အပိုင်း ၁၂
Viewers 12k

Chapter 12


ထူထပ်သောမီးခိုးငွေ့များနှင့် အမွှေးအကြိုင်အနံ့များသည် အိမ်လေးထဲတွင် ပြည့်နှက်လျက်ရှိနေသည်။ ထိုအနံ့သည် ဂျုံမှုန့်အနံ့လည်း မဟုတ်သလို ပွက်ပွက်ဆူနေသော စွပ်ပြုတ်အနံ့လည်း မဟုတ်ပေ။ သွားရည်ကျအောင် နှိုးဆွနေသော အနံ့သည် အသားဓာတ်အပြည့်ပါဝင်သောအနံ့ဖြစ်သည်။ ကြက်သွေးရောင် အသားတုံးသည်  ဒယ်အိုးပေါ်တွင် ကင်ထားပြီးဖြစ်၏။ အဝါညိုရောင်ပြောင်းသွားသော အသား၏ပုံစံသည် သွားရည်ယိုစေသည်အထိ အရသာရှိမည့်ပုံပေါ်သည်။


“ပြီးတော့မယ်.. ခဏပဲစောင့်နော်”


အကျ်ီလက်ကို ဆွဲတင်ပြီး သည်းကြီးမဲကြီး အသားကင်နေသော ဘန်သည် အသားပေါ်မှာ ဆမ်းထားတဲ့ ဆီတွေစင်လို့ ရံဖန်ရံခါ ညည်းတွားမိပေမယ့် အမှားမပါအောင် လုပ်နေလေသည်။ ဆာစီးနီယာက သူမဘာသာလုပ်ဖို့ပြင်ထားပေမယ့် ဘန်က အတင်းအကျပ် သူကိုယ်တိုင်လုပ်မည်ဟု ပြောခဲ့သည်။ ဒါသည် ဆာစီးနီယာကို စိုးရိမ်ပူပန်စေပြီး သူမသည် နေရာမှ ထရပ်ကြည့်လိုက်သည်။ သူ့ကို ဆီတွေစင်ကုန်မည်ဆိုလျင် အန္တရာယ်ရှိနိုင်ပေသည်။


သူမသည် ဘန်ကို အသားတွေတူးသွားတော့မယ်ဟု တွေးကာ မယုံကြည်နိုင်သောအကြည့်များဖြင့် ကြည့်နေသည်။ သို့သော်လည်း ဘန်သည် ကျွမ်းကျင်စွာနှင့် အသားကို အထက်အောက်လှန်ပြီး စနစ်တကျကင်နေသည့် အနေအထားရောက်နေသည့်အတွက် သူ့ကို စောင့်ကြည့်နေမိတာကိုပင် စိတ်မကောင်းဖြစ်မိလာသည်။ ဆာစီးနီယာသည် စိတ်သက်သာရာရသွားပြီး ပြတင်းပေါက်အပြင်ဘက်ကို ကြည့်လိုက်သည်။ 


နေ့လယ်စာအတွက် အသားဝယ်ခဲ့ပေမယ့် နေဝင်နေလေပြီ။ အပြာရောင်ကောင်းကင်ကြီးသည် အနီရောင် ဖုံးလွှမ်းသွားခဲ့ပြီး အစိမ်းရောင်သစ်ရွက်များသည် အရောင်မှိန်သွားခဲ့သည်။ ဆာစီးနီယာသည် ငြိမ်းချမ်းသောရှုခင်းကိုကြည့်ရင်း အတွေးနယ်ထဲ ခေတ္တ ကျွံဝင်သွားခဲ့သည်။


ဘာသောက်ကြောင်းတွေကြောင့် သူမက ဒီလိုဖြစ်ခဲ့ရတာလဲ။ ဘာလို့ ဒေါသကြီးသွားရတာလဲ။ သူမသည် ကိုယ့်ကိုယ်ကို ပြန်မေးနေမိသည်။


‘လောင်းကစားဘုရင်က ဘာမှမပြောပဲ အပေါင်ပစ္စည်းကို ပြန်ယူသွားမှာကို ကြောက်နေမိလို့လား.. ငါပိုက်ဆံမရမှာကို စိုးရိမ်နေမိလို့လား’


သူမ ဘယ်လောက်ပဲတွေးတွေး အဖြေက အဲ့ဒါမဟုတ်။ ဒါပေမယ့် ဘာလို့ သူတို့က သူမကို ရှာနေကြတာလဲ။ ရက်အနည်းငယ်ပဲ ရှိသေးသည်လေ။ ဘန်နဲ့ ပိုရင်းနှီးသွားမယ်ဆိုရင် အဲ့ဒါက…


‘မဖြစ်ဘူး နင်အဲ့လိုလုပ်လို့မရဘူး ဆာစီးနီယား’


သူမ ဆာစီးနီယာခန္ဓာကိုယ်ကို ပိုင်ဆိုင်ခဲ့ရစဥ်က ဗီလိန်မဟုတ်ပဲ သာမာန်ဘဝလေးမှာပဲ နေထိုင်ဖို့ သန္နိဌာန်ချထားခဲ့သည်။ သို့သော် ဝတ္ထုစတင်ပြီဆိုလျင် အကူညီမဲ့စွာနှင့် ဇာတ်လမ်းထဲကို ဆွဲခေါ်ခံရနိုင်မလားဆိုတာ သူမ မသိနိုင်ပေ။ သူမသည် သာမာန်ဘဝမှာ နေထိုင်ချင်သော်လည်း နောက်ဆုံးမှာ လည်ပင်းဖြတ်အသတ်ခံရမှာက ကံကြမ္မာပင်ဖြစ်လိမ့်မည်… ဝတ္ထုမစသေးခင်ကတည်းက ဘယ်အရာမှ သေချာနေခြင်းမရှိပေ။ ဆာစီးနီယာသည် ဝတ္ထုထဲမှာ ဗီလိန်ဖြစ်ပြီး တွေ့ရာလူတွေကို လိုက်သတ်ပြီး မီးရှို့တဲ့ စုန်းမဖြစ်သည်။


 တစ်စုံတစ်ယောက်က သူမနားမှာ ရှိနေပေးဖို့ဆိုတာ ခဲယဥ်းသည်။ ဘန်အပေါ်မှာ သနားကရုဏာတွေပိုဖြစ်လာမည်ဆိုလျင် ဘယ်အရာမှ မကောင်းနိုင်ချေ။ သူသည် အပေါင်ပစ္စည်းသာဖြစ်ပြီး နောက်သုံးရက်နေလျင် သူ့ကို လောင်းကစားဘုရင်ဆီ ပြန်ပေးပြီး သူမ၏ ပိုက်ဆံကို ယူရမည်ဖြစ်သည်။


‘လောင်းကစားဘုရင်က ဘာတွေကြံနေတာများလဲ’


သူမကို လူတွေလွှတ်ပြီးရှာကတည်းက လောင်းကစားဘုရင်မှာ အကြံတစ်ခုခုရှိနေပြီဆိုတာ ပေါ်လွင်နေသည်။ ဂရုစိုက်ဖို့အတွက် မပေါ့ဆသင့်ပေ။


“စားပါဗျ ဆာစီးနီယာ” ဘန်ရဲ့အသံကြောင့် ဆာစီးနီယာ၏အတွေးများသည် လွင့်ပြယ်ကုန်ရသည်။ သူမ မသိလိုက်ခင်ကတည်းက ဘန်သည် စားပွဲပေါ်တွင် ပန်းကန်ပြားချပ်များကို ပြီးပြည့်စုံစွာ တင်ရှိထားပြီးဖြစ်သည်။ သူက အာလူးကိုပါ ကြော်ထားသည့်အတွက် ပန်းကန်ပြားပေါ်တွင် အသားကင်နှစ်ခုနှင့် ကြွပ်ရွသော အာလူးကြော်နှစ်ခုပါ တည်ခင်းထားလျက်ရှိနေသည်။ 


ထူထဲသည့် အမဲ ခါးဆစ်သားသည် အရသာရှိသောရနံ့များကို ပျံ့နှံ့စေလျက်ရှိနေသည်။ သူမသည် ကုန်စုံများကို ဝယ်ဖို့အတွက် ရွာထဲကို ဆင်းသွားကတည်းက ဗိုက်ဆာနေခဲ့ခြင်းဖြစ်သည်။ အရင်ဆုံး ဗိုက်ဖြည့်ပြီးမှ ကျန်တာတွေကို စဥ်းစားတော့မည်။


ဆာစီးနီယာသည် မစားရတာကြာသည့် အသားကင်ကြောင့် အလိုအလျောက် သွားရည်ယိုလာခဲ့ရသည်။ သူမသည် အသားကို ခုတ်ဖြတ်ဖို့အတွက် ဓားနှင့်ခရင်းကို အသုံးပြုလိုက်သည်။ အပြင်ပိုင်းက ကြွပ်ဆတ်ပြီး အတွင်းပိုင်းက စိုစွတ်နူးအိကာ အနီရောင်သန်းနေပုံကို ကြည့်ခြင်းအားဖြင့် ပုံမှန်အလယ်အလတ်လောက်သာကင်ထားကြောင်း သိနိုင်သည်။ သူမသည် လက်တုံ့နှေးမနေပဲ ခပ်ကြီးကြီးတစ်ကိုက်စာလောက်ကို ညှပ်ယူလိုက်သည်။ 


‘ထင်ထားတဲ့အတိုင်းပဲ အသားက…’


ဆာစီးနီယာသည် အနည်းငယ်သောပျော်ရွှင်မှုကို ခံစားလိုက်ရသည်။ သူမ၏ပါးစပ်ထဲကို ဝင်သွားသည်နှင့်တစ်ပြိုင်နက် အနှစ်များက ပျံ့နှံ့သွားပြီး အသားကင်ရဲ့အနံ့က သူမရဲ့ ပါးစပ်ထဲမှာအပြည့်နေရာယူသွားလေသည်။ ထူထဲပြီး ဝါးလို့ကောင်းသည့်အတွက် ပို၍အရသာရှိ၏။


“ဒါကိုလည်း စားပါ”


ဘန်က  အရန်သင့်စားလို့ရရန် လှီးဖြတ်ပြီးသော သူ့ပန်းကန်ကို ဆာစီးနီယာပန်းကန်နှင့် လဲလှယ်လိုက်လေသည်။ သူမကို ခက်ခက်ခဲခဲမဖြစ်စေပဲ စားတာကိုသာ အာရုံစိုက်စေချင်ခဲ့သည်။ ဟင်းချက်တယ်လို့မဆိုသာပေမယ့် သူလုပ်ထားတဲ့ အသားကင်လေးကို ဆာစီးနီယာက နှစ်သက်ပြီး အရသာရှိရှိစားနေတာကိုမြင်ရရုံနှင့် ပျော်ရွှင်မှုကို ခံစားရသည်။ 


“ဟမ် ရပါတယ်”


ဆာစီးနီယာသည် ဘန်ရဲ့ မမျှော်လင့်ထားတဲ့ ကြင်နာမှုကြောင့် အံ့သြသွားခဲ့သည်။ ဘန်ကတော့ သူမ အသားကင်ကို တမြုံ့မြုံ့ဝါးနေပုံကိုကြည့်ပြီး ချစ်သက်ဝင်စွာဖြင့် ပြုံးနေလေသည်။ 


“သက်သောင့်သက်သာစားပါ”


ဘန်က သူ့အရှေ့က အသားကင်တွေကို ထက်ဝက်ညှပ်ပြီး ဆာစီးနီယာ၏ ပန်းကန်ထဲသို့ ထည့်ပေးလိုက်သည်။


“ရပါတယ်.. ငါတစ်ယောက်တည်း အကုန်လုံး မစားနိုင်ဘူးလေ.. နင်လည်း စားဦး”


ဆာစီးနီယာသည် အသားကို ပြန်ပေးဖို့အတွက် လက်မြှောက်လိုက်ပေမယ့် ဘန်က သူမလက်ကို ပန်းကန်ဆီမရောက်အောင် ပန်းကန်ကို ပင့်ယူလိုက်ပြီး သူ့ကျောနောက်တွင် ဖွက်ထားလိုက်သည်။ 


“ဆာစီးနီယာသာ ကြိုက်တယ်ဆိုရင် ကျွန်တော်ကျေနပ်ပါတယ်”


ဘန်က ရှက်ကိုးရှက်ကန်းနဲ့ ပါးနှစ်ဖက်နီမြန်းသွားပြီး မျက်လွှာချလိုက်သည်။ ဆာစီးနီယာသည် သူ့ရဲ့ အပြုအမူကြောင့် အံ့အားသင့်သွားရပြီး အသားကင်ကို မစားပဲ ရပ်လိုက်သည်။ 


‘သူက ဘာလို့ ဒီလိုဖြစ်နေရတာလဲ…’


သူမ ပါးစပ်ထဲမှ အသားကင်ကိုပင် မျိုချဖို့ မေ့သွားရသည်။ ဘန်က အရင်တိုင်းပဲ စကားပြောနေပေမယ့် သူ့ပုံစံက နည်းနည်းတော့ ကွဲပြားနေသည်။ သူ့ပုံစံက အချစ်ဦးအရှေ့မှာရှိနေလို့ ရှက်နေတဲ့ ဆယ်ကျော်သက်လေးနဲ့ တူနေသည်… ဆာစီးနီယာသည် ဘန်ကို စေ့စေ့စပ်စပ်ကြည့်လိုက်သည်။ သူမကို ခဏလေးကြည့်လိုက်ပေမယ့် သူ့ပုံစံက ခံစားချက်တွေကို ဖုံးကွယ်ဖို့ ခေါင်းငုံ့ထားရသလိုနှင့်တူနေသည်။


‘မဖြစ်နိုင်တာ’


သူမ အလွန်အကျွံတွေးလိုက်မိသည်။ ဘန်ကို သူမ သိတာ ဘယ်လောက်ကြာသေးလို့လဲ… ဆာစီးနီယာသည် သူမရဲ့ နားလည်မှုလွဲမှုများကို ဖယ်ထုတ်ပစ်လိုက်သည်။ 


“မအေးခင် မြန်မြန်စားကြရအောင်”


ဘန်က သူ့ပါးစပ်ထဲကို အာလူးထည့်လိုက်သည်။ ရှက်ကိုးရှက်ကန်းနဲ့ အသားကင်တွေကို စားနေတဲ့ ဘန်ရဲ့ နားရွက်က နီရဲနေလေ၏။ ထိုမြင်ကွင်းမှာ ဆာစီးနီယာသည် သူမနှလုံးသားထဲတွင် အမည်မသိသော နာကျင်မှုတစ်ချို့ကို ခံစားလိုက်ရသည်။ ထို့အပြင် သူ့ရဲ့ ရှက်ကိုးရှက်ကန်းဖြစ်မှုကို စနောက်ချင်လာသည်…


“အာ”


“ဗျာ”


ဆာစီးနီယာသည် သူမအတွေးနှင့် သူမ လန့်သွားပြီး ထူးဆန်းသောအသံကို ထွက်သွားမိသည်။ ဘန်က ခေါင်းမော့ကာ ဆာစီးနီယာကို ကြည့်လိုက်သည်။


“ဘာ-ဘာမှမဟုတ်ဘူး.. စား”


သူ့ရဲ့ ရိုးသားဖြူစင်တဲ့ မျက်ဝန်းများကို တွေ့သွားသည့်အခိုက်မှာ သူမ၏မျက်နှာသည် နီမြန်းသွားခဲ့သည်။


‘ရူးနေလား ဆာစီးနီယာ.. အဓိပ္ပာယ်မရှိတာကို’


ဆာစီးနီယာက ရှက်ပြီး အသားကင်ကိုသာ ခပ်မြန်မြန်စားလိုက်သည်။ 


“ဟုတ် ဖြည်းဖြည်းစားပါ”


သူမသည် သူမရှေ့က ငယ်ရွယ်သောကောင်လေးကို ငမ်းငမ်းတက်လိုချင်နေသာ ဝံပုလွေတစ်ကောင်ဖြစ်သွားသလို ခံစားရလေသည်။ ကသိကအောက် ရှက်ကိုးရှက်ကန်းဖြစ်မှုများနှင့် ရှက်သွေးဖြာနေခဲ့သော သူမ၏မျက်နှာသည် နဂိုမူလသို့ ပြန်ပြောင်းသွားခဲ့လေသည်။ 


‘ဒါက ငါ့ဆန္ဒလား…’


ဒီလိုမှမဟုတ်ရင် သူ့ကို မောင်လေးတစ်ယောက်လို သဘောထားတာကမှ အဓိပ္ပာယ်ရှိလိမ့်ဦးမည်။ 


‘ရူးနေတာပဲ.. နင်က ရူးနေတာပဲ ဆာစီးနီယာ’


ဆာစီးနီယာသည် ခေါင်းခါလိုက်သည်။ သူမမှာ ဒိလိုရူးကြောင်ကြောင်အတွေးတွေဝင်သွားရခြင်းဟာ ခဏတာ စိတ်လွတ်သွားလို့ဆိုတာ သိသာသည်။ သူမသည် အသားကင်ကို ပါးစပ်ထဲသို့ ထိုးသွင်းလိုက်သည်။ ယခုဆိုလျင် သူမအတွက် ဒီလိုမျိုး ထပ်မတွေးဖို့ဟာ ပထမဦးစားပေးဖြစ်သွားရသည်။


“အဟွတ် အဟွတ် အဟွတ်”


သူမသည် စားဖို့အလျင်လိုနေသည့်အတွက် သေချာမဝါးလိုက်မိလို့ အသားကင်က လည်ချောင်းမှာ တစ်သွားခြင်းဖြစ်သည်။ ဆာစီးနီယာ မျက်လုံးများ ပြူးကျယ်သွားရသည်။


“ဆာစီးနီယာ အဆင်ပြေရဲ့လား”


ဘန်က လျင်မြန်စွာနှင့် ရေသွားခပ်ပေးသည်။ ဆာစီးနီယာက ဘန်ယူလာပေးတဲ့ ရေခွက်ကို အမြန်လှမ်းယူလိုက်သည်။ ဘန်လက်နဲ့ သူမရဲ့လက် ထိတွေ့သွားတဲ့အခိုက်အတန့်မှာ ဘန်က လျှစ်စစ်စီးသလိုလန့်သွားရပြီး သူ့လက်ကို အမြန်ပြန်ရုတ်လိုက်သည်။ 


ဗွမ်း


ခွက်ထဲကရေများသည် စားပွဲပေါ်ဖိတ်ကျကုန်၏။ ဆာစီးနီယာသည် ဘန်ကို အဓိပ္ပာယ်မဲ့စွာကြည့်လိုက်ပြီး လေရှုဖို့အတွက် ဆက်တိုက်ချောင်းဆိုးနေမိသည်။ 


“အာ.. တောင်းပန်ပါတယ်”


အံ့ဩစရာကောင်းစွာနဲ့ပဲ ဘန်သည် နောက်ထပ်ရေသွားယူပေးပြီး ခွက်ကို ကမ်းပေးသည်။ ဒီတစ်ခါတော့ ရေခွက်ကိုသေချာပေးလိုက်နိုင်ပြီး ဆာစီးနီယာလည်း တစ်ခါတည်းနဲ့ မော့သောက်လိုက်နိုင်သည်။ တစ်နေတဲ့ အသားကင် မျိုကျသွားပြီးမှ သူမလည်း စိတ်သက်သာရာရသောမျက်နှာပြန်ဖြစ်သွားရသည်။


“ကျွန်-ကျွန်တော် လေညင်းခံသွားလိုက်ဦးမယ်”


စတော်ဘယ်ရီလို နီရဲနေတဲ့ မျက်နှာနဲ့နားရွက်ကို ပိုင်ဆိုင်ထားသူဘန်သည် ထွက်ပြေးသွားလေသည်။ တစ်ယောက်တည်းကျန်ခဲ့တဲ့ ဆာစီးနီယာကတော့ ဘန်ရဲ့ကျောပြင်ကို အကြွင်းမဲ့ကြည့်ရင်း ကျန်ခဲ့ရလေသည်။


‘တကယ်လား…’


ဘန်ရဲ့သိသာနေသောခံစားချက်များသည် သူမမျက်နှာကို ရှက်သွေးဖြာကာ ပူလောင်စေ၏။ တစ်စုံတစ်ယောက်က သူမနှလုံးသားကို ကလိထိုးနေသလို ခံစားရသည်။ ဒီခံစားချက်သည် ပညာမဲ့တဲ့သူတောင်မှ သိမြင်နိုင်သည်။ ဆာစီးနီယာသည် သူမ၏ ရုတ်တရက်ဖြစ်ပေါ်လာသော စိတ်ခံစားချက်ကြောင့် ရှက်ရွံ့စွာဖြင့် မျက်နှာကို ကုတ်လိုက်သည်။ ဒါပေမယ့် ခဏသာဖြစ်သည်။ ဆာစီးနီယာက တစ်ယောက်တည်း ဆက်လက်၍ အသားကင်များကို စားနေလေသည်။ သူမရဲ့ ခံစားချက်တွေကို နားလည်သွားလည်း ဘယ်အရာမှ ပြောင်းလဲသွားမည်မဟုတ်။ သိပ်ဂရုမစိုက်မိဖို့သာ ဆုံးဖြတ်လိုက်သည်။ နောက်ဆုံးတော့လည်း ရက်အနည်းငယ်နေရင် ဘန်က သူမဘဝထဲက ထွက်သွားမည့်သူသာဖြစ်သည်လေ…


ထိုညက


ဆာစီးနီယာသည် သူမကို ခြုံထားတဲ့စောင်အား အဝေးကို ကန်ထုတ်လိုက်သည်။ 


‘ဂရုမစိုက်ဘူးလို့ ပြောထားတယ်လေ’


နီမြန်းနေတဲ့မျက်နှာနဲ့ ဘန်ကို မြင်ယောင်မိပြီး သူမ စိတ်တိုနေမိသည်။ သူမ ဂရုမစိုက်ဘူးလို့ ဆုံးဖြတ်ထားပေမယ့် ညစာစားတုန်းက ဘန်ဖြစ်သွားတာက သူမရဲ့စိတ်ထဲမှာ ထွင်းထုပြီးသားဖြစ်နေမိသည်။ တစ်ဖက်မှာလည်း အိပ်ရမည့်အချိန်ကို ဘန်က အခန်းထဲက ခိုးထွက်လာပြီး စောင်ပေါ်မှာ လဲချကာ အိပ်မောကျသွားခဲ့လေသည်။ သူ့ရဲ့ ပုံမှန်အသက်ရှုသံက စိတ်တိုစရာကောင်းလွန်းသည်။


‘ဒီကောင်လေးက ခုနက ရှက်နေတာလား’


ဆာစီးနီယာသည် ကိုယ်ကိုမြှင့်၍ ဘန်ကို တစ်ချက်လှမ်းကြည့်လိုက်သည်။ ရှက်နေခဲ့တာ သူဆိုပေမယ့် သူမကတော့ သူ့ရဲ့ ဖြစ်တည်မှုကို အမြဲသတိမူမိနေတဲ့အတွက် အိပ်မပျော်နိုင်တဲ့ထိ စိတ်မကောင်းဖြစ်ရသည်။ သူမရဲ့ ခန္ဓာကိုယ်ကတောင်မှ ဒါလေးတွေးလိုက်တာနဲ့ ပူလောင်လာရသည်။


“ဟူး…” ဆာစီးနီယာသည် စိတ်ငြိမ်ဖို့အတွက် သက်ပြင်းရှည်တစ်ခုကို ချလိုက်သည်။ သို့သော်လည်း သက်ရောက်မှုက မလုံလောက်နိုင်သေး။ ထို့အပြင် သူမခန္ဓာကိုယ်က ပို၍တောင် ပူလောင်လာရသည်။


“အိပ်နေတာလား”


စိတ်တိုနေတဲ့ ဆာစီးနီယာသည် ညည်းညူမိသည်။ အခုတော့ သူမမှားသွားပြီလို့ ထင်သည့်အတွက် ဒူးထောင်ပြီး ကိုယ့်ခန္ဓာကိုယ်ကို လက်နှစ်ဖက်ဖြင့် ပွေ့ဖက်ထားလိုက်သည်။ ဆာစီးနီယာသည် သူမ၏မျက်နှာကို ပေါင်ပေါ်မှာမှီထားပြီး ခေါင်းစောင်းထားသည်။ ထို့နောက် ဘန်ရဲ့မျက်နှာကို တွေ့သွားသည်။


“နင်က ချောတယ်.. တကယ်” သဘောကျမှုတွေက သူမ၏နှုတ်ခမ်းမှ ယိုစိမ့်လာခဲ့သည်။


သူမ ဇောက်ထိုးကြည့်ကြည့်၊ နောက်ပြန်ကြည့်ကြည့်၊ မျက်လုံးပိတ်ကြည့်ရင်တောင်မှ ဘန်က ဘယ်လိုကြည့်ကြည့် ချောသည်။ သူ့ရဲ့မျက်နှာကတော့ အခုထိ အာဟာရချို့တဲ့မှုကြောင့် အားနည်းနေသေးသည်။ သူသာ ကျန်းမာလာမည်ဆိုလျင် သူ့ထက် ရင့်ကျက်တဲ့မိန်းမတွေရဲ့နှလုံးသားကိုတောင်မှ ကိုင်ဆောင်နိုင်လောက်သည်အထိ ချောမောလာမည်သာဖြစ်သည်။ 


“အင်း…” ဘန်က အိပ်နေရင်းနဲ့ ယောင်နေသည်။ ရှည်လျားပြီး သန့်ပြန့်တဲ့မျက်တောင်တွေက ပိတ်ထားတဲ့ မျက်ခွံအောက်မှာ ကျော့စင်းနေသည်။ ဆာစီးနီယာသည် ထိုမျက်တောင်မွှေးများကို ထိတွေ့ချင်စိတ်ဖြစ်ပွါးလာမိသည်။


“ဟာ.. ရူးနေတာပဲ”


ဆာစီးနီယာသည် သူမရဲ့ ရူးကြောင်ကြောင်အတွေးကြောင့် ထိတ်လန့်သွားရသည်။


သူမကမှ တကယ့်နှာဘူးဖြစ်နေတာမလား။ သူအိပ်နေတဲ့အချိန်မှာ ကြည့်ဖို့ဆိုတာကလေ… ဆာစီးနီယာသည် ဘန်ဆီမှ သူမရဲ့အကြည့်များကို အပင်ပန်းခံ၍ ဖယ်ခွါပြီး ကိုယ့်အိပ်ရာမှာကိုယ်ပြန်လဲ၍အိပ်လိုက်သည်။ သူမသာ ဘန်ရဲ့မျက်နှာကို ဆက်ကြည့်နေမယ်ဆိုရင် မျက်တောင်မွှေးတွေကို တကယ်ကိုင်ကြည့်မိမည်ဖြစ်သည်။ သူမသည် မျက်လုံးဖွင့်၍ မျက်နှာကြက်ကိုသာ ကြည့်နေလိုက်သည်။ 


‘ဒါက ငါ့အကြိုက်လား’


သူမ အခုခံစားနေရတဲ့ ခံစားချက်များကြောင့် အလွန်အံ့အားသင့်နေမိသည်။ ဘန်က သူမကို သဘောကျနေလို့မဟုတ်ပဲ သူမက ဘန်ကို သဘောကျနေသလိုပုံစံဖြစ်နေသောကြောင့်ဖြစ်သည်။ 


‘ဘန်က ငါ့ကို သဘောကျနေတယ်ဆိုတာ တကယ်လား’


ဘန်က မိန်းကလေးတွေရဲ့ ထိတွေ့မှုကို မခံရဖူးလို့ ဒီတိုင်းအံ့ဩသွားတာလည်းဖြစ်နိုင်သည်။ ဒါက ကျိုးကြောင်းဆီလျော်သည့် ခန့်မှန်းချက်ဖြစ်သည်။ သက်သေအထောက်အထားပြဖို့ဆိုလျင် အခုဘန်က ပေါ့ပေါ့ပါးပါး အိပ်နေနိုင်သည်လေ။ သူမကသာ အိပ်မပျော်နိုင်ဖြစ်နေရခြင်း။


‘မဟုတ်သေးပါဘူး.. ငါဘာလို့ ဒီလိုဖြစ်နေရတာလဲ’ သူမ နားမလည်နိုင်။ ငယ်ရွယ်ပြီး နှလုံးသားနူးညံ့တဲ့ ကာကွယ်ပေးချင်စိတ်ဖြစ်မိစေတဲ့ ကောင်လေးငယ်ငယ်လေးတွေကို ကြိုက်တာလား။ 


သူမ မယုံနိုင်။ သူမသည်  အရွယ်ပမာဏကြီးမားတဲ့ ယောင်္ကျားတွေကိုပဲ ကြိုက်ခဲ့ခြင်းဖြစ်သည်။ ကျစ်လျစ်တဲ့ကြွက်သားတွေနဲ့ ကျယ်ပြန်တဲ့ပုခုံးရှိတဲ့ယောင်္ကျားကိုသာတွေ့ရင်… ဒါပေမယ့် ဘန်က အဲ့လိုပုံစံမျိုးနဲ့ တခြားစီသာ။


ဘန်က သူမနဲ့ အရပ်ချင်းတောင် မတိမ်းမယိမ်းဖြစ်လို့ ယောင်္ကျားလေးတစ်ယောက်ဆိုတာထက် မောင်လေးတစ်ယောက်လိုပင်ဖြစ်သည်။ သူမရဲ့ အကြိုက်ကို ဖြည့်စွမ်းဖို့တော့ လုံလောက်တဲ့ ချောမောမှုရှိတာသေချာသည်။ သို့သော်လည်း ကိုယ့်မောင်လေးလို သဘောထားရမယ့် ကောင်လေးတစ်ယောက်အပေါ်ကို ဒီလိုတွေတွေးနေမိတာက အရှက်ရစရာဖြစ်နေသည်။ 


ဆာစီးနီယာသည် သူမမျက်နှာကို ခေါင်းအုံးထဲ နှစ်ထားလိုက်သည်။ အတွင်းစိတ်ထဲမှာ ငြင်းဆန်ဖို့ ခုခံနေပြီး အိပ်စက်ဖို့အတွက် မျက်လုံးမှိတ်ရန် တွန်းအားပေးလိုက်သည်။ 


“အား.. ကျေးဇူးပြုပြီး ကယ်ပါ”


 သူ့ရဲ့ ညည်းတွားသံကြားသည်နှင့် ဆာစီးနီယာသည် သူမရဲ့မျက်လုံးကို ပြန်ဖွင့်လိုက်သည်။


Xxxxxxxx