အပိုင်း ၁၄
Viewers 12k

Chapter 14


စရံဆိုသည့်အသံကြားသည်နှင့် ဆာစီးနီယာ၏ ပုခုံးသည် တွန့်သွားခဲ့သည်။ လောင်းကစားဘုရင်မွန်တင်းသည် သူ့ရဲ့ စွန်မျက်စိနှင့် အငိုက်မိသွားခဲ့ပြီး သူမဘေးမှာရပ်နေသော အပေါင်ပစ္စည်းအား စူးရှသောမျက်ဝန်းဖြင့် ကြည့်လိုက်သည်။ 


‘စဥ်းစားကြည့်ရင် ဒီကျွန်က ဒီမှာနေတုန်းကထက်တောင် ပိုဝလာတာပဲ’


သူ့ရဲ့ ဒဏ်ရာတွေတောင် ပျောက်သွားပုံထောက် ကြည့်ရတာ သူမသည် စစ်မှန်သော သဘောထားနှင့် အစွမ်းကုန် ပြုစုပေးခဲ့ပုံရသည်။ သူ့ရဲ့ စုတ်ဖွားဆံပင်သည် တိုကပ်ကာ သပ်ရပ်နေပြီး ဝိတ်လည်း တက်လာသည်။ ပုံစံသည်လည်း ပို၍ကြည့်ကောင်းလာသည်။ သူသည် သေးသွယ်ကျစ်လျစ်သော်လည်း မမြင်ရတဲ့ရက်အတွင်းမှာ ထွားလာလေသည်။


‘ဒီမိန်းကလေးက အဲ့ကောင်ကို သံယောဇဥ်ရှိသွားပြီများလား’ လောင်းကစားဘုရင်မွန်တင်းက ဆာစီးနီယာကို မျက်စိမှေးမှေးဖြင့် အနီးကပ်ကြည့်လိုက်သည်။


ပထမဆုံးမှာတော့ သူမက ပိုက်ဆံပြန်ယူဖို့ လာခဲ့ပေမယ့် လောင်းကစားဘုရင်မွန်တင်းက ဘန်ကို စရံလို့ ပြောပြီးသည့်နောက် သူမသည် စိတ်တည်ငြိမ်သွားရသည်။ သူမ ဘန်ကို တကယ်ပဲ ဒီလိုမျိုးလွှတ်ပေးလိုက်နိုင်လား။ သူမ ဘဝတစ်လျှောက်လုံးမှာ နောင်တမရတော့ပါဘူးလို့ ယုံကြည်ချက်ရှိလား။ ဆာစီးနီယာသည် သူမ၏နှုတ်ခမ်းကို ကိုက်ခဲထားသည်။ ကျစ်ကျစ်ဆုပ်ထားသောလက်သီးမှာလည်း တုန်ယင်နေ၏။


“ဆာစီးနီယာ” ဘန်က သူမကို ချစ်ခင်မြတ်နိုးစွာဖြင့် ခေါ်လိုက်ပြီး သူမရဲ့ လက်သီးဆုပ်ကို ဂရုတစိုက် ကိုင်တွယ်လိုက်သည်။


ဆာစီးနီယာသည် ဘန်ဘက်သို့ ခေါင်းလှည့်သွားသည်။ အဲ့ဒီနေ့က ဘန်ကို ပထမဆုံးစတွေ့ခဲ့စဥ်ကလိုပဲ ဘန်က သူမကို အတောက်ပဆုံးအပြုံးဖြင့်ကြည့်နေသည်။ သူ့ကို စိတ်ပူစရာမလိုပဲ သူအဆင်ပြေပါကြောင်း ပြောပြနေသလိုပင်။ ဘန်ကတော့ စိတ်ပျက်နေတာလည်းမဟုတ်သလို မကျေမချမ်းဖြစ်ပြီး အလိုကြီးနေတာလည်း မဟုတ်ပါ။ သူသည် အမြဲတမ်းလုပ်ခဲ့သလိုပဲ ဒီအခြေအနေကို ကျိုးနွံစွာဖြင့် လက်ခံလေသည်။ 


“...”


ဆာစီးနီယာသည် သူမ၏ နှလုံးသား လေးလံကြီးထွားလာသည်ကို ခံစားရသည်။ မသိရင် ကြီးမားတဲ့ အစိုင်အခဲတစ်ခုက သူမရဲ့ လည်ချောင်းမှာ ဆို့တစ်နေသလိုပင်။


‘အိုဟို’


လောင်းကစားဘုရင်မွန်တင်းသည် သူတို့နှစ်ယောက်လုံးကို မျက်နှာထားတင်းတင်းဖြင့် ကြည့်နေလေသည်။ ထို့နောက် ထူးဆန်းစွာဖြင့် ပြုံးလိုက်၏။ တစ်ပတ်အတွင်း သူတို့နှစ်ယောက်ကြားထဲမှာ တစ်ခုခုဖြစ်ခဲ့တယ်ဆိုတာ သိသာထင်ရှားနေသည်။ သူမရဲ့ တုံ့ဆိုင်းနေတဲ့အမူအရာကို တွေ့ပြီးနောက် သူမ ဘာကို ချင့်ချိန်စဥ်းစားနေလဲဆိုတာ သိရှိနားလည်သွားခဲ့ရသည်။ သူမသည် ထိုကျွန်ကို သူမနှင့်တစ်ခါတည်း ခေါ်သွားသင့်မသင့် စဥ်းစားနေမှန်း သိသာသည်။ အခြေအနေတွေက မမှားယွင်းနိုင်သည့်အတွက် သူသည် တိတ်ဆိတ်ခြင်းကို ဖြိုခွင်းလိုက်လေ၏။


“အရမ်းစိတ်မပူပါနဲ့.. သူက နေရာကောင်းကို သွားရမှာပါ”


“ကောင်းတဲ့နေရာဆိုတာ ဘယ်နေရာလဲ” 


အေးစက်သောအသံသည် ဆာစီးနီယာ၏ နှုတ်ဖျားမှ ပွင့်အံလာခဲ့သည်။ 


လောင်းကစားဘုရင်မွန်တင်းထက်ငယ်တဲ့ သူမသည် ခုနကတည်းက စကားကို ယဥ်ယဥ်ကျေးကျေးမပြောသော်လည်း လောင်းကစားဘုရင်က သိပ်ဂရုမစိုက်ပါ။ အဲ့ဒါထက် မာနကြီးပြီး ယုံကြည်ချက်အပြည့်ရှိသည့်သူမကို ဖျက်စီးချင်စိတ်ပေါက်နေမိသည်။ လောင်းကစားဘုရင်မွန်တင်းသည် သူမရဲ့ အောက်နှုတ်ခမ်းကို စေ့စေ့စပ်စပ်ကြည့်ရင်း ပုခုံးတွန့်လိုက်သည်။ 


“ကျုပ်နဲ့သိတဲ့ မြို့စားတစ်ယောက်က ဒီကလေးကို ခေါ်ထားမယ်ပြောတယ်”


ဒါသည် မမှားပေ။ သူ့ဘဝတစ်လျှောက်လုံးမှာတောင်မှ သူသည် မြို့စားအီနစ်ရှိုနှင့် လျှို့ဝှက်တာဝန်ထမ်းဆောင်ရသည်ကို နှစ်သက်မည်သာဖြစ်သည်။ လောင်းကစားဘုရင်မွန်တင်းသည် ရယ်စရာတစ်ခုလိုသဘောထားပြီး ကျိတ်ပြုံးလိုက်သည်။ 


ဆာစီးနီယာသည် လောင်းကစားဘုရင်မွန်တင်းဘက်သို့ ခေါင်းလှည့်ကြည့်လိုက်သည်။ အချိန်တိုလေးအတွင်းမှာပင် ဆာစီးနီယာ၏ အနီရောင်မျက်ဝန်းထဲသို့ မချိတင်ကဲဝေဒနာတစ်ခု အရောင်ဖြာထွက်သွားရသည်။ 


“ဆာစီးနီယာ အရမ်းစိတ်မပူပါနဲ့”


ဘန်က ဆာစီးနီယာကို တုံ့ဆိုင်းခြင်းမရှိပဲ ပြုံးပြလိုက်သည်။


ဆာစီးနီယာက ဘန်ပြောလို့ စိတ်တည်ငြိမ်အောင်ထားလိုက်ပြီး လောင်းကစားဘုရင်မွန်တင်းကို မေးလိုက်သည်။ 


“ဘန်ကို မြို့စားဆီ ဘယ်တော့ပို့မှာလဲ”


“ဘန်”


ဘန်ဆိုတဲ့ နာမည်ကြားသည့်အခါမှာ လောင်းကစားဘုရင်မွန်တင်း၏ မျက်ခုံးသည် တွန့်သွားသည်။ ကျွန်ကိုတောင် သူမက နာမည်ပေးခဲ့ပုံရသည်။ လောင်းကစားဘုရင်မွန်တင်းသည် ရယ်ဖွယ်ရာတစ်ခုအနေနဲ့ ပြုံးရယ်လိုက်သည်။


“မနက်ဖြန်မနက်ကျရင် မြို့တော်ကို သွားရမှာပါ”


“မြို့စားမင်း…”


ဆာစီးနီယာ ချင့်ချိန်တွေးလိုက်သည်။ ‘သူမြို့စားမင်းဆီမှာ အလုပ်လုပ်ရင်း သာမာန်ဘဝလေးကို နေနိုင်မှာလား’ ဘန်ကို ဆောက်လုပ်ရေးမှာ အလုပ်လုပ်တာထက် အဲ့ဒီမှာဆို ပိုကောင်းမည်ဟု သူမ တွေးမိသည်။ လောင်းကစားဘုရင်မွန်တင်း၏ ရည်ရွယ်ချက်ကို မသိသည့် ဆာစီးနီယာသည် အနည်းငယ်စိတ်သက်သာရာရသွားလေသည်။ 


လောင်းကစားဘုရင်မွန်တင်းက လူးဝစ်ကို ခေါင်းညိတ်ပြကာ စေခိုင်းလိုက်သည်။ လူးဝစ်က ဆာစီးနီယာရှေ့မှာ ပိုက်ဆံထည့်ထားသောအိတ်ကြီးကို ချလိုက်သည်။


“စစ်ကြည့်လိုက်ပါ.. အဲ့ဒါ သျှီလင် ၃၀ မီလီယံပါ”


ဆာစီးနီယာ ယခုထိ သူမနှုတ်ခမ်းကို တင်းတင်းစေ့ထားခဲ့သည်။ နှုတ်ခမ်းကို အတင်းကိုက်ခဲထားမိလို့ မကြာခင်မှာတောင် သွေးထွက်လာနိုင်သည်။ 


လောင်းကစားဘုရင်မွန်တင်းသည် သူ့လက်နဲ့ ရိုက်လိုက်သည်။ သူ့မျက်စိရှေ့က ကျွန်မရှိတော့ရင် သူလိုချင်သလို လှုပ်ရှားတော့မည်ဖြစ်သည်။ 


“ကျွန်ကို မြေအောက်ခန်းကို အခုချက်ချင်းခေါ်သွားလိုက်”


လောင်းကစားဘုရင်မွန်တင်း၏အမိန့်ကျသည်နှင့် လူးဝစ်က ဘန်ရှိရာကို သွားလိုက်သည်။ ဘန်က လူးဝစ်အနားရောက်လာတာနဲ့ စိတ်မကောင်းဖြစ်မိပေမယ့် ဆာစီးနီယာကို တွဲထားတဲ့ သူ့လက်ကိုတော့ ဖြုတ်ချလိုက်သည်။ သူက တုံ့ဆိုင်းခြင်းမရှိပဲ သူ့လက်ကို တင်းတင်းဆုပ်ထားကာ ဆာစီးနီယာ၏ ခန္ဓာကိုယ်အပူချိန်ကို မှတ်မိအောင်လုပ်နေမိသည်။ 


မကြာမီမှာပဲ ကြမ်းပြင်မှာ ကုတ်တွယ်နေခဲ့တဲ့ ဘန်ရဲ့ခြေထောက်သည် ဖြည်းဖြည်းချင်း ရွေ့လျားသွားခဲ့သည်။ ဆာစီးနီယာလိုက်မပို့နိုင်မှန်းသိလို့ သူ့ဘာသာ အရင်ဆုံးထွက်သွားလိုက်သည်။ ဆာစီးနီယာ အဲ့လိုဖြစ်နေမှန်းသိလို့ လူးဝစ်နောက်ကိုပဲ မတုံ့ဆိုင်းတော့ပဲ လိုက်သွားလိုက်သည်။ သူသာ ဒီထက်ပိုပြီး လောဘကြီးမိလျင် ဆာစီးနီယာအတွက် စိတ်ငြိုငြင်စရာဖြစ်သွားလိမ့်မည်ဆိုတာ သူသိသည်။ ဘန်က လုံးဝ လှည့်မကြည့်တော့ပေ။ သူ့ရဲ့ မရိုးသားတဲ့ နှလုံးသားက ဆာစီးနီယာရဲ့ မျက်နှာကို တစ်ကြိမ်လောက်ထပ်ပြီး ဆုပ်ကိုင်ထားချင်မိမှာကို ကြောက်ရွံ့မိသည်။ 


‘သူ့အတွက်က မြို့စားနဲ့နေတာပဲ ပိုကောင်းပါတယ်…’


ဘန်ပျောက်ကွယ်သွားတာကို ကြည့်ရင်းနဲ့ ဆာစီးနီယာ၏ ခြေထောက်သည်လည်း တုန်ခါခြင်း ရပ်တန့်သွားခဲ့လေသည်။ ဒီလိုလုပ်လိုက်ခြင်းက သူတောင်မသိတဲ့ ကံကြမ္မာထဲမှာ ကြားဝင်ခံရတာထက် ပိုကောင်းပါသည်။ သူမသည် ကိုယ့်ဘာသာ နှစ်သိမ့်ဖို့ ကြိုးစားနေသည်။ ဘန်နဲ့ ဝန်ထမ်းလူးဝစ်က မြေအောက်ခန်းထဲ ဝင်သွားသည်နှင့် သူမ၏ အနီရောင်မျက်လုံးသည် ပြိုးပြိုးပြက်ပြက်ဖြစ်သွားကာ လောင်းကစားဘုရင်မွန်တင်းနှင့် သီးသန့်စကားပြောခြင်းအား စတင်လိုက်လေသည်။


“ဘာလို့ ငါ့ကို ရှာခဲ့တာလဲ”


လောင်းကစားဘုရင်မွန်တင်း၏ မျက်နှာသည် သူမရဲ့ ဟုန်းဟုန်းတောက်နေတဲ့ အကြည့်ကြောင့် တင်းမာသွားရသည်။


‘သူမ ဘယ်လိုသိတာလဲ’


ရုတ်တရက်မေးခွန်းမှာ သူသည် ဆွံ့အသွားခဲ့ရသည်။ သူမသည် သူ့ကို အချိန်မရွေး မီးလောင်တိုက်သွင်းတော့မည့်အလား စိုက်ကြည့်နေခဲ့သည်။ သူမရဲ့ အနီရောင်မျက်စံများကတောင် သူ့ရဲ့ ကျောရိုးကို ခိုက်ခိုက်တုန်လာစေသည်။


“ခင်ဗျား ဘာတွေပြောနေတာလဲ…”


လောင်းကစားဘုရင်မွန်တင်းသည် မသိချင်ယောင်ဆောင်ရမည့် အစီအစဥ်နှင့် တစ်သမတ်တည်း ပြုမူနေဆဲဖြစ်သည်။ သူမကို ဘာသက်သေမှမရှိခဲ့ဘူးလို့ ထင်ထားခဲ့ခြင်းလည်း ဖြစ်၏။ 


“လူတွေငှားပြီး ငါ့ကို ရှာခိုင်းတာ မသိဘူးများထင်နေလား”


 ဆာစီးနီယာက လောင်းကစားဘုရင်ရဲ့ အဓိပ္ပာယ်မရှိတဲ့ ဟန်ဆောင်မှုကို သရော်ကာ မေးလိုက်သည်။ 


“ကျုပ်-ကျုပ်က ခင်ဗျားကို ပိုက်ဆံပို့ပေးချင်ရုံပါ”


 လောင်းကစားဘုရင်မွန်တင်းက အလောတကြီး ဆင်ခြေပေးလိုက်သည်။ 


ဒါက ကောင်းတဲ့ဆင်ခြေဖြစ်လို့ စိတ်သက်သာရာရမိပေမယ့် သူမရဲ့ တောက်လောင်နေတဲ့မျက်လုံးတွေကတော့ မီးတောက်တွေ ဝန်းရံထားသည့်အလား ငြိမ်သက်နိုင်ခြင်းမရှိသေးချေ။


“ရူးကြောင်ကြောင်တွေ လာလုပ်ရင် အလွတ်ပေးမှာမဟုတ်ဘူးနော်”


ဆာစီးနီယာသည် ယခုအချိန်မှာ အလွန်ကို စိတ်မကြည်မလင်ဖြစ်နေလေသည်။ ဘန်ကို ရောင်းလိုက်ရတာကိုလည်း အပြစ်ရှိသလို ခံစားနေရဆဲဖြစ်၏။ သူမရဲ့ ခန္ဓာကိုယ်မှ အပူရှိန်တွေထွက်နေကြောင်းကိုတောင် သူမ မသိနိုင်ခဲ့။ သူမရဲ့ ခံစားချက်တွေ ပြင်းထန်လာတာနဲ့အမျှ အားကောင်းတဲ့ အပူချိန်တွေကလည်း သူမနားမှာ ပျံ့နှံ့နေခဲ့သည်။ လောင်းကစားဘုရင်မွန်တင်းသည် အမည်မသိတဲ့ အပူချိန်တစ်ခုက သူ့ရဲ့တစ်ကိုယ်လုံး ဖျစ်ညှစ်သွားသလို ခံစားလိုက်ရသည်။ 


‘ဒါက.. ပဟေဠိဆန်တဲ့စွမ်းအားတွေလား’ လောင်းကစားဘုရင်မွန်တင်းသည် သူမရဲ့ ကြောက်မက်ဖွယ်ကောင်းသော်လည်း စိတ်ဝင်စားစရာကောင်းသည့် ပုံစံကြောင့် တံတွေးမျိုချလိုက်ရသည်။ 


“ဟာ” ရုတ်တရက်ဝင်လာတဲ့ လူးဝစ်သည် ချစ်ချစ်တောက်ပူနေသောအပူရှိန်ကြောင့် ချောင်းဟန့်လိုက်ရသည်။ ကြည့်ရသည်မှာ ဒီရူးကြောင်ကြောင်မိန်းမသည် သူမ၏စွမ်းအားတွေကို သုံးဖို့ ကြိုးစားနေပြန်ပုံရသည်။ လူးဝစ်သည် ကြောက်ရွံ့မှုကြောင့် တုန်ယင်နေတဲ့ သူ့ခန္ဓာကိုယ်ကို တတ်နိုင်သမျှ ရပ်တန့်ဖို့ ကြိုးစားနေသည်။ သို့သော်လည်း လက်ခံရရှိကြောင်းပြေစာကို ဆာစီးနီယာထံ ကမ်းပေးချိန်မှာ သူ့လက်တွေသည် တုန်ယင်နေသေး၏။


“ကျေး-ကျေးဇူးပြုပြီး ဒီနေရာမှာ နာမည်နဲ့ လက်မှတ်ထိုးပေးပါဗျ…”


အချိန်ကြာမြင့်စွာ စိတ်ဒုက္ခရောက်နေခဲ့သော ဆာစီးနီယာသည် ပြေစာကို တိတ်ဆိတ်စွာ ကြည့်၍ ဘောပင်ကို ယူကာ အင်တင်တင်ဖြင့် လက်မှတ်ထိုးလိုက်လေသည်။ သူမ ဘန်ဆုပ်ကိုင်ထားခဲ့သောလက်ကို ငုံ့ကြည့်လိုက်သည်။ ထိုအချိန်ခဏလေးအတွင်းမှာပင် သူ့ရဲ့ ကိုယ်အပူချိန်သည် သူမအား တွယ်ငြိကွယ်ပျောက်သွားသောကြောင့် သူမရဲ့လက်လေးသည် အေးစက်သွားရသည်။ သူမသည် အရင်က ဘယ်သူ့လက်ကိုမှ မဆုပ်ကိုင်ခဲ့ဖူးသလို ခံစားရ၏။


‘ပြီးသွားခဲ့ပြီပဲ.. ငါသူ့ကို ပြန်ပို့ပေးခဲ့ပြီးပြီ’


ဒါသည် ပြီးသွားခဲ့ပြီးပြီဖြစ်၏။ သူမသည် သူ့ကို အဝေးသို့ ပို့ပေးခဲ့ပြီးပြီပင်ဖြစ်သည်။ ဆာစီးနီယာ သူမခြေထောက်နားက ပိုက်ဆံအိတ်ကို ကောက်ယူလိုက်သည်။ ပုံမှန်ဆို လွယ်လွယ်ကူကူသယ်ယူလို့ရမှာဆိုပေမယ့် ဒီနေ့တော့ သူမလက်ချောင်းတွေ ထုံကျင်နေသကဲ့သို့ သယ်ရတာ လေးပင်နေခဲ့သည်။ 


သူမရဲ့ ကျောပြင်ကိုကြည့်ပြီး လောင်းကစားဘုရင်မွန်တင်းသည် ညွှန်ကြားလိုက်သည်။


“သူမနောက်ကိုလိုက်”


လောင်းကစားဘုရင်ရဲ့ အမိန့်အရ ဆိုဖာနောက်မှာ ပုန်းနေရတဲ့ လက်အောက်ငယ်သားနှစ်ယောက်သည် ဆာစီးနီယာနောက်ကိုလိုက်ရန် ထွက်သွားကြသည်။ လောင်းကစားဘုရင်မွန်တင်းသည် လူးဝစ်ပေးတဲ့ ပြန်စာပေါ်က နာမည်ကို အတည်ပြုလိုက်သည်။ 


“ဆာစီးနီယာ…” 


တပ်မက်ခြင်းများ ပြည့်နေသောအသံသည် သူ့နှုတ်ဖျားမှ ထွက်သွားသည်။ သူမ၏လည်ပင်းသည် ဝတ်ရုံအောက်မှရှိနေပေမယ့် သူ့ဘက်ကကြည့်ရင် မြင်နိုင်သောကြောင့် သွေးများကို ပွက်ပွက်ဆူသွားစေသည်။ သူမကို ချက်ချင်းရှင်းထုတ်ဖို့ကြိုးစားပေမယ့် သူမကို ဆော့ကစားပြီးမှ ရှင်းထုတ်ရင်လည်း ပြဿနာရှိနိုင်မည်မဟုတ်။ သူ့အောက်မှာငိုနေမယ့် ဆာစီးနီယာရဲ့ ပုံစံကိုတွေးပြီး စိတ်လှုပ်ရှားနေလေ၏။


***


အိမ်သို့တန်းပြန်သွားသော ဆာစီးနီယာက ကြမ်းပြင်ပေါ်ကို ပိုက်ဆံထုတ်အား ပစ်ချလိုက်သည်။ 


“ဟား…”


သူမ အိပ်ရာပေါ် လဲချလိုက်လေ၏။ ပိုက်ဆံ၏ ပမာဏသည် မှန်လားမမှန်လားဆိုတာကိုတောင် မစစ်မိခဲ့ချေ။ အလွန်တရာမှ ကသိကအောက်ဖြစ်ပြီး စိတ်မချမ်းမသာဖြစ်ရ၏။ သူမကို စိတ်ချဖို့ပြောနေသော ဘန်ရဲ့အပြုံးတွေသည် သူမရဲ့နှလုံးသားကို အဆက်မပြတ် ညှင်းဆဲနေခဲ့သည်။ 


“ဟူး…”


သူမရဲ့ ဦးခေါင်းသည် ဆိုးရွားစွာ ကိုက်ခဲနေ၏။


“မြို့စားဆီမှာနေတာပဲ သူ့အတွက် ပိုကောင်းပါတယ်”


သူမရဲ့ဘေးမှာနေတာထက်စာရင်တော့ ပိုလုံခြုံသည်။ ဘန်ရဲ့ဘဝအတွက် သူမသည် တာဝန်မယူနိုင်သောကြောင့်ဖြစ်သည်။ သူမရဲ့ လုပ်ရပ်အတွက် မှန်ကန်ကြောင်းပြသဖို့ ရုန်းကန်ကြိုးစားခဲ့သည်။ သို့သော် သူမ မလုပ်နိုင်ခဲ့။


                                       “ဆာစီးနီယာ”


သူမကို ရင်းနှီးစွာခေါ်နေသောအသံသည် နားထဲမှာ တရစ်ရစ်ဝဲနေသည်။ 


                                      “ဟုတ် လှတယ်”


သစ်တော်သီးတွေပွင့်သလိုမျိုး ပြုံးရယ်နေတဲ့မျက်နှာသည် သူမရဲ့ခေါင်းထဲမှာ ရွေ့လျားနေခဲ့သည်။ ဆာစီးနီယာသည် ထပ်ပြီးမမှတ်မိဖို့အတွက် ကြိုးစားရင်း သူမ မျက်လုံးကို ပိတ်လိုက်လေသည်။ နောက်တစ်နေ့ကိုရောက်ဖို့အတွက် ညတာသည် အလွန်ရှည်လျားနေသလို ခံစားရ၏။


Xxxxxxxx