Chapter 21
"ဆာစီးနီယာ…အသာနေနော်…ငါအဝတ်လျှော်လိုက်မယ်"
လက်သမားရုံမှ ပြန်လာသော ဘန် သည် ခြံထဲ တစ်ခါထွက်သွားပြန်သည်။ သူမတို့ အိမ်သည် ရွာနှင့် အနည်းငယ် လှမ်းနေသော်လည်း ဘန်က ယခင်အိမ်ထက်တော့ သာယာပေသည်။
ဆာစီးနီယာ သည် ဘန် နှင့်သူမ၏ ဆက်ဆံရေးကို တခြား ဘာမှ တွေးမထားပေ။မိသားစု၊ချစ်သူ၊သူငယ်ချင်း တို့နှင့် သူမ မနေခဲ့ရ၍ လူတစ်ယောက်နှင့် တစ်အိမ်တည်းအတူနေဖို့ရာ ဘယ်လောက် အရေးကြီးမှန်း သူမ မသိပေ။
ဘန်နှင့် နေရသည်မှာ သူမအတွက် သက်တောင့်သက်သာ ရှိလှသည်။ဘန် သည် သူမ၏ ခံစားချက်ကို သိပုံရပြီး သူမတို့ ဆက်ဆံရေးအကြောင်း ဘာမှ မမေးခဲ့ပေ။သူမတို့နှစ်ယောက် အနေကြာလာတာ ကြောင့်လည်း ဖြစ်နိုင်သည်။
သို့သော် ယောက်ျားတစ်ယောက်နှင့် မိန်းမတစ်ယောက်သည် တစ်မိုးအောက်တည်းတွင် အတူနေထိုင်ရန် မဖြစ်နိုင်ပေ။ဘန်က သူမနှင့် မျက်လုံးချင်းဆုံတိုင်း ရှက်စနိုး ဖြစ်သွားတတ်သော်လည်း သူမက ဘာမှ မခံစားရပေ။ဤသည်မှာလည်း သူမနှလုံးသားကို ကောင်းကောင်း မသိသေးတာလည်း ဖြစ်နိုင်သည်။
"အိုး…ချီးပဲ"
ပန်းကန်ခွက်ယောက်တွေကို စီရီနေသည့် ဆာစီးနီယာ က တိုးတိုးလေး ဆံရေးလိုက်သည်။ မနေ့ညက အဝတ်ခြင်းတောင်းထဲ ထည့်ထားသည့် သူမ အတွင်းခံ ဘောင်းဘီကို သတိရသွားခြင်း ကြောင့်ပင်။သူမသည် ကိုယ့် အတွင်းခံဘောင်းဘီကို ကိုယ်တိုင်သာ လျှော်ဖွပ်ဝတ်တတ်သည်။
သူမ တံခါးကို အမြန်ဖွင့်ကာ ခြံထဲ လျှောက်သွားလိုက်သည်။ ဘန် မတွေ့ခင် သူမ သွားယူရပေမည်။
ခြံထဲတွင် ဘန်က ရေနည်းနည်းခပ်ပြီး ရေဇလုံထဲကို လောင်းထည့်နေစဥ် ဆာစီးနီယာ သူ့အနား အမြန်ပြေးသွားလိုက်သည်။
"ဘန်…ငါ အ၀တ်တွေ လျှော်လိုက်မယ်..."
"ဘယ်လို"
ဆာစီးနီယာ မှာ အသံပင် မထွက်နိုင်ဘဲ တံထွေးကို အနိုင်နိုင် မျိုချလိုက်သည်။
ဘန် က သူမစကားကို ဂရုမစိုက်ဘဲ ရေစိုသည့် အဝတ်တို့ကို ဆွဲမလိုက်သည်။
အားလုံးထဲမှာမှ ငါ့အတွင်းခံက ဘယ်လိုလုပ် ကြံကြံဖန်ဖန် ကိုင်မိရတာလဲ…
ဆာစီးနီယာ သည် ဘာမှမသိရှာသော ဘန် ကိုတစ်လှည့် ရေများရွှဲနေသော အတွင်းခံဘောင်းဘီကို တစ်လှည့် ကြည့်ရင်း မျက်နှာနီသွားရသည်။
"ငါ လျှော်မယ်လို့"
"ရတယ်…မလျှော်ပါနဲ့… ရေကလည်း အေးနေတာ…မင်းလက်တွေ အေးသွားလိမ့်မယ်…ငါ လျှော်လိုက်မယ်"
ဘာမှန်းမသိဘဲ ဘန် က လာငြင်းနေသေးသည်။
ဆာစီးနီယာ သည် ဘန် အနား ပြေးသွားပြီး အတွင်းခံဘောင်းဘီကို သူ့လက်ထဲက လုယူလိုက်သည်။
"ဪ…ငါလျှော်ပါ့မယ်ဆို"
"ဒါ ငါ့အတွင်းခံဟ"
"ဘာ"
ဘန် သည် ဆာစီးနီယာ လက်ထဲမှ အတွင်းခံကို ကြည့်လိုက်ရင်း သူ့မျက်နှာကြီး နီမြန်းသွားသည်။
"အာ…"
ဘန် ရှက်ကိုးရှက်ကန်း ဖြစ်သွားပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဖြစ်နေသည်။ သူ့အကြည့်တို့မှာ မငြိမ်မသက်ဖြစ်နေပြီး လက်တွေတောင် နီရဲနေသည်။သူ့ကိုယ်ကိုသာ ရေအေး ဖြန်းလိုက်လျှင် ရွှဲကနဲ အငွေ့ ပျံသွားပေလိမ့်မည်။
ဆာစီးနီယာ မှာလည်းအတူတူပင်၊သူမမျက်နှာမှာ ပန်းသီးမှည့်ကဲ့သို့ နီနေပြီး စကားတစ်ခွန်းမှလည်း မပြောပေ။
နှစ်ယောက်လုံး အဝေးမှ တောင်တန်းများကို လှမ်းကြည့်ရင်း တိတ်ဆိတ်မှုများသာ သူတို့ကြား စီးဆင်းလာသည်။
ဆာစီးနီယာ သည် ရေစိုနေသော အတွင်းခံ ဘောင်းဘီကို လက်နောက်ပစ်၍ ဝှက်ထားလိုက်သည်။သူမ နောက်ဆို ဝတ်ပြီးသား အဝတ်များကို အဝတ်ခြင်းထဲ ထည့်ထားမည့်အစား ချက်ချင်း လျှော်ပစ်လိုက်မည်ဟု တွေးနေမိသည်။
"ငါ…တောင်းပန်ပါတယ်"
"ရပါတယ်…ဘာမှ မဖြစ်ပါဘူး"
တစ်ဖန် နှစ်ယောက်သား တိတ်ဆိတ်သွားကြပြန်သည်။
"ဒါဆို ငါ ကျန်တဲ့ အ၀တ်တွေ လျှော်လိုက်ဦးမယ်"
ဘုန်း…
ဘန် သည် ရှက်နေသဖြင့် မွှန်ထူပြီး ရေအပြည့်ရှိသည့် ရေဇလုံကို ခလုတ်တိုက်မိသွားရသည်။
"အာ…"
ဝက်အူပြုတ်သွားသည့် စက်ရုပ်ပမာ ယမ်းချာချာ ဖြစ်နေသည့် သူ့ပုံစံကိုကြည့်ပြီး ဆာစီးနီယာလည်း မျက်နှာပိုပူလာသည်။
ဘန်သည်လည်း သူ့ကို ဆာစီနီယာ ကြည့်နေသဖြင့် အယောင်ယောင်အနန ဖြစ်နေကာ သူ့နှလုံးခုန်သံကို သူမကြားသွားမှာ စိုးရိမ်နေ၏။
မကြာမီ ဆာစီးနီယာ အိမ်ထဲ တိတ်တိတ်လေး ပြန်ဝင်သွားလိုက်သည်။
ဘန် ဘေးမှာ သူမ ဆက်နေပါက ဒီနေ့ သူ အဝတ်လျှော်ဖြစ်လိမ့်မည် မထင်ပေ။
* * *
ဘန် ၏ဒဏ်ရာများကို ဆေးလိမ်းပြီးနောက် ဆာစီးနီယာ က ပြောလိုက်သည်။
"ပြီးပြီ"
"ကျေးဇူးတင်ပါတယ်"
ဘန် က သူချွတ်ထားသည့် အဝတ်အစားများကို အမြန်ဝတ်လိုက်သည်။ ဆာစီးနီယာ နေ့တိုင်းသူ့ကို ဆေးလိမ်းပေးနေသော်လည်း ယခုထိရှက်နေဆဲပင်။
"စကားမစပ် ဒီအမာရွတ်က ဘာဖြစ်တာလဲ"
"အမာရွတ်…ဟုတ်လား"
ဆာစီးနီယာ ဆေးထည့်ပေးတိုင်း ထူးထူးခြားခြား အမာရွတ်တစ်ခုကို စိတ်ထဲစွဲနေမိသည်။သူ့ဒဏ်ရာအများစုသည် ပျောက်ကင်းလုနီးပါး ဖြစ်နေသော်လည်း အမာရွတ်တစ်ခုမှာမူ အရောင်လျော့မသွားပေ။ထို့ကြောင့် အမာရွတ်သက်တမ်း အတော်ကြာနေပြီဟု သူမ သုံးသပ်လိုက်ခြင်းပင်။
ပန်းသီးကို ဓားနှင့် ထက်ခြမ်း ခြမ်းလိုက်သလိုမျိုး မျဉ်းကွေးပုံပေါက်သည့် အနည်းငယ်ထူးဆန်းသော အမာရွတ်တစ်ခု…
အမာရွတ်ပုံစံသည် ထူးဆန်းပြီး ဘာကြောင့် ဖြစ်ရသည်ကို သူမ မှန်းဆနိုင်အောင် ဖြစ်နေရသည်။
ဘန်က သူ့အမာရွတ်ကိုတောင် သတိထားမိဟန်မတူဘဲ ကိုယ်ကိုဘယ်ညာယမ်း၍ ရှာနေသည်။ ဆာစီးနီယာ က အမာရွတ်ကို လက်ညိုးထိုးပြီး သူ့ကို ပြလိုက်ရာ ဘန်က သူသိသလိုပင် ခေါင်းညိတ်လိုက်သည်။
"ငယ်ငယ်တုန်းက ဒဏ်ရာ ဖြစ်နိုင်တယ်… အသေးစိတ်တော့ မသိဘူး"
သူက မသိဘူးဆို၍ ဆာစီးနီယာ လည်း ထပ်မမေးတော့ပေ။
ထို့နောက် သူမက ဆေးသေတ္တာအား ဘန်ကို နေရာတကျ ထားခိုင်းလိုက်သည်။
"ဒီည နင်နဲ့ အိပ်လို့ရမလား"
ဘန့် အကြည့်များက တောင်းပန်တိုးလျှိုးနေပုံရသည်။ တောထဲရှိအိမ်လိုမဟုတ်ဘဲ ဤအိမ်တွင် အခန်းနှစ်ခန်းရှိရာ ဘန် သည် နေ့တိုင်း အတူအိပ်လို့ရမလားဟု လာလာ မေးနေတော့သည်။
ပထမနေ့ကတည်းက သူမ ခွင့်မပြုခဲ့သည်မှာ ယနေ့တိုင်ဖြစ်၏။
ဆာစီးနီယာ မျက်နှာထား တင်းသွားရကာ ဝေခွဲမရဖြစ်နေမိသည်။
" ရပါတယ်…ဆာစီးနီယာ… ကောင်းသောညပါ”
ဘန် သည် ဆာစီးနီယာ မျက်နှာထားတင်းသွားသည်ကို ကြည့်ပြီး အမြန်လစ်ထွက်ရန် ပြင်လိုက်သည်။
ဆာစီးနီယာ သည် ဘန် ၏ နောက်ကျောပြင်ကိုကြည့်ရင်း သက်ပြင်းတစ်ချက်ချလိုက်မိသည်။
'အဲ့လိုကြီး စိတ်ပျက်သွားတော့ ငါဘယ်လိုနေရမလဲဟဲ့'
သူမရဲ့ အားနည်းချက်က ဘန် လားလို့တောင် တွေးမိသည်အထိပင်။
ခေါင်းငိုက်စိုက်ကျနေသည့် သူကို ကြည့်ကာ သူမ လှမ်းအော်ပြောလိုက်သည်။
"ကောင်းပြီ…စောင်ယူလာ"
ဘန် က ချက်ချင်း နောက်ပြန်လှည့်ကြည့်ပြီး တောက်ပစွာ ပြုံးပြလိုက်သည်။
"အင်း"
ဤအိမ်တစ်ခုလုံးကို တောက်ပစေသည့် အပြုံးတစ်ခု…
ယခု သူဘယ်လောက်ပျော်နေလဲဆိုတာ သူမ တွေးကြည့်ရုံနှင့် သိနိုင်သည်။
ဆာစီးနီယာ က ပြုံးပြီး ကြမ်းပြင်ပေါ်မှာ စောင်ခြုံပြီး ခွေအိပ်လိုက်သည်။
အိမ်တွင် မီးဖိုချောင်သုံး၊အိမ်သုံး ပရိဘောဂများ ရှိနှင့်ပြီးသော်လည်း အိပ်ရာ၊ ဗီရို၊ စားပွဲခုံ စသည်တို့ မရှိသောကြောင့် ဖြည်းဖြည်းချင်း ဝယ်ရ ပေမည်။
စောင်တစ်ထည်ကို ပိုက်လျက် အမြန်ပြန်ရောက်လာသော ဘန်က သူမနှင့် ခပ်ဝေးဝေးမှာ အိပ်လိုက်သည်။
ဘန် သူမဘေးနားရှိ မီးအိမ်ကို ပိတ်လိုက်ပြီး ဆက်အိပ်လိုက်သည်။ အခန်းကလေးမှာ အလင်းရောင်မရှိသဖြင့် မှောင်မိုက်သွားရချေသည်။
လရောင် ဝင်လာသော်လည်း ပြတင်းပေါက်သည် သေးငယ်လွန်းသဖြင့် အခန်းကျယ်ကြီးမှာ လင်းထိန်မသွားပေ။
ဆာစီးနီယာ မျက်လုံးမှိတ်ထား၍ အိပ်လိုက်သော်လည်း ဘေးနားက တုန်ယီသံလိုလို ညည်းသံ ကြားနေရသည်။
အသက်ရှုသံကိုတောင် ကြားနေရသော အခန်းထဲတွင် ဘန် ၏ ညည်းညူသံမှာ လည်း အတိုင်းသားပင်။
"မအိပ်သေးဘူးလား"
ဆာစီးနီယာ သည်းမခံနိုင်တော့ဘဲ မေးလိုက်ရာ ညည်းသံပျောက်သွားသော်လည်း အဖြေမကြားရ။ သူမလည်း အိပ်ချင်နေ၍ မျက်လုံးမှိတ်ထားလိုက်မိပြန်သည်။
"ငါလေ… ဆာစီးနီယာ…"
အချိန်အတော်ကြာပြီးနောက် သူမ ဘန့်အသံကို ကြားလိုက်ရသည်။
ဘန် သည် သူမ နာမည်ကိုပင် တစ်ခွန်းချင်း အကြာကြီးခေါ်နေသည်။
"ဘာလဲ…"
"နင့် လက်ကိုကိုင်ပြီး အိပ်လို့ရမလား"
"ဘာ"
'ဒါမျိုး ငါအရင်က ဇာတ်ကားတွေထဲမှာ ကြားဖူးပါတယ်'
သူမ အံ့အားသင့်စွာ ထထိုင်မိကာ ဘန် ကို ကြည့်လိုက်သော်လည်း မှောင်နေသဖြင့် သူ့မျက်နှာကို မမြင်ရပေ။
"အဲဒါကလေ… ဆာစီးနီယာ ရဲ့လက်တွေက နွေးထွေးတယ်… ကိုင်ထားလိုက်ရင် ငါ ကောင်းကောင်းအိပ်ပျော်မယ် ထင်တယ်"
သူတစ်ကယ် ပြောနေသလား သူမ မသိတော့။
'နင် ငါ့ကို လှည့်စားဖို့ ကြိုးစားနေတာလား…ငါဘာလုပ်ရမှာလဲ… လက်ခံသင့်လား…လက်မခံသင့်ဘူးလား’
ဆာစီးနီယာ က လက်ကိုင်ပြီး အိပ်လိုက်လျှင် ရှေ့ဘာဆက်ပြီး ဖြစ်လာမှန်းမသိနိုင်၍ အင်တင်တင်ဖြစ်နေသည်။
"ငါတို့ အဲ့လို အိပ်လို့ မရဘူးလား"
ဆာစီးနီယာ သက်ပြင်းတစ်ချက်ချကာ ပြန်အိပ်လိုက်သည်။ သူမ သိသော ဘန် သည် အကျင့်ယုတ်သူ မဟုတ်ပေ။
သို့သော်လည်း သူမစိတ်ထဲတွင် တထင့်ထင့်ဖြစ်နေရ၏။ ထို့နောက် သူမ ဆုံးဖြတ်ချက်ချကာ
"ဒီမှာ…"
သူမလက်ကို ကမ်းပေးလိုက်ရာ အေးစက်သော လက်တစ်ဖက်က လာဆုပ်ကိုင်လေသည်။ သူမ လက်ဖမိုးကိုသာ သူ့လက်တင်ထားမည် ထင်သော်လည်း သူက လက်ချောင်းချင်းပူးကာ ထွေးဆုပ်ထားသည်။
ငါ့ကိုယ်မှာ အပူဓာတ် ရှိနေလို့ အေးနေတဲ့ သူကိုတောင် အပူပေးနိုင်တာလား…
"ကျေးဇူးတင်ပါတယ်… ကောင်းကောင်းအိပ်ပါ…ဆာစီးနီယာ"
"အင်း…နင်ရော"
ကောင်းသောညပါ ဟု ပြောလိုက်သော ဘန် ၏ အသံသည် ရယ်မြူးရိပ်တို့စွန်းထင်လျက်ရှိသည်။
ဆာစီးနီယာ မျက်နှာကျက်ကို မော့ကြည့်လိုက်သည်။ မှောင်မည်းနေသော အခန်းထဲတွင် လရောင်ဖျော့ဖျော့လေးသာ အခန်းထဲ ရှိနေသည်။ သူမ ကြိုးစားအိပ်ကြည့်သော်လည်း တော်တော်နှင့် အိပ်မပျော်ပေ။ သူမ၏ နှလုံးခုန်နှုန်းသည် ပုံမှန်ထက် အနည်းငယ် ပိုမြန်လာသည်။ အခြားသူတစ်ဦး၏ သွေးခုန်နှုန်းကို သူမ ပထမဆုံးအကြိမ် ခံစားမိသဖြင့် ရင်တုန်နေခြင်းပင်။
'ငါတို့ လက်ကိုင်ထားတာ ဘယ်လောက်ကြာပြီလဲ မသိဘူး'
ဆာစီးနီယာ သည် အလောင်းကောင်လို မလှုပ်မယှက် ငြိမ်ငြိမ်နေပြီး မျက်လုံးဖွင့်နေသေးသည်။ ဘန် က အိပ်ပျော်သွားသလို အသက်ကိုခပ်ဖွဖွ ရှူနေသည်။
"ဘယ်လိုကောင်လဲ"
သူမ စိတ်ဆိုမာန်ဆိုး ပြောလိုက်မိသည်။
အချိန်အတော်ကြာ စဉ်းစားပြီးနောက် သူမကိုယ်သူမ အရူးတစ်ယောက်လို ခံစားလာရသည်အထိ သူက မနိုးသေးပေ။ သူမ ဒေါသထွက်ကာ လက်ကိုရုန်းကြည့်လိုက်သည်။
' ဘာလို့ ငါ့ကိုမှလာပြီး လက်ကိုင်ချင်ရတာလဲ'
သူမ စိတ်အနှောက်အယှက်ဖြစ်စရာ မလိုသော်လည်း ဘာကြောင့်မှန်းမသိ စိတ်ဆိုးနေမိသည်။
'ငါ့ဘာငါ အိပ်မပျော်တာနဲ့ ဘန်ကို စိတ်အနှောင့်အယှက်ဖြစ်စရာ လိုလို့လား'
အချိန်အတော်ကြာအောင် သူမ စဉ်းစားကြည့်သော်လည်း အဆုံးတွင် အဖြေမရှာနိုင်တော့။
လရောင် ပျောက်သွားကာ နေထွက်ခါနီးမှ ဆာစီးနီယာ အိပ်ပျော်သွားရသည်။
ဘန်တစ်ယောက် မိုးသောက်ချိန်၌ နိုးလာသောအခါ သူကိုင်ထားသည့် လက်တစ်ဖက်ကို စိုက်ကြည့်နေမိသည်။ ငြိမ်သက်စွာ အိပ်ပျော်နေသော ဆာစီးနီယာ ထံမှ အသက်ရှူသံ ခပ်ဖွဖွကို ကြားရသည်။
သူ တစ်ချက်ပြုံးလိုက်ကာ သူမ မျက်နှာကို ဖုံးထားသည့် ဆံနွယ်များကို အသာ သပ်တင်ပေးလိုက်သည်။ သူ ဆံပင်သပ်ပေးနေတုန်း သူမ မနိုးလာသည့်အတွက် စိတ်သက်သာရာရသွားမိသည်။ သူ ဆံပင်သပ်ပြီးသည်အထိ သူ့လက်ကို တော်တော်နှင့် ပြန်မရုတ်နိုင်သေးဘဲ ဆာစီးနီယာ ၏ ကော့ညွတ်နေသော မျက်တောင်များနှင့် နီရဲနေသော နှုတ်ခမ်းများအား အနုစိတ်သေချာကြည့်နေမိသည်။ ထိကြည့်တို့ကြည့်ချင်စိတ်တို့ကလည်း တဖွားဖွားပင်။
တင်းတင်းစေ့ထားသော သူ့ နှုတ်ခမ်းများက အတော်ပင် ထိန်းချုပ်ထားရကြောင်း ဖော်ပြနေသည်။သူမ မျက်နှာကို အချိန်အတော်ကြာ ကြည့်နေသော်လည်း နောက်ဆုံးတွင် သူမ မျက်တောင် တစ်ချောင်းကိုတောင် မထိဘဲ သူ့နေရာသူ ပြန်ရောက်လာသည်။
ဘန် အနည်းငယ် နောင်တရသွားပြီး သူ ကိုင်ထားသည့် ဆာစီးနီယာ လက်ဖမိုးကို နမ်းချလိုက်သည်။
မှ
အေးစက်နေသော နှုတ်ခမ်းများက နွေးထွေးနေသော လက်ဖမိုးကလေးကို ထိလိုက်သောအခါ အခန်းထဲတွင် ပဲ့တင်သံပါ ထွက်လာရသည်။
ဘင်၏နှလုံးသားသည်။အကြမ်းပတမ်း ဆောင့်ခုန်လာပြန်သည်။
ဘာ…
'အခု ငါဘာလုပ်လိုက်တာလဲ… သူမ အိပ်ပျော်နေတုန်း သူမကို ခိုးနမ်းလိုက်တာပါလား'
ဘန် သည် အတင့်ရဲပြီး အကျင့်ပျက်လှသော သူ့ လုပ်ရပ်ကြောင့် အံ့ဩသွားမိသော်လည်း နောင်တမရပေ။အကြောင်းမှာ သူတစ်သက်လုံး မရှိခဲ့သည့်လောဘတို့ ယနေ့မှ ရှိလာသောကြောင့်ပင်။(သူ အမြဲအနှိမ်ခံဘဝနဲ့ နေလာရတဲ့အတွက် ဒီတစ်ခါတော့ သူ အလိုပြည့်ချင်မိ)
ဘန် အိပ်မပျော်နိုင်တော့ဘဲ နှလုံးခုန်နှုန်းကလည်း မြန်လွန်း၍ အသက်ရှူရခက်လာသော်လည်း သူ မထချင်သေး။
သူမ နိုးလာသည်အထိ သူမ လက်ကို ကိုင်ထားချင်မိသည်။ သူမ သူ့ကို ဘယ်လောက်ပဲ တွန်းထုတ်ပါစေ၊သူမနှင့်သာ အမြဲရှိနေချင်မိတော့သည်။
ဘန်သည် ဆာစီးနီယာ လက်ကို တစ်သက်လုံး လွှတ်မပေးချင်သလို မြဲမြဲ ဆုပ်ထားလိုက်လေ၏။
Xxxxxxx