Ch 6
Viewers 224

🩺 Chapter 6

 

 

 

"ကျွန်မ ရှင့်ပိုက်ဆံတွေ မလိုချင်ဘူး။ ရှင် ဒီကိုပြန်ရောက်ရင် ကျွန်မတို့လက်ထပ်ကြမယ်လို့ ကတိပေးခဲ့တယ်လေ"

 

"ငါ့မှာ အခု မင်းနဲ့ပတ်သတ်ပြီး ဘာခံစားချက်မှ မရှိတော့ဘူး။ ငါ့ကို လက်ထပ်ဖို့အတွက် အတင်းအကြပ်ဆွဲခေါ်နေတာ အဓိပ္ပာယ်ရှိတယ်လို့ မင်းထင်လား?"

 

"ဒါပေမယ့်... ကျွန်မ ရှင့်ရဲ့ကလေးကို ကိုယ်ဝန်ဆောင်ထားရပြီလေ၊ ဒီမှာ စမ်းကြည့်လိုက်၊ နှစ်လတောင်ရှိနေပြီ။ နောက်လကျရင်သိသာလာလိမ့်မယ်လို့ ဆရာဝန်က ပြောတယ်"

 

အမျိုးသမီးသည် ထိုအမျိုးသား၏ လက်ကောက်ဝတ်အား လှမ်းဆွဲကာ ဗိုက်ထဲရှိသက်ရှိကလေးငယ်အား စမ်းကြည့်ခိုင်း လိုက်သည်။

 

သို့သော် အဆိုပါအမျိုးသားသည် ညစ်ညမ်းသောအရာကို ထိမိသကဲ့သို့ ဒေါသတကြီးတုံ့ပြန်ကာ အမျိုးသမီး၏ဆန့်တန်းထားသော လက်ထံမှ သူ့လက်ကို အဝေးသို့ဆွဲဖယ်လိုက်လေသည်။

 

"ဖန့်ယုနင် မင်း လူစကားနားမလည်ဘူးလား ? ငါတို့ကြားမှာ ဖြစ်နိုင်ခြေမရှိတော့ဘူး။ အဲ့ညက ဒီတိုင်းမတော်တဆတစ်ခုပဲ။ မင်း ဗိုက်ထဲမှာရှိတဲ့အရာကို ရှင်းပစ်ဖို့ ငါ မင်းကိုတစ်သန်းပေးမယ်။ ပြီးတော့ကျန်တဲ့ငွေကို မင်း ငါ့ကိုသင်တန်းကြေးအတွက် ချေးထားတဲ့ ပိုက်ဆံအကြွေးပြန်ဆပ်တယ်လို့ သဘောထားလိုက်…"

 

ရှန်းထင်းကျိုး ဖုယွင်ယွင်၏နောက်ဆီသို့ လိုက်လာရင်း ထိုသို့အကြင်နာမဲ့သော စကားလုံးများကိုတသီတတန်းလိုက်ကြီး ကြားလိုက်ရသည်။

 

၎င်းတို့ဘေးရှိ ချင်ရှစ်ယောင်၏အမူအရာမှာလည်း အလွန်အ မင်း ဆိုးရွားနေပြီဖြစ်သည်။

 

သူ့နဖူးပေါ် သွေးကြောတစ်ခုကြွတက်လာသည်ကို တွေ့လိုက်ရပြီး ထိုဆန်ကုန်မြေလေးကောင်အား အပြစ်ပေးတော့မည့်ပုံပေါ်သည်။ ရှန်းထင်းကျိုးသည် သူမ ထိခိုက်သွားမည်ကို စိုးရိမ်ပြီး ကြားဝင်ရန်အမြန်လှုပ်ရှားလိုက်သည်။

 

သို့ရာတွင် သူ့လက်က ချင်ရှစ်ယောင်၏ပခုံးကို ဖိခါနီးဆဲဆဲမှာပင် ချင်ယန်က ရုတ်တရက်ထပြောလိုက်သည်။

 

"သူ့ကို သွားမနှောင့်ယှက်နဲ့… သူ Sanda မှာလေ့ကျင့်ထားတာ...တစ်ခါကဆို သူ့ကို မဖွယ်မရာလာလုပ်တဲ့သူကို ပိတ်ကန်ပစ်ခဲ့တာ..."

 

ချင်ယန် မည်သည့်နေရာကိုကန်လိုက်သည်ဆိုသည်အား ပြောမပြသော်ငြား အဓိပ္ပာယ်ကိုနားလည်သည့် ရှန်းထင်းကျိုးမှ သူ့လက်ကို ချက်ချင်းဆိုသလိုရုတ်လိုက်သည်။

 

ဒေါသထိန်းထားသည့် ချင်ရှစ်ယောင်သည် ခြေလှမ်းအနည်း ငယ်ဆုတ်လိုက်ပြီး အရှိန်ယူကာကြိုးမှလွှတ်လိုက်သည့်မြှားတစ်စင်းနှယ် အားအပြည့်ထည့်ထားသည့် ကန်ချက်တစ်ခုပစ်ပေးလိုက်သည်။

 

ငါးဆားနူကောင်သည် မြေပြင်အနှံ့ သူ့သွားများကျွတ်ကျသွားရသည်။

 

"မြေပြင်အနှံ့ သွားများကျွတ်ခြင်း" သည် အများအားဖြင့် အခြားအကြောင်းအရာများတွင် နာမဝိသေသနတစ်ခုအဖြစ် အသုံးပြုသော်လည်း ယခုအချိန်တွင် ၎င်းသည် နာမ်တစ်ခု ဖြစ်လာသည်။

 

ချင်ရှစ်ယောင်သည် အမှိုက်ကောင်၏ပါးပြင်ကိုကန်ထုတ်လိုက်ရာ မြေပြင်ပေါ်သို့ လဲကျသွားသည်။ သူ့နှာခေါင်းနှင့် ပါးစပ်မှ သွေးများထွက်နေပြီး သွားနှစ်ချောင်းကျွတ်သွားလေသည်။

 

ရှန်းထင်းကျိုးသည် သူ့မျက်နှာကို မသိစိတ်ဖြင့်ထိမိလိုက်ပြီး ချင်ယန် အကန်ခံလိုက်ရတုန်းကမှ တော်သေးသည်ဟု ရုတ်တ ရက်ခံစားလိုက်ရသည်။

 

လီရှုကျောသည် ပထမတော့ အံ့အားသင့်သွားပြီးနောက်ဒေါသ ထွက်သွားသော်လည်းမော့ကြည့်လိုက်ရာ ချင်ရှစ်ယောင်အား တွေ့လိုက်ရသဖြင့် တုန်လှုပ်တာရော၊ ချောက်ချားတာရော နှစ်ခုစလုံး ပေါင်းစည်းသွားလေသည်။

 

နေဝင်ခါနီးအချိန် ချင်ရှစ်ယောင်သည် လီရှုကျော၏ နောက် ကျောဘက်မှ အလင်းရောင်နှင့်အတူမတ်တပ်ရပ်နေကာ သူ၏ လှပသောမျက်နှာထက် အုံ့မှိုင်းမှုတို့ဖြင့်ဖုံးကွယ်ထားသည်။

 

ချင်ရှစ်ယောင်သည် လီရှုကျောဆီသို့ ခြေလှမ်းတစ်လှမ်းချင်း လျှောက်သွားကာ သူ့လေသံကတည်ငြိမ်နေသည်။

 

"ရှင် ကျွန်မကို ဘယ်တော့မှသစ္စာမဖောက်ဘူးလို့ ပြောဖူးခဲ့တာကို ကျွန်မ မှတ်မိတယ်။ ရှင် သစ္စာဖောက်ခဲ့ရင် ရှင့်ကို ဘာလုပ်ရမလဲ ?"

 

လီရှုကျော စိုးရိမ်ထိတ်လန့်သွားသည်။

 

"ရှစ်ယောင်..."

 

"ရှင် ကျွန်မကိုကြိုက်သလို ကိုင်တွယ်ခွင့်ပေးမယ်လို့ ရှင်ပြောခဲ့တယ်နော်…"

 

ချင်ရှစ်ယောင်၏မျက်လုံးများသည် ရုတ်တရက် ခံစားချက်မရှိသောအသွင်သို့ပြောင်းသွားသည်။

 

"ရှင်ကိုယ့် ရှင်တောင် မထိန်းချုပ်နိုင်တာကို ကျွန်မကို စိတ်ဒုက္ခလာပေးမနေနဲ့"

 

လျင်မြန်သော ကန်ချက်တစ်ခုနှင့်အတူ သူမ၏ ၈ စင်တီမီတာမြင့်သော ဒေါက်ဖိနပ်များသည် ဓားသွားကဲ့သို့ ချွန်ထက်မြနေ သည်။ ချင်ယန်သာ လီရှုကျော၏ကော်လံအားအမြန်ဖမ်းပြီး နောက်ကို မဆွဲလိုက်ဘူးဆိုပါက သူ့ခန္ဓာကိုယ်အောက်ပိုင်း သည် ပြင်းထန်စွာ ဒဏ်ရာရသွားလိမ့်မှာသေချာပေါက်ပင်။

 

လီရှုကျော ဇောချွေးပြန်ကာ အသက်ပင်မရှူဝံ့တော့ပေ။

 

မြေပြင်ပေါ်ရှိဒေါက်ဖိနပ်ရာ အပေါက်ကိုကြည့်လိုက်မိရင်း ရှန်းထင်းကျိုး၏ ဦးရေပြားထုံကျင်သွားလေသည်။

 

ချင်ရှစ်ယောင်သည် သူ့ခြေထောက်ကိုမြှောက်ကာ လုံးဝိုင်းနေသောအပေါက်မှ ဒေါက်ကိုဆွဲထုတ်လိုက်ပြီး နောက်ထပ် ကန်ချက်တစ်ချက် လေထဲသို့ပစ်သွင်းလိုက်သည်။

 

ချင်ရှစ်ယောင်သည် ရှေ့သို့ တစ်လှမ်းပြီးတစ်လှမ်း တိုးလာတိုင်း ချင်ယန်သည် လီရှုကျောအားနောက်သို့ ဆွဲခေါ်နေရကာ ကန်ချက်တိုင်းမှာ အပေါက်သေးသေးလေးတွေ ကျန်ရစ်ခဲ့ရင်း အရှိန်ကြောင့် သစ်ရွက်များပင် လှုပ်ရှားသွားစေသည်။

 

မြေပြင်ပေါ်တွင် အပေါက်ဝိုင်းလေးများစွာ ဖန်တီးထားသည်ကို  ကြည့်ရင်း ရှန်းထင်းကျိုးက မှတ်ချက်ပေးလိုက်သည်။

 

"တယ် ခိုင်တဲ့ ဒေါက်တွေပါလား…?"

 

ချင်ရှစ်ယောင် ချင်ယန်ဆီသို့ အေးစက်သောအကြည့်တစ်ချက်ပေးလိုက်သည်။

 

"နင် ဘေးကို ဖယ်လိုက်စမ်း!"

 

ချင်ယန် မျက်မှောင်ကြုတ်ကာ

 

"ကျဲ ဒီလိုလူမျိုးအတွက်နဲ့ ထောင်ထဲသွားဖို့ မတန်ဘူး"

 

ဖုယွင်ယွင်လည်း ဝင်ထောက်ခံလိုက်သည်။

 

 "ဟုတ်တယ်…သူက ဘာမို့လို့လဲ ? သူ့ကြောင့် ညီမတို့ဖိနပ်တွေ ညစ်ပတ်ဖို့တောင် မတန်ဘူး"

 

နောက်ဆုံးတွင် ချင်ရှစ်ယောင် စိတ်ငြိမ်သွားပြီး ဖန့်ယုနင် ဘက်ကိုလှည့်ကြည့်လိုက်သည်။

 

ကိုယ်ဝန်နှင့်မိန်းမငယ်လေးသည် ရင်သပ်ရှုမောဖွယ်မြင်ကွင်းကိုကြည့်နေခဲ့သော်လည်း ရက်စက်ကြမ်းကြုတ်သော အမျိုး သမီးချဉ်းကပ်လာသကဲ့သို့ သူ့ကို ကြည့်ရင်း သူ့ဗိုက်ကိုအလို လိုဖုံးအုပ်ကာကြောက်လန့်နေပြီဖြစ်သည်။

 

သူ တုန်တုန်ယင်ယင်ဖြင့် နောက်ဘက်သို့ဆုတ်သွားကာ သူ့မျက်လုံးများထဲ ကြောက်ရွံ့မှုနှင့် ရှုပ်ထွေးမှုများပေါ်လွင်လို့နေသည်။

 

"ရှင်...ရှင် ကျွန်မကို ဘာလုပ်မလို့လဲ ? သူ့မှာ ရည်းစားရှိတာ ကျွန်မ တကယ်မသိခဲ့ပါဘူး…အဲ့ညကလည်း  သူမူးနေတုန်း သူ့ဘက်ကပဲ ခြေလှမ်းစခဲ့တာ"

 

ချင်ရှစ်ယောင်သည် သူ့ရှေ့တွင် ရပ်လိုက်ပြီး အေးစက်စွာပြောလိုက်သည်။

 

"သွား...နင်လည်း သူ့ကို နှစ်ချက်လောက်ကျွေးပလိုက်"

 

ဖန့်ယုနင် တုံ့ဆိုင်းသွားပြီး သူ့မျက်လုံးများထဲမှ မျက်ရည်များ စီးကျလာသည်။

 

ချင်ရှစ်ယောင် ဆက်ပြောလိုက်သည်။

 

"နင့်ရဲ့နုပျိုမှုတွေ တန်ဖိုးမဲ့သွားခဲ့ရပြီ၊ အဲ့ဒါတောင် နင် ဒေါသမထွက်ပဲ နင်ကိုယ်တိုင် လှည့်စားခံခွင့်ပေးလိုက်တယ်ပေါ့"

 

ဖန့်ယုနင်သည် သူ့ရှေ့မှ အမျိုးသမီးကိုကြည့်လိုက်သည်။ သူ့ပုံစံသည် ချင်ရှစ်ယောင်၏ချောမောမှုနှင့်မတူဘဲ စားသောက် ဆိုင်အလုပ် သမားဝတ်စုံ၀တ်ဆင်ထားကာ မျက်ကွင်းများညိုနေပြီး ပင်ပန်းနွမ်းလျနေပုံဖြင့် ဟင်းနံ့များစွဲကျန်နေသောအနံ့ အသက်များပင်ရနေသည်။

 

ငါးစိမ်းသည်နှင့်ရွှဲသည်ကြား ခြားနားချက်ကိုအကြည့်တစ်ချက်နဲ့တင် နားလည်သွားစေသည်။

 

လီရှုကျောသည် သူနှင့် လမ်းခွဲချင်နေသည်မှာ မအံ့သြတော့ပေ။

 

သို့သော်လည်း ထိုအမျိုးသမီးသည် ငယ်ရွယ်နုပျိုပြီး သူ့ရုပ် ရည်လေးနှင့် သူ လှပပေသည်။ နှစ်တွေကြာလာတာနဲ့အမျှ လီရှုကျော၏နိုင်ငံခြားပညာရေးအတွက် ထောက်ပံ့ပေးနိုင်ရန် သူမ တစ်နေ့ကိုအလုပ်နှစ်ခုလုပ်ခဲ့ပြီး ပိုက်ဆံကိုခြစ်ကုတ်ကာ စုဆောင်းခဲ့သဖြင့် အဝတ်အစားကောင်းကောင်းမွန်မွန်ဝတ် ဆင်ဖို့ပင် အခွင့်အရေးမရခဲ့ပေ။

 

ဖန့်ယုနင်သည် တစ်ချိန်က သူနှင့်အနာဂတ်အိပ်မက်များကို မျှဝေခဲ့ဖူးသည့် အဖြူရောင်ဝတ်စုံဝတ်ဆင်ထားသော လူငယ်လေးကိုမှတ်မိနေသေးသည်။ ထိုအချိန်တုန်းက သူ့မျက်လုံးများသည် ရိုးသားပြီးအပြစ်ကင်းစင်နေသည်။

 

ယခု မျက်မှောက်နှင့် နှိုင်းယှဉ်ကြည့်လိုက်ပါက အတွင်းစိတ်ထဲတွင် ပုန်းကွယ်နေသည့် ကောက်ကျစ်ယုတ်မာမှုများ အများအပြားရှိနေသည်ဟု သူ ခံစားလိုက်ရသည်။

 

သူဝတ်လေ့ရှိသည့် သန့်သန့်ပြန့်ပြန့် အဖြူရောင် တီရှပ်နေရာတွင် ကြည့်ကောင်းသော အဆင့်အတန်းမြင့်၀တ်စုံကိုအစား ထိုးထားသည်။ ယခု ဖုန်တောထဲလူးလှိမ့်ပြီးနောက် သူ့အဝတ် အစားများဖရိုဖရဲဖြစ်လို့နေပြီး ပါးပြင်မှာရောင်ကိုင်းနေကာ ချောမောခန့်ငြားသော မျက်နှာပင်ရုပ်ဆိုးနေပုံပေါ်သည်။

 

ဖန့်ယုနင်သည် သူမ၏စွန့်လွှတ်အနစ်နာခံမှုများကိုလွယ်လွယ် ကူကူ ခေါင်းထဲမှဖယ်ထုတ်လိုက်ပြီးနောက် ကလေးကို ဖျက်ချရန်ပင် အရှက်မဲ့စွာတောင်းဆိုလာသည့် လီရှုကျောအား တွေးမိရင်း ဝမ်းနည်းခြင်း၊ မကျေနပ်ခြင်းများ တလိပ်လိပ်တက်လာသလိုခံစားလိုက်ရသည်။

 

သူ တုန်တုန်ယင်ယင် လျှောက်သွားပြီး ရှိသမျှခွန်အားကို စုစည်းကာ လီရှုကျော၏ပါးကိုရိုက်ချလိုက်လေသည်။

 

လီရှုကျောသည် ချင်ရှစ်ယောင်နှင့်ပတ်သက်လျှင် မကျေမနပ် မပြောရဲသော်လည်း ဖန့်ယုနင် အပေါ်ကိုတော့ သူ၏နိုင်ထက် စီးနင်းဆန်မှုကိုပြရဲသည်။

 

သူ၏မုန်းတီးရွံရှာဖွယ်အကြည့်များက ဖန့်ယုနင်၏နှလုံးသားကို ထိုးဖောက်ဝင်ရောက်ကာ နှုတ်ခမ်းဖျားကိုတုန်လှုပ်သွားစေသည်။ နှစ်ပေါင်းများစွာ စုပြုံရခဲ့သော နာကြည်းမှုနှင့် ဝမ်း နည်းခြင်းတို့သည် မုန်းတီးမှုအဖြစ်သို့ ပြောင်းလဲသွားပြီး လီရှုကျော မျက်နှာအနှံ့ကိုအချက်ပေါင်းများစွာဖြတ်၍ အကြိမ် ကြိမ်ပါးရိုက်လေတော့သည်။

 

ထိုအချိန်တွင် လီရှုကျောက ခုခံရန်ကြိုးစားပေမယ့် ချင်ယန် သူ့ကိုချုပ်ထားလိုက်သည်။

 

ဖန့်ယုနင် ပါးဘယ်နှစ်ချက်ရိုက်လိုက်လဲ မသိပေမယ့် သူ့အား စိုက်ထုတ်မှုကြောင့် လက်တစ်ဖက်လုံးထုံကျင်သွားပြီး နောက် ပြန်လဲကျသွားကာ မောပန်းနွမ်းနယ်သွားသည်။

 

ထိုစဉ် လက်တစ်ဖက်က အနောက်ကနေဆန့်ထုတ်လာပြီး သူမကိုထိန်းပေးထားလာသည်။ ဖန့်ယုနင်သည် ထိုလက်လာရာကို လှည့်ကြည့်လိုက်တော့ သူ့အားကြည့်နေသည့် နူးညံ့သော မျက် လုံးတစ်စုံနှင့်တွေ့လိုက်ရလေသည်။

 

ရှန်းထင်းကျိုးသည် ဖန့်ယုနင်အား 'မ' ပေးထားပြီးပြောလိုက်သည်။

 

"ကိုယ်ဝန်ဆောင်အမျိုးသမီးဆိုတာ ကိုယ့်ကိုကိုယ် အရမ်းစိတ်လှုပ်ရှားအောင်မလုပ်ရဘူး…လာ၊ အသက်ရှု လေ့ကျင့်ခန်းတချို့သွားလုပ်ကြရအောင်"

 

ဖန့်ယုနင် ဆက်မထိန်းနိုင်တော့ဘဲ သူမမျက်နှာကိုအုပ်ကာ စတင် ငိုကြွေးလိုက်တော့သည်။

 

ရှန်းထင်းကျိုး :.....

 

သာမန်မိဘဆရာတွေ့ဆုံပွဲအဖြစ်ကနေ ဘာလို့ ဒီလောက်ကြီး မားတဲ့ အရှုပ်တော်ပုံဇာတ်လမ်းအဖြစ်ပြောင်းလဲသွားရတာလဲ ?

 

ရှန်းထင်းကျိုးသည် ဒုက္ခရောက်နေသူကို အကူညီပေးတတ်သော သူတစ်ယောက်ဖြစ်နေသောကြောင့် တုန်လှုပ်နေသော ဖန့်ယုနင်အား အဆောင်သို့ပြန်ပို့ပေးလိုက်ပြီး ဖုယွင်ယွင် အိမ်ကိုမောင်းလာခဲ့သည်။

 

ကားမောင်းနေစဉ်အတွင်း ဖုယွင်ယွင်သည် လီရှုကျောနှင့်ပတ် သက်၍ ကြိမ်းမောင်းပြောဆိုနေပြီး ရှန်းထင်းကျိုးသည် သူမအား စိတ်တည်ငြိမ်စေရန် တစ်ခါတစ်ရံကြားဖြတ်ပြောဆိုပေးနေခဲ့သည်။

 

"ဟုတ်ပါပြီ..နင် စိတ်အေးအေးထားစမ်းပါ"

 

ရှန်းထင်းကျိုးသည် အိမ်ရှေ့တွင်ကားရပ်ရင်းပြောလိုက်သည်။

 

"မစ်ချင် ဒါကို ကိုင်တွယ်နိုင်မှာပါ"

 

ဖုယွင်ယွင်သည် ဒေါသတကြီးဖြင့် သူ့၏ထိုင်ခုံခါးပတ်ကို ဖြုတ်လိုက်သည်။

 

"ဒါပေါ့ ချင်ကျဲ ဒါကို ကိုင်တွယ်နိုင်တယ်ဆိုတာ ညီမသိပါတယ်။ ဒါပေမယ့် သူ့အတွက် ညီမ ဒေါသထွက်နေတုန်းပဲ"

 

ကားထံမှအကွာအဝေးနည်းနည်း လမ်းလျှောက်လာရင်း ဖုယွင်ယွင် ရုတ်တရက်နောက်ပြန်လှည့်ကာ နားမလည်သည့်ပုံဖြင့် "ကော၊ တစ်ခါတည်း ညစာမစားသွားတော့ဘူးလား ?"

 

ရှန်းထင်းကျိုး ပြန်ဖြေလိုက်သည်။

 

"ငါ ဒီည လုပ်စရာရှိသေးတယ်…"

 

" အင်းပါ…ကားကို ဂရုစိုက်ပြီးမောင်းဦး" 

 

ရှန်းထင်းကျိုးသည် ကားကိုနောက်ပြန်မလှည့်မီ ဖုယွင်ယွင်အား မှာရန်မမေ့ပေ။

 

"စာကြိုးစား၊ မင်း မားကို စိတ်ပူရအောင်မလုပ်နဲ့"

 

ဖုယွင်ယွင် အသံရှည်ဆွဲပြီး ပြန်ဖြေလိုက်သည်။

 

"ညီမ သိပါတယ်"

 

ရှန်းထင်းကျိုးသည် လူနေရပ်ကွက်မှ ထွက်လာပြီး ဟဲရန်ထင်း၏ဗီလာဆီသို့ ဦးတည်ပြီးမောင်းလိုက်သည်။

 

သူ လူခေါ်ခေါင်းလောင်းနှိပ်လိုက်ရာ ရင်းနှီးပြီးသားဖြစ်သော မမျှော်လင့်ထားသည့် မျက်နှာတစ်ခု တံခါးဝ၌ပေါ်လာသည်။

 

ကျိုးဇီထန်က စိတ်အားထက်သန်စွာနှုတ်ဆက်လာသည်။

 

"ဒေါက်တာရှန်း လာ၊ ဝင်ခဲ့လေ၊ ကျွန်တော့်ကော ဒေါက်တာ့ကို စောင့်နေတာ"

 

ရှန်းထင်းကျိုးက သူ့ကို အနည်းငယ်ခေါင်းညိတ်ပြလိုက်ပြီး

 

"မစ္စတာဟဲ နေကောင်းရဲ့လား ?"

 

ကျိုးဇီထန်သည် ရှန်းထင်းကျိုးကို အပေါ်ထပ်သို့ ခေါ်ဆောင် သွားကာ သက်ပြင်းချလိုက်ပြီး "သိပ်တော့မကောင်းဘူး၊ သူ့ဒဏ်ရာ ပြန်ပွင့်လာတယ်"

 

ဧည့်ခန်းကိုဖြတ်သွားနေရင်း ရှန်းထင်းကျိုး ပြတင်းပေါက်နားတွင် ခံစားချက်မရှိသည့်အမူအရာဖြင့်ထိုင်နေသော ကျန်းကျီကိုသတိထားမိလိုက်သည်။ ကျိုးဇီထန်က လှောင်ပြုံးပြုံးလိုက်ပြီး အငြိုးတကြီးနှင့်ကျယ်လောင်စွာ ရှန်းထင်းကျိုးကိုမေးလိုက်လေသည်။

 

"ဒေါက်တာရှန်း၊ ခင်ဗျား ဘဲ စားဖူးလား ?"

 

ရှန်းထင်းကျိုးသည် အတော်လေး နားမလည်နိုင်ဖြစ်သွားရသည်။

 

"ဘာ ဘဲလဲ ?"

 

ကျိုးဇီထန်သည် ချိုမြိန်သောအပြုံးဖြင့် "ဒါ သန့်ရှင်းရေးလုပ်ထားပြီး တစ်စုံတစ်ယောက်အတွက် အဆင့်သင့်ကမ်းလှမ်းနေတဲ့ ဘဲတစ်ကောင်လေ…”

 

ရှန်းထင်းကျိုး သူကြားလိုက်ရတာကို ခဏသံသယဖြစ်သွားရသည်။

 

ကျိုးဇီထန်သည် ငယ်ရွယ်နုပျိုသောအသွင်အပြင်ရှိပြီး မျက် လုံးထောင့်၌ အနည်းငယ်ညွှတ်ကိုင်းနေသော မျက်လုံးဝိုင်းများနှင့်အတူ အသက်အရွယ်နှင့် အတော်လေး မလိုက်ဖက်သော အပြစ်ကင်းသည့်ပုံစံလေးဖြင့် သဘောကောင်းကာ အခြားသူ များကို ဖော်ရွေတတ်သောခွေးပေါက်လေးလို ယောကျာ်းလေးဖြစ်သည်။

 

သို့ပေမယ့် တကယ့်လက်တွေ့မှာတော့ အတော်လေးဆန့်ကျင် ဘက်ပင်။

 

ဒီသခင်ငယ်လေးသည် သူ၏မှန်းဆမရသောဒေါသနှင့် မည်သည့်ပြစ်မှုမျိုးအတွက်မဆို လက်တုံ့ပြန် ရန်လိုစိတ်ရှိပြီး မင်း ခြေထောက်တွေကို ရိုက်ချိုးဖို့ကြံစည်နေရင်တောင်မှ မင်းကို ချိုသာစွာပြုံးပြနိုင်တဲ့သူပင်။

 

လိပ်ပြာတစ်ကောင်၏ အတောင်ပံကိုဆုတ်ဖြဲပြီး အဘယ် ကြောင့် သေသွားရသနည်းဟု မိခင်ကိုမေးနေသော ကလေးကဲ့သို့ အမှားအမှန်ကို နားလည်နိုင်စွမ်းကင်းမဲ့ခြင်းနှင့်အတူ     မကောင်းဘက်ခြမ်းကိုသာ အရိုးစွဲနေဟန်တူသည်။

 

ယခု ကျိုးဇီထန် ကျန်းကျီအား 'လိပ်ပြာတောင်ပံများကို ဆုတ် ဖြဲခြင်း' လို အမူအရာမျိုး ပြသနေခြင်းပင်။

 

"ဒေါက်တာရှန်း၊ ဒီလိုဘဲမျိုး တစ်ကောင်လောက် ရှာချင်ရင် ကလပ်ကိုသွားတာ ပိုကောင်းတယ်။ ဒါပေမယ့် ကျွန်တော့်ကောလို မသန့်ရှင်းရုံတင်မက ကောင်းကောင်းတောင်မတည့် မတ်နိုင်တဲ့ ဘဲရိုင်းတွေကို လမ်းတစ်ဝက်တစ်ပျက်ကနေ ပြန်သယ်လာတာမျိုး မလုပ်နဲ့နော်....အိုးး စိတ်မရှိပါနဲ့ ကျွန်တော်ဆိုလိုတာက 'f*ck' ထောင်တာကိုပြောတာ မဟုတ်ဘူးနော်"

 

ထိုမှတ်ချက်က ကျန်းကျီကို ဦးတည်နေခဲ့မှန်းထင်ရှားသည်။

 

ထိုစကားကြားချိန် ကျန်းကျီသည် လက်သီးကိုတင်းတင်းဆုပ်လိုက်ပြီး စက္ကန့်အနည်းငယ်အကြာတွင် တင်းမာမှုကိုပြေလျော့ကာ ကျောက်ရုပ်ကဲ့သို့ သူ့ခေါင်းကိုအဝေးသို့လှည့်လိုက်သည်။

 

ကျန်းကျီ၏ရှည်လျားသော မျက်တောင်များနိမ့်ဆင်းသွားသည်ကိုမြင်လိုက်ရချိန် ရှန်းထင်းကျိုးသည် သူ့နှလုံးသားထဲတွင် ပူပန်မှုတစ်ခုခံစားလိုက်ရသည်။

 

"သွားကြစို့ ဒေါက်တာရှန်း၊ အပြင်မှာ ဘဲတွေအများကြီး ရှိတယ်။ အဲ့လိုကောင်တွေက ကြည့်ဖို့တောင်မတန်ဘူး"

 

ကျိုးဇီထန်သည် ရှန်းထင်းကျိုးအား ညစာစားမလားဟု သာမာန်ကာလျှံကာမေးတာပင် အတော်လေးယဉ်ကျေးနေသည်။

 

ရှန်းထင်းကျိုးသည် စကားထပ်ပြောရန် စိတ်မ၀င်စားတော့ဘဲ သူ့ကိုမေးလိုက်လေသည်။

 

"မစ္စတာဟဲက စာကြည့်ခန်းထဲမှာလား ?"

 

ကျိုးဇီထန်သည် အစ်ကိုဖြစ်သူကို အလွန်အမင်းကာကွယ်ပေးနေပုံပေါ်သည်။

 

"သူ အဲဒီမှာရှိတယ်။ သူ့ ဒဏ်ရာနဲ့တောင်မှ အလုပ်ရှုပ်နေသေးတယ်" ဟု ဆိုကာ ကျိုးဇီထန်သည် လှုံဆော်သူကို ခက်ထန်စွာ စိန်းစိန်းဝါးဝါးကြည့်လိုက်လေသည်။

 

ရှန်းထင်းကျိုးသည် ၎င်းတို့ နှစ်ယောက်ကြားပဋိပက္ခဖြစ်မည် စိုးသဖြင့် ခပ်မြန်မြန်လျှောက်လာကာ စာကြည့်ခန်းတံခါးအားခေါက်လိုက်သည်။

 

အတွင်းထဲမှ အသံတစ်ခုထွက်လာသည်။

 

"ဝင်လာပါ"

 

ကျိုးဇီထန် တံခါးကိုအရင်တွန်းဖွင့်လိုက်ပြီး "ကော ဒေါက်တာရှန်း ရောက်နေတယ်"

 

သစ်သားစားပွဲခုံ အနောက်မှာထိုင်နေသည့် အမျိုးသားမှခေါင်းမော့လာပြီး သူ၏လေးနက်သည့်အသွင်အပြင်သည် မတုန်မလှုပ်စိတ်ခံစားချက်ကို ဖော်ထုတ်ပြနေသည်။ သူ့အင်္ကျီလက်က သွေးများစိမ့်ထွက်နေလို့သာ မဟုတ်ရင် သူဒဏ်ရာရနေသည်ကို မည်သူမှသတိထားမိမည်မဟုတ်ပေ။

 

ရှန်းထင်းကျိုးသည် လမ်းလျှောက်လာပြီး ဟဲရန်ထင်း အင်္ကျီချွတ်နေသည်ကို ကူညီပေးလိုက်သည်။

 

ချုပ်ထားတဲ့ဒဏ်ရာကပြန်မပွင့်သော်လည်း သူ့လှုပ်ရှားမှုများကြောင့် သွေးထွက်နေခြင်းဖြစ်မည်။

 

ရှန်းထင်းကျိုး ဆေးသေတ္တာကိုဖွင့်ပြီး သူ့အတွက် သွေးများကို စတင်သန့်စင်ပေးလိုက်သည်။

 

ကျိုးဇီထန်က တစ်ချက်ငုံ့ကြည့်လိုက်ပြီး ဒဏ်ရာပြန်ပွင့်မနေတာကိုမြင်တော့ သူပြန်ထိုင်ပြီး စိတ်ဝင်စားစွာဖြင့်မေးလိုက်သည်။

 

"ကော၊ ဟို အောက်ထပ်ကလူနဲ့ ကစားနေတာ ဘယ်အချိန်မှ ပင်ပန်းမှာလဲ…?"

 

ဟဲရန်ထင်း တချက်ကြည့်လိုက်ပြီး "မင်း ဒီစကားကို ဘာကြောင့် မေးတာလဲ?"

 

သူ၏မဖော်ရွေသည့် အမူအရာကိုမြင်တော့ ကျိုးဇီထန်ပြုံးပြီး

 

"ဘာမှမဟုတ်ပါဘူး။ ချင်မိသားစုက မိန်းကလေးနဲ့ ဘလိုင်းဒိတ်တွေ့ဖို့ ကော သဘောတူလိုက်တယ်လို့ အဘိုးဆီကကြားခဲ့လို့လေ"

 

ဒဏ်ရာကိုကုသရန် အာရုံစိုက်နေသော ရှန်းထင်းကျိုးသည် ခဏရပ်တန့်သွားကာ သူ့၏နားရွက်များမှာ မနေနိုင်ပဲ သက်ဝင်လှုပ်ရှားလို့လာသည်။

 

ဟဲရန်ထင်းသည် ချင်ရှစ်ယောင်အတွက် တကယ့်ကို ဘလိုင်းဒိတ်တွဲဖက်ဖြစ်နေပုံရသည်။

 

ကျိုးဇီထန်က ထပ်ပြီးမေးလိုက်သည်။

 

"အစ်ကို အဲ့ဘလိုင်းဒိတ်ကို ဘယ်တော့သွားမှာလဲ?"

 

ဟဲရန်ထင်းက သာမန်ကာလျှံကာပဲ ပြန်ဖြေလိုက်သည်။

 

"မနက်ဖြန်"

 

ရှန်းထင်းကျိုး မျက်မှောင်ကြုတ်လိုက်သည်။ ချင်ရှစ်ယောင် ဖုန်းပြောစဥ်က မည်သူ့ကိုမျှတွေ့ဆုံခြင်းမပြုနိုင်ကြောင်း ခိုင်ခိုင်မာမာပြောခဲ့ဖူးသည်ကို သူ သတိရသည်။ ယခုမူ ထိုဆန် ကုန်မြေလေးကောင်ကြောင့် စိတ်ထိခိုက်ပြီး လက်လျော့ရန် ဆုံးဖြတ်ခဲ့ခြင်းများ ဖြစ်နိုင်မလား ??

 

ဒါပေမယ့် ပြဿနာက ဟဲရန်ထင်းသည် ယောက်ျားတစ်ယောက်ဖြစ်ပြီး သူ့စိတ်ဝင်စားမှုမှာလည်း ယောက်ျားများသာဖြစ်နေခြင်းပင်။

 

ကျိုးဇီထန် စပ်စုလိုက်ပြီး "ကော၊ ကော လက်ထပ်မှာလား?"

 

ဟဲရန်ထင်းက သူ့လက်ထဲက စာရွက်စာတမ်းတွေကို ကြည့်ဖို့ရန် နောက်ကိုပြန်သွားပြီး အေးဆေးတည်ငြိမ်စွာပြောလိုက်သည်။ "လိုအပ်ရင်ပေါ့…”

 

ကျိုးဇီထန် : "ဒါဆို အခု လိုအပ်နေပြီလား?"

 

ဟဲရန်ထင်း : "အဘိုးကြီးက ငါ့ကို အခု လက်ထပ်စေချင်နေတယ်"

 

ရှန်းထင်းကျိုးသည် သွေးကို သန့်ရှင်းပြီးနောက် ပိုးသတ်ခြင်းကို စတင်လိုက်သည်။ ဟဲရန်ထင်း၏အသက်ရှုသံများပြင်းထန် လာပြီး ဖိုင်များကိုကိုင်ထားသည့် သူ့လက်ပင် အနည်းငယ်တုန် ယင်သွားသည်။

 

ကျိုးဇီထန်သည် သူ့အစ်ကိုအမူအရာကို သတိမမူမိဘဲ ချင်ရှစ်ယောင်နှင့် ဟဲရန်ထင်းတို့၏လက်ထပ်ပွဲကိုသာ စိတ်ရောက်နေသည်။

 

နောက်ဆုံးတွင် သူ ကောင်းသောအရာဖြစ်ကြောင်း ကောက် ချက်ချပြီး မေးထောက်လိုက်ကာ ဟဲရန်ထင်းအား ညွှတ်ကိုင်းနေသောမျက်လုံးများ၊ ဝင့်ကြွားသော အပြုံးဖြင့်ကြည့်နေလေသည်။

 

"ဒါဆို ကော၊ ကျနော်က ကောရဲ့အကောင်းဆုံးလူပဲ၊ ကျနော် ကောကို သတို့သမီးလက်ထဲအပ်ပေးလိုက်ချင်ပြီ"

 

ဟဲရန်ထင်း ဘာမှ မတုံ့ပြန်လာပေ။

 

ရှန်းထင်းကျိုးသည် ဒီစကားဝိုင်းနှင့် ပတ်သက်၍တစ်စုံတစ် ရာလွဲနေသလို ခံစားလိုက်ရပြီး ကျိုးဇီထန်ကို သူ့မျက်လုံးထောင့်မှ ဖျတ်ခနဲကြည့်လိုက်သည်။

 

ဟဲရန်ထင်း၏ဒဏ်ရာကို ပတ်တီးစည်းပြီးနောက် ရှန်းထင်းကျိုးသည် ဆေးသေတ္တာကို ကောက်ယူကာထွက်လာသည်။

 

ရှန်းထင်းကျိုး လှေကားမှဆင်းလာသောအခါ ကျန်းကျီဧည့် ခန်းထဲတွင် မရှိတော့သော်လည်း သူ့အကြည့်ကမူ ထိုနေရာသို့သာ ဦးတည်ကာလှမ်းကြည့်လိုက်သည်။

 

သူ အကြည့်တစ်ချက်ပေးလိုက်ပြီး တုံ့ဆိုင်းမနေဘဲထွက်ခွာရန် တံခါးကိုဖြတ်ကျော်လိုက်စဉ် ကျိုးဇီထန် သူ့ကိုအော်ခေါ်လာသည်။

 

ရှန်းထင်းကျိုး လှည့်ကြည့်လိုက်ရာ ကျိုးဇီထန် သူ့ဆီသို့ လျှောက်လာနေသည်ကို တွေ့လိုက်ရသည်။

 

"ဒေါက်တာရှန်း၊ ခင်ဗျားရော ဘယ်လိုထင်လဲ___"

 

ကျိုးဇီထန်သည် ထင်ရှားပေါ်လွင်သော ပန်းရောင်ဆံပင်များဖြင့် တံခါးဘောင်ကိုမှီလိုက်သော်ငြား သူ့အမူအရာမှာမောက် မာမှုများကင်းမဲ့လို့နေသည်။ သူ မခံမရပ်ဖြစ်နေခြင်းနှင့်အတူ တုံ့ဆိုင်းနေသော အရိပ်အယောင်တစ်ခုရောထွေးနေပုံရသည်။

 

ရှန်းထင်းကျိုး ဂရုတစိုက်နားထောင်ပေးလိုက်သည်။

 

ခဏကြာပြီးနောက် ကျိုးဇီထန်ကပြောလာသည်။

 

"ကျွန်တော် နေမကောင်းဖြစ်နေတာများလား ?"

 

ရှန်းထင်းကျိုး၏အမူအရာသည် ထိန်းချုပ်နိုင်စွမ်းတို့ ပျောက် ဆုံးလုနီးပါးပင်။

 

"မင်းရော သတိထားမိလား ? အဟမ်း..ငါ ဆိုလိုချင်တာက မင်းမှာ ဘာရောဂါရှိနေတယ်ဆိုတာ ခန့်မှန်းမိပြီး မင်း အဲဒါကို ဘယ်လိုသဘောပေါက်လဲ ဆိုတာပဲ ?"

 

ကျိုးဇီထန် တုံ့ဆိုင်းသွားပြီး "ကျွန်တော် မသိခဲ့ဘူး။ ကျွန်တော့် ကော လက်ထပ်တော့မယ်ဆိုတာ ကြားလိုက်ရတော့မှ အဆင်မပြေသလို ခံစားလာရတာ…"

 

ရှန်းထင်းကျိုး မျက်ခုံးအားဖြည်းညှင်းစွာ ပင့်လိုက်သည် ?

 

ရှန်းထင်းကျိုး မိနစ်ဝက်ခန့် တိတ်ဆိတ်သွားပြီး

 

"ဘာလို့ မင်း အဆင်မပြေသလို ခံစားရတာလဲ?"

 

ကျိုးဇီထန် သူ့လက်သည်းတွေကိုကိုက်ပြီး ခေါင်းယမ်းလိုက်သည်။

 

"ဖြစ်နိုင်တာက....ကျွန်တော်လည်း အိမ်ထောင်ပြုချင်နေတာများလား မသိဘူး…?"

 

ရှန်းထင်းကျိုး : ......

 

ကျိုးဇီထန်သည် ကျိုးကြောင်းဆီလျော်သော ရှင်းပြချက်ကို တွေ့ရှိသွားပုံရပြီး ယုံကြည်မှုရှိစွာထပ်ပြောလိုက်ကာ "ဟုတ်တယ်၊ ကျွန်တော် လက်ထပ်ချင်နေတာ!" ဟု ဆိုကာ ဖုန်းထုတ်ပြီး ဖုန်းခေါ်လိုက်သည်။

 

ဖုန်းခေါ်ဆိုမှုချိတ်ဆက်သွားပြီးနောက် ကျိုးဇီထန် အေးစက်စွာပြောလိုက်သည်။

 

"လမ်းခွဲကြရအောင်၊ ငါ လက်ထပ်ချင်တယ်"

 

ရှန်းထင်းကျိုး : !

 

ကျိုးဇီထန် ပြုံးပြလိုက်ပြီး "ဒေါက်တာရှန်း၊ တစ်နေ့ ကျွန်တော်လက်ထပ်ဖြစ်ရင် မင်္ဂလာဆောင်ကိုလာခဲ့ပါ" ဟု ပြောရင်း သူ ဝမ်းသာအားရ ထွက်သွားလေသည်။

 

ရှန်းထင်းကျိုးသည် တံခါးဝတွင်ရပ်ကာ ညလေညှင်းအား သုံးမိနစ်ကြာခံစားလိုက်ရင်း ကျိုးဇီထန်၏အတွေးကိုနားမလည်နိုင်သေးပေ။

 

ဒါက ပြောရမယ်ဆိုရင် ......

 

မင်းကောကို ကျန်းကျီနဲ့ချင်ရှစ်ယောင်ကို လက်လွှတ်ခိုင်းလိုက်ပြီး မင်းကို နည်းနည်းလောက်ပိုချစ်ပေးဖို့ ဖိအားပေးလိုက်တာ ပိုမကောင်းဘူးလား…?