အပိုင်း ၁၅
Viewers 12k

Chapter 15


“အား…”


*ဘုန်း ဘုန်း*


မှောင်ပိန်းနေသောနေရာတွင် ရိုက်နှက်သံတွေက ပဲ့တင်ထပ်နေခဲ့သည်။ မြေအောက်ခန်းထဲတွင် မှိတ်တုတ်မှိတ်တုတ်လင်းနေသော မီးလုံးလေးသာ ထွန်းထားသည်။ 


“တော်တော့”


အမိန့်ထုတ်လာသည်နှင့် ဘန်ရဲ့ဗိုက်ကို သက်ညှာမှုမရှိ ကန်ကျောက်နေသောလူကြီးသည် ရပ်တန့်လိုက်သည်။


“အား…”


ခန္ဓာကိုယ်တစ်ခုလုံး လိပ်ခွေပြီး လဲကျနေသောဘန်သည် အသက်ကိုလုရှုနေရသည်။ လောင်းကစားဘုရင်မွန်တင်းသည် ဘန်ကို ရွံ့စရာပိုးကောင်တစ်ကောင်လိုသတ်မှတ်ပြီးကြည့်လိုက်ကာ သူ့ခြေထောက်နဲ့ အဝေးကို တွန်းထုတ်လိုက်သည်။


“အား”


သူ့ရဲ့ဗိုက်ကိုထပ်မံကန်လိုက်သောအခါ ဘန်သည် နာကျင်မှုကြောင့် အော်ဟစ်ပြီး အသက်ရှုရခဲယဥ်းလို့ ခွေကျသွားပြန်လေသည်။


“မင်းဘာတွေ့ခဲ့လဲဆိုတာ ငါ့ကိုပြော”


လက်နဲ့ခြေကို ကြိုးတုပ်ခံထားရသောဘန်သည် မလွန်ဆန်နိုင်သည့်အတွက် အသက်ကို ဖြည်းညင်းစွာ ရှုနေရသည်။ သို့သော်လည်း သူ့မျက်လုံးတွေသည် လောင်းကစားဘုရင်ကို စစ်မှန်သောဒေါသနှင့် အထင်သေးခြင်းများစွာဖြင့် ကြည့်နေလေသည်။


“ကျစ် မင်းခေါင်းမမာသင့်ဘူး.. ဘာပဲဖြစ်ဖြစ် ငါ့မျက်စိနဲ့ငါကိုယ်တိုင် တွေ့ရမှာပဲ”


လောင်းကစားဘုရင်မွန်တင်းက ဘောင်းဘီအိတ်ထဲမှ သူ့ရဲ့ လက်ကိုင်ပဝါကို ထုတ်လိုက်ပြီး ဘွတ်ဖိနပ်ထိပ်အား သုတ်လိုက်လေသည်။ ဖိနပ်နှင့် ဘန်ကို ထိသွားသည်မှာ ခဏတာလေးဆိုပေမယ့် ရွံ့နွံများကို ထိသွားသကဲ့သို့ပင်ဖြစ်သည်။


“မင်းမျက်နှာက အဖိုးတန်နေတာဆိုတော့ ငါမထိတော့ပါဘူး” 


လောင်းကစားဘုရင်မွန်တင်းသည် သုံးပြီးသောလက်ကိုင်ပဝါအား အောက်ချလိုက်သည်။ ဘန်က ဆာစီးနီယာနဲ့ တစ်ပတ်တောင် အတူနေခဲ့သည့်အတွက် သူမရဲ့ အစွမ်းနဲ့ပက်သက်ပြီး မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဘန်က စကားလုံးတစ်လုံးတောင် ထုတ်မပြောခဲ့။ သူမရဲ့ စွမ်းအားကို မသိရဘူးဆိုလျင် သင့်တင့်လျောက်ပတ်စွာ ပြင်ဆင်ဖို့နဲ့ တုံ့ပြန်ဖို့ကို လုပ်နိုင်မည်မဟုတ်ပေ။


မနက်ဖြန်မနက် မြို့စားအီနစ်ရှိုဆီကို ပို့မှာဆိုပေမယ့်လည်း သူ့ရဲ့ဒေါသများကို ဒီကျွန်အပေါ်ပုံချလိုက်မိသည်။ ဒါပေမယ့် ဘာမှမပြောပဲ နှုတ်ဆိတ်နေတဲ့အချက်ကိုတော့ သဘောမကျခဲ့ပေ။ နိမ့်ကျတဲ့ကျွန်က သူ့ကို ဘာအတွက်များ အဖြေမပေးနိုင်ရတာလဲ။


“နှုတ်ဆိတ်နေလို့ရော ဘာအကျိုးရှိမှာလဲ သူမက မင်းကို ပိုက်ဆံအတွက်နဲ့ ထားသွားခဲ့ပြီပဲကို”


ဘန်သည် သူ့ကို နိုးကြားနေစေသည့် ဒဏ်ရာကြောင့် ထိခိုက်နာကျင်နေရသည်ကိုလည်း မမှုတော့ပေ။


“... သူမကို မထိနဲ့” 


ဒဏ်ရာရနေတာတောင်မှ သူ့အသံဟာ တော်တော်လေးကို ခိုင်မာပြီး ခက်ထန်နေသည်။ ဒီပုံစံက သူ့စကားကို လျစ်လျူရှုထားမယ်ဆိုရင် လောင်းကစားဘုရင်ကိုတောင် သတ်ပစ်လိုက်နိုင်ပုံရပေမယ့်လည်း သူ့လက်နဲ့ခြေထောက်တွေဟာ ချည်နှောင်ခံထားရသည်။ သူ့ဆံပင်သူတောင် မထိနိုင်တဲ့အနေအထားမှာ သတိပေးစကားကို ရအောင်ပြောလိုက်သေးသည်။ ဒါက လောင်းကစာဘုရင်မွန်တင်းကို ရယ်မောစေ၏။


“ဟားဟားဟား.. ဒီပုံစံနဲ့ မင်းဘာလုပ်နိုင်မှာမို့လဲ”


ရယ်မောခြင်းရပ်သွားတဲ့ လောင်းကစားဘုရင်၏ မျက်လုံးသည် လောဘနှင့် တဏှာဖြင့် ချက်ချင်း ဖုံးလွှမ်းသွားလေသည်။


“မင်းပုံစံက ငါ့အတွက် သူမကို ပိုပြီး အရသာခံကြည့်ချင်စေလာတာပဲ”


လောင်းကစားဘုရင်သည် သူ့လျှာကိုသပ်လိုက်ပုံက ရက်စက်ကြမ်းကြုတ်သောမြွေနှင့်တူပြီး ထိုပုံစံက ဘန်ရဲ့ ကျောပြင်တစ်လျှောက်ကို ချမ်းစိမ့်လာစေသည်။ ဘန်က စိတ်ပူသွားတဲ့အတွက် သူ့မှာ ကျန်တဲ့ အားကုန်သုံးပြီး သူ့ခန္ဓာကိုယ်ကို ရွေ့လျားဖို့ လုပ်တော့သည်။ ဒါပေမယ့် လောင်းကစားဘုရင်ဘက်က ကြည့်တဲ့အခါမှာတော့ သူ့ပုံစံက တွန့်လိမ်နေတဲ့ တီကောင်နှင့် တူနေလေသည်။ 


“ဆရာ.. သူမ ဘယ်မှာနေလဲဆိုတာကို ကျွန်တော်တို့ ရှာတွေ့ခဲ့ပါပြီ” 


ဆာစီးနီယာနောက်ကို လိုက်သွားတဲ့ လက်အောက်ငယ်သားတစ်ယောက်သည် မြေအောက်လှေကားကနေ တက်လာရင်း ပြောသည်။


လောင်းကစာဘုရင်မွန်တင်းက ရယ်လိုက်သည်။ နောက်ဆုံးတော့ အားလုံးက သူ့အစီအစဥ်အတိုင်း ဖြစ်လာတော့မည်ပုံရသည်။


“ငါ့ကို လမ်းပြ”


“မဖြစ်ဘူး မဖြစ်ဘူး.. သူမကို မထိနဲ့”


လောင်းကစာဘုရင်က ထွက်ခွာဖို့ ပြင်လိုက်သည်နှင့် ဘန်က လျင်မြန်စွာနဲ့ သူ့ခန္ဓာကိုယ်ကို တွန့်လိမ်ရွေ့လျားလာသည်။ သူရွေ့လိုက်တိုင်းမှာ ခန္ဓာကိုယ်က နာကျင်နေ၏။ ဒါပေမယ့် သူ့နာကျင်မှုကို သူဂရုစိုက်ဖို့ အချိန်မရှိတော့။ ဆာစီးနီယာကို ဆံချည်တစ်မျှင်ကိုတောင် မထိစေဖို့အတွက် လောင်းကစာဘုရင်ကို တားမှဖြစ်မည်။


လောင်းကစာဘုရင်မွန်တင်း သူ့ဘွတ်ဖိနပ်ကို လာထိတဲ့ ဘန်ကို ငုံ့ကြည့်လိုက်သည်။ အခြေအနေက သူရောင်းစားခံလိုက်ရတုန်းကနဲ့ တခြားစီဖြစ်နေလေသည်။ သူ့ကို ဒီလိုပုံစံနဲ့ တွေ့ရသည်မှာ စိတ်ဝင်စားဖို့ကောင်းနေသည်။ သူ့ပုံစံက ကြောင်ရိုင်းလေးနဲ့ တူနေလေ၏။ ဘန်က လောင်းကစာဘုရင်ရဲ့ ခြေချင်းဝတ်ကို သူတတ်နိုင်သမျှ ကိုက်ဖို့အတွက် အခွင့်အရေးကို အရယူလိုက်သည်။


*ဘုန်း*


“အိုး ငါမင်းမျက်နှာကို မထိချင်ခဲ့ပါဘူး”


လေထုကို ဖြိုခွင်းလိုက်တဲ့အသံနဲ့အတူ ဘန်သည် ထောင့်မှာ လဲကျသွားလေသည်။ လောင်းကစာဘုရင်မွန်တင်းက ဘန်ရဲ့ မျက်နှာထက်က ခြစ်ရာများကို တွေ့ပြီး မျက်မှောင်ကြုတ်သွားလေသည်။ သို့သော် စိတ်တိုသွားသည့်အတွက် သူ့ခြေထောက်ကို အရင်ဖယ်ထုတ်လိုက်သည်။ သို့သော်လည်း ဖြစ်ပြီးသွားတဲ့အတွက် မြို့စားအီနစ်ရှိုကို ရှင်းပြရပေတော့မည်။


ကျွန်တွေကိုဆိုရင် နဂိုကတည်းက ဒေါသထွက်ပေါက်ရှာတတ်ကြလို့ သူ့မျက်နှာပေါ်မှာ အပြစ်အနာအဆာအသေးလေးတစ်ခုရှိနေတာကို ဘယ်သူမှ မေးမည်မဟုတ်။ လောင်းကစားဘုရင်မွန်တင်းသည် ရူးကြောင်ကြောင်နိုင်တဲ့ဘန်ကိုကြည့်ပြီး ခေါင်းခါလိုက်သည်။ 


“ကုန်လှောင်ရုံမှာ စောင့်ကြည့်နေကြ”


လောင်းကစားဘုရင်၏ ညွှန်ကြားချက်အရ သူ့ရဲ့ လက်အောက်ငယ်သားများသည် ခေါင်းငြိမ့်ပြီး အရိုအသေပေးလိုက်ကြသည်။ လောင်းကစားဘုရင်မွန်တင်းသည် သူ့အပြုံးကို မဖုံးကွယ်ထားပဲ မြေအောက်ခန်းလှေကားကနေ တက်သွားသည်။


“ခင်ဗျားကို သတ်ပစ်မယ်.. သူမကို မထိနဲ့”


သူ့အနောက်မှာတော့ ရမ်းကားပြီး ထင်ရာစိုင်းသလို ဒေါသတကြီးအော်နေတဲ့အသံတစ်ခုကျန်နေခဲ့ပေမယ့် ငွေကြေးလဲလှယ်ရာဌာနကနေ တုံ့ဆိုင်းခြင်းမရှိထွက်ခွါလာခဲ့သည်။ ဘန်ရဲ့သွေးများသည် ဆာစီးနီယာကို စိုးရိမ်ပူပန်ရမှုကြောင့် အပူတပြင်း စီးဆင်းနေခဲ့သည်။ သွေးများသည် သူ့လည်ချောင်းကနေ ဖြတ်ပြီးစီးဆင်းသွားလည်း သူဂရုမစိုက်။ ဒေါသကြောင့် နှုတ်ခမ်းကို ခပ်တင်းတင်းကိုက်ခဲထားမိသည်။ အားနဲ့ကိုက်ခဲမှုကြောင့် သွေးသည် သူ့နှုတ်ခမ်းကနေ ပေါက်ထွက်လာပြီး ငန်ကျိကျိအရသာသည် နှုတ်ခမ်းတစ်ဝိုက်မှာ ရစ်ဝဲနေခဲ့သည်။ ဘန်သည် ခိုကိုးရာမဲ့မှုကြောင့် တုန်ယင်နေခဲ့၏။


“ကျေးဇူးပြုပြီး ဆာစီးနီယာ…”


ဘန်က ဆာစီးနီယာ သူမရဲ့မှော်ပညာကို ထုတ်သုံးလို့ရမှန်းသိပေမယ့် သူမမှာ ဘယ်လိုစွမ်းအားတွေရှိလဲဆိုတာ အတိအကျ မသိခဲ့။ ဘန်က ဆာစီးနီယာကို သူမကိုသူမ ပြန်ပြီး ကယ်တင်နိုင်ပါ့မလားဆိုတာကို စိုးရိမ်နေမိသည်။ မျက်ရည်များသည် သူ့ပါးပြင်ပေါ်သို့ ဖြတ်စီးသွားသည်။ အားကိုးရာမဲ့နေတဲ့ ပြင်းထန်သည့် ခံစားချက်တွေက အနိုင်ယူရမည်ဆိုတဲ့အသိအဖြစ်သို့ ကူးပြောင်းသွားခဲ့သည်။ 


သူမက အန္တရာယ်တောထဲရောက်နေတာကိုသိပေမယ့်လည်း သူမကို မပြောပြနိုင်သလို အကူအညီလည်း မပေးနိုင်ဘူးဆိုတဲ့အချက်ကို မုန်းတီးမိသည်။


‘ကျေးဇူးပြုပြီး သူမဆီကို ဘာတွေမှဖြစ်မလာပါစေနဲ့.. လုံခြုံဖို့ မျှော်လင့်ပါတယ် ဆာစီးနီယာ’ ဘန်က ဆုတောင်းပြီး သူ့ကိုယ်သူ ကြိုးတုပ်ထားရာမှ လွတ်မြောက်ဖို့ ရုန်းကန်လိုက်သည်။ 


***


ငှက်လေးတွေရဲ့ ကျည်ကျည်ကျာကျာမြည်သံသည် သေးငယ်သောပြတင်းပေါက်မှတစ်ဆင့် လျော့ကျသွားသည်နှင့်အမျှ ရွှေရောင်နေလုံးကြီးသည် တိမ်ဝင်သွားပြီး အမှောင်ထုသည် ကျရောက်လာသည်။ မိုးရွာတော့မည်ဖြစ်လို့ အိမ်လေးထဲတွင် စိုထိုင်းနေ၏။ နေ့ဘက်မှာတော့ နေရောင်တောက်ပခဲ့ပေမယ့် လျှပ်စီးတွေလက်ပြီး အလင်းရောင်တွေ ပြိုးပြိုးပြက်ပြက်ဖြစ်ခဲ့ပုံက မသိရင် ကောင်းကင်ကြီးက သူမ ဘယ်လိုခံစားနေရလဲဆိုတာကို သိနေသလိုပင်။ 


ဆာစီးနီယာ အိပ်ရာထဲမှာ လှဲနေခဲ့သည်။ သူမသည် နာရီပေါင်းများစွာ ဒီအနေအထားအတိုင်း ရှိနေခဲ့ခြင်းဖြစ်သည်။ သူမကို မြင်တဲ့သူတိုင်းကတော့ ငြိမ်းငြိမ်းချမ်းချမ်းအနားယူနေပုံရတယ်လို့ထင်နိုင်ပေမယ့် သူမ နှလုံးသားကတော့ မောပန်းနွမ်းနယ်နေခဲ့သည်။ အသက်ရှုရင်းနဲ့ အလောင်းတစ်ကောင်လိုလဲနေတဲ့ သူမသည် လက်နှစ်ဖက်နဲ့ ခြောက်သွေ့နေသောမျက်နှာအား ပွတ်လိုက်သည်။


“ငါတကယ် ရူးသွားပြီပဲ”


ဆာစီးနီယာသည် ကောက်ကနဲ ထရပ်လိုက်သည်။ ဒီတိုင်းရပ်နေရင်းနဲ့လည်း ဘန်ကိုတွေးနေမိတဲ့အကြောင်းက သူမစိတ်ထဲကထွက်မသွားသေးသဖြင့် ပိုနာကျင်စေရသည်။


“လှုပ်ရှားရအောင်.. ငါ့ခန္ဓာကိုယ်ကို နည်းနည်းလှုပ်ရှားလိုက်ရင် ပိုကောင်းသွားမှာ”


သူမသာ တစ်ခုခုစားလိုက်မယ်ဆိုရင် သူမနှလုံးသားက နည်းနည်းတော့ ပြည့်နှက်သွားမှာပဲမလား။ သူမသည် မီးဖိုချောင်းသို့ တန်းတန်းမတ်မတ် ဦးတည်သွားလိုက်သည်။ မီးဖိုချောင်ထဲဝင်လိုက်သည်နှင့် မီးသွေးမီးဖိုပေါ်မှာ တင်ထားတဲ့ အိုးကို တွေ့လိုက်ရသည်။ အဲ့ဒီနေ့မနက်ကတည်းက ဘန်နဲ့အတူစားပြီး ကျန်တဲ့စွပ်ပြုတ်ကို ထည့်ထားသော အိုးဖြစ်သည်။ ဆာစီးနီယာ၏ ခြေလှမ်းများသည် ရပ်တန့်သွားခဲ့သည်။ သူမ ထိုအိုးကို ကြည့်နေရင်းက ပထမရက်က မှတ်ညဏ်များအား ပြန်လည်မြင်ယောင်လာရသည်။ သူမ မီးမွှေးနေတာကို ကြည့်နေတဲ့ ဘန်ရဲ့မျက်လုံးများသည် လင်းလက်နေခဲ့သည်။ 


                                   “ဆာစီးနီယာ”


ဆာစီးနီယာသည် သူမအနောက်မှ အသံကြားလို့ အံ့ဩသွားပြီး လှည့်ကြည့်လိုက်သည်။ ဒါပေမယ့် ဘယ်သူမှ သူမနာမည်ကို ခေါ်နေခြင်းမဟုတ်ခဲ့။ 


‘အခု နင်က စိတ်အာရုံတွေတောင် ထွေပြားနေပြီပဲ’


သူမ ကိုယ့်ကိုယ်ကို ပြန်တွေးမိနေတာတောင်မှ ရူးနေတယ်လို့ ထင်နေမိသည်။ သူမသည် စိတ်ကြည်လင်စေရန် ခေါင်းကို အားပါပါနှင့် ခါယမ်းလိုက်သည်။ ဒါပေမယ့်လည်း သူတို့အတူကုန်ဆုံးခဲ့တဲ့နေ့ရက်တွေဟာ သူမအရှေ့မှာ ပြဇာတ်တစ်ခုလို ပြသနေခဲ့သည်။ သူတို့အတူစားခဲ့တာတွေ၊ ခြံထဲမှာ အဝတ်အတူလှမ်းခဲ့တာတွေ၊ နာမည်ရတော့ သဘောကျလို့ ဖြစ်သွားတဲ့ သူ့မျက်နှာ၊ ပြီးတော့ သူတို့လက်တွေ ထိမိသွားတဲ့အချိန်မှာ အံ့ဩပြီးရှက်သွေးဖြာခဲ့တာတွေ၊ ထိုပုံရိပ်တွေအားလုံးက နွေးထွေးသောရောင်ခြည်ဖြင့် ကာရံကာ ပြသနေခဲ့သည်။ နွေးထွေးလွန်းလို့ သူမခန္ဓာကိုယ်မှာတောင် နွေးထွေးမှုကို ခံစားရလာသည်။


“ကျွန်တော့်ကို နာမည်ပေးပြီး ခေါ်ခဲ့တာဆိုလို့ ဆာစီးနီယာက ပထမဆုံးပဲ…”


အသံသည် သူမနားထဲမှာ ပဲ့တင်ထပ်သွားခဲ့သည်။ ဘန်က သူ့အတွက် ဒီမှာနေရာမရှိဘူးဆိုတဲ့အသိနဲ့ မျက်ရည်ကျနေပုံနှင့် ခါးသက်စွာပြုံးနေသောပုံရိပ်သည် ဆာစီးနီယာ၏ မျက်လုံးထဲမှာ မြင်ယောင်နေခဲ့သည်။ သူမရဲ့ နှလုံးသားတစ်ဖက်ခြမ်းသည် တဒိန်းဒိန်းတုန်မြည်နေခဲ့ပြီး တဒုတ်ဒုတ်နာကျင်ကိုက်ခဲနေခဲ့သည်။


“ဟ…”


ထို့နောက် နွေးထွေးသောမှတ်ညဏ်လေးများသည် ပျောက်ကွယ်သွားခဲ့ပြီး ဘာမှမရှိတဲ့အိမ်အလွတ်လေးကသာ သူမကို ကြိုဆိုနေခဲ့သည်။ လေးလံသောအစိုင်အခဲသည် သူမရဲ့ရင်ဘတ်ပေါ်သို့ ရောက်ရှိလာခဲ့သည်။ အခုတော့ သူမက တကယ်ပဲ တစ်ယောက်တည်းပါပဲလားဆိုတဲ့အချက်ကို ရှင်းလင်းစွာနားလည်သဘောပေါက်သွားရသည်။ ဆာစီးနီယာသည် သူမရဲ့နှုတ်ခမ်းကို အားပြင်းစွာ ကိုက်လိုက်သည်။ သူမရဲ့ လက်သီးဆုပ်ထားသောလက်မှ အရွတ်များသည် ဖောင်းပွလာခဲ့သည်။ သူမရဲ့ တဇွတ်ထိုးနိုင်သောနှလုံးသားသည် အစိတ်စိတ်အမြွှာမြွှာပြန့်ကျဲသွားတာ ကြာခဲ့ပြီဖြစ်သည်။ သူမရဲ့ အနည်းငယ်တုန်ယင်နေသော သူငယ်အိမ်သည် အပြစ်ရှိမှုများနှင့် စွန်းထင်းလျက် ဖြည်းဖြည်းချင်းပွင့်ကာ ပြန်ပိတ်သွားခဲ့သည်။ 


ဆာစီးနီယာသည် လျင်မြန်စွာဖြင့် ပြန်လှည့်ပြီး သူမအခန်းထဲသို့ ဦးတည်သွားလိုက်သည်။ သူမ ဘန်ကို ပြန်ခေါ်ဖို့ လိုအပ်သည်။ နောက်မှ ခေါင်းဖြတ်သတ်ခံရသည်ဖြစ်စေ၊ မြှားတစ်စင်းက သူမခန္ဓာကိုယ်ကို ထိုးဖောက်ခံရသည်ဖြစ်စေ ဘန်ကို ပြန်ခေါ်ပြီး အခုချက်ချင်းတွေ့ဖို့ လိုအပ်သည်။ 


ဆာစီးနီယာခန္ဓာကိုယ်ထဲရောက်ရှိပြီးကတည်းက ဘန်ကသာ အထီးကျန်နေတဲ့ သူမကို နွေးထွေးမှုတွေ ပေးခဲ့သူဖြစ်သည်။ ဘယ်သူမှမရှာတဲ့ ဒီအိမ်လေးထဲမှာ သူတစ်ယောက်ကသာ ဧည့်သည်ဖြစ်ခဲ့ပြီး သူမဘေးမှာ နေခဲ့တဲ့ တစ်ဦးတည်းသောသူငယ်ချင်းလည်းဖြစ်ခဲ့သည်။


သူမရဲ့ဘဝတစ်လျှောက်လုံးမှာ နောင်တရမနေချင်တော့။ အရူးတစ်ယောက်လို မှတ်ညဏ်တွေကို ပြန်လည်တမ်းတနေမယ့်အစား နှစ်ယောက်လုံးအတူတူရှိနေက ပိုကောင်းသည်။ အထီးကျန်တဲ့ခံစားချက်က ဘယ်လောက်ဆိုးလဲဆိုတာကို အားလုံးထက် သူမ ပိုသိသည်… အဆုံးထိ သူမတစ်ယောက်တည်းသာရှိနေလိမ့်မည်ဆိုတာ သိခဲ့သည်။ တစ်ယောက်တည်းသေသွားရမယ့်ဘဝက ဘယ်လိုလဲဆိုတာ သူမ သိခဲ့သည်။ ဇာတ်လမ်းက အခုထိ စတောင်မစရသေးပေမယ့် သူမကကြောက်ရွံ့ပြီး ထွက်ပြေးနေခဲ့မိသည်။ ဒါသည် မိုက်မဲတဲ့ ရွေးချယ်မှုသာဖြစ်၏။


“သေစမ်း” ကျိန်ဆဲမှုက သူမရဲ့မိုက်မဲမှုကြောင့် နှုတ်မှ ပွင့်အံလာခဲ့သည်။


ကျွန်တစ်ယောက်ဖြစ်တဲ့ဘန်က မြို့စားဆီမှာ ရောင်းစားခံရလည်း အဆင်ပြေလိမ့်မည်မဟုတ်။ သူမရဲ့စိတ်ကို ငြိမ်းအေးစေရန် ထိုသို့တွေးလိုက်သည်။


‘ငါစိတ်မကောင်းဖြစ်တယ်.. အဲ့ဒါကြောင့် ဘန်ကို ဘယ်လိုမျက်နှာချင်းဆိုင်ရမလဲမသိဘူး’ 


ဆာစီးနီယာရဲ့ ခြေလှမ်းတွေသည် အရှိန်မြှင့်နေခဲ့သည်။ သိချင်စိတ်ထဲမှာ နစ်မြုပ်လိုက်ဖို့အတွက် အချိန်မရခဲ့ခြင်းဟာ နှမြောစရာပင်ဖြစ်သည်။ အခုမှ သူမ စိတ်ရင်းနဲ့တောင်းပန်လည်း သူက အသိအမှတ်ပြုမှာမဟုတ်တော့။ ထို့ကြောင့် သူမကိုတွေ့ရင် တောင်းပန်ရမည်ဖြစ်သည်။


ဆာစီးနီယာသည် အခန်းထဲဝင်လိုက်ပြီး ပိုက်ဆံထည့်ထားသောအိတ်ကိုကောက်ယူကာ ပြန့်ကျနေသော ဝတ်ရုံကိုပါ ယူလိုက်သည်။ သူမစိတ်ကိုပြင်ဆင်ပြီးသည်နှင့် လုပ်ရပ်တွေမှာ တုံ့ဆိုင်းခြင်းမရှိတော့။


သူမ ပိုက်ဆံကိုပြန်ပေးတော့မည်။ လောင်းကစားမှာ သူမရဲ့ ကံကြမ္မာကို သုံးဖြုန်းပြီးကတည်းက ဘာပိုက်ဆံမှမကျန်တော့ပေမယ့် သူမရဲ့ခြေလက်တွေက အကောင်းတိုင်းရှိနေသေးသည့်အတွက် တစ်နည်းနည်းနဲ့ ပြန်လည်ရယူနိုင်မည်သာဖြစ်သည်။ သူမသည် ပြင်ဆင်ပြီး အခန်းထဲမှ ထွက်လာခဲ့လိုက်သည်။ လောင်းကစားဘုရင်က မနက်ဖြန်မနက် မြို့တော်ကိုသွားမည်ဟုပြောသည့်အတွက် အခုဆိုရင် အရမ်းနောက်မကျလောက်သေး။


ဘန်ရဲ့မျက်နှာမှာ ခြစ်ရာတွေထပ်ဖြစ်နေမှာကို ဆာစီးနီယာသည် စိုးရိမ်မိသည်။ အလျင်လိုစွာဖြင့် သူမသည် တံခါးလက်ကိုင်ဖုကို ပြုတ်ထွက်သွားအောင် ကြမ်းတမ်းစွာ ဖွင့်လိုက်သည်။ 


“ဟေး ဘယ်သွားချင်လို့လဲ” 


မဖိတ်ခေါ်ထားတဲ့ဧည့်သည်က သူမကို ကြိုဆိုလိုက်သည်။


Xxxxxxxx