အပိုင်း ၁၃
Viewers 17k

Chapter 13


ဆာစီးနီယာက ဘန်ကို ညတိုင်း ကျောပုတ်ပေးသည်။


 ထို့နောက် သူမခြေထောက်အောက်က အရာကို တက်နင်းမိ၍ ငုံ့ကြည့်လိုက်သည်။ 


“အာ…”


လောင်းကစားအိမ်က ယူလာခဲ့သည့် ချစ်(စ်)ပြားများထည့်ထားသောအိတ်ဖြစ်သည်။ စယူလာတုန်းက အားလုံးကို လွှင့်ပစ်ပြီးနောက် ပထမဆုံးအကြိမ်ပြန်တွေ့ခြင်းဖြစ်သည်။ ဆာစီးနီယာသည် တင်းကျပ်စွာ စည်းထားသောအိတ်ထဲမှ ထွက်ကျလာသော ချစ်(စ်)များကို လက်နှင့်အပြည့် ကောက်ယူလိုက်သည်။ လက်နှင့်အပြည့်ယူပြီးတောင် မရေမတွက်နိုင်တဲ့ ချစ်(စ်)တွေ ကျန်သေးသည်။ ဒီချစ်(စ်)တွေအားလုံးက ပိုက်ဆံတွေသာဖြစ်၏။ 


ဆာစီးနီယာ၏နဖူးသည် တွန့်ရှုံ့သွားရသည်။ ဘန်နဲ့ ဒီအိတ်ထဲက ချစ်(စ်)တွေကို လဲလှယ်ဖို့ ရက်ဘယ်လောက်မှ မကျန်တော့။ သူ့ကို တကယ်လွှတ်ပေးလိုက်ဖို့ အဆင်ပြေမလားဆိုတာကို သူမ သိချင်မိသည်။


ဂျောက်ဂျောက်


ထိုအချိန်မှာပဲ အိုဟောင်းနေသာ မျက်နှာကြက်မှလာသလိုမျိုး ဂျိူးဂျိူးဂျောက်ဂျောက်အသံကို ကြားလိုက်ရသည်။ အမှောင်ကျလာသောအခါ ကြွက်များသည် သစ်သားအိမ်ငယ်လေးကို ကိုက်ဖြတ်ဖို့ ရောက်လာတတ်ကြသည်။ ကြွက်များကြောင့် အိမ်လေး၏ မျက်နှာကြက်မှာ သေးငယ်သောအပေါက်လေးတောင် ရှိနေသည်။


သူမရဲ့ ကံဆိုးတဲ့နေ့မှာ ကြွက်များက အပေါက်ကနေ ရောက်လာပြီး သူမနှင့် တန်းတိုးသည်။ သူမသည် ကြွက်များကို မုန်းသည့်အတွက် သတ်လည်းမသတ်နိုင်သလို အရှင်လိုက် လိုက်ဖမ်းတာလည်း မလုပ်နိုင်။ ဒီလိုမျိုးတွေကြောင့် သူမ တစ်နေ့လုံး အပြင်ထွက်နေဖူးတဲ့ အချိန်တွေတောင် ရှိခဲ့ဖူးသည်။


ဆာစီးနီယာ အနည်းငယ် သက်ပြင်းချလိုက်ပြီး ချစ်(စ်)များကို အိတ်ထဲပြန်ထည့်ကာ နံရံ၏အစွန်းတွင် ထိုးသိပ်ထားလိုက်သည်။ ထိုမှသာ နောက်တစ်ကြိမ် သူမခြေထောက်နှင့် မတိုက်မိတော့မည်ဖြစ်သည်။ အနည်းငယ် ဝင်းလက်တောက်ပနေသော သူမ၏မျက်လုံးများသည် လျော့ရဲသွားခဲ့သည်။ လက်တွေ့ဘဝကို သိရှိပြီးနောက် ဆာစီးနီယာ၏ နှလုံးသားသည် အေးစက်သွားခဲ့သည်။ သူမသည် ကျွမ်းကျင်စွာနှင့် သူမရဲ့လက်ကို ဘန်ရဲ့ ရင်ဘတ်ပေါ်တင်ထားလိုက်သည်။ 


‘နင်ဒီမှာရှိနေတုန်း သက်သောင့်သက်သာအိပ်နိုင်ဖို့ မျှော်လင့်ပါတယ်’ ထိုစိတ်နှင့် သူမသည် ဘန်ကို ဖွဖွလေးပုတ်ကာ နှစ်သိမ့်ပေးခဲ့သည်။ သူတို့နှစ်ယောက်သာ ဝေးသွားကြရင် ဘန်ကို ဒီလိုလုပ်ပေးဖို့ ဘယ်သူမှ ရှိမှာမဟုတ်။ ဘန်နိုးလာပြီး နောက်တစ်ခေါက်ပြန်အိပ်ပျော်သွားတာတောင်မှ ဆာစီးနီယာသည် ဘန်ကို အချိန်အကြာကြီး ကျောပုတ်ပေးခဲ့သည်။ 


ခွဲခွာရမည့်နေ့နီးလာတာနဲ့အမျှ ဆာစီးနီယာ၏ နှလုံးသားသည် ပို၍သန်မာလာခဲ့သည်။ ဘန်က သူမအပေါ် ဘယ်လိုခံစားချက်ပဲရှိရှိ သူမရဲ့ ခံစားချက်တွေသာ ဝရုန်းသုန်းကားဖြစ်နေမည်ဆိုလျင် ဂရုမစိုက်ဖို့ ဆုံးဖြတ်ခဲ့သည်။ ဒီလိုမျိုးသာဆက်ဖြစ်နေမယ်ဆိုရင် သူနဲ့ခွဲဖို့ ပိုပြီးခက်ခဲလာမယ်ဆိုတာကို သူမသိသည်။ ခက်ခဲပေမယ့်လည်း သူမ ကျော်ဖြတ်နိုင်ဖို့ ဆုံးဖြတ်ထားခဲ့သည်။ သူ့ရဲ့ ခွဲခွာမှုအတွက် သူမ ပြင်ဆင်ထားခဲ့ပြီးဖြစ်သည်။


“နင့်မှာ မိသားစုရှိလား” ဆာစီးနီယာသည် ဆေးခြယ်ထားတဲ့ပန်းကန်ကို ဘန်ကိုပေးလိုက်ပြီး မေးလိုက်သည်။ သူ့ကို တစ်နည်းနည်းနဲ့ကူညီနိုင်ဖို့များ ဖြစ်နိုင်မလားဟု တွေးနေမိသည်။


“အမေရှိခဲ့ပေမယ့် ၁၃နှစ်ကတည်းက သေသွားပြီ” 


“၁၃နှစ်”


“ဟုတ်တယ်.. အဲ့ဒီအချိန်ကတည်းက ကျွန်ဖြစ်ပြီး ဆက်တိုက် ရောင်းစားခံခဲ့ရတာပဲ” ဘန်က ပန်းကန်ကို အဝတ်နှင့် သုတ်ရင် အေးဆေးတည်ငြိမ်စွာပြောသည်။ သူမရဲ့ ထိတ်လန့်သွားတဲ့ပုံစံနှင့် ယှဥ်ကြည့်လျင်တော့ တခြားစီဖြစ်၏။ 


မေးခွန်းမေးတဲ့သူက ဆာစီးနီယာဖြစ်ပေမယ့် ဘာပြန်ပြောရမှန်း သူမ မသိသည့်အတွက် နှုတ်ခမ်းကို ကိုက်ထားမိသည်။ သူနာကျင်ခံစားခဲ့ရသည်များကို သူမ နားလည်နိုင်မည်မဟုတ်။ အလျင်စလို နှစ်သိမ့်အားပေးမှုက အဆိပ်အတောက်သာဖြစ်သွားနိုင်သည်။ 


“ကျွန်တော့်အမေခေါ်ခဲ့တဲ့နာမည်တစ်ခု ရှိခဲ့ဖူးပေမယ့် အရမ်းကြာနေတော့ မမှတ်မိတော့ဘူး.. အမေသေသွားပြီးကတည်းက ဘယ်သူမှ ကျွန်တော့်နာမည်ကို မခေါ်ကြတော့ဘူး”


တည်ငြိမ်ချင်ယောင်ဆောင်နေသာမျက်နှာနှင့် ဆန့်ကျင်ဘက်ဖြစ်စွာ သူ့မျက်ဝန်းများသည် နက်မှောင်တိမ်နက်နေပြီး သက်ညှာခွင့်လွှတ်မှုကင်းမဲ့စွာနှင့် တုန်ယင်နေသည်။ ဘန်က သူ့နှုတ်ခမ်းကိုကိုက်ထားပြီး မျက်ရည်တွေကို ထိန်းချုပ်ဖို့ကြိုးစားပေမယ့် မျက်ရည်များသည် မျက်လုံးထောင့်မှာ ပြည့်နှက်နေပြီဖြစ်သည်။ 


“ဒါပေမယ့် အဲ့ဒီနောက်ပိုင်းကစပြီး ကျွန်တော့်ကို နာမည်ပေးပြီး ခေါ်ခဲ့တာဆိုလို့ ဆာစီးနီယာက ပထမဆုံးပဲ”


 မျက်ရည်ကြည်တစ်စက် သူ့ပါးပြင်ပေါ်ကနေ ဆင်းသက်သွားခဲ့သည်။


‘အိုး မဖြစ်ဘူး…’ သူမသည် စိတ်ထဲကနေ ညည်းတွားလိုက်သည်။ သူမရဲ့ နှလုံးသားအစွန်အဖျားလေးသည် မှုန်မှိုင်းသွားခဲ့သည်။ 


ဘန်က လျင်မြန်စွာနှင့် သူ့မျက်ရည်များကို သုတ်လိုက်ပြီး ဆာစီးနီယာမမြင်အောင် မျှော်လင့်နေမိသည်။ ဆာစီးနီယာသည် မမြင်ချင်ယောင်ဆောင်လိုက်ပြီး ပန်းကန်ဆေးတာကိုသာ အာရုံစိုက်နေလိုက်သည်။ ထိုမေးခွန်းကိုမေးမိတဲ့ သူမနှုတ်ခမ်းကိုသူမပြန်ရိုက်ချင်စိတ်နဲ့ လုပ်နေမိခြင်းဖြစ်သည်။


သူတို့နှစ်ယောက်လုံး ရင်းနှီးသွားဖို့ သို့မဟုတ် ဘန်ရဲ့အကြောင်းကို ပိုပြီးသိလာဖို့က အန္တရာယ်ရှိသည်။ သူမသည် ကောင်လေးကို အခုထိ သနားကရုဏာသက်နေမိသေးသည်။ ဒါပေမယ့် ဒီလောက်အဆင့်ပဲဖြစ်သင့်သည်။ ဘန်က သူမပိုက်ဆံတွေပြန်ရရင် ပြန်ပေးရမည့် အပေါင်ပစ္စည်းသက်သက်သာဖြစ်ပြီး ဘန်ကို သူမဘေးမှာထားဖို့ဆိုတာလည်း သူမအတွက် မတတ်သာပေ။


သူမရဲ့သေဘေးက ဒီလိုဖြစ်သွားလိမ့်မည်ဟု မသိထားခဲ့။ သူမက ဗီလိန်မဟုတ်ပဲ သာမာန်ဘဝမှာနေချင်ပေမယ့် သူမဖြစ်ချင်သလိုဖြစ်လာမည်မဟုတ်။ နောက်ဆုံးမှာတော့ လည်ဖြတ်သတ်ခံရမှာက သူမရဲ့ ကံကြမ္မာသာဖြစ်ပေလိမ့်မည်။ ဒီလိုမတည်ငြိမ်တဲ့ ကံကြမ္မာကို သူနဲ့အတူ မဖန်တီးချင်ပေ။ သူသာ သူမအနားမှာရှိနေမယ်ဆိုရင် ဘာတွေဖြစ်လာမယ်ဆိုတာ မသိသည့်အတွက်ကြောင့်ဖြစ်သည်။ သူမ ဆာစီးနီယာခန္ဓာကိုယ်ကို ပိုင်ဆိုင်ရသည့်အချိန်ကတည်းကစပြီး တစ်ယောက်တည်း ကြံ့ကြံ့ခံဖို့အတွက် ဆုံးဖြတ်ထားခဲ့သည်။


‘အဲ့ဒီတော့ ဒီထက်ပိုပြီး ဘာမှမရှိတော့ဘူး’ သူမ ဘန်ကို ဒီထက်ပိုပြီး သနားကရုဏာထားလို့မရတော့။ ဆာစီးနီယာသည် သူမရဲ့ခံစားချက်များကို ဖြိုခွင်းလိုက်သည်။


နေရခက်တဲ့ တိတ်ဆိတ်မှုက သူတို့နှစ်ယောက်ကြားမှာ ခိုအောင်းလာသည်။ ဘန်က ဆာစီးနီယာရဲ့မျက်လုံးကိုကြည့်နေသကဲ့သို့ ဖျက်ခနဲ လှမ်းကြည့်လိုက်၏။ ဆာစီးနီယာသည် သူမရဲ့မျက်နှာကို စူးရှနာကျင်စေသည့် အကြည့်ကို အဆုံးထိ မသိချင်ယောင်ဆောင်နေခဲ့သည်။ ဆာစီးနီယာသည် နှုတ်ဆိတ်နေသည့်အတွက် ဘန်ကလည်း အသံမထွက်ချေ။ နှစ်ယောက်လုံးက ဘာစကားမှမပြောကြပဲ ပန်းကန်ကိုသာဆေးနေကြ၏။ ရေကျသံနဲ့ ပန်းကန်ဆေးလို့ ဂျိုးဂျိုးဂျောက်ဂျောက်မြည်သံသာ မီးဖိုခန်းထဲမှာ ပဲ့တင်ထပ်နေခဲ့သည်။ ဆာစီးနီယာသည် နောက်ဆုံးတော့ ဆေးခြယ်ထားတဲ့ပန်းကန်ကို ဘန်ဆီသို့ ကမ်းပေးလိုက်သည်။


“ကျွန်တော်အကုန်လုပ်နိုင်ပါတယ်…” ဘန်က နောက်ဆုံးမြောက်ပန်းကန်ကို အဝတ်နဲ့သုတ်နေရင်းက အခြေအနေကို ပြောင်းလဲလိုဟန်နဲ့ ပြုံးရယ်ကာပြောလိုက်သည်။


“ဒါငါ့အလုပ်ပါ.. အဲ့တော့ ငါပဲလုပ်မယ်”


ဆာစီးနီယာသည် ‘ငါ’ ဆိုတဲ့စကားကို အသားပေးပြီး တမင်တကာပြောလိုက်သည်။ ဒီနေရာဟာ သူမရဲ့ ကိုယ်ပိုင်နေရာသာဖြစ်သည်။ ဘန်အတွက် နေရာဆိုတာမရှိ။ အဓိပ္ပာယ်ကိုသိသွားတဲ့ဘန်က နှုတ်ခမ်းထောင့်စွန်းလေးကို ကွေးတက်ကာ ခါးသက်သက်ပြုံးသည်။


“အင်း… ဟုတ်တာပေါ့”


ဘန်ရဲ့ မျက်တောင်ရှည်များသည် တိတ်တခိုးလေး တုန်ခါနေခဲ့သည်။ ဆာစီးနီယာသည် သူ့ရဲ့ပုခုံးကို ပုတ်ပေးချင်မိတဲ့ဆန္ဒအား ဖိနှိပ်ဖို့ ကြိုးစားလိုက်ရသည်။ သူမသည် ရက်စက်စွာနှင့်ပဲ ဘန်ဆီမှအကြည့်ခွါကာ မီးဖိုခန်းထဲမှ ထွက်ခွါသွားခဲ့သည်။


***


အချိန်တွေဟာ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။ ရက်သတ္တပတ်ဟာ တိုတောင်းလွန်းပြီး ခွဲရမည့်နေရက်တွေဟာ နီးကပ်လာခဲ့သည်။


“ဆာစီးနီယာ.. အောက်ဆင်းကြည့်လိုက်ဦး”


 ပြင်ဆင်မှုတွေပြီးမြောက်သွားတဲ့ဘန်က တည်ငြိမ်စွာနဲ့ပြုံးကာပြောသည်။ 


ဆာစီးနီယာ၏နှုတ်ခမ်းသည် ခါးသက်မှုများဖြင့်ပြည့်နှက်သွားခဲ့သည်။ အဆုံးထိ သူမတွေးထားပြီးသားဖြစ်၏။ သူမအတွက် ဒီလိုမျိုးက တကယ်အဆင်ပြေရဲ့လား။ ဒါပေမယ့် အချိန်တိုင်း သူမကို အားတက်စေတာဆိုလို့ ပိုက်ဆံရရှိဖို့သာဖြစ်သည်။ ထို့အပြင် အဲ့ဒီပိုက်ဆံကပဲ သူမကို ဗီလိန်မဖြစ်စေပဲ ချမ်းသာမယ့်ဘဝကို နေနိုင်စေမည်သာဖြစ်သည်။ 


နောက်ထပ်အကြောင်းပြချက်ကတော့ သူမရဲ့ကံကြမ္မာနဲ့ ဘန်ကို မရှုပ်ထွေးစေချင်တာသာဖြစ်သည်။ အရင်ကထက်ပိုကောင်းတဲ့ဘဝမှာနေနိုင်မယ်ဆိုပြီး အာမခံချက်မရှိ။ ထို့ကြောင့် အမည်မသိတဲ့ကံကြမ္မာကို သူနဲ့အတူ မျှဝေလို့မရချေ။ သူမသာ အဲ့လိုလုပ်လိုက်မည်ဆိုလျင် အရမ်းတစ်ကိုယ်ကောင်းဆန်ရာကျသွားပေလိမ့်မည်။ 


သူမရဲ့အပြစ်ရှိစိတ်တွေလွှမ်းမိုးသွားတဲ့ လုပ်ရပ်တွေဟာ နှေးကွေးနေခဲ့သည်။ ဝတ်ရုံကိုဖယ်ပြီး ချစ်(စ်)ပြားတွေကို ထုတ်နေသည်။ မတတ်နိုင်ပဲ သူ့အရှေ့မှာ အလျင်စလိုဖြစ်နေမိသည်။ ဘန်နဲ့ ဝေးဖို့ နည်းနည်းလေးပဲဖြစ်ဖြစ် အချိန်ကြာချင်ခဲ့မိသည်။ ထိုသည်ကို ရိပ်မိသွားတဲ့ ဘန်ကတော့ ဖြူစင်စွာဖြင့် ပြုံးလိုက်သည်။ သူ့ပုံစံကြည့်ရတာ အဆင်ပြေသည့်ပုံပင်။ သူ့မျက်လုံးသည် တုံ့ဆိုင်းမရှိပဲ နူးညံ့စွာဖြင့် ကွေးတက်သွားခဲ့သည်။


“ဒီပုံစံနဲ့ဆို နေဝင်တော့မယ်.. မြန်မြန်လာ”


ဘန်က ဆာစီးနီယာကို အလျင်စလိုလုပ်ဖို့ မမေ့ခဲ့။ ဆာစီးနီယာသည် ဘန်ကို သေချာမကြည့်နိုင်သည့်အတွက် သူမ၏ ဝတ်ရုံကိုသာ တင်းကျပ်စွာ ချည်နှောင်ထားခဲ့သည်။ သူမရဲ့နှလုံးသားက ခံစားချက်မျိုးစုံနဲ့ မွန်းကျပ်နေခဲ့သည်။ သူမရဲ့ စိတ်တွေလေးလံနေလည်း ဘာမှပြောင်းလဲလာမှာမဟုတ်တာကတော့ အဓိကအချက်ပင်ဖြစ်သည်။ 


“ဆင်းလာခဲ့ ဆာစီးနီယာ”


ဘန်က အရှေ့တံခါးကို အရင်ဖွင့်ပြီး ထွက်သွားခဲ့သည်။ ထိုပုံစံက ဆာစီးနီယာရဲ့ ရင်ဘတ်ကို တင်းကျပ်စေပြီး မဲ့ရွဲ့သွားစေသည်။ သူမရဲ့နှလုံးသားဟာ တဆစ်ဆစ်နာကျင်ပြီး ကိုက်ခဲနေရသည်။ ဆာစီးနီယာသည် အောက်ဆင်းသွားသောအချိန်မှာ ဘန်ကို မျက်လုံးတည့်တည့်ကို စိုက်မကြည့်နိုင်။ 


***


လောင်းကစားအိမ်ထဲမှာ ငွေးကြေးလဲလှယ်နေသည်။


လောင်းကစားဘုရင်မွန်တင်းသည် ဆိုဖာပေါ်မှာထိုင်နေပေမယ့် စိတ်လှုပ်ရှားနေသည်။ သူသည် သိက္ခာဆည်ဖို့မေ့နေပြီး ခြေထောက်နှံ့နေသည်။


‘သူမ စိတ်ပြောင်းသွားမယ်ဆိုရင် ငါဘယ်လိုလုပ်ရမလဲ’ လောင်းကစားဘုရင်မွန်တင်းသည် လက်မ ရှိလက်သည်းခွံကို ကိုက်နေသည်။


သူ မြို့စားအီနစ်ရှိုဆီမှ ယမန်နေ့က ပြန်စာရခဲ့သည်။ စာထဲမှာ သူသည် ထိုအရာကို အရမ်းကိုမျှော်လင့်စောင့်စားနေပါကြောင်း ရေးသားထားသည်။ ဒါသည် တကယ့်ကို ကောင်းသော လက္ခဏာပင်ဖြစ်၏။


ဒါသည် သူလက်မလွတ်သင့်တဲ့ အခွင့်အရေးပင်ဖြစ်သည်။ သူမ သယ်ဆောင်သွားတဲ့ အပေါင်ပစ္စည်းသည် သူ့အတွက် မရှိမဖြစ်လိုအပ်သောအရာဖြစ်သည်။ ရည်မွန်တဲ့ပုံစံနဲ့ ငယ်ရွယ်တဲ့ကောင်လေးသည် သူဘယ်မှာမှ ရှာမတွေ့နိုင်မည့် ရှားပါးပစ္စည်းတစ်မျိုးဖြစ်သည်။ သေချာစွာနှင့်ပင် မြို့စားအီနစ်ရှိုသည် ထိုကျွန်ကို သူ့မျက်စိနဲ့ မြင်တွေ့သည်နှင့် ကျေနပ်သွားလိမ့်မည်သာဖြစ်သည်။ ထိုမှသာ မြို့စားအီနစ်ရှိုသည် သူ့လုပ်ငန်းကို ပါဝင်ကူညီပေးလိမ့်မည်ဖြစ်၏။ လောင်းကစားဘုရင်မွန်တင်းသည် ခိုင်မာသောအနာဂတ်အား အိပ်မက်မက်နေမိသည်။


“သူတို့ ဒီမှာရှိလား”


လောင်းကစားဘုရင်မွန်တင်းဆီမှ အမေးခံရပြီးနောက် လူးဝစ်သည် ပွင့်နေသောတံခါးအား လှည့်ပတ်ကြည့်ရှုကာ ပြန်ဖြေသည်။


“ကြည့်ရတာ သူတို့မရှိကြဘူးထင်တယ်”


“ဘာလို့ အခုထိ မလာကြသေးတာလဲ” စိတ်အနှောင့်အယှက်ဖြစ်သွားတဲ့ လောင်းကစားဘုရင်မွန်တင်း သူ့ခုံမှ ထရပ်လိုက်သည်။


ကတိပေးထားသည့်အတိုင်း သူမသည် ရောက်နေသင့်၏။ ဒါပေမယ့် တံခါးပေါက်ကိုကြည့်ပြီး ပုရွက်ဆိတ်လေးတစ်ကောင်တောင် ဝင်မလာတာကို တွေ့ပြီးနောက် သူ့ရဲ့ စိတ်လှုပ်ရှားမှုများသည် အထွဋ်အထိပ်သို့ ရောက်ရှိသွားခဲ့သည်။ 


‘အပေါင်ပစ္စည်းကိုယူပြီး ထွက်ပြေးသွားတယ်လို့တော့ မပြောနဲ့နော်’ 


လောင်းကစားဘုရင်မွန်တင်းသည် ဆိုဖာပတ်ပတ်လည်တွင် တင်းမာသောမျက်နှာထားဖြင့် ဟိုဘက်ဒီဘက် အခေါက်ပေါင်းများစွာ လျှောက်နေသည်။ အခေါက်နှစ်ဆယ်လောက် လှည့်ပတ်ပြီးသည့်အခါမှာတော့…


“ငါ့ပိုက်ဆံ”


ငြီးငွေ့ဖွယ်ကောင်းသောအသံသည် ထွက်ပေါ်လာခဲ့သည်။ လောင်းကစားဘုရင်မွန်တင်းက လှည့်ကြည့်လိုက်၏။ အမျိုးသမီးနှင့် အပေါင်ခံပစ္စည်းသည် ငွေကြေးလဲလှယ်သောအပေါက်မှ ဝင်လာကြသည်။ လောင်းကစားဘုရင်မွန်တင်း သူတို့ကို ကြိုဆိုပျူငှာစွာဖြင့် ပြုံးပြလိုက်သည်။


“ရောက်ပြီလား”


ပထမနေ့တုန်းကလိုမဟုတ်ပဲ အမျိုးသမီးသည် သူမ၏မျက်နှာကို ခေါင်းပေါ်မှဝတ်ရုံနှင့် အုပ်ထားသည်။ 


စပ်စုသောမျက်လုံးမျက်ဖန်ဖြင့် လောင်းကစားဘုရင်မွန်တင်းသည် “ဝတ်ရုံကို ဖယ်ပေးနိုင်မလား.. လူမှားမမှား ကြည့်ဖို့လိုတယ်” ဟု ပြောလိုက်သည်။


ဆာစီးနီယာသည် စိတ်တိုသွားပြီး ဝတ်ရုံကို လှန်တင်လိုက်သည်။ ထို့နောက် သူမ၏ ရှည်လျားသော ဆံပင်အနီရောင်များသည် ခါးပေါ်သို့ နူးညံ့စွာနှင့် ရစ်ဝဲကျသွားခဲ့သည်။ ကြည်လင်သောအသားအရည်နှင့် ချောမောလှပသည့်မျက်နှာသည်လည်း ဖော်ပြပြီးသားဖြစ်သွား၏။ ဆာစီးနီယာ၏ ပဟေဠိဆန်သော ကြက်သွေးရောင်မျက်ဝန်းများကို တွေ့ပြီးသည်နှင့် လောင်းကစားဘုရင်မွန်တင်းသည် တံတွေးမျိုချလိုက်ရသည်။ သူသည် တပ်မက်သောရာဂနှင့် တုန်ယင်နေ၏။


‘သူမက ငါထင်ထားတာထက် လှတာပဲ’


လောင်းကစားအိမ်မှာတုန်းက သူမကို ဖျတ်ခနဲကြည့်မိရုံနဲ့တောင် လှပလွန်းမှန်း သူသိခဲ့သည်။ သို့သော် သူမကို မျက်တောင်တစ်ခတ်မျှပဲ မြင်ခဲ့ရသည့်အတွက် သူမ၏ပုံစံကို မသိခဲ့ပေ။ အနီးကပ်ကြည့်မိမှ သူမသည် အငမ်းမရဖြစ်စေနိုင်သောမိန်းကလေးတစ်ယောက်မှန်း သိလိုက်ရသည်။ လောင်းကစားဘုရင်၏ ကျဥ်းထဲကျပ်ထဲရောက်နေသောအကြည့်များသည် ဆာစီးနီယာ၏ တစ်ကိုယ်လုံးအနှံ့ကို ထောက်လှမ်းနေခဲ့သည်။ သူသည် ရုတ်တရက် ခိုးကြောင်ခိုးဝှက်ရယ်မိလိုက်သောအသံကို ဖုံးကွယ်ရန် ကြိုးစားနေရသည်။


‘ငါ့အစီအစဥ်တွေကို နည်းနည်းပြောင်းရမယ်’


ဒီလိုမိန်းကလေးမျိုးကို မမြည်းစမ်းကြည့်ပဲနဲ့ ရှင်းပစ်လိုက်ရမှာကတော့ နှမြောစရာပင်ဖြစ်သည်။ 


“ခင်ဗျားယူလာတဲ့ စရံကို အရင်ပြန်ပေးပါ”


 လောင်းကစားဘုရင်မွန်တင်းက တုံ့ဆိုင်းခြင်းမရှိပဲ ပြောလိုက်သည်။