Chapter 18
"အား…ငါ့ကိုကယ်ပါ…ကယ်ကြပါ"
လောင်းကစားဘုရင် မွန်တင်း အသနားခံသော အကြည့်များဖြင့် အော်ဟစ်နေသည်။ မီးတောက်များက သူ့ကို မုန်တိုင်းတစ်ခုလို လွှမ်းခြုံထားပြီး သူ့အရေပြားမှာလည်း မီးလောင်နေသည်။
"ကျေးဇူးပြုပြီး ငါ့ကိုကယ်ပါ"
လောင်းကစားဘုရင် မွန်တင်း သည် ပြင်းထန်သော နာကျင်မှုနှင့်အတူ အသက်ရှုကြပ်သလို ပြာနှမ်းသွားရကာ ဆောင့်ကြောင့်ထိုင်ချလိုက်သည်။ သူ့ခြေထောက်များမှာ ချက်ချင်းပင် မီးကျွမ်းသွားပြီး မဲတူးနေ၏။
"ငါ မှားသွားပါတယ်...ကျေးဇူးပြုပြီး…ကယ်ပါ"
သူ သနားစရာကောင်းအောင် ညည်းတွားနေသော်လည်း ကယ်သူမရှိပေ။ မြင်ကွင်းကို ပိတ်ဆို့နေသော မီးတောက်ကြီးများကြားတွင် ဆာစီးနီယာ ကို သူမြင်နေရသည်။ သူမသည် ဤငရဲမှ လွတ်မြောက်ရန် တစ်ခုတည်းသော မျှော်လင့်ချက်ပင်။
လောင်းကစားဘုရင်က ဆာစီးနီယာ ဆီ လက်လှမ်းလိုက်သည်။
"ငါ ဒီဝေဒနာကနေ လွတ်မြောက်ချင်တယ်…ငါ့အမှားတွေအားလုံးကို ဝန်ခံပြီး မင်း စိတ်ကျေနပ်အောင် လုပ်ပေးပါ့မယ်…ငါ့ကို ကယ်ပါ"
သို့သော်လည်း ဆာစီးနီယာ မှာ တုတ်တုတ်မျှပင် မလှုပ်သဖြင့် လောင်းကစားဘုရင် မွန်တင်း ၏လက်သည် ကြမ်းပြင်ပေါ် ခိုကိုးရာမဲ့ ပြုတ်ကျသွားသည်။ သည်းမခံနိုင်သော ဝေဒနာကြောင့် တဖြည်းဖြည်း သူ သတိလစ်ချင်သလို ဖြစ်လာသည်။
"ဟား…"
လောင်းကစားဘုရင်က ပါးစပ်ကိုဟ,ကာ အသက်ရှူထုတ်လိုက်ပြီး ပူလောင်နေသော ရင်ဘတ်ကို ဖိကိုင်ထားသည်။
"ကယ်…"
အဆက်မပြတ် နာကျင်လာခြင်းကြောင့် သူ စကားကို ဆုံးအောင်မပြောနိုင်တော့ပေ။
စိတ်ပျက်စရာကောင်းလှသည့် ဤအခြေအနေမှာတောင် ဆာစီးနီယာ သူ့ကို လစ်လျူရှူထားဆဲပင်။
ဘုန်း…
ထိုအသံနှင့်အတူ လောင်းကစားဘုရင် မွန်တင်း ၏ ခန္ဓာကိုယ်သည် ကူကယ်ရာမဲ့ ရှေ့သို့ ငိုက်ကျသွားသည်။
ဆာစီးနီယာ သည် မျက်မှောင်ကြုတ်ထားရာမှ ပြေလျော့သွားရသော်လည်း အနီရောင် ဆံနွယ်များမှာ မီးတောက်များလို တဖျပ်ဖျပ် လွင့်ခါဆဲပင်။
စောစောက အိမ်ကလေးသည် အရာအရာကို ဝါးမြိုသွားလောက်အောင်ပင် ကြီးမားသော မီးတွင်းကြီးတစ်ခု အဖြစ် ပြောင်းလဲသွားခဲ့သည်။ ခဏအကြာတွင် မီးတောက်များသည် ကြောင်ရှေ့ရောက်သွားသော ကြွက်တစ်ကောင်လို အားနည်းစ,ပြုလာသည်။
ဆာစီးနီယာ သည် ရက်စက်စွာပြုံးလိုက်ပြီး သူမရှေ့တွင် လဲကျနေသူတို့ကို စူးစူးဝါးဝါး စိုက်ကြည့်နေသည်။ထူးဆန်းစွာပင် ဆာစီးနီယာ သည် မှော်အစွမ်းကို အသုံးပြုပြီးကတည်းက စကားတစ်ခွန်းမှ မဆိုသေးဘဲ ရယ်မော၍သာ နေသည်။
အနက်ရောင်မီးခိုးတို့ ဖုံးလွှမ်းနေသည့် အခန်းထဲ၌ အနီရောင်ဆံပင်တို့ လွင့်ခါနေရင်း အော်ရယ်နေသော မိန်းမတစ်ယောက်မှာ အမှန်တစ်ကယ် ရင်ထိတ်စရာ ကောင်းလှတော့သည်။
"ဟူး…"
ဆာစီးနီယာ သည် မီးခိုးငွေ့တို့ကြောင့် မွှန်ထူလာရကာ လေကို ဖူးကနဲ မှုတ်ထုတ်လိုက်သည်။ မီးတောက်များကို သူမ ထိန်းချုပ်နိုင်သော်လည်း အဆုတ်ထဲ ဝင်လာသော မီးခိုးများကို သူမ မထိန်းချုပ်နိုင်ပေ။
မကြာမီ သူမ၏ မျက်ဝန်းများ ပုံမှန်အတိုင်း ပြန်ဖြစ်လာသည်။ မီးတောက်များထက် နီရဲနေသော သူငယ်အိမ်များမှာ နေဝင်ချိန်လို ပုစွန်ဆီရောင်သန်းလာသည်။
"အဟွတ်…အဟွတ်"
သူမ ချောင်းဆိုးနေစဉ် ဝေ့ဝဲကြည့်လိုက်ရာ ရှေ့က အနက်ရောင် မီးခိုးလုံးကြီးနှင့် မီးတောက်များကို တွေ့လိုက်၍ အံ့ဩသွားရလေသည်။
"ဟာ…သေစမ်း"
တိုးညှင်းစွာ ညည်းတွားလိုက်ရင်း သူမ မျက်နှာမှာလည်း ရှုံ့မဲ့သွားရသည်။ မူလ ဆာစီးနီယာ၏ အကျင့်ဗီဇကို ဘယ်လိုမှ မထိန်းနိုင်မှန်း သူမ သိလိုက်ကာ သူမ စိတ်ထဲမှာလည်း အနက်ရောင် ကင်းဗတ်စတစ်ခုလို မှောင်မိုက်သွားသည်။
သူမ သတိပြန်ဝင်ကာ မျက်လုံးဖွင့်လိုက်သောအခါတွင် ထိတ်လန့်စရာကောင်းသော မြင်ကွင်းက ပြန်ပေါ်လာသည်။
ဒါက ငါ့ဆန္ဒမဟုတ်ဘူး… ဆာစီးနီယာ ရဲ့ ခန္ဓာကိုယ်ထဲမှာ ကျန်နေသေးတဲ့ အကျင့်ဗီဇပဲ…
သူမ စိတ်နှင့် ခန္ဓာကိုယ်သည် မူလပိုင်ရှင်၏ ဗီဇကြောင့် ယိမ်းယိုင်သွားခဲ့ရပေပြီ။
ရက်စက်ကြမ်းကြုတ်တဲ့ စုန်းမကြီး…
သနားညှာတာမှုမရှိ၊ အကြောင်းပြချက်မရှိ လူသတ်တတ်တဲ့ လူဆိုးမကြီး…
အစက သူမ အတတ်နိုင်ဆုံး ထိုဗီဇကိုချိုးနှိမ်ရန် ကြိုးစားသော်လည်း လောင်းကစားဘုရင်၏ စကားကြောင့် သတိလက်လွတ်သွားခဲ့ရခြင်းပင်။
ထို့နောက် သူမ စိတ်ကို ပြန်စုစည်းလိုက်ကာ မျက်ရည် ခြောက်အောင် သုတ်ရင်း ဘေးပတ်ပတ်လည်ကို ကြည့်လိုက်ရာ တုန်လှုပ်သွားရချေ၏။
မျက်နှာကျက်ထိ ရောက်နေသော မီးတောက်ထဲတွင် လူနှစ်ယောက် လဲနေသည်ကို သူမမြင်လိုက်ရသောအခါ တစ်ကိုယ်လုံး အေးစက်သွားရသည်။
"သေများ သေသွားပြီလား"
သူမ နှလုံးခုန်ပါ မြန်လာရသည်။
သူမ ဘယ်တော့မှ လူမသတ်ကြောင်း ကျိန်ဆိုခဲ့ဖူးလေသည်။
သို့သော် ယခုမူ…
တစ်ဆက်တည်းပင် သူမ လည်ပင်းကို ထိုးဖောက်လိုက်သော သံမြှားတစ်စင်း၏ ပုံရိပ်သည် စိတ်ထဲ ပေါ်လာရပြန်၏။ သူမ မိုက်ကနဲ မူးဝေလာရပြီး ကျောပါ အေးစိမ့်သွားရသည်။
"မသေလောက်ပါဘူး"
မျှော်လင့်ချက်မဲ့နေသော်လည်း သူမ ကောက်ရိုးတစ်မျှင်ကို လက်လွှတ်မခံချင်သေးပေ။
ဆာစီးနီယာက မီးတောက်များကြားသို့ လျင်မြန်စွာ လက်ကို ဆန့်ထုတ်လိုက်ရာ မီးပင်လယ်ကြီးသည် တဖြည်းဖြည်း ငြိမ်းသက်စပြုလာသည်။ထို့နောက် သူမသည် မည်းတူးနေအောင် မီးလောင်ခံထားရသော လောင်းကစားဘုရင် မွန်တင်း ကို လက်တစ်ဖက်တည်းဖြင့် ဆွဲခေါ်လာသည်။ထို့အပြင် နေရာတွင် လဲနေသော လူသတ်သမားကိုလည်း ခေါ်လာကာ တံခါးဆီ လျှောက်လာခဲ့သည်။
*ဘုန်း*
ဆာစီးနီယာ က တံခါးကို ဆောင့်ကန်လိုက်ရာ မီးလောင်ထားသော တံခါးချပ်မှာ ပြုတ်ကျသွားသည်။
"ဟာ…မကောင်းဆိုးဝါးမကြီး"
နောက်လိုက် နှစ်ယောက်သည် တံခါးကို ကန်ချလိုက်သော ဆာစီးနီယာ ကို မြင်သောအခါ သရဲတစ္ဆေမြင်လိုက်ရသကဲ့သို့ ထိတ်လန့်သွားကြသည်။ထို့နောက် ကြောက်စိတ်များ စွန်းထင်းနေသော မျက်နှာကိုပင် မဖုံးကွယ်နိုင်ဘဲ နှစ်ယောက်သား ထွက်ပြေးသွားကြလေသည်။
လူးဝစ် မှာမူ ဆာစီးနီယာ မီးတောက်ထဲမှ ထွက်လာသည်ကို မြင်သောအခါ ကြက်သေ သေနေမိသည်။ မီးလောင်နေသည်မှာ အချိန်ကြာနေပြီဖြစ်၍ သူမ သေသွားပြီဟု ထင်ထားသော်လည်း ဒဏ်ရာ တစိုးတစိမျှပင်မရှိဘဲ အရှင်ထွက်လာသော သူမကို မြင်လိုက်ရ၏။
သူမသည် လောင်းကစားဘုရင် မွန်တင်း နှင့် လူသတ်သမားကို ဆွဲခေါ်လာခြင်း ဖြစ်သည်။
လူးဝစ် အံ့အားသင့်စွာ သူမကို ငေးကြောင်ကြည့်နေဆဲပင်။
ဆာစီးနီယာ သည် သာမန်လူများ အသက်ရှူရကျပ်နိုင်သော မီးခိုးငွေ့များကြားတွင် လျှောက်လာသည်ကို ကြည့်ရင်း သူ အသက်ရှူရပ်မတတ်ပင်။ သိပ်အစွမ်းထက်လှသော သူမသည် တဖက်သားကို ကူကယ်ရာမဲ့သည့် ခံစားချက်လည်း ပေးစွမ်းနေ၏။
ဆာစီးနီယာ သည် ခပ်ဝေးဝေးသို့ လျှောက်လာပြီး သူမ ဆွဲခေါ်လာသူများကို မြေပြင်ပေါ် ချထားလိုက်သည်။
ချက်ချင်းပင် လူသတ်သမားသည် သတိပြန်ဝင်လာကာ ချောင်းတဟွတ်ဟွတ်ဆိုးနေပြီး မြေကြီးပေါ်တွင် လူးလှိမ့်နေ၏။ သို့သော် လောင်းကစားဘုရင် မွန်တင်း မှာမူ လူသေကောင်လို မလှုပ်မယှက် ဖြစ်နေဆဲပင်။
'ကျေးဇူးပြု၍ သတိပြန်ရလာပါ'
ဆာစီးနီယာ က သူမ လက်နှစ်ဖက်ကို ထွေးဆုပ်ထားလျက် ဆုတောင်းလိုက်မိသည်။ထို့နောက် မြေပြင်ပေါ် လဲနေသော လောင်းကစားဘုရင် ၏ နှာခေါင်းဝသို့ လက်ကလေးဖြင့် အသက်ရှူသံကို စမ်းသပ်ကြည့်လိုက်သည်။ ချက်ချင်းပင် ငြိမ့်ညောင်းလှပြီး ပူနွေးသော အသက်ရှုသံကို ခံစားလိုက်ရသည်။
"ဟူး တော်သေးတာပေါ့…"
လောင်းကစားဘုရင် အသက်ရှိနေသေးသဖြင့် ဆာစီးနီယာ စိတ်သက်သာရာရသွားသည်။
လောင်းကစားဘုရင် မွန်တင်း သေသွားရင်လည်း သူမ မစိုးရိမ်ပေ။သို့သော် လူတစ်ယောက်ကို သတ်ပစ်လိုက်သည့်အတွက် တစ်သက်လုံး အပြစ်စိတ်ဖြင့် မနေသွားလိုခြင်းသာ ဖြစ်၏။
ခန္ဓာကိုယ်အနှံ့ မီးလာင်သွားသော်လည်း ယခုထိ အသက်ရှိနေသေးသည့် လောင်းကစားဘုရင်မှာ မေးခွန်းထုတ်စရာပင်။
'ကိုယ်လုပ်ထားတဲ့ဟာကို ကိုယ် တာဝန်ယူရမှာပဲ…'
လောင်းကစားဘုရင်သည် ဆာစီးနီယာ ကို တောက်လျှောက်လိုက်ဒုက္ခပေးနေသူဖြစ်၍ သူမ နောင်တမရဘဲ အဝေးကို သာ ငေးကြည့်နေမိသည်။
"စီဒရီ မြစ်ကမ်းနားကို သွားပါ"
ဆာစီးနီယာ က အသံကြားရာဘက်ကို လှည့်ကြည့်လိုက်ရာ ခေါင်းငုံထားသော လူးဝစ်ကို တွေ့ရ၏။
"ဘယ်လို"
"စီဒရီ မြစ်ကမ်းနားကိုသွားလိုက်ပါ… သူ့ကိုတွေ့လိမ့်မယ်"
စီဒရီမြစ်သည် ဤရွာရှိ တစ်ခုတည်းသောမြစ်ဖြစ်ပြီး မြို့တော်မှ သင်္ဘောများ သွားလာရာ လမ်းကြောင်းဖြစ်သည်။ ဆာစီးနီယာ သည် လူးဝစ်အား သံသယစိတ်ဖြင့် ကြည့်လိုက်သော်လည်း သူ့ပုံစံမှာ အမှန်ပြောနေခြင်း ဖြစ်နိုင်သည်။
စောစောက အခြေအနေကို ပြန်တွေးကြည့်ပြီး သူမအား လာလိမ်ပါက မည်သို့ဖြစ်သွားနိုင်သည်ကို သူ သိသွားခြင်းဖြစ်နိုင်သည်။
ဆာစီးနီယာ သည် အိမ်ကို တစ်ချက်ပြန်လှည့်ကြည့်လိုက်သည်။အိမ်အတွင်းပိုင်းသည် မီးတောက်များ ဝါးမျိုသွားရသဖြင့် ချော်ရည်များ ထွက်နေသည့် မီးတောင်တစ်ခုနှင့် တူပေသည်။
လူးဝစ် သည် လောင်းကစားဘုရင် မွန်တင်း ၏ ဂျာကင်အင်္ကျီ အတွင်းထဲကို စိုက်ကြည့်နေသည်။ လောင်းကစားဘုရင်၏ အဝတ်အစားအားလုံးနီးပါး မီးလောင်ကျွမ်းသွားသော်လည်း ခေါက်ထားသော စာရွက်တစ်ရွက်မှာ ကောင်းနေသေးသဖြင့် သူ လှမ်းယူလိုက်သည်။
"ဒါတွေ ယူသွားပါ… အဲ့ဒါ ကျွန်ရဲ့ စာရွက်စာတမ်းတွေပါ"
စာရွက်ခေါက်ကလေးသည် အညိုရောင်ရှိပြီး ထိပ်ဖျားတွင် အနည်းငယ်မီးလောင်ထားသည်။
ဆာစီးနီယာ သူ့လက်ထဲက စာရွက်ကို ကြည့်လိုက်သည်။ ဤစာရွက်ပါးပါးလေးသည် ဘန် ကို ဘယ်မှ ထွက်သွားလို့မရအောင် ချည်နှောင်ထား၏။
ဤစာရွက်တစ်ရွက်ကြောင့် ဘန် ခံစားခဲ့ရသည့် နာကျင်မှုနှင့် အရှက်သိက္ခာတို့ကို သူမ တွေးကြည့်နေမိသည်။
"ပြီးတော့ ဒါက…"
လူးဝစ်က မြေပြင်ပေါ်ပြုတ်ကျနေသည့် ပိုက်ဆံအိတ်ကို ကောက်ယူပြီး ဆာစီးနီယာ ကို ပေးလိုက်သည်။
"ဘာလုပ်တာလဲ"
ဆာစီးနီယာ မျက်မှောင်ကြုတ်၍ မေးလိုက်သည်။
'သူ ဘာလို့ ရုတ်တရက်ကြီး ကောင်းပေးနေရတာလဲ…သူက လောင်းကစားဘုရင်ရဲ့ ကျွန်ပဲဟာ'
"တစ်ကယ်တော့ တခြား ဘာအကြောင်းမှ မရှိပါဘူး… ဒီငွေတွေက မင်းပိုင်တာ မဟုတ်လား"
'ဟုတ်တယ် ဒါ ငါ့ပိုက်ဆံပဲ'
ဘန့် ကို ပိုက်ဆံနှင့် လဲလိုက်စဥ်က သူမ ကိုယ့်ကိုယ်ကိုယ် စိတ်ပျက်မိသွားသည်။ထို့ကြောင့် ယခု ပိုက်ဆံကို ပြန်ပေးကာ ဘန် ကို ပြန်ခေါ်လာလိုက်လျှင် သူမ အပြစ်တင်စိတ်နှင့်လည်း အသက်ရှင်နေရမည် မဟုတ်တော့။ထို့အပြင် သူမ ဘန့်ကိုလည်း လွတ်လပ်စေချင်လှသည်။
"ကျွန်တော် မြို့စားကြီးကို ကြည့်ကျက်ပြောလိုက်ပါ့မယ်… ဒီဟာကို ယူပါ"
ဆာစီးနီယာ ကလည်း အမြန်ပင် ဘန့်ကို ချုပ်နှောင်ထားသည့် စာရွက်စာတမ်းများအား ယူလိုက်သည်။
အခု ဘန် က တစ်ကယ့်ကို လွတ်လပ်နေပါပြီ…
လူးဝစ်သည် သူဘာမှမလုပ်ထားသလို ခေါင်းကိုသာ တွင်တွင်ငုံ့ထားကာ သူ့ကိုယ်သူလည်း အံ့ဩနေမိသည်။
"ရှင့်ကို ဘုရားသခင်ကောင်းချီးပေးပါစေ"
ထို့နောက် ဆာစီးနီယာ သည် တောင်ပေါ်မှ ပြေးဆင်းသွားသည်။
မီးလောင်ပြာကျနေသည့် အိမ်ကလေးကိုတော့ ချန်ထားရစ်ခဲ့၏။
Xxxxxxxx