတော့ချေ။

 

သူ(မ)ကို သူ မည်မျှလွမ်းဆွတ်နေမှန်း သဘောပေါက်သွားသည်။

 

 သူ(မ)ကြောင့် သူ့နှလုံးသားက ဘယ်လောက်ထိ တုန်နေမှန်းတောင် မမှန်းဆနိုင်တော့ချေ။

 

"ရှင်းယွဲ့ ကိုယ်..." ချင်ကျောက် ထိတ်လန့်တုန်လှုပ်စွာဖြင့် စကားစခဲ့သည်။

 

"မစ္စတာချင်က နာမည်ကြီးတစ်ယောက်ဖြစ်နိုင်ပေမယ့် ကျွန်မတို့လိုအပ်တဲ့ ရင်းနှီးမြှုပ်နှံမှုက အရမ်းများတယ်၊ မစ္စတာချင် မတက်နိုင်မှာဆိုးမိတယ်"

 

ချူရှင်းယွဲ့ သူ့ကိုမကြည့်ဘဲ ရုတ်တရက်ပြောလိုက်သည်။

 

ချူရှင်းယွဲ့သည် သူ့အား စိတ်မြန်လက်မြန် ငြင်းဆိုခြင်း မဟုတ်ချေ။ ဤသည်မှာ သူတို့ အဖွဲ့တစ်ခုလုံးကို စိတ်ပူနေသည့်အရာပင်။ ချင်ကျောက်၏ ရည်ရွယ်ချက်များ မည်သို့ပင်ရှိစေကာမူ ရင်းနှီးမြှုပ်နှံမှုများသည် လိုအပ်သောအရာဖြစ်သည်။ ချင်ကျောက်သာ ရင်းနှီးမြုပ်နှံလိုပါက ထိုသည်မှာ စီးပွားရေးကိစ္စပင်။

 

ချင်ကျောက်ခဏလောက် ထိတ်လန့်သွားပြီး "စိတ်မပူပါနဲ့ မင်းရဲ့ သုတေသနက အရမ်းအဓိပ္ပာယ်ရှိတယ်၊ ဒါကြောင့် ကိုယ့်ရဲ့အာ့ကော စိတ်ဝင်စားလိမ့်မယ်၊ ကိုယ်က စတားတစ်ယောက်အနေနဲ့ ရင်းနှီးမြှုပ်နှံဖို့လာတာမဟုတ်ဘူး ချင်ကော်ပိုရေးရှင်းကိုယ်စား ညှိနှိုင်းဖို့လာတာ"

 

ထိုစကားကြောင့် လူတိုင်း၏နှလုံးသားမှာ ခုန်လှုပ်သွားကြသည်။ ချင်ကော်ပိုရေးရှင်းသည် ၎င်းတို့၏ သုတေသ နနှင့် မသက်ဆိုင်ဟုယူဆသောကြောင့် ထိုအဖွဲ့အစည်းကို မစဉ်းစားမိခဲ့ချေ။

 

" မစ္စတာချင်က ရင်းနှီးမြုပ်နှံဖို့ အမှန်တကယ် စိတ်ဝင် စားတယ်ဆိုရင် ကျေးဇူးပြုပြီး ကျွန်မတို့ရဲ့ ပါမောက္ခဆီကိုတိုက်ရိုက်သွားပေးပါ၊ အဲ့ကို ကျွန်မတို့နဲ့ ဆွေးနွေးစရာ မလိုပါဘူး" ချူရှင်းယွဲ့သည် တစ်ဖက်ရှိလူထံသို့ လှည့်ကာ "စီနီယာ မစ္စတာချင်ကို ပါမောက္ခဆီ ခေါ်သွားပေး လိုက်ပါ"

 

ချင်ကျောက်သည် ချက်ချင်းပင် စိုးရိမ်သွားပြီး "ဟင့်အင်း ကိုယ် မင်းနဲ့ စကားပြောချင်တာ"

 

ချူရှင်းယွဲ့၏မျက်နှာသည် မည်းမှောင်သွားပြီး သူ(မ) သည် ချင်ကျောက်အား စိတ်မရှည့်အကြည့်ဖြင့်ကြည့်လိုက်သောကြောင့် ချင်ကျောက်နာကျင်သွားသည်။

 

ချင်ကျောက်၏မျက်လုံးများသည် အလိုအလျောက် နီရဲလာသည်။ ချူရှင်းယွဲ့ သူ့ကို ဒီလိုကြည့်တာကို သူ မခံနိုင်ပေ။

 

"ကိုယ် မင်းနဲ့ စကားပြောလို့ရလား ? ကိုယ့်မှာ မင်းကို ပြောစရာတွေ အများကြီးရှိတယ်"

 

"ကျွန်မကို ငွေနဲ့ အာဏာသုံးပြီး အတင်းအကြပ်လုပ်နေတာလား ? ရှင်လည်း ဒီလို နည်းလမ်းတွေကို သင်ယူခဲ့တာလား"

 

ချင်ကျောက်၏ မျက်နှာသည် ချက်ချင်းပင် မှုန်မှိုင်းသွားသည်။  သူ(မ)သည် ချူရှင်းယွဲ့၏ အကြည့်ကို မခံနိုင်သဖြင့် ခဏတာတုန့်ဆိုင်းပြီးနောက်  သူ(မ)ကို ဒေါသမထွက်ချင်သဖြင့် ထွက်သွားရန်သာဆုံးဖြတ်လိုက်သည်။ သူသာ ရင်းနှီးမြှပ်နှံနိုင်သရွေ့ သူ(မ)နေထိုင်သည့်နေရာကို သိနိုင်မည်ဟုထင်သည်။

 

"ကောင်းပြီ ကိုယ်နားလည်ပြီ၊ ကိုယ် မင်းရဲ့ပါမောက္ခကို သွားတွေ့လိုက်မယ်" ချင်ကျောက်သည် မတ်တပ်ထရပ်ပြီး စိတ်ပျက်လက်ပျက် ပြောလိုက်သည်။

 

"စိတ်မပူပါနဲ့ ကိုယ်ရင်းနှီးမြုပ်နှံမှုကို ဂရုစိုက်ပါ့မယ်!"

 

ချူရှင်းယွဲ့ ခဏတာ အံ့သြသွားသည်။ ဤနှစ်များတစ် လျှောက် ချင်ကျောက် သူ(မ)အပေါ်ထားရှိသော သဘော ထားကြောင့် ယခုလိုအခြေအနေကို မမျှော်လင့်ထားချေ။ ထိုသည်မှာ ငယ်စဉ်အခါက သူ(မ) ဒေါသထွက်တိုင်း ခေါင်းငိုက်စိုက်ချကာ သူ(မ) လိုချင်တာမှန်သမျှပေးမည်ဟု ပြောတက်သော ချင်ကျောက်ကိုပြန်တွေ့လိုက်ရသလိုပင်။

 

ချူရှင်းယွဲ့ အသိစိတ်များပြန်ကပ်လာချိန် သူ(မ)၏ နှလုံးခုန်သံကို သတိပြုမိသောကြောင့် ကော်ဖီသောက်ဟန်ဖြင့် ခေါင်းကိုအမြန်ငုံ့လိုက်သည်။

 

ချင်ကျောက်သည် ချူရှင်းယွဲ့အား ငေးကြည့်နေမိသော် လည်း အဆုံးတွင် သူ ထွက်သွားရန်မှတပါး အခြားရွေး ချယ်စရာ မရှိချေ။

 

သို့သော်လည်း သူ အလန့်တကြားအော်သံ ကြားသော ကြောင့် မှန်များဘက်သို့ ထိတ်လန့်တကြားလှည့်ကြည့်လိုက်သည်။

 

လူတိုင်းသည် သူ၏တုံ့ပြန်မှုကြောင့်လန့်သွားပြီး အပြင်ဘက်ကိုပြိုင်တူ လှည့်ကြည့်လိုက်ချိန် သူ့လည်း ထို့နည်းတူစွာအံ့သြသွားရသည်။

 

ထိုနေရာတွင် မိန်းကလေးနှစ်ယောက်သည် စျေးဝယ်အိတ်များကိုင်ဆောင်ထားကာ  မှန်နံရံဘေးတွင် ရပ်နေကာ အလှဆုံးမိန်းကလေးသည် သူတို့အား စေ့စေ့စပ်စပ်ကြည့်နေသည်။

 

 

သူ(မ)၏မျက်လုံးများသည် စူးစမ်းလိုစိတ်များပြည့်နှက်နေပြီး ပါးစပ်များကျယ်လောက်စွာပွင့်ဟနေသည်။

 

"အဲ့ဒါ...မစ္စတာချင်ရဲ့ အမာခံပရိသတ်လား ?" တစ်ယောက်ယောက်က မေးလိုက်သည်။

 

ချူရှင်းယွဲ့သည်လည်း  သူ(မ)တို့အား အံ့သြစွာစိုက်ကြည့်နေသော ကျီဖေးကိုပြန်ကြည့်လိုက်သည်။

 

"...အဲ့ဒါ သူ့မရီးလေ"