Chapter 20
မိုးလင်းစပြုလာပြီ ဖြစ်သည်။သုံးရက်လုံးလုံး မိုးသည်းထန်စွာ ရွာသွန်းထားမှုကြောင့် နွေရာသီ၌ပင် အေးစိမ့်နေသည်။
"ဒီနေရာလား"
တိုးညှင်သော အားချန်၏ လေသံကလေး ထွက်ပေါ်လာသည်။ မီးလောင်ပြာကျနေသော အပျက်အစီးများကို လှည့်ပတ်ကြည့်နေသော အားချန် ဘေးတွင် လူတစ်ယောက် ရပ်နေသည်။
"ဟုတ်ပါတယ်…သူတို့ပြောတာတော့ သူ ဒီမှာခဏ နေလိုက်သေးတယ်တဲ့"
အားချန် သည် ရေထဲတွင် နစ်နေသော မီးသွေးတုံးဖြစ်သွားသည့် သစ်ပင်များကို ကြည့်လိုက်သည်။ အပျက်အစီးကြားထဲတွင် အိမ်တစ်လုံးရှိခဲ့သည်ဟု ခန့်မှန်းကြည့်နိုင်သည်။ ရေရွှဲနေသော ပြာများသည် မနေ့က မီးအားဘယ်လောက်ပြင်းမှန်း ပြသနေသည်။
"သူတို့ အတူ မီးထဲပါမသွားဘူးလား"
"ဟုတ်ပါတယ်… သင်္ဘောဆိပ်မှာ သူတို့ကို မြင်လိုက်တယ်လို့ ပြောပါတယ်"
"ငါတို့ ခြေတစ်လှမ်းနောက်ကျနေပြီ"
အားချန် ၏ မျက်လုံးများသည် အခန်းကိုကြည့်ရင်း တည်ငြိမ်ရှိနေသော်လည်း သူ့စိတ်ထဲတွင်တော့ ကဏာမငြိမ်ဖြစ်နေလေသည်။ အဲဒီလူကို သူ့သခင်ဆီ အမြန်ဆုံး ခေါ်သွားရပေမည်။ အချိန်သိပ်မကျန်တော့မှန်း သူလည်း သိနေ၏။ အချိန်အတော်ကြာ ရှာပြီးနောက် ထိုလူသည် မည်သည့်နေရာတွင် ရှိနေမှန်း သူ သိသွားလေသည်။သတင်းကြားပြီးသည်နှင့် သူ ဒီကို အမြန်ပြေးလာသော်လည်း သူတို့ သွားနှင့်ပြီဖြစ်သည်။
အားချန် သည် ပြာပုံပေါ် လျှောက်သွားကာ သူ စိတ်အနှောက်အယှက်ဖြစ်ရသည့် မီးကျွမ်းသစ်ပင်များကို နင်းချေကြည့်လိုက်သည်။ပူလောင်ကာ မီးကျွမ်းနေသော သစ်ပင်များသည် တလှုပ်လှုပ်နှင့် သူ့ခြေရင်းအောက်တွင် ပြိုကျကုန်၏။သူ ပြာပုံကို လျောက်ကြည့်နေရင်း တလက်လက်ဖြစ်နေသော အရာတစ်ခုက သူ့အာရုံကို ဖမ်းစားသွား၏။
အားချန် သည် ပြာများကို ဖယ်လိုက်ပြီး တောက်ပနေသော ထိုအရာကို ကောက်ယူလိုက်သည်။
"သူက တခြား တစ်ယောက်နဲ့ နေနေတာလား"
သူကိုင်ထားသော ပစ္စည်းမှာ လည်ဆွဲတစ်ကုံးဖြစ်ပြီး မီးပူနေသော်လည်း မြှုပ်ထားသည့် ရတနာများသည် အရောင်မပျက်ဘဲ အပြာရောင်တောက်ပနေသည်။ အားချန် က တခြားသံလွန်စများကို ထပ်ရှာကြည့်လိုက်ရာ အမျိုးသမီး အသုံးအဆောင်များကို တွေ့ရလေ၏။
အားချန် ရှာနေသူက အသက် ၁၉ နှစ်ဝန်းကျင်ဖြစ်၍ ဆန့်ကျင်ဘက်လိင်တစ်ယောက်နှင့် အတူနေလို့ရနေပေပြီ။သူဌေးကလည်း သူ့ကိုသာ အသည်းအသန် လိုချင်နေသဖြင့် မလိုက်ချင်ပါက သူတို့နှစ်ယောက်ကို မရရအောင်ခွဲဖို့သာ ရှိတော့သည်။
"မြန်မြန်လုပ်ပါ…ငါတို့မှာ အချိန်သိပ်မကျန်တော့ဘူး"
အားချန် က အမိန့်ပေးပြီး တောထဲက ထွက်သွားတော့သည်။
* * *
ဆာစီးနီယာ နှင့် ဘန် တို့သည် လှည်းတစ်စီးဖြင့် သုံးရက်ကြာ လှည့်ပတ်သွား နေခဲ့သည်။ သူမ၏ စွမ်းအားကို ရွာသားများ တွေ့သွားသောကြောင့် ထိုရွာတွင် သူမနေ၍မရတော့ပေ။ သူမ လည်ပင်းကို မြှားမစိုက်မချင်း မည်သို့သော ကောလဟာလများ ပျံ့နှံ့သွားမည်ကို သူမမသိပေ။
ဘန် ကလည်း နေရာအသစ်မှာ ဘဝကို အသစ်ပြန်စချင်တာကြောင့် ထွက်သွားဖို့ သူတို့ ဆုံးဖြတ်လိုက်ကြသည်။ မြောက်ဘက်ပိုင်းက အေးလွန်း၍ ရာသီဥတု နွေးထွေးသည့် တောင်ပိုင်းကို သွားဖို့ ဆုံးဖြတ်လိုက်သည်။
ရထားစီးပြီး တစ်ထောက်နားကာ လှည်းတစ်တန်၊ လူတစ်တန် ခရီးဆက်ကြရသည်။သို့ရာတွင် ဦးတည်ရာဟူ၍ အတည်တကျမရှိပေ။သူတို့ စိတ်တိုင်းကျသည့် ရွာရောက်မှသာ ခရီးဆုံးမည် ဖြစ်သည်။
ခြေကျင် ခရီးဆက်လာပြီး သုံးရက်မြောက်နေ့မှာ ဘန် နှင့် ဆာစီးနီယာ တို့ ရွာတစ်ရွာ တွေ့သွားပြီး ထိုရွာတွင်သာ အခြေချလိုက်ကြသည်။
မူလိန်း ရွာသည် မြို့စား၊နယ်စား မရှိသည့် ရွာကြီးဖြစ်သည်။ အကယ်၍ နယ်စားတစ်ယောက်သာ ထားလိုက်ပါက သယ်ရ၊ပြောင်းရ၊နေရာချထားရနှင့် သိပ်အလုပ်ရှုပ်၍ မထားခြင်းပင်။
ထို့ကြောင့် မူလိန်းရွာသည် ဇာတ်မြုပ်နေလိုသော သူတို့နှစ်ယောက်အတွက် ပြီးပြည့်စုံသော ရွာကလေးပင်။
ရွာလူကြီး၏အကူအညီဖြင့် နှစ်ယောက်သား အိမ်ငယ်လေးတစ်လုံး ဝယ်ခဲ့ကြသည်။ ရွာနှင့် နည်းနည်းဝေးသော်လည်း သူတို့နေရာကလေးမှာ တိတ်ဆိတ်ငြိမ်သက်၍ သာယာပေသည်။
"ဆာစီးနီယာ…ဒါကိုကြည့်လိုက်"
သူတို့ နှစ်ယောက် ဈေးဝယ်ထွက်လာရင်း ဘန်က ချည်ဖြင့် ပြုလုပ်ထားသော လက်ကောက်ကို ပြလိုက်သည်။ ဘန် ကို အဝတ်အစားများ ဝယ်ပေးရန်၊လိုအပ်သောပစ္စည်းများနှင့် ကုန်ပစ္စည်းသစ်များဝယ်ရန် ဈေးထွက်လာခြင်း ဖြစ်သည်။ အိမ်ဝယ်ပြီးသည့်တိုင် ပိုက်ဆံအတော်အတန် ကျန်နေသေး၍ အလုပ်မလုပ်လည်း အတော်ကြာ ထိုင်စား၍ရပေသည်။
"ဒါ ဆာစီးနီယာ နဲ့ လိုက်လောက်တယ်"
"လှတယ်နော်"
ဆာစီးနီယာ က ဘန် ကိုင်ထားသည့် လက်ကောက်ကို အနီးကပ် ယူကြည့်လိုက်သည်။ အနီရောင်နှင့် အပြာရောင်ချည်ကြိုးများ ရောယှက်ထားသည့် လက်ကောက်သည် အလွန်လှပသည်။ ချည်မျှင်ဖြင့် ပြုလုပ်ထားသော လက်ကောက် ဖြစ်သော်လည်း ကြိုးများကို လိမ်ကျစ်၍ လုပ်ထားသဖြင့် အဆင်ဆန်းသည်။
"ဝယ်ပေးရမလား"
"ဘယ်လို"
"မ…မဟုတ်ပါဘူး"
ဘန် လန့်သွားပြီး လက်ကောက်ကို သူ့နေရာသူ ပြန်ချထားလိုက်သည်။
ဆာစီးနီယာ မှာ စောစောက လှသည်ဟုပြောသော်လည်း ပြန်ချထားလိုက်သော ဘန်ကို နားမလည်နိုင် ဖြစ်သွားရ၏။
"ဘာလို့လဲ…ပြောတော့ ငါနဲ့ လိုက်တယ်ဆို"
"သေချာကြည့်လိုက်တော့ သိပ်လည်း မလှပါဘူး"
"ဟုတ်လား"
သူမသည် ဘန် ကို ပဟေဠိဆန်သောအကြည့်ဖြင့် ကြည့်လိုက်ရာ ဘန် က ရုတ်တရက် စကားလမ်းကြောင်း လွှဲလိုက်သည်။
"ဟိုနား သွားကြည့်ရမလား"
ဘန် သည် ဆာစီးနီယာ အကြည့်ကို ရှောင်ရင်း ထိုင်ခုံမှ အမြန်ထွက်သွားသည်။
ဆာစီးနီယာ သည် ဆိုင်ခန်းပေါ်ရှိ လက်ကောက်ကို အမှတ်မထင် တစ်ချက်သာ ကြည့်ပြီး ဘန် အနား လျှောက်သွားလိုက်သည်။
သူမ ဤရွာတွင် နေရသည်မှာ အလွန်ပျော်လှသည်။
သူမတို့ ရောက်လာတာ ရက်အနည်းငယ်သာ ရှိသေးသော်လည်း ဘယ်သူမှ လာမစပ်စုကြချေ။ ရွာလူကြီးကလည်း သူမတို့ကို ဘာကြောင့် လာတာလဲဟု မမေးခဲ့ပေ။ရွာသားများမှာ သူမတို့ကို လူသစ်များဟု မသတ်မှတ်ဘဲ ခဏလာနေသည့် သူစိမ်းများဟုသာ သဘောထားကြသည်။
ဤရွာဘက်တွင် လူအများစုသည် လက်မှုပစ္စည်းများ ရောင်းချခြင်းဖြင့် အသက်မွေးဝမ်းကြောင်း ပြုကြသည်။ လက်လုပ် အသုံးအဆောင်ပစ္စည်းများ၊ ကြွေထည်နှင့် သစ်သားထည်များကဲ့သို့ လက်ဖြင့်ပြုလုပ်သော ကုန်ပစ္စည်းများကို အဓိကအားဖြင့် ပြုလုပ်ကြပြီး မြို့တော်သို့ တင်ပို့ကြသည်ဟု ဆိုသည်။
အထူးသဖြင့် မုလိန်းရွာ၏ သစ်သားထွင်း လက်ရာများသည် အလွန်ကျော်ကြားသည်။ ထို့ကြောင့် ရွာရှိ ယောက်ျား အများစုသည် လက်သမားများ ဖြစ်ပြီး ပစ္စည်းများကို ရွာဈေးများတွင် ရောင်းချကြသည်။ ယခုလို နွေရာသီတွင် အလုပ်လုပ်ရသည်မှာ ခက်ခဲသောကြောင့် ပေါ့ပါးသော အဝတ်အစားများကိုသာ သူတို့ ဝတ်ဆင်ကြသည်။ လက်သမားတော်တော်များများမှာ အင်္ကျီပင် မဝတ်ကြပေ။
ဆာစီးနီယာ ၏ အကြည့်များသည် လက်သမားများဆီ ရောက်သွားသည်။ လက်သမားအများစုသည် လေ့ကျင့်ခန်း လုပ်ထား၍ မဟုတ်ဘဲ အလုပ်ကြမ်း လုပ်ရသဖြင့် ကြေးနီရောင်အသားအရည်နှင့် ကြွက်သားများ အထစ်ထစ် ရှိကြသည်။
"ဆာစီးနီယာ"
"…"
ဘန် သည် ဆာစီးနီယာ ကို လက်မှုပစ္စည်းများအား ပြနေစဉ် ပြန်မဖြေသဖြင့် ခေါ်ကြည့်လိုက်သည်။ သူ ကမန်းကတန်း လှည့်ကြည့်လိုက်ရာ ခြေလှမ်းနှေးနှေးဖြင့် လိုက်လာနေသော ဆာစီးနီယာ ကို တွေ့လိုက်ရသည်။ သူမ အကြည့်တို့က တစ်နေရာတည်းမှာသာ စူးစိုက်နေကြ၏။ ဘန် က သူမကြည့်နေရာသို့ လှည့်ကြည့်လိုက်ရာ လက်သမားဆိုင်တွင် လက်သမားများ အလုပ်လုပ်နေသည်ကို သူ မြင်လိုက်သည်။
အပူဒဏ်ကြောင့် ထင်းခုတ်အပြီး ချွေးသံတရွှဲရွှဲ ဖြစ်နေသော လက်သမားအများစုမှာ ကြွက်သားသန်မာလှသူများပင်။ ဘန် ၏ ပြုံးနေသော မျက်နှာသည် တဖြည်းဖြည်း တင်းမာလာပြီး သူ နောက်ပြန်လှည့်ကာ ဆာစီးနီယာ နား ပြန်လျှောက်သွားသည်။
"မေးရိုးတွေပါ ပြုတ်ကျနေဦးမယ်"
"ဟဲဟဲ"
ဆာစီးနီယာ ပါးစပ်ကို အလိုလို ပိတ်မိသွားရသည်။
'ဟင်… ငါဘယ်တုန်းက ပါးစပ်ကို ဟ,လိုက်မိပါလိမ့်'
သူမ ရှက်သွားရပြီး မျက်နှာအနည်းငယ်နီသွားသည်။ ဘန် သည် ရှက်ပြုံးကလေးဖြင့် ဆင်ခြေတက်ရန် ကြိုးစားနေသော ဆာစီးနီယာ ကို ဒေါသထွက်သွားသည်။
" ဆာစီးနီယာ ကြိုက်တဲ့ စံပြယောက်ျား (ideal type)တွေက ဒီလိုကောင်တွေကိုး"
ဘန် သည် လက်သမားဆရာများကို ကြည့်လိုက်ပြန်သည်။ သူတို့၏ ကြေးနီရောင်ပေါက်နေသော ကြွက်သားအဖုဖုအထစ်ထစ်နှင့် လက်မောင်းများကို ကြည့်လိုက်သည်။သူတို့နှင့်မတူဘဲ ဘန်၏ လက်မောင်းကလေးမှာ ဖြူဥပြီး ပိန်ကပ်နေပါ၏။ လက်သမားများ၏ လက်မောင်းသားများသည် သူ့လက်ထက် နှစ်ဆပိုကြီးနေသည်။ ပုဆိန်ကို ပေါက်ချလိုက်တိုင်း သူတို့ ကြွက်သားများသည် ကျစ်လစ်စွာ ခုံးထလာကြသည်။
ဘန် သူ့ကိုယ်သူ ရှက်သွားရသဖြင့် အင်္ကျီလက်ကို အမြန်ဆွဲချလိုက်သည်။
"မဟုတ်ပါဘူး…အရမ်း ဗလတောင့်တဲ့ယောက်ျားတွေကို ငါမကြိုက်ပါဘူး”
ဆာစီးနီယာ က သူမ ပါးကိုကုတ်ရင်း ပြန်ပြောလိုက်သည်။ သူမ၏ မူလစံပြပုံစံ Ideal Type မှာ ကြေးနီရောင်အသားအရည်ရှိပြီး ကြွက်သားရှိသော အမျိုးသားများ ဖြစ်သည်။ ပခုံးပြင်ကျယ်သော အမျိုးသားများသည် ယောက်ျားပီသ ပေသည်။သို့သော် ယခု လောလောဆယ် သူမ အကြိုက်မှာ ဖြူဖွေးသွယ်လျပြီး လှပသည့် မျက်နှာအချိုးအစား ရှိသူများ ဖြစ်သွားရသည်။
သူမ၏ အဖြေကြောင့် ဘန် အံ့သြသွားရပြီး စိတ်ဓာတ်ကျသွားရသည်။သူ စိတ်ပေါက်ပေါက်နှင့် ကျောက်ခဲတစ်လုံးကို ဆောင့်ကန်ပစ်လိုက်သည်။
ဘန် က ကျောက်စရစ်ခဲတစ်လုံးကို ကန်နေတာ တွေ့လိုက်သောအခါ ဆာစီးနီယာ တခစ်ခစ်ရယ်နေသည်။ ဘန် ၏ တုံ့ပြန်ပုံက ချစ်ဖို့ကောင်းတာကြောင့် သူ့ကို နည်းနည်း နောက်ပြောင်ချင်ပေမယ့် ငိုသွားမည်စိုး၍ သူမ နောက်လိုစိတ်မရှိတော့ချေ။
"သွားကြရအောင်"
"အင်း…"
သူမက ပြောရင်းဆက်လျှောက်လိုက်ရာ ဘန်က သိသိသာသာပင် နောက်မှာ ကျန်နေခဲ့၏။ဆာစီးနီယာလည်း မသိကျိုးကျွံပြုကာ ဆက်လျှောက်လာသည်။သူမစိတ်ထဲတွင်တော့ သူဘာကြောင့် ရုတ်တရက် စိတ်ပျက်သွားရမှန်း နားမလည်ဖြစ်နေသည်။
"ဘန်…နင့်ရဲ့ နာမည်အရင်းကို နင်မသိချင်ဘူးလား"
ဈေးဝယ်ထွက်ပြီးနောက် သူတို့ အိမ်ပြန်လာကြသည်။ ပစ္စည်းတွေ အများကြီးဝယ်လာသဖြင့် သယ်ရပိုးရနှင့် အလွန်ဒုက္ခများပေသည်။သို့သော် ဆာစီးနီယာ မပင်ပန်းဘဲ ဘန် အကုန်လုံး သယ်လာသဖြင့် သူသာ ပင်ပန်းရသည်။
ဘန် သည် ဆာစီးနီယာ ၏ စွမ်းအားအကြောင်း သိပ်မသိပေ။ သူမသည် သန်မာသူဖြစ်ကာ စိတ်ဓာတ်မာချာသူပင်။ သူ မရှိသည့် အချိန်အတွင်း လောင်းကစားဘုရင် ဘာဖြစ်သွားမှန်း မသိဘဲ သူမကိုလည်း တကူးတက မမေးဖူးပေ။
လောင်းကစားဘုရင် သေသွားသည်ဖြစ်စေ၊ အသက်ရှင်နေသည်ဖြစ်စေ သူ့အတွက် အရေးမကြီး။ ယခု သူ ဆာစီးနီယာ နှင့် ပျော်ရွှင်နေရသောကြောင့် ထိုသို့ အသေးအဖွဲကိစ္စများကို မတွေးချင်ပေ။
"အင်း ငါလည်းသိချင်တယ်… ဘာလို့လဲဆိုတော့ အမေ ပေးခဲ့တဲ့ နာမည်က တော်တော် ကောင်းမယ်ထင်တယ်…"
"ဟုတ်မယ်နော်"
"ဒါပေမယ့် ငါ ဆာစီးနီယာ ပေးတဲ့ နာမည်ကို ပိုကြိုက်တယ်"
ဘန် က ဆာစီးနီယာ စိတ်မကောင်းဖြစ်သွားမှာစိုး၍ ချက်ချင်း ထအော်လိုက်သည်။အမှန်တစ်ကယ်လည်း ဘန်ဆိုသည့်အမည်ကို ပိုကြိုက်သည်။
သူမ၏ နှုတ်ခမ်းနီနီ ဖူးဖူးတို့နှင့် သူ့နာမည်ကို ခေါ်လိုက်လျှင် သူ့ရင်ဘတ်ကြီး တုန်ခါသွားရသည်ကိုလည်း သဘောကျသည်။
ဆာစီးနီယာ က ခပ်တည်တည်ပင် ဘန့် စကားကို ပြုံးပြ၍ ထောက်ခံလိုက်သည်။
'အမေတွေအတွက် သား ယောက်ျားလေး မွေးရတာ မွေးကျိုးမနပ်ဖူးလို့ သူများတွေ ပြောတာကြားဖူးတယ်.တစ်ကယ် ဟုတ်နေတာလား'
သူမ စိတ်ထဲ တွေးလိုက်မိပြီး ရယ်မောမိချေ၏။
နောက်တစ်နေ့…
ဘန် မနက်စောစော အိပ်ရာက ထပြီး ခဏလုပ်စရာရှိသဖြင့် အိမ်ကထွက်လာသည်။
အချိန်အတော်ကြာအောင် အထီးကျန်နေခဲ့သော ဆာစီးနီယာ သည် မနက်လင်းကတည်းက ဘန် ပျောက်သွားသဖြင့် ပျင်းနေရသည်။
ဆာစီးနီယာ သည် မူရင်းဇာတ်လမ်းနှင့် မတူသော သူမ ဘဝကို ကျေနပ်နေခဲ့သည်။ ယခု သူမသည် စွမ်းအားများကို ဖုံးကွယ်ပြီး ငြိမ်းချမ်းစွာ နေထိုင်သွားဖို့သာ လိုတော့သည်။ သူမသည် ပြတင်းပေါက်မှ အပြင်ဘက်ရှုခင်းကို လှမ်းကြည့်လိုက်သည်။ တောထဲရှိ ပန်းသီးပင်များမှာ ဘောင်ထဲတွင် ချိတ်ဆွဲထားသည့် ပန်းချီကားတစ်ချပ်နှယ်ပင်။
သူမ ရှုခင်းကို ငေးကြည့်ရင်း လက်ဖက်ရည် တစ်ကျိုက် ကျိုက်လိုက်သည်။ လက်ဖက်ရည်၏ သင်းပျံ့သောရနံ့သည် နှာသီးဖျားကို နှိုးဆွသွားပြီး ခန္ဓာကိုယ်ကိုပါ နွေးထွေးစေသည်။ ဤအခိုက်အတန့်ကလေးသည် ဆာစီးနီယာ ဖြစ်လာပြီးနောက် ပထမဆုံး အနားယူရခြင်းပင်။
"သူဘယ်တော့ပြန်လာမှာပါလိမ့်"
ဘန် ကို မျှော်နေကြောင်း နှုတ်ကပါ ထုတ်ပြောမိသည့်အတွက် သူမ ရှက်စနိုး ပြုံးမိသွားရသည်။
"ဆာစီးနီယာ"
ဘန် အိမ်ပြန်ရောက်လာသောအခါ နေမြင့်နေလေပြီ။ မနေ့က တနေကုန် စိတ်ဓာတ်ကျနေသော ဘန်မှာ ယနေ့တော့ ပြုံးရွှင်ပြီး ပြန်ရောက်လာလေသည်။ ဆာစီးနီယာ က လက်ဖက်ရည်ကုန်အောင် သောက်ပြီးနောက် တံခါးဖွင့်ပေးရင်း ဘန် ကို အကဲခတ်လိုက်သည်။
"ကောင်းတာတစ်ခုခု ဖြစ်ခဲ့လို့လား"
ဘန် သည် စိတ်အားထက်သန်စွာဖြင့် သူမဆီသို့ လှမ်းလာသည်။
"ငါ အလုပ်ရခဲ့တယ်"
"အလုပ်"
'ဘာလို့ အလုပ်ရှာခဲ့တာလဲ… သူအလုပ်မလုပ်ရင်တောင် ငါတို့မှာ ပိုက်ဆံအများကြီးရှိတာပဲဟာ'
ဘန် က သူ့ရင်ဘတ်ကို ကော့၍ပြောလိုက်သည်။
"လက်သမား အလုပ်လေ"
ဘန် က အပြုံးကြီးပြုံးရင်း ဆိုလိုက်ကာ ဆာစီးနီယာ ၏ ချီးမွမ်းစကားကို စောင့်နေသည်။
ဘန် ၏ မျှော်လင့်နေသော အကြည့်ကို သူမလည်း သဘောပေါက်မိကာ ရှက်စနိုး ပြန်ပြုံးမိသွားရသည်။ လက်သမားလုပ်ဖို့ ဘာကြောင့် ဆုံးဖြတ်ခဲ့တာလဲဆိုတာ သူမလည်း နားလည်ပုံရသည်။
ဘန် သည် ဆာစီးနီယာ ၏ အပြုံးကို မိန်းမောတွေဝေကာ ကြည့်နေမိသည်။ သူမ၏ လှပစွာ ကွေးညွတ်နေသော နှုတ်ခမ်းတို့ကို သူ စိတ်ရှိလက်ရှိ နမ်းပစ်ချင်မိသည်။သို့သော် ထိုသို့ စိတ်လိုက်မာန်ပါ လုပ်လိုက်ပါက သူတို့နှစ်ယောက်၏ အပျော်တို့ ပျက်ဆီးသွားရပေမည်။ထို့ကြောင့် သူက မချိပြုံးလေးပြုံးကာ ဆန္ဒကို ချုပ်တည်းရန် ကြိုးစားနေသည်။ထို့နောက် သူက ပွင့်နေသော ပြတင်းပေါက် အပြင်ဘက်ကို လှမ်းကြည့်ရင်း လေပူတစ်ချက် မှုတ်ထုတ်လိုက်သည်။
ထိုနေ့က အရာအားလုံး ငြိမ်းချမ်းခဲ့လေသည်။
Xxxxxxxx