Ch 10
Viewers 221

🩺 Chapter 10

 

 

 

ရှန်းထင်းကျိုး ရှုရွှင်းအား အချိန်အတော်ကြာအောင်ချော့ပြီးမှသာ သူစောင်အောက်မှထွက်လာခဲ့သည်။

 

သူ သာမိုမီတာနှင့် အပူချိန် ထပ်တိုင်းလိုက်ရာ 39°C ရှိနေသေးသည်။

 

ဤမျှမြင့်သည့် အပူချိန်သည် သူ့ခန္ဓာကိုယ်လုပ်ဆောင်ချက်များအား ပျက်စီးစေမည်ကို စိုးရိမ်သွားသောကြောင့် ရှန်းထင်းကျိုးအကြံပြုလိုက်သည်။

 

“အဖျားပျောက်ဆေးထိုးကြရင်ရော? အဖျားမြန်မြန်ကျသွားမှာ။”

 

ဆေးထိုးရမည်ဟု ကြားချိန်တွင် ရှုရွှင်း စောင်အောက်ပြန်ဝင်သွားပြန်သည်။

 

ရှန်းထင်းကျိုးသည် ရယ်လည်း ရယ်ချင်၊ အကူအညီလည်း မဲ့သွားရပြီး “ ဒါဆိုရင်လည်း ဒီလိုဆိုရင်ရော ? Alcohol နဲ့အရင် သုတ်ပေးမယ်။ ပြီးရင် အဖျားကျသွားလားကြည့်မယ်။ တကယ်လို့ နာရီဝက်ကြာတာတောင် အဖျားမကျသေးရင် ငါတို့ ဆေးထိုးရမယ်။”

 

ရှုရွှင်း ရှန်းထင်းကျိုးအား မော့ကြည့်လိုက်ပြီးနောက် ဖြေးဖြေးလေး ခေါင်းငြိမ့်လိုက်သည်။

 

ရှန်းထင်းကျိုး ထပ်ပြောလိုက်သည်။

 

“ပြီးရင် ဆေးလည်းသောက်ရမယ်။”

 

ခဏရပ်လိုက်ကာ သူ ဆက်ပြောလိုက်သည်။

 

“ဆေးကို တတ်နိုင်သမျှလျော့‌ပေးပေးပါ့မယ်။”

 

ရှုရွှင်း တွန့်ဆုတ်စွာခေါင်းငြိမ့်လိုက်သည်။

 

ရှန်းထင်းကျိုး ရှုရွှင်း၏ရှပ်အင်္ကျီအားချွတ်ကာ alcohol စိမ်ထားသည့် ပိတ်ကျဲစနှင့် သွေးကြောများ အများအပြားရှိသည့် နားနောက်ပိုင်း၊ လည်ပိုင်းနှင့် လက်မောင်းနှစ်ဘက်၏အပေါ်ပိုင်းအား သုတ်ပေးလိုက်သည်။

 

သူ့လက်အောက်ရှိ ခန္ဓာကိုယ်မှာပိန်းပါးပြီး အချိုးအစားကျပြီး ချောမွေ့သောအသားအရေနှင့် မာကြောသည့် ကြွက်သားလှိုင်းများရှိသည်။ အတိတ်မှသေးငယ်ကာ ကျိုပဲ့လွယ်ခဲ့သည့် ပုံစံနှင့် ကွာခြားခဲ့ပြီ။

 

သူ ရှုရွှင်းအား ပထမဆုံးတွေ့ချိန်က ရှုရွှင်းဖြစ်သည်။ ( အသံထွက်တူသော်လည်း အဓိပ္ပာယ်ကွဲသည်။)

 

သူ့နာမည်သည်နောက်ပိုင်းတွင် ရှုရွှင်းဟုပြောင်းသွားခဲ့ပြီး ဘာကြောင့်လဲတော့ ရှင်းမပြခဲ့ပေ။ သို့သောါ အဓိပ္ပာယ်သည်တော့ ရှင်လင်းလွန်းလှသည်။

 

“ရွှင်း”သည် ရင့်ကျက်မှုနှင့်တည်ငြိမ်မှုအားကိုယ်စားပြုသည်။

 

ကားမတော်တဆမှုကြောင့် သူနာမည်အားပြောင်းခဲ့သလို ၊ သူ့ဘဝ၊ သူ့ကျန်းမာရေး၊ အနာဂတ်အတွက် သူ့မျှော်လင့်ချက်များ အကုန်လုံးအားယူသွားခဲ့သည်။

 

ဆေးရုံမှဆင်းလာပြီးနောက် ရှုရွှင်း၏ခန္ဓာကိုယ်သည် မြန်မြန် ပြန်မသက်သာခဲ့ပေ။ သူလမ်းပြန်မလျှောက်နိုင်ခင်ထိပြန် လည်ထူထောင်ရေးလုပ်ငန်းများအား အကြာကြီးလုပ်ခဲ့ရသည်။

 

ပြန်လည်ထူထောင်ရေးလုပ်နေစဥ် တစ်ယောက်သည် ရှုရွှင်းအား ရှန်းထင်းကျိုးနှင့် မိတ်ဆက်ပေးခဲ့ခြင်းဖြစ်သည်။

 

ပထမဆုံး တွေ့ဆုံမှုသည် ကျေနပ်ဖွယ်မရှိခဲ့ပေ။ ရှန်းထင်းကျိုး မိမိကိုယ်ကို မိတ်ဆက်ခဲ့သော်လည်း သူ မပြီးခင်မှာ ကြားဖြတ် နှောက်ယှက်ခံလိုက်ရသည်။

 

အိပ်ယာထဲလဲနေခဲ့သည့် ရှုရွှင်းသည် အလွန်အေးစက်စွာဖြင့် “မင်း မနက်ဖြန် ဒီမှာ ရှိနေဦးမလား ကြည့်ကြသေးတာပေါ့။”

 

အပြစ်တင်သည့် အဓိပ္ပာယ်သာမက တကယ်ဖြစ်လာနိုင်သည့် အခြေအနေလည်းဖြစ်သည်။

 

ရှန်းထင်းကျိုး မတိုင်းမီ ဆရာဝန်ခုနှစ်ယောက် ရှစ်ယောက်လောက်ခန့် ’ကုသ’ခဲ့ကြပြီးဖြစ်သည်။

 

တစ်ချို့သည် ရှုရွှင်း၏ဒေါသကြောင့် မောင်းထုတ်ခံလိုက်ရပြီး တစ်ချို့မှာတော့ သူ့ဒေါသကြောင့် အလုပ်ထွက်သွားကြခြင်းပင်။

 

ထိုကာလက ရှုရွှင်းသည် တော်တော်လေးကြမ်းတမ်းခဲ့သည်။

 

သူ၏အာဟာရဗေဒပညာရှင်မှာ ဂျာမာန် - အင်္ဂလိပ်တစ်ယောက်ဖြစ်ကာ အသက်နှစ်ဆယ့်ခုနှစ်နှစ်အရွယ်တွင် နဖူး ပြောင်နေသဖြင့် တော်တော်လေးသတိထားမိစရာပင်။

 

ရှုရွှင်းထံ လူများအားစော်ကားရာ နည်းလမ်းရှိသည်။

 

"တခြားသူတွေနဲ့ယှဥ်ရင် မင်းရဲ့ အကောင်းဆုံးအားသာချက်က ဒီအရသာမရှိတဲ့ဟာတွေ လုပ်တတ်တာတင် မဟုတ်ဘူး။ အစားအစာထဲ ဘာဆံပင်မှမကျတာပဲ။”

 

အာဟာရဗေဒ ပညာရှင် : ……..

 

သူ၏ပထဆုံးနေ့တွင် ခန္ဓာကုထုံးပညာရှင်သည် အားတက်စေသည့် စကားများပြောကာ သူ့အပေါ် အထင်အမြင်ကောင်းစေရန်ကြိုးစားခဲ့သည်။

 

ရှုရွှင်း အေးစက်စက်တုံပြန်ခဲ့သည်မှာ “ငါက ခြေထောက်မှာ ဒဏ်ရာရထားတာ ခေါင်းမှာ မဟုတ်ဘူး။”

 

ခန္ဓာကုထုံးပညာရှင်:…….

 

ရှုရွှင်း၏ နင့်နင့်သီးသီးပုတ်ခတ်ပြောဆိုမှုများသည် သူ့အနားရှိ ဝန်ထမ်းများအား ခြေမကိုင်မီ၊ လက်မကိုင်မီဖြစ်သွားစေပြီး အမှားများသာပိုလုပ်မိစေသည်။ ထိုသို့ဖြစ်လေ သူထံမှ ပိုထေ့ငေါ့ခံရလေပင်။

 

ရှန်းထင်းကျိုးလို တည်ငြိမ်သည့်သူပင် ဤကဲ့သို့သော ဖိအားအောက်တွင် အမှားလေးများလုပ်မိသေးသည်။

 

အမှားလုပ်မိတိုင်း ရှရွှင်းသည် တိုးတိုးလေးမေးလာလိမ့်မည်။ “ဆေးကျောင်းကဘွဲ့ရထားတာ တကယ်ရော ဟုတ်ရဲ့လား?”

 

ရှန်းထင်းကျိုး: ...

 

အကယ်၍အကြောဆေးသွင်းသည့်တိုင်အား မတော်တဆ တိုက်မိလျှင်ပင် သူက ဆိုလိမ့်မည်။

 

“မင်းတို့ကျောင်းက အမှတ်ဘယ်လောက်ဆို လက်ခံတာလဲ ?”

 

ရှန်းထင်းကျိုး:…….

 

ရှန်းထင်းကျိုး သည်းခံစွာပြန်ဖြေပေးလိုက်သည်။

 

“580”

 

ရှုရွှင်း သူ့ အားကြည့်ကာ “မင်း မှားနေတာ နေမယ်နော်။”

 

ရှန်းထင်းကျိုး ခဏတာ စိတ်ရှုပ်သွားသည်။ "ဟမ်?”

 

ရှုရွှင်း: “မင်း ကြည့်ရတာ 280လောက်ပဲ ထင်ရတာကို။”

 

ထိုညတွင် ရှန်းထင်းကျိုး ချွေးစေများနှင့်နိုးလာခဲ့သည်။

 

အဲ့ဒီ သောက်ကလေး!

 

သူအထက်တန်းကျောင်းစာမေးပွဲမှာ ပြိုင်စံရှားဖြစ်နေစဉ် ရှုရွှင်းသည် ပထမတန်းစာအုပ်နှင့် ရုန်းကန်နေရတုန်းရှိဦးမည်။

 

သို့သော် ရှန်းထင်းကျိုး ဒေါသအားပြန်မျိုသိပ်လိုက်ရသည်။ ဤသောက်ကလေးမှာ သူ့ အလုပ်ရှင်ဖြစ်နေဆဲပင်။

 

ယခုအချိန်မှာ သောက်ကလေးစုတ်လေးသည် အတိတ်နှင့် တခြားစီပင်၊ ဆံပင်တိုနှင့် ဒေါသအားထိန်းထားသည့် မစ္စတာရှု ဖြစ်လာပြီဖြစ်သည်။

 

ရှုရွှင်း အိပ်မောကျသွားသည့်ပုံပင်။ ထို့နောက် ရှန်းထင်းကျိုး ဆက်မသုတ်တော့ပဲ သူအား စောင်ခြုံပေးလိုက်သည်။

 

သူ ရှုရွှင်းနဖူးအား စမ်းကြည့်လိုက်ရာ ပူနေတုန်းပင်။

 

သက်ပြင်းချကာ သူလက်အားပြန်ရုတ်လိုက်ချိန်တွင် ရှရွှင်းမှာ မျက်မှောင်ကြုတ်သွားသဖြင့် ရှန်းထင်းကျိုး သူ့လက်အား နဖူးပေါ် ပြန်တင်လိုက်ရသည်။

 

ရှုရွှင်း အိပ်ပျော်နေသလား ? နိုးနေသလား သူ မသိသော် လည်း မလှုပ်ရဲတော့ပေ။

 

ရှုရွှင်း မျက်လုံးမှိတ်ထားသည်။ သူ့ဆံပင်သည် အနည်ငယ် ရှုပ်ဖွာနေသည်။ မျက်ခုံးမှာထူထဲပြီး ပါးလျှသည့် နှုတ်ခမ်းများ ရှိကာ မည်သူမဆိုချောမောသည်ဟု ချီးကျူးကြမည်သာ။

 

သို့သော် ရှုရွင်း စောင်ထဲမြုပ်နေသည်မှာ ကလေးမွေးဖွားပြီး ကာလတွင်ရှိနေသည့် ကြောင်တစ်ကောင်နှင့် တူနေသော ကြောင့် ရှန်းထင်းကျိုးရယ်ချင်နေမိသည်။

 

သူသည် တော်တော်လေးကြီးမားသော်လည်း ဆင်တူလှသည်။

 

ယခင် ရှုရွှင်းမှာ ဤသို့ချစ်စရာမကောင်းပေ၊ လျှာစောင်းထက်လှသည်။

 

သူ ဤပုံစံဖြင် နှစ်မိနစ်၊ သုံးမိနစ်ခန့် နေပြီးနောက်တွင် မနေနိုင်တော့ဘဲ ရှုရွင်း ဆံပင်အားပွတ်နေမိသည်။

 

.......

 

ညနေ ညစားစာချိန်တွင် အဖျားကျသွားပြီဖြစ်သော်လည်း အားမရှိတုန်းပင်။

 

အလုတ်အနည်းငယ်ခန့် စားပြီးနောက်တွင် သူ တူနှင့် ပန်းကန် လုံးအား ချလိုက်သည်။

 

ရှန်းထင်းကျိုး သူ့အားလှည့်ကြည့်လိုက်ကာ “ဘာဖြစ်လို့လဲ? နေလို့ မကောင်းဘူးလား?”

 

ရှုရွှင်း မျက်လွှာချကာ နှစ်ချက်လောက်ချောင်းဖွဖွဆိုးလိုက်သည်။ သူ့ မျက်နာသည်လည်းနီရဲနေသည်။ သူသည် အားနွဲကာ ခိုကိုးရာမဲ့နေသည့် လေထုအား ယဖော်ထုတ်နေသည်။

 

ရှန်းထင်းကျိုး ဖခင်စိတ်ချက်ချင်းဝင်လာပြီ။ သူအတွက် စွပ်ပြုတ် ပန်းကန်လုံး တစ်ဝက်စာလောက် ထည့်ပေးလိုက်သည်။ “ စွပ်ပြုတ် နည်းနည်းလောက်သောက်ဦး။”

 

ထိုအခါမှ ရှုရွှင်း သူ့ပန်းကန်လုံးအား ‘မ’ကာ စွပ်ပြုတ်အား တိတ်တဆိတ် ဆက်သောက်သည်။

 

ရှန်းထင်းကျိုး သူပန်းကန်ပြားထဲ ဇွန်းအပြည့် ဟင်းသီးဟင်း ရွက်အနည်းငယ်ထပ်ထည့်ပေးလိုက်ရာ သူကောင်းကောင်း စားသည်။

 

စားသောက်ပြီးနောက် ရှုရွှင်း အားနည်းစွာဖြင့် အိပ်ယာထဲတွင် လှဲနေပြန်ကာ သူ့နားထင်အား ပွတ်နေသည်။ ရှန်းထင်းကျိုး သတိထားမိလိုက်ပြီး ခေါင်းကိုက်သက်သာစေရန် ကူနှိပ်ပေး လိုက်သည်။

 

သူ့ဘေးတွင် နာခံစွာလှဲနေသည့် ရှုရွှင်းအား ကြည့်ရင်း သူ မယုံကြည့်နိုင်သလို ခံစားလိုက်ရသည်။

 

အတိတ်တုန်းကဆို ရှုရွှင်းသည် ဒီ့ထက် အခြေအနေ ဆိုးခဲ့ပြီး၊ ဒေါသလည်း ပိုကြီးကာ၊ သူ့စကားများသည်လည်း ဒီထက် တစ်ဆင့် ပိုထက်ရှလှသည်။ အခုတော့ ဘယ်လိုလုပ် ဒီလောက် နာခံနေရတာတုန်း ?

 

သူပြန်တွေးနေချိန်မှာပင် အိမ်တော်ထိန်းသည် ချဥ်းကပ်လာသည်။ “ ဒေါက်တာရှန်း လက်ဖက်ရည်တစ်ခွက်လောက် သောက်မလား၊ မင်း ကြိုက်လောက်မှာ။”

 

ရှန်းထင်းကျိုး လက်နှစ်ဖက်နှင့်လက်ခံလိုက်သည်။ “ ကျေးဇူးတင်ပါတယ်ဗျ။”

 

အိမ်တော်ထိန်း အနားတွင်လာထိုင်ကာ သူ့အားကြည့်နေသည်။ ရှန်းထင်းကျိုး တစ်ကျိုက်သောက်လိုက်ပြီး။

 

“ တကယ့်ကို လက်ဖက်ရည်ကောင်းပဲ၊ အရမ်းမွှေးတယ်။”

 

အိမ်တော်ထိန်း ပြုံးလိုက်သည်။ “ အဲဒါ လက်ဖက်စိမ်းလေ။”

 

ရှုရွှင်း မျက်လုံးဖွင့်ကာ အိမ်တော်ထိန်းအား အကြည့်တစ်ချက်ပေးလိုက်သည်။

 

အိမ်တော်ထိန်း သတိမပြုမိသည့်ပုံနှင့် ရှန်းထင်းကျိုးနှင့် စကားဆက်ပြောနေသည်။

 

“ဒေါက်တာရှန်း ကြိုက်ရင် ပြန်တဲ့အချိန်ယူသွားလေ။”

 

ရှန်းထင်းကျိုး မြန်မြန်လက်ခါလိုက်ကာ “ရပါတယ်ဗျာ ၊ ရပါတယ်။ ဒီကို လာတိုင်း တစ်ခုခုယူနေရတာ ရှက်စရာကြီး။”

 

အိမ်တော်ထိန်း: “ ယဥ်ကျေးမနေပါနဲ့။ အိမ်မှာ အများကြီးရှိပါတယ်။ ကျနော်တို့ သခင်လေးက အခါးရည်နဲ့ရေချိုးရတာ ကြိုက်တယ်လေ။

 

ရှန်းထင်းကျိုး: …….

 

ဒါဆို သူ ရှုရွှင်းရေချိုးမယ့် လက်ဖက်ရည်ကိုသောက်နေရတာပေါ့ ?

 

ရှန်းထင်းကျိုး စိတ်ရှုပ်သွားသည်ကို သတိပြုမိသွားသည့် အိမ်တော်ထိန်းက “ ရေချိုးတဲ့လက်ဖက်က ဒီအမျိုးအစား မဟုတ်ပါဘူး။ အနောက်ကန်လုံကျင်းကထွက်တဲ့ အရသာပိုပြင်းတဲ့ လက်ဖက်ပါ။”

 

ရှန်းထင်းကျိုး နားမလည်သော်လည်း အံ့သြသွားသည်။

 

ဒါသူဌေးတွေက ဒီလိုမျိုးလုပ်ကြတာလား?

 

-

 

ရှန်းထင်းကျိုး ပြန်ချိန်တွင် အိမ်တော်ထိန်းသည် လက်ဖက်စိမ်း နှစ်ဗူးပေးလိုက်သည်။

 

လက်ဖက်ရွက်သည် တော်တော်လေးကောင်းသည်။ ရှန်းထင်းကျိုး သောက်လေ့မရှိသော်လည်း သူ့ဦးလေးသည်တော့တော် တော်ကြိုက်သည်။

 

အိမ်တော်ထိန်းသည် နွေးထွေးကာ ဧည့်ဝတ်ကျေပွန်သူဖြစ် သည်။

 

နောက်နေ့မနက်တွင် နဂိုစီစဥ်ထားသည့်အတိုင်း ရှုရွှင်းဆီ သွားကာ ပြုစုပေးရန်ကြံလိုက်သော်လည်း မမျှော်လင့်ပဲ အလုပ်ဖုန်းမှဆက်လာသောကြောင့် အစီအစဥ်ပြောင်းလိုက်ရသည်။

 

သူ အလုပ်ရှင် 2 အိမ်သို့ သွားရတော့သည်။

 

စုန့်ချင်းနင်မှ တံခါးဖွင့်လာခဲ့သည်။ သူသည် အရောင်ဖျော့ဖျော့အိမ်နေရင်းဝတ်စုံကို ဝတ်ထားကာ တက္ကသိုလ်ကျောင်း သားလေးလိုလန်းဆန်းကာ ရှင်းသန့်နေသည့်ပုံပေါက်သည်။

 

သူ့မျက်နှာ ကြည့်ရုံနှင့်တော့ မည်သူမျှ လက်ထပ်ထားပြီး လင်ပါသား နှစ်ယောက်ရှိသူဟု ထင်မည်မဟုတ်ပေ။

 

စုန့်ချင်းနင် ရှန်းထင်းကျိုးနှင့် အကြည့်ချင်းမစုံအောင် ရှောင်လိုက်ပြီး ရေရွတ်လာသည်။ ။

 

 

“ဒေါက်တာရှန်း။”

 

ရှန်းထင်းကျိုး သူ့အား ခေါင်းငြိမ့်ပြလိုက်သည်။

 

ပျော်ရွှင်နေသည့် အသံသည် ဧည့်ခန်းမှ ထွက်လာသည်။

 

“ရှန်းကော ရောက်နေတာလား?”

 

ထိုသူမှာ အလုပ်ရှင်၏ညီငယ်လေးဖြစ်သူ လီမူယဲ့ဖြစ်သည်။ ဒုတိယနှစ် တက္ကသိုလ်ကျောင်းသားဖြစ်သည်။ ကျိုးဇီထန်းလို ငယ်ရွယ်၊ စတိုင်ကျသူပုံစံ ဟန်ဆောင်နေသူမဟုတ်ပဲ လီမူယဲ့သည် အမှန်ပင် ဤခေတ်တွင် ပေါ်ပြူလာဖြစ်သည့်ပုံစံဖြစ် သည်။

 

ချောမောက သူရဲကောင်းဆန်သည့် ပုံစံနှင့် တည့်တိုးဆန်ပြီး ရိုးသားသည့် အကျင့်စရိုက်ရှိသူဖြစ်ကာ အခြားသူများ အလွယ်တကူ သဘောကျကြသည့် ပုံစံဖြစ်သည်။

 

လီမူယဲ့လို တောက်ပကာ ပျော်ရွှင်သည့် ကောင်လေးအား မြင်လိုက်ရချိန်တွင် ရှန်းထင်းကျိုး လန်းဆန်းသွားသည်။

 

ကြည့်ပါဦး၊ ပုံမှန် ညီငယ်လေးဆိုတာ ဒါမျိုးလေ!

 

သူ လီမူယဲ့၏ခြေကျင်းဝတ်အား စစ်ဆေးပေးလိုက်သည်။

 

သူတို့က တော်တော်လေး ရင်နီးကြသောကြောင့် သူပုံမှန်အတိုင်း ပြောလိုက်သည်။ “ ဒီတစ်ခေါက်ရော ဘယ်လိုလုပ် ဒဏ်ရာ ရလာတာလဲ။”

 

လီမူယဲ့ ဒေါသတကြီးနဲ့ “ကျွန်တော် ဂျင်မှာ ဘက်စကတ်ဘော သွားကစားတာ။ မကောင်းတဲ့ကောင်နဲ့ သွားတိုးတယ်လေ။ တကယ်ကြီး ခြေထိုးခံလိုက်တာ။ ဘယ်လိုအယုတ်တမာမျိုးလည်း မသိဘူး။”

 

ရှန်းထင်းကျိုး စဥ်းစားရင်း ကြည့်လိုက်သည်။ ဒါမျိုးက ပုံမှန် ကောလိပ်ကျောင်းသားပဲ။

 

စုန့်ချင်းနင် ဘက်စကတ်ဘောနှင့် မရင်းနှီးသောကြောင့် မေးလိုက်သည်။ “ ခြေထိုးခံလိုက်တယ်ဆိုတာ ဘာပြောတာလဲ။”

 

ရှန်းထင်းကျိုး ရှင်းပြလိုက်သည်။ "သဘောက တစ်ယောက်က ဘောလုံးကို ပစ်လိုက်တဲ့အချိန်၊ ခုန်လိုက်တဲ့အချိန်ကို အခြားတစ်ယောက်က သူတို့ခြေထောက်ကို ဆန့်ထုတ်လိုက်တာမျိုး။ အဲလိုလုပ်ရင် လွယ်လွယ်လေးနဲ့ ခြေကျင်းဝတ် လည်သွားစေတယ်။ ပြင်းထန်သွားရင် ကစားသမားဘဝတောင် ဆုံးသွားနိုင်တယ်။ ကံကောင်းတော့ မူယဲ့ ဒီတစ်ခေါက် ဘာအရိုးမှ ထိမသွားဘူး။ ရိုးရိုးအဆစ်လွဲသွားတာ။”

 

စုန့်ချင်းနင် လန့်သွားတယ်။ “ဘယ်လိုတောင် အကျင့်ပုတ်ရတာလဲ။”

 

လီမူယဲ့က “အဲ့တာကြောင့် ကျွန်တော်တို့အဖွဲ့ ကစားလို့မပြီးသေးခင် ရန်ဖြစ်ကြတာလေ။”

 

စုန့်ချင်းနင် စိုးရိမ်တကြီးနှင့်  “မင်းတော့ ရန်မဖြစ်ခဲ့ဘူး မလား?”

 

လီမူယဲ့ မျက်ခုံးပင်ပြီး “ ကျွန်တော်က ဘယ်လိုလုပ် ရန်မဖြစ်ဘဲ နေမှာလဲ။”

 

စုန့်ချင်းနင် သူ၏ယောင်ကိုင်းနေသည့် ခြေကျင်းဝတ်ကို ကြည့်လိုက်သည်။ “ မင်းခြေထောက် ဒဏ်ရာရထားတာလေ။”

 

လီမူယဲ့ အင်္ကျီလက်ကို လိပ်တင်လိုက်ပြီး သူ့၏ တောင့်တင်းသည့် ကြွက်သားများအား ပြလိုက်သည်။ “ ခြေထောက် ဒဏ်ရာရထားလည်း အဲ့မျိုးမစစ်တွေကို အသေတီးနိုင်သေးတယ်။”

 

သူသည် ကစားသမားမဟုတ်သောလည်း အားကစား အမျိုးမျိုးကို သဘောကျသည်။ သူ့လက်မောင်းတွင် မနာလိုစရာကောင်းသည့် ကြွက်သားလှိုင်းများရှိသည်။

 

“ကျွန်တော့ကို မယုံဘူးလား ?”

 

လီမူယဲ့ စုန့်ချင်းနင် ခါးအား လက်ဖြင့် ဖက်ကာ လက်တစ်ဖက်တည်းဖြင့် ‘မ’ပြရန် ပြင်လိုက်သည်။

 

စုန့်ချင်းနင် သူ့ခြေထောက် နာသွားမည်ကို စိုးရိမ်သွားကာ မြန်မြန်ပင်။

 

“ငါ မင်းကို ယုံပါတယ်။ ယုံပါတယ်။”

 

 á€œá€Žá€™á€°á€šá€˛á€ˇ ယုတ်မာစွာ ပြုံးလိုက်ပြီး။

 

“ သိပ်နောက်ကျသွားပြီ။”

 

ခြေတစ်ဖက်တည်းနှင့် မတ်တပ်ရပ်ကာ စုန့်ချင်းနင်အား တကယ်ပင် ‘မ’ပြကာ သူ့ခွန်အားကို ပြသလိုက်သည်။

 

ကြည့်ပါဦး ဒါမျိုး အနိုင်လိုချင်စိတ်ပြင်းတာကမှ ပုံမှန်လို့ခေါ်တယ်။

 

ရှန်းထင်းကျိုးမှ ပြောရတော့သည်။

 

"ဟုတ်ပါပြီ။ မင်း သန်မာတာ သိပါပြီ။ ထိုင်တော့။ မင်းခြေ ထောက်ဒဏ်ရာကို ကုပါရစေဦး။”

 

သူနာခံစွာ ထိုင်လိုက်ပြီး ရှန်းထင်းကျိုး အလုပ်လုပ်နိုင်စေရန် ခြေထောက်ကို ကော်ဖီစားပွဲပေါ် တင်လိုက်သည်။

 

ရှန်းထင်းကျိုး ပထမဦးစွာ ရေခဲအိတ်နှင့် ကပ်လိုက်သည်။ ထို့နောက် အညိုအမည်းအား ပြန့်သွားစေရန် နှိပ်ပေးလိုက်ကာ ပတ်တီးစည်းပေးလိုက်သည်။

 

ထိုသို့ လုပ်နေစဥ် လီမူယဲ့ စုန့်ချင်းနင်နားတွင် တမင်တကာ ထိုင်ကာ မေးလိုက်သည်။

 

 

“မင်းဘာလို့ ဖြူဖျော့နေတာလဲ။ သွေးကြောတွေက ခရမ်း ရောင်ထင်တယ်။”

 

လီမူယဲ့ စုန့်ချင်းနင်၏ လက်ကို ယူကာ သူ့လက်နှင့် တိုင်းကြည့်နေသည်။

 

တစ်ဖက်သည့် ဖြူဖျော့နေကာ တစ်ဖက်သည် နက်မှောင်နေ ကာ အသားရောင်သည် သိသိသာသာဆန့်ကျင်ဘက်ပင်။

 

လီမူယဲ့ စုန့်ချင်းနင်၏ ပိန်ပါးသည့် လက်မောင်းအား ဆိတ်လိုက်ကာ “ အရမ်းပိန်လွန်းတယ်။ မနက်ဖြန်မနက် ကျွန်တော် ကောင်းလာတာနဲ့ ကျွန်တော်နဲ့အတူ လေ့ကျင့်ခန်းလိုက်လုပ်။”

 

စုန့်ချင်းနင် ယားယံသွားကာ ရှောင်လိုက်သည်။ “ နောက်နေ့မှ ပြောတာပေါ့။”

 

ရှန်းထင်းကျိုး သုံးပြီးသား ရေခဲတွေကို သွားပစ်ရန် ပြင်နေသည်ကို မြင်သောအခါ စုန့်ချင်းနင် အမြန်ပြောလိုက်သည်။

 

“ဒေါက်တာရှန်း၊ ငါလုပ်ပါ့မယ်။”

 

သူ့အဝတ်များအား လီမူယဲမှ ဖိထားကာ သူအား ထမရအောင်လုပ်လိုက်ပြီး သူ့ဘေးနားရှိ နှောက်ယှက်တတ်သည့်သူမှာ ပြုံးဖြီးဖြီးလုပ်နေသည်။

 

ရှန်းထင်းကျိုး ဤအိမ်နှင့် ရင်းနှီးသောကြောင့် “ ကိစ္စမရှိဘူး။ ငါလုပ်လိုက်မယ်။”

 

ရှန်းထင်းကျိုး ထွက်သွားပြီးနောက်တွင် စုန့်ချင်းနင် ဒေါသနဲနဲထွက်သွားသည်။ “ မင်းမလေးမစား မလုပ်နဲ့လေ။”

 

လီမူယဲ့ လုံးဝ မကြောက်ပါချေ။ စုန့်ချင်းနင်၏ တည်တင်းနေ့သည့် မျက်နှာအား မြင်သော် သူ့လည်ပင်းအား ကလိထိုးလိုက်သည်။

 

တစ်ကိုယ်လုံးအား ကလိထိုးလိုက်သော် စုန့်ချင်းနင် တွန့်လိမ်ကွေးကောက်နေရပြီး ရယ်မောကာ “ ဟ ဟ။ တော်တော့…..”

 

ပွက်လောရိုက်နေသည်ကို ကြားသော် ရှန်းထင်းကျိုး ဧည့်ခန်းအား ကြည့်လိုက်သည်။

 

လီမူယဲ့ စုန့်ချင်းနင်၏ တစ်ကိုယ်လုံးကို ကလိထိုးနေပြီး “ ကျွန်တော်က မလေးစားဘူးလို့ ပြောဦးမှာလား?”

 

စုန့်ချင်းနင် တောင်းပန်လိုက်သည်။ “တော်ပြီ။ ထပ်မပြောတော့ဘူး။”

 

ရှန်းထင်းကျိုး နားလည်ပေးစွာ ပြုံးလိုက်သည်။

 

လီမူယဲ့သည် စုန့်ချင်းနင်ထက် သိပ်မကြီးပဲ သူသည် စနောက်တတ်သူဖြစ်သောကြောင့် စုန့်ချင်းနင်အား ရွယ်တူသူငယ်ချင်းလို ဆက်ဆံသည်မှာ ပုံမှန်ပင်။

 

သို့သော် နောက်အခိုက်အတန့်မှာပင် လီမူယဲ့သည် တွန့်လိမ်နေသည့် စုန့်ချင်းနင်အား ဆိုဖာပေါ်တွင် ဖိလိုက်သည်။

 

ရှန်းထင်းကျိုး : ?

 

လီမူယဲ့ စုန့်ချင်းနင်၏ အံ့သြမှုဖြင့် ပြူးကျယ်နေသည့် မျက်လုံးများအား ကြည့်ကာ သူနှုတ်ခမ်းသည် ပြုံးနေခဲ့သည်။

 

စုန့်ချင်းနင်၏ စိန်ပုံ နှုတ်ခမ်းများသည် ဖျော့ကာ အနည်းငယ် ပန်းရောင်သန်းသည်။ သူ့သူငယ်အိမ်သည် နက်မှောင်ကာ ရွှန်းလဲ့တောက်ပနေသည်။ လီမူယဲ့၏ စေ့စေ့စပ်စပ်ကြည့်ရှုမှုအောက်တွင် သူ၏မျက်တောင်ရှည်များသည် စိတ်လှုပ်ရှားစွာ တဖျက်ဖျက်ခတ်နေသည်။

 

လီမူယဲ့ မပြောလဲ မနေနိုင်တော့ချေ။

 

“ခင်ဗျားက တကယ်လှတာပဲ။”

 

ရှန်းထင်းကျိုး : !!!

 

ဟိုကလေး ဘာဖြစ်သွားတာလဲ? ဘာလို့ ထူးထူးဆန်းဆန်း ပြုမူနေတာလဲ?

 

Author's note:

 

ရှန်းထင်းကျိုး : Speechless ပဲဟေ့။ အားလုံး၊ ငါ့ဘေးနားမှာ ပုံမှန်လူ တစ်ယောက်မှကို မရှိဘူးဟ။