အပိုင်း ၁၆
Viewers 12k

Chapter 16


''ဒီလူက ဘယ်လိုလုပ် ရောက်လာတာလဲ…"


မဖိတ်ကြားဘဲ ရောက်လာသောဧည့်သည်ဖြစ်‌သည့် လောင်းကစားဘုရင် မွန်တင်း နှင့် နောက်လိုက် ၄ ယောက်ကို ဆာစီးနီယာ တွေ့လိုက်ရသည်။လေးယောက်ထဲမှ နှစ်ယောက်မှာ အနက်ရောင် ၀တ်ရုံကို ၀တ်ထားသည်။ တစ်ယောက်မှာ ငွေလဲလှယ်ရေးကောင်တာမှ ဝန်ထမ်းဖြစ်ပြီး ကျန်တစ်ယောက်မှာမူ အမည်မသိသူဖြစ်ကာ ဓားရှည်တစ်ချောင်း ကိုင်ဆောင်ထား၏။


'ဒါဆို သူတို့က ငါ့နောက်ကို လိုက်လာကြတာပေါ့…' 


ဆာစီးနီယာ သည် မျက်မှောင်ကြုတ်၍ ထိုလူအုပ်ကို ကြည့်လိုက်သည်။


 " အေးဆေးပေါ့…ဧည့်သည်ကို ဒီလိုမျိုး ဘယ်ဆက်ဆံလို့ရမလဲ…"


 "ရှင် ဘာတွေ လာပြောနေတာလဲ…"


"ဟားဟားဟား…မင်းကလည်း ‌ဖြည်းဖြည်းပေါ့…ငါတို့မှာ အချိန်အများကြီးရှိပါတယ်… ဒါကြောင့် အိမ်ထဲဝင်ပြီး စကားပြောရအောင်…" 


"ရှင် ဘယ်ကို ဝင်လာတာလဲ…"


အိမ်ထဲဝင်တော့မည့် လောင်းကစားဘုရင် ကို သူမ ပြင်းပြင်းထန်ထန် တွန်းထုတ်လိုက်သည်။


လောင်းကစားဘုရင်က ယုတ်မာစွာ ပြုံးလိုက်ကာ မေးလိုက်သည်။


 "အဲ့ဒီကျွန်ကို မတွေ့ချင်ဘူးလား…"


 "ဘန် ဘယ်မှာလဲ…"


"သိချင်ရင် ငါ့ကို ဧည့်သည်လို ဆက်ဆံလေ… ငါမရှိတော့ရင် မင်း သူ့ကို တွေ့ရမှာ မဟုတ်ဘူး…"


ထို့နောက် လောင်းကစားဘုရင် မွန်တင်း သည် သူမအား တွန်းထုတ်ပြီး အိမ်ထဲ ဝင်သွားခဲ့သည်။ အလင်းရောင်တစ်ချက်မှ မရှိဘဲ အမှောင်ကျသွားသော အိမ်ထဲကို လှမ်းကြည့်လိုက်ရင်း သူ့မျက်နှာမှာ ခါးသီးရှုံ့မဲ့သွားရသည်။ ဤအိမ်သည် အပြင်ပန်းတွင် သာမန်အိမ်နှင့်တူသော်လည်း အတွင်းထဲ ဝင်ကြည့်လိုက်သောအခါ အိမ်ဟုပင် မခေါ်ထိုက်ပေ။ ထို့နောက် သူသည် အိမ်သစ်တက်ပွဲသို့ တက်လာသလိုမျိုး အိမ်ပတ်ပတ်လည်ကို အေးအေးဆေးဆေး ကြည့်ရှုလိုက်သည်။ 


"ကျွန်မ ပိုက်ဆံပြန်ပေးမှာမို့ ဘန် ကို ပြန်ထည့်ပေးပါ…" 


လောင်းကစားဘုရင် မွန်တင်း သည် ပိုက်ဆံအိတ် ကိုင်ထားသော ဆာစီးနီယာ ကို စိုက်ကြည့်နေသည်။ သူထင်ထားသည်ထက် ပိုက်ဆံပြန်ရဖို့ရာ ပိုလွယ်နေ၏။ ထို့နောက် သူက သူ့လက်အောက် ငယ်သားများကို အမြန်ခေါ်လိုက်ရာ သူတို့က ပိုက်ဆံအိတ်ကိုယူပြီး တံခါးရှေ့မှာ ရပ်လိုက်ကြသည်။


"ဒီကျွန်ကို ဘာလို့ အရမ်းဂရုစိုက်နေတာလဲ…"


လောင်းကစားဘုရင် မွန်တင်း က ရယ်ကာမောကာ ပြောလိုက်သည်။သူ့အတွက် သူမတို့နှစ်ယောက်၏ စိတ်ခံစားချက်ကို လားလားမျှပင် ဂရုထားစရာမလိုပေ။ရယ်စရာပိုကောင်းသည်က သူတို့နှစ်ယောက်လုံး ယခုလို အခြေအနေမျိုးမှာပင် သူတို့ကိုယ်သူတို့အစား တခြားတစ်ယောက်ကိုသာ တွေးပူပေးနေကြခြင်းပင်။  


 "ထပ်ပြောလိုက်စမ်း…"


ကျယ်လောင်လှသော သူမ အော်သံသည် အခန်းအတွင်း ပဲ့တင်ထပ်စွာ ပေါ်ထွက်လာရသည်။ ဆာစီးနီယာ၏ နီရဲသော မျက်လုံးများသည် အမှောင်ထဲတွင် တောက်ပလာသည်။ ထိုမျက်လုံးတို့ကို သတိပြုမိသောအခါ လောင်းကစားဘုရင် မွန်တင်း က ပြုံးပြီး လေချိုသွေးရန် ကြိုးစားသော်လည်း နောက်ဆုံးတွင် အပူရှိန်ကို ခံစားလိုက်ရသောအခါ သူ့အပြုံးတို့ ပျောက်ကွယ်သွားရချေသည်။ 


လောင်းကစားဘုရင် မွန်တင်း သည် ရုတ်တရက် လေထုပြောင်းလဲလာရသဖြင့် ထိတ်လန့်သွားကာ ဆာစီးနီယာ ကိုပြန်ကြည့်လိုက်သည်။ အမှောင်ထဲတွင် ဆာစီးနီယာ ၏မျက်လုံးများသည် မီးသီးထွန်းထားကဲ့သို့ အနီရောင် တောက်ပနေသည်။


လောင်းကစားဘုရင် မွန်တင်း သည် အေးစက်နေသော သူမအကြည့်ကို မြင်လိုက်ရသော် ခြေလှမ်း ဆုတ်သွားလေသည်။ 


"ရှင် ပြောချင်တာ ဒါပဲလား…" 


သူမ၏ မျက်နှာသည် တင်းမာနေသော်လည်း သူမ အသံမှာ မြှားတံထိပ်ဖျားကဲ့သို့ စူးရှထက်မြက်နေသည်။ သူမအသံနှင့်အတူ အမှောင်ထုထဲတွင် အနီရောင်မီးခိုးများ ဖွားကနဲ ပေါ်လာသည်။ 


လောင်းကစားဘုရင် မွန်တင်း သည် ဖုံးကွယ်၍ မရတော့အောင်ပင် အံ့အားသင့်သွားပြီး မေးရိုးမှာလည်း အောက်ပြုတ်ကျလုနီးပါးပင်။


ထိုခဏတွင် ဆာစီးနီယာ ၏ခန္ဓာကိုယ်မှ အနီရောင်မီးခိုးများမှာ ကြယ်မှုန်များကဲ့သို့ တလက်လက် တောက်ပလာခဲ့သည်။ မီးခိုးငွေ့တို့ အခန်းထဲ ပြည့်လာသည်နှင့်အမျှ အခန်းကလေးသည် မီးလောင်ကျွမ်းသလိုပင်။


လောင်းကစားဘုရင် မွန်တင်း အာခြောက်လာသဖြင့် တံတွေးတစ်ချက်မျိုချလိုက်သည်။ ယခုတော့ သူ စကားပြောမှားသွားမှန်း သိလိုက်ရချေပြီ။သူ အနေခက်လာပြီး အင်္ကျီအပေါ်ကြယ်စေ့ကို ဆွဲဖြည်လိုက်သော်လည်း အချည်းနှီးသား ဖြစ်ပြီး သူ့ခန္ဓာကိုယ်ထဲက ရေဓာတ်တို့ အငွေ့ပျံနေသလို ခံစားရလေသည်။


"ဟား…"


လောင်းကစားဘုရင် မွန်တင်း သည် အသက်ပြင်းပြင်းရှူကာ သူ့လူများကို ခေါင်းညိတ်ပြလိုက်သည်။ ပထမဆုံးအနေနှင့်  ပိုက်ဆံကို လုံခြုံအောင် ယူထားရမည်ဖြစ်သည်။ သူ့လက်အောက်ငယ်သား တစ်ယောက်က မျက်နှာရိပ် မျက်နှာကဲသိစွာ အခန်းထဲမှ အမြန်ထွက်ပြေးသွားလေ၏။ ပိုက်ဆံအိတ် အပြင်ရောက်သွားသောအခါ လောင်းကစားဘုရင် မွန်တင်း က အမိန့်ပေးလိုက်သည်။


 "သူမကို ဖမ်း…" 


ဆာစီးနီယာ ၏ စွမ်းအားကို အတိအကျ မသိသော်လည်း မဖြစ်မနေလှုပ်ရှားရပေမည်။


ချက်ချင်းပင် လောင်းကစားဘုရင် ငှားရမ်းထားသော လူသတ်သမားသည် ဓားရှည်ကိုဝင့်ကာ ဆာစီးနီယာ ဆီ ပြေးလာသည်။အပြင်တွင် ရပ်နေကြသည့် ကျန်လူများကလည်း အိမ်ခန်းအတွင်းမှ အပူကို ခံစားမိလာသဖြင့် တံခါးဖွင့်ရန် ကြိုးစားကြတော့သည်။


 


*ဘုန်း…*


ဆာစီးနီယာ အကြည့်တစ်ချက်ဝင့်လိုက်ရာ တံခါးမှာ ဘုန်းကနဲ ပိတ်သွားရသည်။ လူသတ်သမားသည် သူမဆီ အပြေး လာနေစဉ် တံခါးပိတ်သံကြောင့် ခြေလှမ်းရပ်သွားရသည်။ တံခါးပိတ်လိုက်သဖြင့် အခန်းတွင်း အပူသည် ချက်ချင်းပင် နှစ်ဆခန့် မြင့်တက်လာရ၏။


" ဘာလုပ်နေကြတာလဲ.အခုချက်ချင်းဝင်လာခဲ့…"


လောင်းကစားဘုရင် မွန်တင်း သည် အသက်ရှူရခက်နေသလိုဖြစ်လာကာ ကုန်းအော်လိုက်သည်။ သူမ ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ၊ သူမ တစ်ယောက်တည်း ယောက်ျားငါးယောက်ကို နိုင်မည်မဟုတ်ချေ။


ဘာပဲဖြစ်ဖြစ် သူမက အားနွဲ့တဲ့ မိန်းမသားပဲလေ။


သို့သော်လည်း ပိတ်ထားသော တံခါးက ပွင့်မလာဘဲ တံခါးအပြင်မှ အော်ဟစ်သံတို့ ထွက်ပေါ်လာသည်။ 


လောင်းကစားဘုရင် ၏ မျက်နှာသည် ပြာနှမ်းသွားရသည် ။


 'သူမကဘာလဲ…တစ်ချက်ကြည့်လိုက်ရုံနဲ့ သူမ တံခါးကို ဘယ်လိုပိတ်လိုက်တာလဲ… ပြီးတော့ ဒီစောက်သုံးမကျတဲ့ အကောင်တွေကလည်း တံခါးဖွင့်မယ့်အစား ဘာလို့ အော်နေကြတာလဲကွာ… အပြင်မှာ ဘာဖြစ်နေတာလဲ…"


လောင်းကစားဘုရင်  ကြောက်စိတ်ကြောင့် အနည်းငယ် တုန်လှုပ်သွားရသည်။ သူမက သူထင်ထားသည်ထက် စွမ်းအားပိုကြီးနေသည်။ သူက လူသတ်သမား ခေါ်လာသော်လည်း ထိုလူပင် အကြပ်ရိုက်နေပုံရ၏။


"ဟူး…ငါ သူမ ကို သတ်ရမလား…" 


သို့သော် သူ၏ ကြံ့ခိုင်မှု‌နှင့် ကိုယ်ဟန်အနေအထားကြောင့် မတုန်လှုပ်အောင် ဟန်ဆောင်ထားသည်။


လူသတ်သမား စဉ်းစားနေစဉ် လောင်းကစားဘုရင် က သူ့ကို အမိန့်ပေးလာသည်။


 "သတ်ပစ်…"


မူလအစီအစဉ်မှာ ဆာစီးနီယာ ကိုဖမ်းထားကာ သူမကို အရက်မူးအောင်တိုက်ပြီး သတ်ပစ်ရန် ဖြစ်သည်။ သို့သော် ယခုအခြေအနေကြောင့် မဖြစ်နိုင်တော့ပေ။ သူ တွေဝေနေစဉ်တွင် လောင်းကစားဘုရင်၏ အော်သံကြောင့် အသိပြန်ဝင်လာရ၏။


* * * 


လွန်ခဲ့သောမိနစ်အနည်းငယ်က…


လောင်းကစားဘုရင် မွန်တင်း၏ လက်အောက်ငယ်သားနှစ်ဦးနှင့် လူးဝစ် တို့သည် အခန်းအပြင်ဘက်တွင် မတ်တပ်ရပ်စောင့်နေခဲ့သည်။ တံခါးရုတ်တရက် ပိတ်သွားသောအခါ သူတို့ အံ့ဩသွားရပြီး လောင်းကစားဘုရင် မွန်တင်း မှာထားည့်အတိုင်း စလိုက်ကြသည်။ သူတို့ထဲမှ တစ်ယောက်က တံခါးလက်ကိုင်ကို အားပြင်းပြင်းဖြင့်လှည့်၍ တံခါးကိုဖွင့်လိုက်သည်။


 "အား…"


လက်အောက်ငယ်သား တစ်ယောက်က တံခါးလက်ကိုင်ကို ကိုင်လိုက်ရာ အော်ဟစ်ပြီး မြေပြင်ပေါ် လဲကျသွားလေသည်။ထိုအခါ သူ့လက်ထဲက ပိုက်ဆံအိတ်မှာလည်း အဝေးသို့ လွင့်စင်ထွက်သွားရသည်။ သူ့လက်ကိုလည်း မီးလာဟပ်သွားသဖြင့် အပူရှိန်က သူ့အရိုးထဲကို စိမ့်ဝင်သွားသောကြောင့် ကြမ်းပြင်ပေါ်မှာ လူးလှိမ့်နေလေ၏။


 "အား…ငါ့လက်…" 


နီမြန်းနေသော သူ့လက်ကို ကြည့်ရင်း နာကျင်စွာ ညည်းတွားနေသည်။ ဒဏ်ရာအကွဲထဲသို့ ပိုးသတ်ဆေး လောင်းထည့်လိုက်သလို နာကျင်ကိုက်ခဲနေရ၍ မီးဖုတ်ထားသည့် သံချောင်းကို ကိုင်ထားသလို ခံစားရလေသည်။ 


အခြေအနေ တစ်ခုလုံးကို စောင့်ကြည့်နေသော လူးဝစ်သည် သရဲတစ္ဆေ မြင်လိုက်သလို တုန်လှုပ်သွားသည်။ ငွေလဲလှယ်ရေးကောင်တာတွင် သူအလုပ်လုပ်စဉ်က တွေ့ခဲ့ရသော စွမ်းအားအတိုင်းပင် မျက်ဝါးထင်ထင် တွေ့နေရလေပြီ။


 "ဒါဘာလဲ…" 


သူ့လုပ်ဖော်ကိုင်ဖက်၏ လက်တွင် မီးလောင်ဒဏ်ရာများကို မြင်သောအခါ ဒုတိယ လက်အောက်ငယ်သား၏ မျက်နှာပေါ်တွင် ကြောက်ရွံ့မှုတို့ ပေါ်လာရသည်။ 


 "မင်းတို့ ဘာလုပ်နေကြတာလဲ…အခုချက်ချင်းဝင်လာခဲ့…"


အိမ်ထဲမှ ထွက်လာသော လောင်းကစားဘုရင် မွန်တင်း ၏အမိန့်ကြောင့် ဒုတိယလူမှာ တုံ့ဆိုင်းသွားရသည်။ သူငယ်ချင်း ဖြစ်သူကို စိုးရိမ်နေသော်လည်း အမိန့်ကို မလွန်ဆန်ဝံ့သဖြင့် တံခါးကို ဆောင့်ကန်ထည့်လိုက်သည်။ သို့သော် တံခါးချပ်မှာ ရွေ့မသွားဘဲ တံခါးကိုထိသော သူ့ဖိနပ်တစ်ဖက်သာ အရည်ပျော်သွားရသည်။ 


"အားဟား…"


 ဒုတိယလူကလည်း အားကနဲအော်ကာ အမြန်ပြန်ဆုတ်လိုက်၏။ 


"ဒါဘာလဲ…"


သူ့ဖိနပ်အောက်ခံက အရည်ပျော်လာပြီး တံခါးချပ်မှာ သွားကပ်နေသဖြင့် ဖိနပ်မှာ ကျွတ်ထွက်မလာပေ။


 'သစ်သားတံခါးက ဘယ်လိုဖြစ်ရတာလဲ…'


သတ္တုကဲ့သို့ အရာများကိုပင် အရည်ပျော်နိုင်သော အပူရှိန်ရှိသော်လည်း ထူးဆန်းစွာပင် မီးမလောင်နေပေ။သူက ကပ်နေသည့် ဖိနပ်ကို ဆွဲခွာသော်လည်း အချည်းအနှီးပင်။


 အချိန်ကြာလာသည်နှင့်အမျှ ဖိနပ်ကြီးသည် ရော်ဘာနံ့ထွက်လာပြီး တဖြည်းဖြည်း အရည်ပျော်လာသည်။ အပူဒဏ်ကြောင့် ဖိနပ်မှာ  တဖြည်းဖြည်း ပုံပျောက်သွားရသည်။


"အား…"


 


ဒုတိယလူမှာ အလွန်ကြောက်ရွံ့နေသဖြင့် အမြန်ဆုတ်ခွာဖို့ ကြိုးစားနေ၏။ သူ့ဖိနပ်ကို ချွတ်လိုက်ပြီး ခြေဗလာဖြင့် ထော့နဲ့ထော့နဲ့ ပြန်ဆုတ်လာကာ စူးစူးဝါးဝါး ထအော်လေသည်။ 


"အဲဒီမိန်းမက စုန်းမ... မဟုတ်ဘူး… မကောင်းဆိုးဝါးမ ပဲ…"


Xxxxxxx