Chapter 11
ဒုတ် ဒုတ် ဒုတ်
ဘန်ရဲ့ နှလုံးခုန်သံက တဒုတ်ဒုတ်နှင့်ဖြစ်နေသည်။ သူသည် လက်ကို သူ့ရင်ဘတ်ပေါ်သို့ တင်ထား၏။ သူ့နှလုံးသားသည် အလွန်တရာခုန်ပေါက်နေသောကြောင့် နှလုံးခုန်သံကိုပင် အတိုင်းသားကြားနေရလေသည်။ နှလုံးခုန်သံက ပုံမှန်ထက် ဆယ်ဆမြန်နေသောကြောင့် သေသွားမှာကိုတောင် ကြောက်မိနေသည်။ သူ့မျက်နှာသည် ရှက်ရွံ့မှုကြောင့် တင်းမာလျက်ရှိနေသည်။
‘ငါဘာလို့ ဒီလိုတွေးနေရတာလဲ…’
သူ့ရဲ့ ရှက်သွေးဖြာမှုကြောင့် နီရဲနေသော ပါးနှစ်ဖက်ပေါ်ကို လက်တင်ထားလိုက်သည်။ မသိရင် သူ့နှလုံးသားသည် အပြင်ကိုထိုးဖောက်လာသကဲ့သို့ ခံစားရပြီး တစ်ကိုယ်လုံးကို လောင်ကျွမ်းသွားသလိုပင်။
“ရူးနေတာပဲ.. ငါရူးသွားတယ်ဆိုရင်တောင်မှ…”
သူ့ကို ကူညီခဲ့တဲ့ ဆာစီးနီယာအပေါ်ကိုတောင် ဒီလိုမတော်တရော်အတွေးတွေရှိနေမှန်း ကိုယ့်ကိုယ်ကိုပင် မယုံနိုင်ခဲ့။ သူမရဲ့ ကြင်နာမှုတွေကို ကျေးဇူးမဆပ်နိုင်တဲ့အပြင် ဒီလိုအတွေးမျိုးတွေရှိနေမိသည်… လက်ပူးလက်ကြပ်မိသွားသည့်အတွက် ရှက်လွန်း၍ ကြွက်တွင်းထဲမှာသာ ဝင်ပုန်းလိုက်ချင်တော့သည်။
ဆာစီးနီယာ ပြန်လာသည်အထိ သူ့စိတ်ကို တည်ငြိမ်အောင်ထားဖို့လိုသည်။ ဘန် ထရပ်၍ တံခါးဆီသို့ ဦးတည်သွားလိုက်သည်။ သူ့ရဲ့ ပူလောင်နေတဲ့မျက်နှာပေါ်ကို အေးစက်တဲ့လေပြင်းညင်းလေးတွေနှင့် ထိတွေ့လိုက်မည်ဆိုလျင် ပိုပြီးမြန်ဆန်စွာ စိတ်တည်ငြိမ်သွားလိမ့်မည်ဟု တွေးမိသည်။
နေ့လယ်ဘက်မှာ နေရောင်သည် အရှိန်ပြင်းစွာ မြင့်တက်နေ၏။ ဘန်သည် ခြံထဲတွင် အမှတ်မထင်တွေ့ရှိသော အဝတ်များကို ကျွမ်းကျင်စွာ လျှော်ဖွတ်နေသည်။ ဆောက်လုပ်ရေးကွင်းတွင် အငယ်ဆုံးဖြစ်သည့်အတွက် သူကျွမ်းကျင်လာခဲ့သော သန့်ရှင်းရေးနှင့် လျှော်ဖွတ်ခြင်းများကို လုပ်ဆောင်ရသည့်တစ်ယောက်သောသူဖြစ်ခဲ့သည်။
သို့သော်လည်း သူသည် ချက်ပြုတ်ရာမှာ တစ်ခါမှမလုပ်ဖူးသည့်အတွက် ကျွမ်းကျင်ခြင်းမရှိသေးချေ။ ထို့အပြင် ပေါင်မုန့်ချပ်နှင့် ရေရောထားသော စွပ်ပြုတ်ကို ကျွေးကြသည့်အတွက် ချက်ပြုတ်ဖို့လည်း မလိုအပ်ပေ။
“ငါသာ ဟင်းချက်နိုင်ရင် သိပ်ကောင်းမှာပဲ…”
သူသာ ဟင်းချက်တတ်ခဲ့လျင် ဆာစီးနီယာအတွက် ချက်ကျွေးနိုင်မည်ဖြစ်သည်။ လက်ပေါ်မှရေများကို ခါလိုက်ပြီး ကြိုးတန်းပေါ်သို့ လက်ဖြင့်လျှော်ထားသော အဝတ်များကို တင်လှမ်းလိုက်သည်။ နေရောင်သည် နွေးထွေးပြီး လေပြေသည် အေးချမ်းသည့်အတွက် အဝတ်များ မြန်မြန်ဆန်ဆန် ခြောက်နိုင်သည်။
ဆာစီးနီယာသည် ဘန်ကို ဒီတိုင်းငြိမ်ငြိမ်လေးနေခဲ့ဖို့ မှာခဲ့သည်။ ဒါပေမယ့် ဘန်က သူမ၏အပြုံးကို တွေ့ချင်ခဲ့သည်။ သူ့လက်သည် ရေအေးအေးနှင့် အဝတ်လျှော်ခဲ့သောကြောင့် အေးစက်နေပေမယ့် ဆာစီးနီယာပြုံးတာကိုသာ မြင်ရမည်ဆိုလျင် ဒီလိုအရာမျိုးကို အခေါက်တစ်ရာမက နှစ်ရာလောက်ထိတောင် လုပ်နိုင်ပေသည်။ လက်နှင့် အဝတ်လျှော်တာတစ်ခုတည်းမဟုတ်ပဲ တခြားခက်ခဲတဲ့အလုပ်များလည်းပါသည်။
‘ဆာစီးနီယာပြန်မရောက်ခင် အလုပ်တွေကို သေချာပြီးအောင်လုပ်ထားရမယ်’
ဘန်သည် အလျင်စလိုနှင့် အဝတ်လှမ်းခြင်းကိုပဲ လုပ်နေမိသည်။ ဆာစီးနီယာကို အတတ်နိုင်ဆုံး မြန်မြန်ပြန်လာစေချင်နေသည်။ သူမ၏ နှုတ်ခမ်းထောင့်စွန်းလေး နူးညံ့စွာ ကွေးတက်သွားပြီး တောက်ပသောအနီရောင်မျက်လုံးလေးများသည် ကြင်နာယုယမှုအပြည့်နှင့် ထွန်းတောက်နေသည်ကို မြင်တွေ့ရဖို့ မစောင့်နိုင်တော့ပေ။
“ဘန်”
ထိုအချိန်မှာ သူစောင့်စားနေခဲ့ရသည့် အသံလေးကို ကြားလိုက်ရသည်။ သူ့ခေါင်းက အသံလာရာကို လှည့်ကြည့်လိုက်၏။ ဘန်မှာ အမြီးမရှိပေမယ့် သခင်ကို ကြိုဆိုတဲ့ ခွေးလေးတစ်ကောင်လို ဆာစီးနီယာဆီသို့ ခုန်ပေါက်သွားဖို့ အချိန်မရွေး အဆင်သင့်ဖြစ်နေခဲ့သည်။ ပျော်ရွှင်ဝမ်းသာခြင်းနှင့် ကြိုဆိုသောအပြုံးက သူ့မျက်နှာထက်မှာ နေရာယူပြီးဖြစ်သည်။ ထိုပုံစံသည် သူများတွေ သူ့ကိုမြင်ရင် ပျော်ရွှင်စေမည့်ပုံစံပင်ဖြစ်၏။ ဆာစီးနီယာသည် တောင်ကုန်းလေးပေါ်သို့ ပစ္စည်းအမြောက်အများကိုသယ်ကာ အလျင်လိုသောခြေလှမ်းများဖြင့် တက်လာသည်။
“ဆာစီးနီယာ”
ဘန် သူမထံသို့ လျင်မြန်စွာ ပြေးသွားလိုက်သည်။ သူမ သယ်လာသည့်အရာများက လေးပင်နေသောကြောင့် စိတ်ပူသွားရသည်။ တောင်ကုန်းလေးပေါ်ကနေ ဆင်းသွားလိုက်ပြီး ဆာစီးနီယာရှေ့သို့ ရပ်လိုက်သည်။ သူက အိတ်များကိုသယ်ပေးဖို့လုပ်ပေမယ့် ဆာစီးနီယာက အောက်သို့ အရင်ချလိုက်သည်။
“အဆင်ပြေရဲ့လား” ဆာစီးနီယာသည် ဘန်ရဲ့ ပုခုံးကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်သည်။ သူ့ခန္ဓာကိုယ်ပေါ်မှာ ဒဏ်ရာတွေများရှိနေမလားဆိုပြီး လှည့်ပတ်ကြည့်ရှု၏။ သူမ၏ မျက်ဝန်းများသည် သူ့ခန္ဓာကိုယ်ပေါ်ကို အသည်းအသန်စစ်ဆေးနေသည်။ ဘန်က သူမရဲ့ အထိအတွေ့ကြောင့် ညည်းညူလိုက်ရပြီး သူ့နှလုံးသားကလည်း ထူးဆန်းစွာနဲ့ စတင်၍ ခုန်ပေါက်လာပြန်လေသည်။ အခြေအနေကို နားလည်ဖို့တောင် မကြိုးစားပဲ သွေးရူးသွေးတန်းခုန်ပေါက်နေခြင်းဖြစ်သည်။
“အဆင်ပြေပါတယ်.. တစ်ခုခုဖြစ်လို့လား” သူက ရင်ခုန်နေတာကို လျစ်လျူရှုပြီး စိုးရိမ်တကြီးမေးလိုက်သည်။
ရွာထဲမှာ ဘာဖြစ်လာတာလဲ။ ဘာကြောင့်မှန်းမသိပေမယ့် သာမာန်နဲ့မတူပဲ ဆာစီးနီယာ၏ တည်ငြိမ်အေးဆေးမှုသည် ပျောက်ဆုံးနေသကဲ့သို့ ခံစားရသည်။
“နင့်ကို တစ်ယောက်ယောက် လာတွေ့သေးလား”
“ဟင့်အင်း.. ဘယ်သူမှ မလာဘူး”
“တကယ်လား.. တော်သေးတာပေါ့” ထိုအခါမှသာ ဆာစီးနီယာသည် သူ့လက်မောင်းကိုလွှတ်ပြီး သက်ပြင်းချလိုက်သည်။
“ဘာဖြစ်လာတာလဲဟင်” ဘန်သည် သူ့အရှေ့တွင် အသက်ကိုပြင်းပြင်းရှုနေသည့် ဆာစီးနီယာကို စိုးရိမ်စွာနှင့် မေးလိုက်သည်။
“ပန်းကန်ထပ်ပြီး ကျကွဲမှာစိုးလို့ပါ” ဆာစီးနီယာက ဘာမှမဟုတ်သလိုနှင့် ရယ်လိုက်သည်။
ဘန်က ထိုအပြုံးလေးကို အကြည့်မခွာနိုင်ပဲဖြစ်နေသည်။ မဟုတ်။ သူအကြည့်မခွာနိုင်တာက ထိုနှုတ်ခမ်းပါးလေးကိုပင်ဖြစ်၏။ သူမ၏နှုတ်ခမ်းသည် နူးညံ့စွာနှင့် ကွေးတက်သွားခဲ့ပုံက ထောင်ချောက်သကဲ့သို့ဖြစ်သည်။ သူရုန်းမထွက်နိုင်သည့် ထောက်ချောက်ပင်ဖြစ်၏။ သူမ၏ အနီရောင်နှုတ်ခမ်းသည် သူ့အကြည့်အားလုံးကို ဖမ်းစားသွားခဲ့သည်။ ထပ်ပြီး သူ၏စိတ်အစဥ်သည် ထိုနှုတ်ခမ်းပါးများကို မြည်းစမ်းချင်သော ဆန္ဒများဖြင့် ပြည့်နှက်သွားခဲ့ရပြန်သည်။
သူ ခြောက်ကပ်သောလည်ချောင်းထဲသို့ တံတွေးများမျိုချလိုက်သည်။ သူ့အတွေးများသည် မရိုးသားမှန်းသိသော်လည်း ရပ်တန့်လို့မရခဲ့။ သူ့နှလုံးသားသည် ယခင်ကထက်ပို၍လျင်မြန်စွာ ခုန်ပေါက်နေခဲ့သည်။ ဒီလိုသာဆက်ဖြစ်နေမည်ဆိုလျင် သူ့နှလုံးသားသည် ကန့်သတ်ချက်ကျော်လွန်သွားသော လေထိုးပူဖောင်းကဲ့သို့ ပေါက်ထွက်သွားတော့မလို ခံစားရမည်ဖြစ်၏။
“ဘာတွေလုပ်နေခဲ့လဲ” ဆာစီးနီယာ၏အမေးကြောင့် ခန္ဓာကိုယ်ထဲမှ လွတ်မြောက်သွားသည့် သူ၏ဝိညာဥ်သည် ပြန်လည်ရောက်ရှိလာခဲ့ရသည်။ ထိုအခါမှသာ ဘန်သည် သူမ၏နှုတ်ခမ်းပေါ်မှ အကြည့်များကို ဖယ်ခွာနိုင်လေသည်။
“ကျွန်တော် ဆာစီးနီယာကိုစောင့်ရင်း အဝတ်လျှော်နေခဲ့တာပါ”
ဘန် တောက်ပစွာပြုံးပြီး သူ့အတွေးများကို မပေါ်လွင်သွားအောင် မျှော်လင့်နေမိသည်။ သို့သော်လည်း သူ့နှုတ်ခမ်းသည် သာမာန်လိုမဟုတ်ပဲ တုန်ယင်နေသည့်အတွက် မမိသွားစေဖို့ မျှော်လင့်မိသည်။
“တကယ်လား.. တော်လိုက်တာ”
ကံကောင်းစွာနှင့်ပဲ ဆာစီးနီယာသည် ရယ်မောပြီး ထူးဆန်းတာတစ်ခုခုကို ခံစားမိပုံမရပဲ သူ့ဆံပင်အတိုများကို သူမ၏လက်နှင့် ဖွလိုက်သည်။ ထိုအချိန်ခဏလေးအတွင်းမှာ ဘန်၏မျက်လုံးများသည် ပြူးကျယ်သွားခဲ့သည်။ ဆာစီးနီယာထိလိုက်သည့်နေရာသည် မီးကဲ့သို့ ပူလောင်သွားသောကြောင့်ဖြစ်၏။ ထိုအထိအတွေ့ကနေ သူ့နှလုံးသားသည် ထပ်ပြီးခုန်ပေါက်လာခဲ့ရပြန်သည်။
‘ကျေးဇူးပြုပြီး…’ သူ အံကြိတ်၍ ညည်းညူလိုက်သည်။
သူမ၏ ဖြူဝင်းသေးသွယ်သောလက်လေးကို ကိုင်ချင်သော ဆန္ဒနှင့် သူမ၏လက်ချောင်းတိုင်းရှိ လက်ဆစ်လေးများကို နမ်းချင်သော ဆန္ဒသည် သူ့ကို ရူးသွပ်အောင်လုပ်နေ၏။
ဘာလို့ ဒီလိုတွေးနေမိတာလဲ။ သူက နှာဘူးမဟုတ်ပါပဲနဲ့ သူမအပေါ်ထားတဲ့ သူ့ရဲ့ချစ်ခြင်းက ဒီလိုမျိုးဖြစ်နေတာ အဓိပ္ပာယ်မရှိပေ။ ပိုပြီး အကျည်းတန်တာက သူ့ကို စိတ်ထားကောင်းကောင်းနဲ့ စောင့်ရှောက်ပေးနေတဲ့ သူမအပေါ်ကိုမှ ဒီလိုဖြစ်နေမိခြင်းဖြစ်သည်။ ဘန် သူ့ကိုယ်သူ ကြိမ်းမောင်းလိုက်မိ၏။
သူ ဆာစီးနီယာကို ကိုးရိုးကားရားဆန်စွာ ပြုံးပြလိုက်ပြီး စားသောက်ကုန်များထည့်ထားသော အိတ်ကို သယ်ဆောင်ကာ အိမ်လေးထဲသို့ ဝင်သွားသည်။ သူ့နှလုံးသားထဲမှာ စွဲကပ်နေတဲ့ ခံစားချက်တွေကို အတင်းအကျပ်လုပ်ယူဖယ်ရှားဖို့ကတော့ များလွန်းသေးသည်။ ထို့ကြောင့် သူသည် ဒီခံစားချက်လေးတွေကို နည်းနည်းလောက်ပိုပြီး ပွေ့ဖက်ထားချင်သေး၏။ ခွဲခွာရသည့်အခါကျလျင် လိုချင်တပ်မက်မှုဖြစ်နေသောစိတ်သည် အလိုလိုမှေးမှိန်သွားပေလိမ့်မည်ဖြစ်သည်။ ဘန်သည် ဒီလိုဖြစ်လာမည်ဟု ခိုင်ခိုင်မာမာယုံကြည်နေ၏။
***
“ကျွန်တော် တောင်းပန်ပါတယ်” လူးဝစ် ဦးညွတ်၍ ပြောလိုက်သည်။ သူမကို ရှာဖွေဖို့ လူတွေအများကြီး လွှတ်ခဲ့သည်။ သူကိုယ်တိုင် ရှာခဲ့တာတောင်မှ သူမ ဘယ်နားမှာနေမှန်း မသိခဲ့ရချေ။ သူမ ပုန်းချက်သားကောင်းနေမှုက သည်းလွန်စလေးအနည်းငယ်ကိုပင် ရှာမတွေ့ခဲ့လောက်အောင်ဖြစ်သည်။ လူးဝစ်သည် အနည်းငယ်တုန်ယင်နေသော သူ့နှုတ်ခမ်းကို ပိတ်ထားပြီး လောင်းကစားဘုရင်မွန်တင်းသည် သူ့အပေါ်ထပ်ပြီး ဝေဖန်ပြောဆိုလာမှာကို ကြောက်နေမိသည်။
စာကြည့်ခန်းထဲမှာ သူတို့၏ အသက်ရှုသံများကလွဲ၍ မကြားရပုံက လူးဝစ်ကို ပိုပြီးစိတ်လှုပ်ရှားလာစေသည်။ သူသည် ခက်ခက်ခဲခဲနှင့် တံတွေးမျိုချလိုက်သည်။ လောင်းကစားဘုရင်မွန်တင်းသည် တောက်ပသောရွှေရောင်အနားကွပ်ထားသည့် စိမ်းပြာရောင်ကတ္တီပါဆိုဖာပေါ်မှာ ခြေချိတ်၍ထိုင်နေသည်။ သူ့လက်ဖက်ရည်ခွက်ကို တည်ကြည်သောမျက်နှာထားဖြင့် ပင့်ယူလိုက်သည်။
နေသည် ကျယ်ပြန့်သောပြတင်းပေါက်ကိုဖြတ်၍ ငုံ့လျှိုးသွားသည်။ လောင်းကစားဘုရင်မွန်တင်းက နေဝင်သွားသည်ကို အေးအေးဆေးဆေးကြည့်ကာ လက်ဖက်ရည်ကို ကျော့မော့စွာဖြင့် တစ်ငုံသောက်လိုက်သည်။ ဒါသည် မမျှော်လင့်ထားတဲ့အရာဖြစ်၏။ ဒီအကြောင်းကို လူးဝစ် ပထမဆုံးအကြိမ်ပြောပြတုန်းက လူးဝစ် ထိုမိန်းကလေးကို မရှာနိုင်ဘူးဟု ခန့်မှန်းမိခဲ့သည်။ ထို့ကြောင့် တခြားအစီအစဥ်ဆွဲထားခဲ့ခြင်းဖြစ်၏။ လောင်းကစားဘုရင်မွန်တင်းသည် လက်ဖက်ရည်ခွက်ကို စားပွဲပေါ်သို့ အသံမြည်အောင် ချလိုက်သည်။
“သျှီလင် ၃၀ မီလီယံပြင်ထား” လူးဝစ်ကို ပြောလိုက်ပြီး ဆုပ်ကိုင်ထားသောလက်ကို ချိတ်ထားသော သူ့ခြေထောက်ပေါ်တင်လိုက်၏။
“သျှီလင် ၃၀ မီလီယံ” လူးဝစ်သည် သူ့ရဲ့ ရည်ရွယ်ချက်ကို နားမလည်ပဲ ထပ်မေးလိုက်သည်။
“ဟုတ်တယ်.. သူမ ငါ့ဆီက သျှီလင် ၃၀ မီလီယံ ရစရာရှိတယ်.. အဲ့တော့ နောက်သုံးရက်နေရင် အဲ့ဒီကျွန်ကို ပြန်ခေါ်လာမှာပဲ”
မိန်းကလေးသည် တစ်ပတ်နေလျင် သူမရဲ့ပိုက်ဆံကို လာယူမည်ဟု သေချာပေါက်ပြောသွားခဲ့သည်။ သူသာ ပိုက်ဆံကို အဆင်သင့်ပြင်ထားပြီး စောင့်နေမယ်ဆိုရင် သူဖြစ်စေချင်သလို သူမ ရောက်လာမည်သာဖြစ်သည်။
“သူဌေး သူမကို ပိုက်ဆံပေးမလို့လား”
လူးဝစ်၏မျက်နှာပေါ်မှာ သူမရဲ့ပိုက်ဆံကို မပေးနိုင်လို့ ထွက်ပြေးနေခဲ့တဲ့ သူဌေးက ဘယ်ရောက်သွားပြီလဲဆိုတဲ့ မသေချာမှုတွေ ရေးခြယ်ထားလျက်ရှိနေသည်။ လောင်းကစားဘုရင်မွန်တင်းသည် လူးဝစ်ရဲ့ ထုံထိုင်းမှုကြောင့် စုပ်သပ်လိုက်သည်။
“ကျစ် ငါအဲ့လိုတွေးထားတာမဟုတ်ဘူး.. အရင်ဆုံး ငါ သူမကို ပိုက်ဆံပေးရမှ သူမက ငါ့ကို ပစ္စည်းပြန်ပေးမှာလေ”
လောင်းကစားဘုရင်မွန်တင်းသည် ပညာမဲ့သောလူများအား တစ်ယောက်ပြီးတစ်ယောက် ရှင်းပြရသည်ကို မျိုးရိုးမြင့်များ၏ စင်ကြယ်သောကျင့်ဝတ်ဟု ထင်မှတ်ထားခဲ့သည်။ သူသည် ဖော်ရွေစွာဖြင့် ပညာမဲ့သောလူးဝစ်ထံသို့ မြင့်မြတ်သည့်ခံစားချက်ဖြင့် ဆက်လက်ရှင်းပြသည်။
“ငါပစ္စည်းတွေကို အရင်ယူမယ်.. ပြီးရင် သူမနောက်ကိုလိုက်ပြီး ဘယ်မှာနေလဲဆိုတာကို စုံစမ်းမယ်”
“အဲ့.. အဲ့ဒါပြီးရင်ရော ဘာဆက်ဖြစ်မှာလဲ”
“သူမကို ရှင်းထုတ်ပြီး ငါ့ပိုက်ဆံတွေကို ပြန်ယူရမှာပေါ့” လောင်းကစားဘုရင်မွန်တင်းက ယုတ်မာသောအပြုံးဖြင့်ပြောလေသည်။
လောင်းကစားအိမ်ထဲမှာသာ ဒီလိုမျိုးလုပ်ရင် မျက်မြင်သက်သေရသွားနိုင်သည်။ နောက်ပြီး သူ့ရဲ့လုပ်ငန်းမှာ မသတီစရာများကို မလုပ်ချင်သည့်အတွက်ကြောင့်လည်းပါသည်။ သူမ ဘယ်မှာနေလဲဆိုတာကို သိရရင် ညရောက်တာနဲ့ သူမကို သတ်မည်ဖြစ်သည်။ လူးဝစ်ပြောပြတဲ့ ဆန်းပြားသောစွမ်းရည်တွေကြောင့် ကျွမ်းကျင်တဲ့ လုပ်ကြံသတ်ဖြတ်သူကိုတောင် ငှါးရမ်းထားခဲ့ပြီးဖြစ်သည်။
သူဒီလောက်ထိမလုပ်ချင်ပေမယ့် သူ့လုပ်ငန်းနဲ့ပက်သက်ပြီး သတင်းဆိုးတွေထွက်ပေါ်လာမယ်ဆိုရင် ဒေဝါလီခံသွားရနိုင်သောကြောင့်ဖြစ်သည်။ ဒီလုပ်ငန်းအတွက် သူဘယ်လောက်များ ရင်းနှီးထားခဲ့ရတာမို့လဲ။ သူ့ရဲ့ မြုပ်နှံခြင်းတွေက ကျရှုံးခြင်းဘက်ကို ဦးတည်သွားလို့မဖြစ်။ ပထမဆုံးအကြိမ်မှာ သူသည် စနစ်တစ်ခုကို ဖန်တီးထားသည့်အတွက် နိုင်ဖို့အတွက် မလွယ်ကူပေမယ့် မိန်းကလေးတစ်ယောက်က ဘယ်လိုများ ဒီလောက်များပြားတဲ့ပိုက်ဆံတွေကိုနိုင်သွားရလဲဆိုတာကတော့ စဉ်းစားစရာပင်ဖြစ်ခဲ့သည်။ ထို့ကြောင့် ထိုမိန်းကလေး ပျောက်ကွယ်သွားလျင် အရာအားလုံးဖြေရှင်းပြီးဖြစ်သွားလိမ့်မည်။
“ဟုတ်ကဲ့ ကျွန်တော်နားလည်ပါပြီ.. သျှီလင် ၃၀ မီလီယံကို ပြင်ထားလိုက်ပါ့မယ်”
လူးဝစ်သည် တုံ့ဆိုင်းခြင်းမရှိပဲ ပြန်ပြောသည်။ လူးဝစ်သာ ငြင်းခဲ့မည်ဆိုလျင် စိတ်အနှောင့်အယှက်ဖြစ်သွားနိုင်သောကြောင့် သူ့သူဌေးပြောသည့်အတိုင်း လိုက်နာခဲ့သည်။
Xxxxxxx