Chapter 10
ဆာစီးနီယာ သည် ငှက်မွေးကဲ့သို့ ပေါ့ပါးသော ခြေလှမ်းဖြင့် သားသတ်ရုံသို့ သွားလိုက်သည်။ 20,000 ရှီလင် သည် အမဲသားဝယ်ရန် လုံလောက်သော်လည်း 50,000 ရှီလင် ဆိုလျှင် တစ်လလုံးလုံး အသားချည်း စားနိုင်ပေသည်။
မူလက ဆာစီးနီယာ သည် ငွေခြွေတာရန် တင်ပါးဆုံသားကိုသာ ဝယ်ရန် စီစဉ်ထားသော်လည်း ပိုက်ဆံပိုနေသဖြင့် အမဲခါးဆစ်သား ဝယ်ရန် ဆုံးဖြတ်လိုက်သည်။ သူမသည် ဟင်းချိုနှင့် ပေါင်မုန့်တွေ စားရသည်မှာ ရက်အတော်ကြာလာ၍ ငြီးငွေ့နေရသည်။
"ဘာများ ပေးရမလဲ…"
သားသတ်ဆိုင် ရောက်သောအခါ ဖော်ရွေသော ဆိုင်ရှင်က ပြုံးပြုံးရွှင်ရွှင် နှုတ်ဆက်လိုက်သည်။
"ကျေးဇူးပြုပြီး ခါးဆစ်ပိုင်း နှစ်ဆစ်ဖြတ်ပေးပါ…"
"ဘယ်လောက်ထူရမလဲ…"
"ရတယ် ထူချင်သလောက် ထူလို့ရတယ်…"
'ဟုတ်တယ် အထူကြီးဆိုတော့ အရမ်းစားကောင်းမှာပဲ…'
အော်ဒါလက်ခံရသော ဆိုင်ရှင်သည် ကြည့်ကောင်းလှသော အရည်အသွေးကောင်းသည့် အသားများကို အထူအပါး ညီအောင် လှီးဖြတ်လိုက်သည်။
"ဒီမှာပါ… ခါးဆစ်နှစ်တုံးက 2000 ရှီလင် ကျပါတယ်…"
ငွေချေပြီးနောက်တွင် သူမသည် သဲကြီးမဲကြီး ဈေးဝယ်နေခဲ့သည်။ နေမင်းသည် ကောင်းကင်အလယ်မှာ ရှိနေသောကြောင့် ဈေးသည်တွေနှင့် ဈေးဝယ်သူများကလည်း ကြက်ပျံမကျ စည်ကားနေကြသည်။အကယ်၍ ဘန်သာ လိုက်လာပါက သူ ဈေးထဲကိုလှည့်ပတ်ကြည့်ချင်ရှာလိမ့်မည်။
ဆာစီးနီယာ သည် တတ်နိုင်သမျှ တာရှည်ခံ အစားအစာများကိုသာ ဝယ်ခြမ်းလိုက်သည်။ နောက်တစ်ခါ ဝယ်စရာမလိုအောင် အစုံဝယ်လိုက်လေသည်။
'အာ…ဒီလိုဆို ဘန့် ကို ခေါ်ခဲ့ပါတယ်…'
သူမ မျှော်လင့်ထားသည်ထက်ပင် အိတ်တွေ များနေတော့သည်။သူမက အိတ်များကို ပြင်ပြီး လက်လွှဲယူလိုက်ရာ အိတ်တစ်ခုထဲမှ ပေါင်မုန့်လုံးရှည်ကို သတိပြုမိသွားရသည်။
"နောက်တစ်ခါ ငါ စျေးဝယ်ထွက်ရင် သူ့ကို ခေါ်လာရမယ်…"
သူမကိုယ်သူမ မစဉ်းစားဘဲပြောလိုက်သော်လည်း ချက်ချင်းပင် ဆာစီးနီယာ ၏ ခြေလှမ်းများ ရပ်တန့်သွားရသည်။
' နောက်တစ်ခါ မဖြစ်နိုင်တော့ဘူးလေ...'
ထို့ကြောင့် သဘာဝကျစွာပင် သူမ တွေးနေမ်ိတော့သည်။
'ရှေ့ရက်တွေကျရင် သူနဲ့ အတူမနေရတော့ဘူး…အဲ့တော့ စျေးဝယ်ထွက်ဖို့ မလိုတော့ဘူး…'
သူမသည် လူတစ်ယောက်နှင့် အတူနေထိုင်တတ်လာရသဖြင့် တစ်ယောက်တည်း မနေတတ်တော့ပေ။ သူမ တစ်ယောက်ထဲရှိစဉ်က မည်သို့ နေထိုင်ခဲ့မှန်း မေ့လျော့နေခဲ့သည်။
တစ်ယောက်တည်း အထီးကျန်တယ်လို့ မခံစားရဘူးလားဟု ဘန် က မေးလိုက်သည့်အချိန်ကို ဆာစီးနီယာ ရုတ်တရက် သတိရသွားသည်။ထိုစဉ်က သူမ စိတ်ထဲဘာမှ မရှိခဲ့သော်လည်း ပြန်တွေးကြည့်လိုက်လျှင် သူမ တကယ့်ကို အထီးကျန်ဆန်နေခဲ့၏။
' တော်ပြီ…မတွေးတော့ဘူး…'
ဆာစီးနီယာ ခေါင်းကို တစ်ချက်ခါလိုက်သည်။ ဘန့်အတွက် စိတ်မကောင်းဖြစ်မိသော်လည်း ငွေသည် သူမ၏ နံပါတ်တစ် ဦးစားပေးဖြစ်နေဆဲ ဖြစ်သည်။ လက်တွေ့မှာဖြစ်ဖြစ်၊ဝတ္ထုထဲတွင် ဖြစ်ဖြစ် ငွေကသာ လူတစ်ယောက်၏ ဘဝကို ပြောင်းလဲပေးနိုင်ပေသည်။ သူမ အသည်းအသန် လိုချင်သည်မှာ မူရင်းဇာတ်လမ်းနှင့် တူညီသော အဆုံးသတ်မဟုတ်ပေ။ထို့ကြောင့် သူမ ပိုက်ဆံလိုအပ်သည်။
စောစောက ဆာစီးနီယာ ၏ ပေါ့ပါးသော ခြေထောက်များသည် သဲအိတ်များ ဆွဲလာရသကဲ့သို့ လေးလံလာရသည်။ ထို့ပြင် သူမ၏ နှလုံးသားမှာလည်း ခြေထောက်များကဲ့သို့ပင် လေးလံနေရသည်။
'ဒီအပြစ်ကို ငါဘယ်လိုများ ဖြေဖျောက်ရပါ့မလဲ…'
လူတစ်ယောက်နှင့် တစ်ယောက် တွေ့ဆုံဖို့ရာ လွယ်ကူသော်လည်း လမ်းခွဲဖို့မှာ အမြဲတမ်းခက်ခဲလှသည်။
"ဟူး…"
ရှုပ်ထွေးသော စိတ်ခံစားမှုများနှင့် ရောထွေးနေသည့် သက်ပြင်းတစ်ချက်ပင်…
စျေးအလယ်တွင် ရပ်နေသော ဆာစီးနီယာ သည် တဖြည်းဖြည်း လမ်းလျှောက်လာသည်။ ဘန် က သူမကိုစောင့်မယ်ဟု ပြောထားသဖြင့် သူမ မြန်မြန် အိမ်ပြန်ရပေမည်။ လူအုပ်ကြီးကို ဖြတ်ကျော်ပြီးနောက် သူမသည် ဈေးအဆုံးသို့ ရောက်ရှိလာခဲ့သည်။ ဈေးပေါက်မှ ထွက်ပြီး နည်းနည်းပိုလျှောက်လိုက်လျှင် တောထဲသွားမည့်လမ်းကိုတွေ့ရမည် ဖြစ်သည်။
"အသက် ၁၆ နှစ်ဝန်းကျင် ကောင်လေးတစ်ယောက်နဲ့ ဆံပင်နီနီနဲ့ မိန်းကလေးတစ်ယောက်ကို တွေ့ဖူးလား…"
ဆာစီးနီယာ ခြေလှမ်း တုံ့သွားမိသည်။
'ငါ့အကြောင်း မဟုတ်လား…'
ဆာစီးနီယာ သည် အသံလာရာသို့ လှည့်ကြည့်လိုက်ရာ ကုန်သည်တစ်ယောက်နှင့် စကားပြောနေသည့် လူနှစ်ယောက်ကို တွေ့လိုက်ရလေသည်။သူမ အသေအချာကြည့်လိုက်ရာ နှစ်ယောက်ထဲမှ တစ်ယောက်က ငွေလဲလှယ်ကောင်တာမှ ဝန်ထမ်းဖြစ်သည်။
သူတို့သည် လောင်းကစားအိမ်မှ လူများဖြစ်၍ သူမကို လိုက်ရှာနေခြင်း ဖြစ်နိုင်၏။
"အင်း…သူတို့ကို မမြင်ဖူးပါဘူး…"
"ဟုတ်လား…"
ယခု သူတို့သည် ဒေါသအပြည့်ဖြင့် သူမဆီ လျှောက်လာကြသည်။ ဆာစီးနီယာ သည် သူတို့ သူမကို ရိပ်မိသွားမည်စိုး၍ အနီးနားရှိ လမ်းကြားထဲတွင် ဝင်ပုန်းနေလိုက်သည်။ သူမ ဝတ်ထားသည့် အနက်ရောင် ခေါင်းစွပ် အင်္ကျီရှည်ကြီးသည် ဈေးဆိုင်များနှင့် အရောင်ချင်း ပဏံရနေကြကာ သူမကို မည်သူမှ သတိမထားမိကြချေ။
'ဘာလို့ ငါ့ကို ရှာနေတာလဲ…သူတို့ ကြည့်ရတာ ပိုက်ဆံပြန်ပေးချင်လို့တော့ ဟုတ်ပုံမရဘူး…ငါ ဘာလုပ်ရမလဲ."
ဆာစီးနီယာ စိတ်ပူသွားရသည်။
သူတို့ကို ချက်ချင်းဖမ်းပြီး စစ်မေးရင် ကောင်းမလား… ဒါမှမဟုတ် သူမ ဒီကနေ အေးအေးဆေးဆေး ထွက်သွားသင့်သလား…
ထိုအချိန်တွင် သူတို့သည် ဆာစီးနီယာ ပုန်းနေသည့် လမ်းကြားကို ဖြတ်ကျော်သွားကြသဖြင့် သူမ အသက်ရှူချောင်သွားရသည်။
"နောက်တစ်ခေါက်လောက် ပတ်ကြည့်ပြီးတော့ ပြန်ကြရအောင်…"
ဝေးကွာသွားသော ခြေသံများနှင့်အတူ သူတို့စကားသံကို သူမ ကြားလိုက်ရသည်။ ဆာစီးနီယာ သည် အဝေးသို့ ထွက်ခွာသွားသော သူတို့ နောက်ကျောကို စေ့စေ့ကြည့်နေမိသည်။ သူတို့သည် ငွေကြေးလဲလှယ်သည့်ကောင်တာတွင် အလုပ်လုပ်သူများ ဖြစ်သောကြောင့် သူတို့သူဌေးက ခိုင်းထားခြင်း ဖြစ်ရမည်။
'ဒါပေမယ့် ဘာကြောင့်လဲ…'
ဆာစီးနီယာ မေးစေ့ကိုပွတ်သပ်ရင်း တွေးမိသည်။ လောင်းကစာဘုရင်မှာ ပိုက်ဆံ မရှိဘူးဟု ဝန်ထမ်းအမျိုးသားက ပြောခဲ့ပြီး တစ်ပတ်အတွင်း ငွေပေးပါ့မည်ဟုလည်း ကတိပေးထားသည်။
လောင်းကစားဘုရင်သည် အစကတည်းက သူမအား ပိုက်ဆံပေးရန် ရည်ရွယ်ချက်မရှိခဲ့ရင် သူမ ဘာလုပ်ရပါ့မလဲ…
'ဘယ်လိုမှ မဖြစ်နိုင်ပါဘူး…'
သူမ၏ မျက်လုံးများသည် မီးလျှံများကဲ့သို့ အမှောင်ထဲတွင် နီရဲနေလေသည်။
စောစောက ထိုအမျိုးသားတို့ စကားကသာ အမှန်ဆိုလျှင်…
'ငါ့ကို သတ်ပစ်ချင်တာလား…သူတို့က အစကတည်းက ငါ့ကို ပိုက်ဆံမပေးချင်တာလား…'
အတွေး အားလုံးတို့သည် သူမ၏ ကိုယ်ပိုင်ယူဆချက် မျှသာဖြစ်ကာ ကောက်ချက်ချရန် စောလွန်းလှသည်။ သူတို့ မြင်ကွင်းမှ ပျောက်ကွယ်သွားသောအခါ ဆာစီးနီယာ သည် မှောင်ရိပ်ထဲမှ ထွက်လာပြီး အမြန် အိမ်ပြန်လာခဲ့သည်။
လောင်းကစားဘုရင်၏ လူများက သူမအိမ်ကို ဝင်စီးလာနိုင်သည်။တောက်ပသော အပြုံးဖြင့် သူမကို ကြည့်နေသော ဘန့် မျက်နှာသည် သူမ စိတ်ထဲတွင် တဖျပ်ဖျပ် ပေါ်လာရသည်။
ဆာစီးနီယာ ခြေလှမ်း ပိုမြန်လိုက်သည်။ စရံကို မဆုံးရှုံးချင်တာကြောင့်လား သို့မဟုတ် ဘန် ကို စိတ်ပူနေခြင်းကြောင့်လား သူမ မဝေခွဲတတ်တော့။ တတ်နိုင်သမျှ သူ အိမ်ထဲမှာ ဘေးကင်းကင်းရှိနေသည်ကို စစ်ဆေးကြည့်ချင်မိတော့သည်။
* * *
ဘန် သည် ဆာစီးနီယာ ကို နှုတ်ဆက်ပြီးနောက် အခန်းထဲ ပြန်သွားကာ ခုန်နေသော သူ့နှလုံးသားကို ငြိမ်သက်အောင် ကြိုးစားခဲ့သည်။ မနေ့ညကတည်းက သူ့နှလုံးသားမှာ ထူးထူးခြားခြား ခုန်နေခဲ့ခြင်းပင်။
ဆာစီးနီယာ က သူ့ကို အိမ်မက်ဆိုးမက်နေ၍ လာရောက်နှစ်သိမ့်ပေးသည့် အချိန်မှစ မနက်ခင်း ဆံပင်ညှပ်သည့် အထိပင်။ထို့ပြင် ဆာစီးနီယာ က သူ့ခန္ဓာကိုယ်ကို ထိလိုက်သည့်အခါတိုင်း သူ့တစ်ကိုယ်လုံး ပူလာပြီး နှလုံးခုန်မြန်လာတတ်သည်။
"ဟား…"
သူက စိတ်တည်ငြိမ်စေရန် အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။ အသက်ကို ရှူလိုက်၊ထုတ်လိုက်လုပ်ပြီးနောက် အနည်းငယ် စိတ်ငြိမ်သွားသလို ခံစားလိုက်ရသည်။
ဘန် အခန်းလွတ်ကို တစ်ချက်ကြည့်လိုက်သည်။ ဆာစီးနီယာ ထွက်သွားပြီးနောက် အခန်းသည် အေးစက်သွားရသည်။ အခန်းကလေးသည် ဆာစီးနီယာ ရှိနေမှသာ အေးချမ်းတည်ငြိမ်လှပေသည်။ သူတို့နှစ်ယောက် အတူရှိစဉ်က နွေးထွေးလှသော အပန်းဖြေနေရာတစ်ခုလို ထင်ရသော်လည်း ယခု သူတစ်ယောက်တည်း ဖြစ်နေသောအခါ သူ့ခန္ဓာကိုယ် ကျုံ့သွားလောက်အောင် ပင် အေးစက်သွားသလို ခံစားလိုက်ရသည်။ ဆာစီးနီယာ ထွက်သွားသောကြောင့် အခန်းတွင်းရှိ အပူချိန်သည် အနည်းငယ် ကွဲပြားသွားသည်။
ဘန် သည် အအေးဒဏ်ကြောင့် တုန်ခိုက်နေတော့သည်။ ဆာစီးနီယာ နှင့် နေလာသည်မှာ လေးရက်ရှိပြီ ဖြစ် သော်လည်း မှောင်မိုက်အထီးကျန် နေခဲ့သည့် သူ့အတိတ်ကို လုံးဝ မေ့ပျောက်သွားစေခဲ့သည်။
"ငါ ဒီလို မဖြစ်သင့်ဘူး…"
ဝမ်းနည်းသော အသံတစ်ခု အခန်းထဲ ပျံ့လွင့်လာရသည်။ ဆာစီးနီယာ က သူ့ကို စရံပစ္စည်းအဖြစ်သာ ခေါ်လာခြင်း ဖြစ်သည်။ နောက်သုံးရက်ကြာလျှင် သူမသည် ငွေကို ယူပြီး သူ့အား ပြန်ထည့်ပေးလိုက်မည်သာ။
ခါးသီးသော အပြုံးတစ်ခု သူ့နှုတ်ခမ်းများတွင် ဖြစ်ပေါ်လာရသည်။ သူသာ လောဘကြီးနေပါက ဆာစီးနီယာ ကိုဝန်ထုပ်ဝန်ပိုး ဖြစ်စေလိမ့်မည်။
သူမနဲ့ တစ်ပတ်လောက် ပျော်ပျော်နေရုံနဲ့ လုံလောက်ပါပြီ... သူမ အတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်သင့်ဘူး…
ဘန် သည် အအေးဒဏ်ကို ရှောင်ရှားရန် ဆာစီးနီယာ အမြဲထိုင်တတ်သည့် ကုလားထိုင်ပေါ်တွင် ထိုင်လိုက်ကာ နွေးထွေးမှု တစ်ခုခု ကျန်ခဲ့သလားဟုလည်း ဆန်းစစ်ကြည့်မိသည်။ သို့သော် သူ ပို၍ ချမ်းလာပြီး ခိုက်ခိုက်တုန်လာရသည်။
ထို့နောက် ဘန် သည် ကုလားထိုင်နောက်မှီတွင် မှီထားပြီး ခေါင်းကို အနည်းငယ် စောင်းကာ နဖူးပေါ် လက်တင်ထားမိသည်။ သူသည် ရုပ်ဆိုးပြီး အရိုးများငေါထွက်နေသော ကိုယ်ခန္ဓာရှိသော်လည်း သူ့ဒဏ်ရာများမှာ သက်သာလာကာ ကိုယ်အလေးချိန် အနည်းငယ် တက်လာသောကြောင့် ယခင်ကထက် ပိုကြည့်ကောင်းလာသည်။
ဘန့် အကြည့်တို့က သူ့လက်ဖျားမှာ ရပ်တန့်သွားသည်။ ရှည်လျားသောသူ့လက်ချောင်းထိပ်ကို ဆာစီးနီယာ ဆေးထည့်ပေးခဲ့ဖူးလေသည်။
"အိုး… စပ်တယ် မဟုတ်လား…"
ဆာစီးနီယာ သည် သူ့လက်ကို ဆေးလိမ်းပေးနေစဉ် ပိုးသတ်ဆေး ကောင်းစွာစိမ့်ဝင်စေရန် ဒဏ်ရာကို မှုတ်ပေးခဲ့ဖူး၏။
ဆာစီးနီယာ သည် ခက်ထန်ပုံပေါက်သော်လည်း အလွန်ကြင်နာတတ်သူဖြစ်သည်။ အခြားသူများက သူမကိုမာနကြီးသည်ဟု ထင်ကောင်းထင်နိုင်သော်လည်း သူမသည် စိတ်ကောင်းရှိသူဖြစ်ပြီး အလွန်ရိုးဖြောင့်သော အမျိုးသမီးတစ်ဦးသာ ဖြစ်သည်။
"ဘန်…"
ဘန် သည် ပိန်ရှုံ့နေသော မီးပုံးပျံတစ်ခုလို အားမပါစွာ ရယ်မောလိုက်ပြီး သူ့နာမည်ကို ရေရွတ်နေမိသည်။ တစ်စုံတစ်ယောက်က သူ့နာမည်ကို ခေါ်လိုက်သည်မှာ ပထမဆုံးအကြိမ် ဖြစ်သည်။ထိုအထဲတွင် ဆာစီးနီယာက သူ့နာမည်ကို ပထမဆုံး ခေါ်လိုက်သည့်အတွက် ပိုကြိုက်မိ၏။ ဘန် က သူ့လက်မှာရစ်ပတ်ထားသည့် ပတ်တီးစတို့ကို မွှေးကြည့်လိုက်သည်။ သူမ၏ စေတနာနှင့် ကရုဏာတို့က ဤပတ်တီးပေါ်တွင် စွန်းကျံနေကြသည်။
ဘန် ချက်ချင်းပင် ဆာစီးနီယာ ကို သတိရသွားသည်။ ဟိုတစ်နေ့က ညမှောင်ကြီးတွင် သူမ သူ့ဆံပင်ကို သပ်တင်ပေးပုံ၊ ပြုံးပြနေပုံ၊နှုတ်ခမ်းဖူးဖူးလေးနှင့် ဒဏ်ရာကို မှုတ်ပေးနေပုံ တို့မှာ စိတ်ထဲတွင် အစီအရီ ပေါ်လာကြသည်။ သလဲသီးနှင့်တူသော ကြက်သွေးရောင်နှင့် ထူထဲသော သူမ၏ နှုတ်ခမ်းများသည် ကိုက်ကြည့်လိုက်လျှင် မွှေးရနံ့လှိုင်ပြီး အရသာရှိနိုင်လောက်သည်။
' အရသာလေး ခံကြည့်ချင်လိုက်တာ...'
"ဟာ…"
ငါ ဘယ်လိုကြီးတောင်တွေးလိုက်တာလဲ…
သူ့မျက်နှာမှာ နီရဲနေတော့သည်။
Xxxxxxxxx