Chapter 19
ငြိမ်သက်စွာ စီးဆင်းနေသော မြစ်ရေသံမှာ သူတို့နားထဲတိုးဝင်နေပြီး ငါးနံ့ကလည်း နံနေသည်။
တိမ်တွေဖုံးလွှမ်းနေသည့် လမင်းကြီးကို တစိုးတစိမှ မမြင်ရပေ။
*ရှပ် ရှပ်*
ဘန်၏ ခန္ဓာကိုယ် အပေါ်ပိုင်းကို ကြိုးဖြင့် တုပ်ထားသဖြင့် မောပန်းနေရပြီး ခြေလှမ်းလည်း မလှမ်းနိုင်တော့ပေ။
ဆာစီးနီယာ ကို စိတ်ပူသော်လည်း သူ ဘာမှ မလုပ်နိုင်တော့သဖြင့် ရင်နာရလေသည်။
"ဟေ့… လမ်း မြန်မြန်လျှောက်"
နောက်လိုက် တစ်ယောက်က တုန်လှုပ်ခြောက်ခြားနေသော ဘန် ကို ဆောင့်တွန်းရင်း ပြောလိုက်သည်။ ထိုသူက အားပြင်းပြင်းဖြင့် တွန်းလိုက်သဖြင့် တိုင်ဖွန်းမုန်တိုင်းမှ သစ်ပင်များကို ယိမ်းခါသွားစေသလို ဘန့် ကိုယ်လေးလည်း ဆောင့်ခါသွားရသည်။
နောက်လိုက် က ခြေလှမ်းရပ်သွားသော ဘန် ကို မကျေမနပ် တစ်ချက်ကြည့်လိုက်သည်။
ညနက်သန်းခေါင်အချိန်ကြီး ဤကျွန်တစ်ယောက်အတွက် သူတို့ အလုပ်ရှုပ်ရသဖြင့် စိတ်ဆိုးနေခြင်းပင်။သူက သံကြိုးကို ဆောင့်ဆွဲလိုက်ရာ ဘန် ရှေ့သို့ ငိုက်ကျသွားရ၏။
"အား…"
ဘန် က သွားကျိုးသွားသည် အထင်နှင့် ရှေ့သွားကို လျှာဖြင့်ပွတ်သပ်ကြည့်သော်လည်း ကံကောင်းစွာနှင့် သွားတစ်ချောင်းမှ မကျိုးသေး။
"ကျွတ်… မြန်မြန်ထလေ"
အမြဲလိုလို လူတိုင်းက ဘန့်ကို ဤကဲ့သို့ ဆက်ဆံတတ်သဖြင့် သူ့အတွက် အထူးအဆန်းမဟုတ်တော့ပေ။
ဆာစီးနီယာ ကသာ သူ့ကို လူသားတစ်ယောက်လို ပထမဆုံး ဆက်ဆံသူပင်။ သူမသည် နွေးထွေးမှုနှင့် ကြင်နာမှုတို့ကို သိရှိနားလည်စေခဲ့သူဖြစ်သည်။
'ဆာစီးနီယာ ကို လွမ်းလိုက်တာ'
သူချက်ချင်း ဤနေရာမှ ပြေးထွက်ချင်နေပြီး သူမကို သွားတွေ့ချင်မိသည်။ သို့သော် ယခု သူ ကြိုးချည်ခံထားရ၏။
သူ စိတ်ပျက်စွာ နှုတ်ခမ်းကို တင်းတင်းကိုက်ထားမိလေသည်။
"ဟိတ်…အချိန်ဆွဲမနေနဲ့…ထ"
ထိုသူက ပြောလိုက်ရာ ဘန် အံကြိတ်ကာ ထကြည့်သော်လည်း မထနိုင်တော့ပေ။ ကြိုးဖြင့် တုပ်ထားသဖြင့် မလူးသာ မလွန့်သာ ဖြစ်နေပြီး ခေါင်းကို မြေပြင်တွင် ထောက်ထားပြီး ကုန်းထကြည့်သော်လည်း မထနိုင်သေး။
"အာ… တကယ်ပါပဲကွာ"
နောက်လိုက် သည် ဘန့် ဘေးနားကို တံတွေးထွေးရင်း ပြောလိုက်သည်။ သူ့မျက်နှာမှာလည်း ဒေါသကြောင့် ရှုံ့မဲ့နေသည်။
"သူက ကျွန်လား"
သင်္ဘောစောင့်နေသူက ထိုသူ့ဆီ လှမ်းမေးလာသည်။
"ဟုတ်တယ်"
လှမ်းမေးသူသည် နောက်လိုက်၏ သူငယ်ချင်း ဖြစ်သည်။
ဘန် သည် ပြန်မထနိုင်သည့်အတွက် သူ့ကိုယ်သူ အလွန်စိတ်ပျက်သွားကာ ညည်းတွားမိသည်။
နောက်လိုက် သည် သင်္ဘောဆိပ်မှ စကားလှမ်းပြောသူနှင့် မတွေ့ရတာကြာနေပြီဖြစ်၍ စကားစမြည်ပြောရန် သင်္ဘောဆိပ်ထဲ ဝင်သွားသည်။ ကျွန်တစ်ယောက် အတွက်နှင့် အချိန်ပုပ်လှသဖြင့် သူငယ်ချင်းနှင့် အချိန်ကုန်လိုခြင်းပင်။
တစ်ယောက်တည်း ကျန်နေသော ဘန် သည် ဆက်ရုန်းမနေတော့ပေ။ သူ သစ်သားပြင်ချပ် ပေါ် လှဲချပြီး ကောင်းကင်ကို မော့ကြည့်လိုက်သည်။
ကောင်းကင်သည် မှောင်မိုက်နေပြီး ကြယ်တစ်ပွင့်ပင် မမြင်ရပေ။ ဘာမျှမမြင်နိုင်သော အမှောင်ထုသည် သူ့အနာဂတ်နှင့် တူသည်ဟု သူ ခံစားမိသည်။ ထိုအတွေးကြောင့် သူ ခါးသီးစွာ ပြုံးမိချေ၏။ အေးစက်လှသော မြစ်လေသည် သူ့ကိုယ်ကို ဖြတ်တိုက်လာသည်။ နွေရာသီဖြစ်သော်လည်း မြစ်ရေက အေးနေသေးသည်။
အရိုးထဲထိ စိမ့်ဝင်လာသည့် အအေးဒဏ်ကြောင့် ဘန် လက်ပိုက်ထားရင်း ဆာစီးနီယာ သူ့ကို ဆက်ပြီး ခင်မင်နေပါ့ဦးမလား ဟုလည်း တွေးနေမိသည်။ထိုသို့ တွေးမိတိုင်း သူမ ဆက်ပြီး ကြင်နာနိုင်တော့မည် မဟုတ်ဟုသာ အဖြေထွက်လာစမြဲပင်။
ဘန် မျက်လုံးမှိတ်ထားလိုက်ရာ ပူနွေးလှသော မျက်ရည်စက်တို့ စီးကျလာ၏။
ထိုခဏတွင် သူ မှီထားသည့် သစ်သားပြားပေါ်သို့ မိုးစက်များ တပေါက်ပေါက်ကျလာသည်။
'မိုးရွာလာရင် ကောင်းမှာပဲ'
ထိုမှသာ ဆာစီးနီယာကို သတိမရနိုင်တော့မည် ဖြစ်သည်။
ဘန် သည် အမှောင်ထဲတွင် မိုးပေါ်မှကျလာသော မိုးစက်များကို ကြည့်ပြီး စဉ်းစားမိသည်။
"ဆကျရှာပါဦး"
သူက ထိုသို့ရေရွတ်ရင်း ဆာစီးနီယာနှင့် သူတို့နှစ်ယောက်၏ အမှတ်တရများကို တွေးနေမိတော့သည်။
မကြာမီ မိုးသည်းထန်စွာ ရွာချလာသော်လည်း သူထမသွားဘဲ မျက်လုံးကိုသာ စုံမှိတ်ထားမိသည်။
* * *
နေဝင်ချိန်ကတည်းက မှောင်နေခဲ့သော ကောင်းကင်ကြီးသည် နောက်ဆုံးတွင် မိုးများရွာချလာသည်။ ဆာစီးနီယာ သည် ပြေးလာရင်း ပါးပြင်ကို ထိမှန်လာသော မိုးရေစက်တို့ကြောင့် မျက်မှောင်ကြုတ်၍ ဆက်ပြေးလာသည်။
'တောင်းပန်ပါတယ်…ငါက အရူးပဲ… နင်နဲ့ အတူတူနေချင်တဲ့ ဆန္ဒက ဘယ်ကလာမှန်း မသိပေမယ့် နင်နဲ့ပဲ အတူနေချင်မိတယ်...'
ဆာစီးနီယာ ၏ အနက်ရောင်ဝတ်ရုံသည် ပြိုင်မြင်းတစ်ကောင်၏ လည်ဆံမွှေးကဲ့သို့ တဖားဖား လွင့်နေသည်။
"ဟား…ဟား"
သူမ အသက်ရှုမဝဖြစ်နေသော်လည်း မနားဘဲ ပြေးလာသဖြင့် အချိန်တိုအတွင်း သင်္ဘောဆိပ်ကို ရောက်လာသည်။
"ဘန်"
ဆာစီးနီယာ သည် ဘန် ၏နာမည်ကို အော်ခေါ်လိုက်ပြီး ဘေးဘီကိုလည်း ဝေ့ဝဲကြည့်နေ၏။
"ဘန်ရေ…နင် ဘယ်မှာလဲ"
သင်္ဘောဆိပ်တွင် မီးအနည်းငယ်သာ ထွန်းထားသဖြင့် မှောင်မည်းနေသည်။
ဆာစီးနီယာသည် ဘန်ကို မှောင်ကြီးမည်းမည်းထဲ အတော်ပင် လိုက်ရှာရလေ၏။
ဘန် သည် မိုးသံကြားဝယ် ခေါ်သံတစ်ခုကို ကြားလိုက်ရသောကြောင့် မျက်လုံးဖွင့်ကြည့်လိုက်သည်။
ခဏအကြာတွင် ဆာစီးနီယာ၏ အသံကို ခပ်တိုးတိုး ကြားလာရသည်။
"ဆာစီးနီယာ က ဒီကို ဘယ်လိုလုပ် ရောက်လာမှာလဲ…သူမ ငါ့ကို ပိုက်ဆံနဲ့ လဲလိုက်ပြီပဲဟာ"
ဘန် က စိတ်ပျက်လက်ပျက် ရယ်မောရင်း ပြောလိုက်သည်။
"ဘန်"
နောက်တစ်ကြိမ် ကြေကွဲဖွယ် အသံတစ်ခု မိုးသံထဲ ကြားလာရပြန်သည်။ ထိုအသံသည် အလွန်ကြည်လင်ပြတ်သားနေ၍ အမှတ်မှားခြင်း မဟုတ်တန်ရာ။
ဘန်က ရင်ထဲမှ မျှော်လင့်ချက်သေးသေးလေးကြောင့် ကိုယ်ကို ဘယ်ညာယိမ်းကာ လှည့်ပတ်ကြည့်လိုက်မိသည်။ အမှောင်ထဲသို့ အတန်ကြာစိုက်ကြည့်သောအခါ မည်းမည်းသဏ္ဌာန်တစ်ခု တရွေ့ရွေ့သွားလာနေသည်ကို တွေ့လိုက်ရသည်။
"ဆာစီးနီယာ"
သူမြင်နေရသည်က တစ်ကယ်လား၊အထင်မှားနေခြင်းလား သူ မသိတော့။
ဘန် မျက်လုံးကို လက်နှင့်ပွတ်သပ်ကြည့်ချင်သော်လည်း ကြိုးတုပ်ထားသဖြင့် လှုပ်မရဖြစ်နေသည်။
"ဘန်"
ဘန် ကို လှည့်ပတ်ရှာဖွေနေသော ဆာစီးနီယာ သည် အဝေးတွင် တစ်စုံတစ်ခု လှုပ်ခါနေသည်ကို တွေ့သွားသည်။အနားရောက်လာသောအခါ မိုးရေစိုနေသော သစ်သားပြားပေါ်တွင် လှဲနေသော ဘန်ကို တွေ့လိုက်ရ၏။
"ဆာစီးနီယာ"
ဘန် သည် ဆာစီးနီယာ သူ့အနား လာနေသည်ကို မြင်သည့်တိုင် မယုံနိုင် ဖြစ်နေသည်။
သူ့ဆီ လာနေသူမှာ အနက်ရောင်ဝတ်ရုံဝတ်ထားပြီး အနီရောင်ဆံပင်ရှည်များရှိသူပင်။ တဖားဖား လွင့်နေသော သူမ ဆံပင်များသည် မိုးရေ စိုရွှဲနေကာ အမှောင်ထဲတွင်လည်း သူမ မျက်လုံးများက နီရဲတောက်ပနေလေသည်။
"အာ…"
ဘန် က မိုးရေထဲတွင် သောကရောက်နေပုံရသော သူမကို ကြည့်ရင်း ခပ်တိုးတိုး ညည်းညူလိုက်သည်။ နွေးနွေးထွေးထွေးရှိလှပြီး တောက်ပနေသော နီညိုရောင်မျက်လုံးများသည် စင်စစ် သူမက်မောသော မျက်ဝန်းများပင်။
"အဆင်ပြေရဲ့လား"
ဆာစီးနီယာ စိတ်မကောင်းဖြစ်သွားကာ သူ့ဆီပြေးလာပြီး မေးလိုက်သည်။
ဘန် သည် ကြိုးဖြင့် ချည်ခံထားရသဖြင့် သနားစရာကောင်းနေသည်။မျက်နှာတွင်လည်း သွေးအလိမ်းလိမ်း ပေကျံနေ၍ ထိုးကြိတ်ခံထားရပုံပေါ်သည်။
"ဆာစီးနီယာ…တကယ်ပဲ နင်လား"
ဘန် က ဆာစီးနီယာကို စူးရဲစွာ စိုက်ကြည့်နေပြီး မယုံနိုင်စွာ မေးလိုက်သည်။
"ဟုတ်တယ်"
ဆာစီးနီယာက ပြောရင်းဆိုရင်း ကြိုးပေါ် လက်တင်လိုက်ရာ ကြိုးမှာ ဖျစ်ကနဲအသံမြည်သွားပြီး မြေပြင်ပေါ် ပြုတ်ကျသွားသည်။
ဘန်က ပြေသွားသော ကြိုးကို ငုံကြည့်လိုက်ပြီး သူမလက်မောင်းကို ထိကြည့်လိုက်သေးသည်။သူ့လက်ချောင်းထိပ်ဆီ ရောက်လာသော နွေးထွေးမှု ကြောင့် အိမ်မက်မဟုတ်မှန်း ဘန် ယုံသွားရလေပြီ။
"ဆာစီးနီယာ အဆင်ပြေရဲ့လား…ထိခိုက်သွားသေးလား"
"ဘာရယ်"
သူ့ပါးစပ်ကို လက်ညှိုးကလေးဖြင့် လာတင်လိုက်သော ဆာစီးနီယာကိုသာ ဘန်စိတ်ပူနေမိ၏။ သူ့နှုတ်ခမ်းကို လာထိသော သူမ လက်ကြောင့် ဘန် မိန်းမောမိသွားကာ ဆာစီးနီယာ ၏ ဝတ်ရုံကို တုန်ယီစွာ ဆုပ်ကိုင်ထားသည်။
ဘန် မျှော်လင့်ထားသည့်အတိုင်း လောင်းကစားဘုရင် မွန်တင်း သည် သူမဆီ လာသွားခြင်း ဖြစ်ရပေမည်။လောင်းကစားဘုရင်ကို မတားနိုင်သည့်အတွက် သူ့ကိုယ်သူ နောင်တရနေမိတော့သည်။
"ငါ အဆင်ပြေပါတယ်"
"တကယ်လား"
ဘန်က တုန်ယင်စွာပြန်ဖြေလိုက်သည်။
ဆာစီးနီယာ မကျေနပ်နိုင်သေးဘဲ ဘန့်လက်ဖဝါးပေါ် လက်တင်ကြည့်ကာ စမ်းသပ်လိုက်သေးသည်။
"ငါ တကယ်အဆင်ပြေပါတယ်"
ဘန် သည် ဆာစီးနီယာ ၏မျက်လုံးများကို စေ့စေ့ကြည့်နေသည်။
စေ့စေ့ကြည့်နေသော သူ့မျက်လုံးထဲတွင် လိမ်ညာရိပ်တို့ ရှိမနေမှသာ သူမ စိတ်အေးသွားရလေ၏။တောင့်တင်းကြံ့ခိုင်လှသော သူ့ပခုံးများမှာ လျော့တိလျော့ရဲ ဖြစ်နေသဖြင့် သူမ လုံးဝစိတ်မအေးနိုင်သေးဘဲ မေးလိုက်ပြန်သည်။
"နင် ဘာတွေများ ဖြစ်သွားသေးလဲ…"
သူမ စကားပင် ဆုံးအောင်မပြောနိုင်တော့။သနားစရာ ကောင်းလှသော သူ့ပုံစံက သူမကို စိတ်ပူသွားစေသည်။
"ဆာစီးနီယာ"
ဘန် သူမပုံစံကို ကြည့်ရင်း အနည်းငယ် ထိတ်လန့်သွားသည်။ ဆာစီးနီယာ သည် ခဏ အသက်ရှုကာ ပြန်ပြောလာသည်။
"ကိုယ့်ကိုကိုယ်ပဲ စိတ်ပူစမ်းပါ…နင်ကမှ ဒဏ်ရာရထားတာ မလား"
သူနှင့် ခဏလောက်သာ မတွေ့ရသော်လည်း သူ့ပုံစံက ဂျုံးဂျုံးကျနေသည်။
'ငါသူ့ကို အစြ လက်မလွှတ်သင့်ဘူး...ဒါပေမယ့် တော်သေးတာပေါ့…အခု သူ့ရဲ့ စာရွက်စာတမ်းတွေ ရလာလို့…'
"ဒါက နင့်ရဲ့ ကျွန်စာရွက်စာတမ်းပဲ"
"ဆာစီးနီယာ က ဘယ်လိုဖြစ်လို့ ဒါတွေကို ယူလာနိုင်တာလဲ..."
စာရွက်ပေါ်တွင် သွေးစွန်းနေသော လက်ဗွေကို တံဆိပ်တုံး ရိုက်ထားသည်။
တစ်ချက်မျှ စိတ်ရှည်ရှည်မထားဘဲ ဆာစီးနီယာ သည် စာရွက်စာတမ်းကို မီးရှို့ပစ်လိုက်သည်။
ဖျစ် ဖျစ်
ဖုန်မှုန့်လိုပင် သေးငယ်သွားသော စက္ကူပြာများသည် မိုးရေနှင့်အတူ မျောပါသွားခဲ့သည်။
"နင် အခု လွတ်လပ်သွားပြီ"
ဘန် သည် ဆာစီးနီယာ ကို မျက်လုံးရွဲကြီးများဖြင့် ကြည့်ကာ အံ့အားသင့်နေပေသည်။ ဆာစီးနီယာ တံတွေးတစ်ချက်မျိုချလိုက်ပြီး သူမ ဒီကို ဘာကြောင့် ပြေးလာတာလဲ ဆိုတာကို ပြောပြရန် ပြင်လိုက်သည်။
"ဘန် တောင်းပန်ပါတယ်"
"ဟင်…ဘာလို့လဲ"
"ငါ နင့်ကို လက်လွှတ်ခဲ့မိလို့ပဲ"
"ဟင့်အင်း…ဆာစီးနီယာ က ဘာလို့ တောင်းပန်ရတာလဲ"
ဘန် က လက်ကာပြ၍ ငြင်းဆိုလိုက်သည်။
သူ့ကို ဘာလို့ တောင်းပန်တာလဲ…
သူမကသာ သူ့အတွက် နွေးထွေးမှုတွေ ပေးခဲ့တဲ့ တစ်ဦးတည်းသော သူ မဟုတ်လား...
ဆာစီးနီယာ က ပြာပြာသလဲ ငြင်းနေသည့် ဘန့် ကို ကြည့်ရင်း ပြုံးလိုက်မိသည်။ သူ့ကို တောင်းပန်သည့်အခါ ဘန် က ဒီလိုပဲ ငြင်းလိမ့်မည်ဆိုတာ သူမ သိပြီးသားပင်။
"နင် သိပါတယ်…ငါ့အနာဂတ်ကို ငါတောင် မခန့်မှန်းနိုင်ဘူး…ငါ့စွမ်းအားကြောင့် နင် တစ်ခုခုဖြစ်သွားနိုင်တယ်ဆိုတာ နင် သိပြီးသားပဲလေ"
သူမစကားကို ခဏ ရပ်ထားလိုက်ပြီး အိမ်မှာတုန်းက မီးပင်လယ်ကြီးဖြစ်သွားအောင် လုပ်ခဲ့သည်များကို ပြန်တွေးမိလိုက်သည်။သူမကိုယ်သူမ လုံးဝ မထိန်းချုပ်နိုင်သည့်အတွက် သူမ အနားတွင် ဘန် ရှိနေလျှင် သူ့အတွက် အသက်အာမ,မခံနိုင်ပေ။ထို့ကြောင့် သူမနှင့် အတူရှိနေသည်ထက် ဝေးနေရသည်က ဘန့်အတွက် ပိုကောင်းပေလိမ့်မည်။သူမ စိတ်ထဲ လွန်ဆွဲနေစဉ် သူမ လက်ပေါ် ရောက်လာသော အေးစက်စက် လက်တစ်ဖက်ကို ခံစားလိုက်ရသည်။
ဘန် သည် စကားတစ်ခွန်းမှ မပြောဘဲ သူမကို စိုက်ကြည့်နေပြီး သူ့ကို စိတ်မပူရန် သူ့မျက်ဝန်းများက ပြောနေကြသည်။
ဆာစီးနီယာ သည် သတ္တိကို ပြန်လည်စုစည်းပြီး အဆုံးတွင် ဘန်ကို ရွေးချယ်ရန် ဆုံးဖြတ်လိုက်၏။
"ငါ့အစွမ်းကြောင့် နင်လည်း ဒုက္ခရောက်နိုင်တယ်… ဒါပေမယ့်...နင် အဆင်ပြေရင်..."
ဆာစီးနီယာ သူမကိုယ်သူ ဘာပြောနေမှန်းတောင် မသိတော့ပေ။ သူ့ကို ယခုလိုပြောရန် ထိုက်တန်ရဲ့လား ဟုလည်း တွေးမိသည်။ထို့နောက် သူမ ဝမ်းနည်းသလို ခံစားလိုက်ရသဖြင့် လက်များ တုန်လာကာ ခေါင်းကိုငုံ့ထားမိတော့သည်။
ဆာစီးနီယာ စကားကြောင့် ဘန်တစ်ယောက် လန့်ဖျပ်နေတော့သည်။
'ဆာစီးနီယာ က ငါ့ကို သူမနဲ့ အတူနေဖို့ ပြောလိုက်တာ မလား'
သူ မိုးသံလေသံနှင့် ရင်ထဲက နှလုံးခုန်သံကိုတောင် အတိုင်းသား။ကြားနေရသဖြင့် နားကြားလွဲခြင်းလည်း မဖြစ်နိုင်ပေ။ အေးစက်နေသော သူ့ခန္ဓာကိုယ်သည် လက်ဖက်ရည်ပူပူတစ်ခွက်လို အရည်ပျော်သွားသည်။
သူမ စကားကြောင့် သူ့ရင်ထဲ ပေါ့ပါးသွားရသည်ကတာ့ အမှန်ပင်။
သူ သူမနှင့် အတူရှိနေရင်လည်း သူမအတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်နိုင်တော့။
ကျွန်တစ်ယောက်အဖြစ် တစ်သက်လုံး ချည်နှောင်ခံထားရတဲ့ သူ့အနေအထားက သူမနဲ့ အတူရှိဖို့ ဘယ်လိုလုပ် သတ္တိရှိပါ့မလဲ... ဒါပေမယ့် အခု ဆာစီးနီယာ က သူ့ကို လွတ်လွတ်လပ်လပ် ရွေးချယ်ခိုင်းနေပြီလေ…
"ဆာစီးနီယာ"
ဘန် ၏အသံသည် အနည်းငယ်တုန်ခါသွားပြီး သူ့မျက်လုံးထဲတွင်လည်း မျက်ရည်များ ဝေ့သီနေသည်။
'ဒီခံစားချက်ကို ငါဘယ်လိုရှင်းပြရမလဲ… ငါ သူမ စကားကို ဘယ်လိုလုပ် ငြင်းချင်ပါ့မလဲ… ရယ်စရာကောင်းနေပါ့လား… သူမက ငါ့ကို ကယ်ပေးခဲ့တဲ့ ငါ့ဘဝရဲ့ အလင်းရောင်ပဲဟာ'
"ဆာစီးနီယာ…ငါ့ကိုကြည့်"
သူမကို ကြင်နာသော လေသံဖြင့် ခေါ်နေသော်လည်း ဆာစီးနီယာ သည် ခေါင်းမမော့နိုင်ပေ။ သူမ မကြားချင်သည့် အဖြေမျိုးထွက်လာမှာကို ကြောက်နေမိသည်။
ဘန် က ခေါင်းငုံ့ပြီး ဆာစီးနီယာ ၏ မျက်နှာကို ကြည့်လိုက်သည်။
ဆာစီးနီယာ သည် ရုတ်တရက် ဘန့်မျက်နှာကို မြင်လိုက်ရသော် လန့်ဖျပ်သွားသည်။
ထို့နောက် ဘန်သည် သူမစကားကို စောင့်မနေတာ့ဘဲ ရှက်စနိုးမျက်နှာဖြင့် ပြောလေသည်။
"နင်နဲ့ အတူရှိချင်တယ်…"
"ဘယ်လို"
"ကျေးဇူးပြုပြီး ငါနဲ့အတူရှိနေပေးပါ …ဆာစီးနီယာ"
သူ သူမနှင့် အတူရှိချင်မိသည်။
ဆာစီးနီယာ သူ့ကို ဆက်ပြီး မကြင်နာနိုင်တော့ရင်တောင် အရေးမကြီးပေ။ဆာစီးနီယာ အတွက် အသက်ရှင်နေရတာ မဟုတ်လျှင် သူ့ဘဝကြီးက အဓိပ္ပါယ်မဲ့သွားလိမ့်မည် ဖြစ်သည်။
နွေဦးပန်းများ ပွင့်နေသလို ဘန့် မျက်နှာပေါ်တွင် တောက်ပသော အပြုံးတစ်ခု ခိုတွဲနေတော့၏။
Xxxxxxx