အပိုင်း ၁၇
Viewers 12k

Chapter 17


ထိုအချိန်တွင် အိမ်ထဲ၌ လူသတ်သမားသည် သူ့ဓားကိုရွယ်ကာ ဆာစီးနီယာ ဆီ ထိုးသွင်းလိုက်သည်။


လရောင်အောက်တွင် ငွေရောင်ဓားက တဖျပ်ဖျပ်ဖျပ် ခတ်လာသောအခါ ဆာစီးနီယာ ကိုယ်ကို အသာ တိမ်းလိုက်သည်။ထိုကဲ့သို့ နူးညံ့သိမ်မွေ့လှသော သူမ၏ ကိုယ်ဟန်ကလေးသည် အတင်း ပြေးလာနေသော လူသတ်သမားကို ရှက်ရွံ့သွားစေသည်။ ဓားသည် လေထဲတွင်သာ တရွှမ်းရွှမ်း အသံထွက်လာပြီး သူမ ဆံပင်တစ်ချောင်းကိုတောင် မထိနိုင်ပေ။ 


"မင်း ဘာလုပ်နေတာလဲ… မိန်းမတစ်ယောက်ကိုတောင် မနိုင်ဘူးလား…"


လောင်းကစားဘုရင် မွန်တင်း ၏ အော်သံကြောင့် လူသတ်သမားသည် ဓားကို ထပ်မံ ထိုးသွင်းလိုက်ပြန်သည်။ သူ့ထက် နှစ်ဆငယ်သည့် အမျိုးသမီးတစ်ယောက်အတွက် ထိုဓားချက်ကို ရှောင်နိုင်မည်မထင်ပေ။ထို့ကြောင့် သူမ ရှောင်နိုင်လျှင် ကံ့ကောင်း၍ သို့မဟုတ် တိုက်ဆိုင်မှုသာ ဖြစ်ချေသည်။


ချွင်…ချလွမ်


လူသတ်သမား၏ ဓားသည် ကရုဏာမဲ့စွာ ဆက်လက် ခုတ်နေခဲ့သည်။ 


ဆာစီးနီယာ သည် ဓါးကို အသာအယာတိမ်းရှောင်နေသည်မှာ လူသတ်သမားကို လှောင်ပြောင်နေသလိုပင်။ထိုသို့သက်တောင့်သက်သာနှင့် တိမ်းရှောင််နေစဉ်မှာပင် သူမ နှုတ်ခမ်းပေါ်တွင် အပြုံးတစ်ခုရှိနေခဲ့သည်။ 


နောက်ဆုံးတွင် လူသတ်သမားသာ အရှက်ကွဲရချေပြီ။ သူသည် လေးလံလွန်းသော ဓားရှည်ကြီးကို အကြိမ်ပေါင်းများစွာ ထိုးခုတ်နေသော်လည်း သူမ၏ အဝတ်စကလေးကိုပင် မထိသွားပေ။


 'ဒီမိန်းမက ဘာလဲ…' 


လူသတ်သမားက ဓားချက်များကို အသာကလေး တိမ်းရှောင်နေသာ သူမကို ကြည့်ကာ အံ့အားသင့်နေမိ၏။


သူက ဆာစီးနီယာ ကို စိုက်ကြည့်ရင်း ရင်ဘတ်ကြီးပါ မောက်လာအောင် အသက်ပြင်းပြင်း ရှူလိုက်သည်။ အခန်းတွင်းရှိ အပူချိန်သည် အလွန်မြင့်မားကာ ပူပြင်းလာသောကြောင့် အတော်မောပန်းနေရသည်။ 


လူသတ်သမားနှင့် ဆန့်ကျင်ဘက်ဖြစ်သူ ဆာစီးနီယာမှာ တုန်လှုပ်ခြင်းအလျဉ်းမရှိဘဲ မတ်မတ်ရပ်နေသည်။


 'ငါထင်ထားတာထက် ပိုအံ့သြစရာကောင်းတယ်…' 


ဆာစီးနီယာ စိတ်ထဲမှ အံ့သြသွားရသည်။ဝတ္ထုထဲမှ ဆာစီးနီယာ သည် ယောက်ျားများစွာကို အနိုင်တိုက်နိုင်သည်ကို သူမ သိသော်လည်း ဤမျှလောက် အစွမ်းထက်မည်ဟု မမျှော်လင့်ထားပေ။ အမြန်ရောက်လာသည့် ဓားချက်များကို ဤမျှ မြန်မြန်နိုင်လိမ့်မည်ဟု သူမ မတွက်ဆမိ။ သူမ၏ သွက်လက်မှုနှင့် အမြင်အာရုံသည် စစ်သူရဲကောင်းများထက် ကျော်လွန်နေသည်။ သူမ၏ စွမ်းအားကို ထပ်မံသိရှိလိုက်သောအခါ စိတ်လှုပ်ရှားမှုတို့သည် ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားလေသည်။


 "မင်း ဘာလုပ်နေတာလဲ…ငါ့ပိုက်ဆံကိုယူထားရင် ငါ ခိုင်းတာ လုပ်ရမှာပေါ့…"


လောင်းကစားဘုရင် မွန်တင်း သည် လူသတ်သမားကို ငှားရမ်းရန် ငွေအမြောက်အမြား ပေးခဲ့သော်လည်း မိန်းကလေးတစ်ယောက်ကိုပင် နိုင်အောင်မတိုက်နိုင်၍ စိတ်ပျက်သွားမိသည်။ တစ်ချိန်တည်းမှာပင် အကြောက်တရားက သူ့စိတ်ကို လွှမ်းမိုးလာသည်။ သူသည် နာမည်ကြီး လူသတ်သမားကို ငှားထားသော်လည်း ကူကယ်ရာမဲ့ ဖြစ်နေရခြင်းပင်။ထို့ပြင် တပည့်တပန်းများစွာ‌ ခေါ်လာသော်လည်း အချည်းနှီးသာ ဖြစ်ချေ၏။


 "ဒါပဲလား…"


ဆာစီးနီယာ က ခေါင်းကိုစောင်း၍ မထီမဲ့မြင် ပြောလိုက်သည်။ သူမကို သတ်တော့မလို အမြန်ပြေးလာသော်လည်း တစ်ကယ်မခုတ်နိုင်သဖြင့် သူမလည်း ငြီးငွေ့လာရသည်။ 


"ဒီ မိန်းမ…"


လူသတ်သမားသည် စော်ကားလိုက်သော သူမ စကားကို ကြားသောအခါ ဒေါသထွက်လာပြီး သူမဆီ ပြေးလာပြန်၏။ ကျသွားသော သူ့မာနကို ပြန်အဖတ်ဆည်ရန် သူမကို မရရအောင် သတ်ပစ်မည်ဟုလည်း သူ့ကိုယ်သူ ကတိပြု‌လိုက်သည်။


ဆာစီးနီယာ သည် တရှူးရှူး ဒေါသထွက်ကာ ကြံရာမရဖြစ်နေသော လူသတ်သမားကို ရင်ဆိုင်ရန် စိတ်လှုပ်ရှားနေမိသည်။ ထိုခဏတွင် ဓားရှည်သည် သူမ ခန္ဓာကိုယ်ကို ထိလုနီးပါးဖြစ်သွားရသည်။သူမသည် ဓားရှည်ကို ရှောင်နိုင်သော်လည်း ရည်ရွယ်ချက်ရှိရှိ သူ့ကို ကျီစယ်ခြင်း ဖြစ်သည်။ 


ထို့ကြောင့် ဆာစီးနီယာ ကို မထိုးမိဘဲ လေကိုသာ ခွင်းမိသွားသော လူသတ်သမားသည်  မျက်နှာနီရဲလာအောင် ဒေါသထွက်လာသည်။ 


“ရား…"


ဒေါသထွက်နေသော လူသတ်သမားသည် ဓားကို ဆာစီးနီယာ ဆီ ပစ်ပေါက်လိုက်သည်။သို့သော် ဆာစီးနီယာ သည် သူ့ဓားကို မျက်စိမှိတ်၍ပင် ရှောင်ပြလိုက်သောကြောင့် ထိုသူ ဒေါသထွက်လာပြန်သည်။ 


ဆာစီးနီယာ သည် သူမဆီသို့ ပြေးလာသော ဓါးကို ရှောင်လိုက်ပြီး သူ့လက်ကောက်ဝတ်ကို ချုပ်ထားလိုက်သည်။


“အား…"


ဆာစီးနီယာ သည် အချိန်အတော်ကြာကစားရသည်မှာ ငြီးငွေ့လာသဖြင့် ဓားကိုင်ထားသည့် လူသတ်သမား၏ လက်ကောက်ဝတ်ကို အားဖြင့် အတင်းဆုပ်ထားသည်။ ချက်ချင်းပင် အသားကင်နံတစ်ခုက အခန်းထဲ ပျံ့လွင့်လာသည်။


 "အား… ပူတယ်…"


 ချလပ်..


လူသတ်သမားသည် အပူဒဏ်ကြောင့် တုန်လှုပ်သွားပြီး သူ ကိုင်ထားသည့်ဓားကို လွှတ်ချလိုက်သည်။


ဆာစီးနီယာ သည် ကြမ်းပြင်ပေါ် ပြုတ်ကျသွားသော ဓားကို စိုက်ကြည့်နေသည်။


 'ငါ့ကိုများ ဒီဓားနဲ့ထိုးဖို့ ကြိုးစားရတယ်လို့…'


သူမသည် ဓားကို ကန်ထုတ်လိုက်ပြီး လူသတ်သမားကို ဂုတ်မှဆွဲကာ ကိုင်ပေါက်လိုက်သည်။


 *အင့်...ဘုန်း*


ကြမ်းပြင်ပေါ်သို့ ကိုင်ပေါက်ခံရသော လူသတ်သမားသည် ချက်ချင်း မေ့လဲသွားသည်။ထို့ပြင် သူ့ကိုယ်နှင့် ထိမိသွားသော ပျဉ်ချပ်များဖြင့် ပြုလုပ်ထားသည့် ကြမ်းပြင်မှာ အက်ကွဲထွက်သွားသည်။


 "ဟင့်အင်း…"


လူသတ်သမား မေ့လဲသွားသည်ကိုကြည့်ရင်း လောင်းကစားဘုရင် မွန်တင်း ထိတ်ပျာသွားရသည်။


 "ဘန် ဘယ်မှာလဲ…" 


နောက်ဆုံးတွင် အခန်းထဲ၌ သူတို့နှစ်ယောက်သာ ကျန်တော့သည်။ 


ဆာစီးနီယာ သည် လောင်းကစားဘုရင်ကို လှည့်ကြည့်ရင်း ပြောလိုက်သည်။


လောင်းကစားဘုရင် မွန်တင်း သည် ညသန်းခေါင်အချိန်တွင် သူ့လက်အောက် ငယ်သားများနှင့်အတူ သူမဆီ ရောက်လာခဲ့သည်။ထိုစဉ်က သူ့အကြံကို သူမလည်း မသိသေးပေ။


 'ငါ့ရဲ့ စွမ်းအားကို နည်းနည်း ထိန်းထားရမယ်…' 


ဆာစီးနီယာ အတတ်နိုင်ဆုံး ဒေါသကို ချုပ်ထိန်းကြည့်သော်လည်း လူသတ်သမားကိုခေါ်လာပြီး ပိုက်ဆံကိုပါ ယူသွားသဖြင့် သည်းခံစိတ်တို့ ပျောက်သွားရခြင်းသာ။


 "မင်း ငါ့ကိုသတ်ရင် ကျွန်ဘယ်မှာရှိတယ်ဆိုတာ မင်းဘယ်တော့မှ သိမှာမဟုတ်ဘူးနော်…"


လောင်းကစားဘုရင် မွန်တင်း သည် ကျဉ်းထဲကြပ်ထဲရောက်နေပြီး ကယ်သူမဲ့နေသလို ဖြစ်နေသည်။ ထို့ကြောင့် သူက ကြောက်စိတ်ပြေရန် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ထို့အပြင် ဆာစီးနီယာ ၏အကြည့်ကလည်း သူ့ခန္ဓာကိုယ်ကို ပြာဖြစ်သွားမတတ်ပင် စူးရှအားပြင်းလှချေ၏။


 


လောင်းကစားဘုရင် က ဟန်ပါပါ ပြော‌လိုက်ေသာအခါ ဆာစီးနီယာ သူ့ကို အရှင်လတ်လတ် မီးရှို့ပစ်ချင်သဖြင့် တစ်ကိုယ်လုံး တဆတ်ဆတ်တုန်နေသည်။


 'ဘာလို့ သူ့ကို သတ်နေရမှာလဲ...' 


သူမသည် ပုရွက်ဆိတ်များကိုပင် သတ်ချင်စိတ် မရှိသောကြောင့် လောင်းကစားဘုရင် ကို ဘာ‌ကြောင့်သတ်ချင်စိတ် ဖြစ်လာရသည်ကို နားမလည်နိုင်ဖြစ်နေသည်။ထိုစိတ်မှာလည်း သူမစိတ်ထား မဟုတ်ပေ။ သူမ စိတ်ကို သူမ,ပိုင်သော်လည်း၊ သူမ၏ခန္ဓာကိုယ်သည် ဆာစီးနီယာ နှင့်သက်ဆိုင်သောကြောင့် ဆာစီးနီယာ ၏ ဗီဇသည် ရှောင်လွှဲထား၍မရပေ။ 


မျှော်လင့်ထားသည့်အတိုင်း ဤအင်ပါယာရှိ တစ်ဦးတည်းသော လူဆိုးမ၏ ဗီဇပင်။


 'ငါ လူသတ်ချင်စိတ်ကို မတားဆီးနိုင်ပါလား…'


ဆာစီးနီယာ သည် စွမ်းအား သုံးမိသွားမည်စိုး၍ လက်နှစ်ဖက်ကို တင်းတင်းကျပ်ကျပ် ကိုင်ထားလိုက်သည်။ သူမသည် လက်နှစ်ဖက်ကို အချင်းချင်းယှက်၍ ဆုပ်ကိုင်ထားသောကြောင့် သူမ၏ လက်သီးများတွင် သွေးလည်ပတ်မှုပါ ရပ်သွားမလိုပင် ဖြစ်နေသည်။


'စိတ်အေးအေးထား…ငါကလူပဲ…သားရဲတိရစ္ဆာန် မဟုတ်ဘူး…' 


သူမသည် တစ်စုံတစ်ယောက်ကို သတ်ပစ်လိုက်လျှင် နောက်ဆုံး လည်ဖြတ်သတ်ခံရမည် ဖြစ်သည်။ မူရင်းဝတ္ထုကဲ့သို့ ဆာစီးနီယာ ၏ အကျင့်ဗီဇဖြင့်နေထိုင်ပါက အဆုံးတွင် သူမ,သေရလိမ့်မည်။ယခုလည်း သူမ၏ လက်ရှိဆန္ဒသည် ဝတ္ထုထဲက Cersinia လို အဖြစ်မျိုးဆီ တွန်းပို့သွားမည်ဖြစ်သည်။ ဆန္ဒကို အနိုင်မယူနိုင်ဘဲ လောင်းကစားဘုရင် ကိုသတ်ပစ်ပါက သေမင်းနှင့် ခြေတစ်လှမ်းပိုနီးလာမည်ဖြစ်သည်။ သူမသည် မိမိကိုယ်ကို နှစ်သိမ့်ကာ သတ်ချင်စိတ်ကို ထိန်းချုပ်ထားလေသည်။ 


လောင်းကစားဘုရင် မွန်တင်း သည် ဆာစီးနီယာ  တွေဝေနေသည်ကို မြင်လိုက်သာအခါ ပိုင်ပြီဟုတွေး၍ ကောက်ကျစ်စွာ ပြုံးလိုက်လေ၏။သူမ စိတ်လျှော့လိုက်ပြီဟု ထင်သဖြင့် ရှေ့ကို ခြေတစ်လှမ်းတိုးလိုက်သည်။


"အဲ့ဒီကောင်က မင်းခန္ဓာကိုယ် အလှအပကို သိပ်ကြိုက်ပုံပဲ…"


 "ဘာ…" 


"သူ အရိုက်ခံရတုန်းကတောင် မငိုဘဲ မင်းကို စိတ်ပူလို့ ငိုနေတယ်လေ…"


ဆာစီးနီယာ ၏ အသက်ရှူသံသည် တစ်ဖန် ပြင်းရှလာပြန်သည်။ သူမ၏ နီရဲနေသော မျက်လုံးများသည် ကမ္ဘာပေါ်ရှိ အခြားသော အနီရောင်များထက်ပင် ပိုနီရဲနေသည်။


လောင်းကစားဘုရင် မွန်တင်း သည် အမှောင်ထုထဲတွင် သူမ၏ အနီရောင်မျက်လုံးများကို မြင်ရသော် အရိုးထဲအထိ ကြောက်စိတ်များ ဝင်လာရသည်။သူ့စိတ်က သူမအနားမှ ထွက်ပြေးရန် နှိုးဆော်နေသော်လည်း သူ့ခြေထောက်များက ရွှေ့မရဘဲ ဖြစ်နေသည်။


ဆာစီးနီယာသည် သူမ၏ မူလဗီဇကို ထိန်းမနိုင် သိမ်းမရ ဖြစ်လာပြီး စိတ်လွတ်သွားကာ လက်သီး ဆုပ်လိုက်ပြီး  လေပေါ်မြှောက်လိုက်ရာ  မီးတောက်တစ်ခု ပေါက်ကွဲထွက်လာရသည်။


 ဘုန်း…


ကျယ်လောင်သော ပေါက်ကွဲသံသည် နားထဲမှသွေးထွက်လာမတတ် ကျယ်လောင်လှသည်။ ဆာစီးနီယာ ၏ ခန္ဓာကိုယ်မှ ထွက်လာသော ပူပြင်းသော မီးတောက်များသည် မီးပင်လယ်ဖြစ်လာပြီး ဆူနာမီကဲ့သို့ အခန်းထဲ ပျံ့နှံ့သွားသည်။ ထိန်းမနိုင်သိမ်းမရဖြစ်နေသော မီးတောက်၊မီးလျှံများသည် လှိုင်းလုံးကြီးများကဲ့သို့ ကြီးမားသော မီးတောက်များအဖြစ်သို့ ပြောင်းလဲသွားသည်။ အိမ်ကလေးသည် လျှင်မြန်စွာ မီးပင်လယ်ကြီး ဖြစ်လာသည်။ 


"ဟာ…"


အခန်းအပြင်ဘက်တွင် ရပ်နေသူများသည် ပေါက်ကွဲသံကြားရပြီး ပြတင်းပေါက်မှန်များ ကွဲလာသောအခါ မြေပြင်ပေါ်  ဝပ်လိုက်ကြသည်။ တခဏအတွင်းမှာပင် မီးခိုးများ ပြည့်နေသည့် အခန်းထဲမှ အနက်ရောင်မီးခိုးများ ထွက်ပေါ်လာပြန်သည်။ သူတို့ မျှော်ကြည့်လိုက်သောအခါ ကွဲနေသော ပြတင်းပေါက်မှန်များမှတစ်ဆင့် အနီရောင်မီးတောက်များကို မြင်လိုက်ကြသည်။


လူးဝစ်သည် သူ့ရှေ့မှ မြင်ကွင်းကို အိမ်မက်ဟု ထင်သွားသော်လည်း နှာခေါင်းထဲသို့ မီးခိုးငွေ့များ ဝင်လာမှသာ လက်တွေ့မှန်း နားလည်သွားရသည်။ အိမ်ထဲမှ အခြေအနေသည် ဆိုးရွားလှသည်။ အနက်ရောင် မီးခိုးငွေ့များသည် မြွေကြီးတစ်ကောင် ပါးစပ် ဟ,လိုက်သကဲ့သို့ မှောင်မိုက်နေသော ညကောင်းကင်ယံကို လွှမ်းခြုံသွားရသည်။ 


လူးဝစ်သည် အိမ်နှင့်အတော်အလှမ်းဝေးသောနေရာတွင် ဝပ်နေခြင်း ဖြစ်သော်လည်း အပူဒဏ်ကို ခံစားနေရသည်။


 "ဟ...ဘယ်လိုဖြစ်တာလဲ…"


မြေပြင်ပေါ် ဝပ်နေသော လက်အောက်ငယ်သားများသည် တုန်လှုပ်သွားကာ မီးလောင်နေသော အခန်းကို ကြည့်နေကြသည်။


လောင်းကစားဘုရင် မွန်တင်း  အိမ်ထဲတွင် ရှိနေသော်လည်း မီးတောက်များက ကြီးမားလှသဖြင့် ဘယ်သူမှ ကယ် စကားမပြောကြပေ။


 * * * 


"ငါ့ကိုကယ်ပါ…ကယ်ကြပါဦး…"


လောင်းကစားဘုရင် မွန်တင်း သည် မီးခိုးငွေ့ကြောင့် မျက်ရည်များ စိုရွှဲလျက် ငိုယိုနေသည်။ မီးတောက်များသည် သစ်သား ကြမ်းပြင်ကို ဖုံးလွှမ်းထားကာ လွတ်မြောက်ရန် နေရာမရှိတော့။ 


"အားဟား…" 


လောင်းကစားဘုရင် မွန်တင်း သည် သူ့အဆုတ်ကို ထိုးဖောက်ဝင်ရောက်လာသော မီးခိုးငွေ့များကို မရပ်မနား ဟပ်ထုတ်ရင်း ဟစ်အော်လိုက်သည်။  


'ဒီမီးထဲကနေ ငါ ဘယ်လို ရုန်းထွက်ရမှာလဲ…'


မီးတောက်များသည် အရှိန်ပြင်းလာပြီး နေရာအနှံ့ ပျံ့နှံ့သွားသည်။ 


လောင်းကစားဘုရင် မွန်တင်း ၏ တွေးခေါ်နိုင်စွမ်းတို့ ဆုံးရှုံးရချေပြီ။ သေခြင်းတရားနှင့် ရင်ဆိုင်ရသောအခါ သူ ထိတ်လန့်တုန်လှုပ်လျက်ရှိ၏။


"အား…ပူတယ်…" 


မီးတောက်တို့က သူ့ခြေထာက်နှစ်ချောင်းကြားကို ဖြတ်၍ တက်လာကြသည်။ သူ့ဘောင်းဘီသည် အနက်ရောင်ပြာများ အဖြစ်သို့ လျင်မြန်စွာ  ပြောင်းလဲပြီး ပျောက်ကွယ်သွားသည်။ ဆာလောင် မွတ်သိပ်နေသောမီးတောက်များသည် သားကောင်ကိုစောင့်ဆိုင်းနေသော သားရဲကဲ့သို့ အခွင့်အရေးကို လက်လွတ်မခံပေ။ သူ့ဘောင်းဘီကို ဝါးမြိုလိုက်သည့် မီးတောက်များသည် ဗိုက်ပြည့်သေးဟန်မတူဘဲ သူ့ခန္ဓာကိုယ်အတွင်းကိုပါ တူးဆွနေကြပြီ ဖြစ်သည်။


Xxxxxxxx