Chapter 22
"မူလိန်း လို့ ခေါ်တဲ့ ရွာပါ"
အားချန် သည် ချက်ချင်းပင် မြေပုံကို ဖွင့်ကြည့်လိုက်သည်။ မူလိန်းရွာ သည် ယခုသူရှိနေသည့်နေရာမှ တောင်ဘက်ကျသော နေရာဖြစ်ပြီး နှစ်ရက်ကြာအောင် မြင်းစီးရမည် ဖြစ်သည်။
အားချန် မျက်မှောင်ကြုတ်သွားရသည်။
"သေချာလား"
တလမ်းလုံး ပြဿနာမရှိနိုင်ပါဘူးဟု ဘယ်သူမှ အာမ မခံနိုင်ပေ။သူတို့လိုချင်တာ မရပါက လေးရက်ခန့် အလဟဿဖြစ်သွားပေမည်။
"ကျွန်တော်…"
နောက်လိုက်မှာ စကားကို ဆုံးအောင်မပြောနိုင်တော့ဘဲ အားချန် က သူ့ကိုနှင်လွတ်လိုက်လေသည်။
နေ့မနား ညမနား သူ့ကို ရှာနေခဲ့ကြသည်။သတင်းရဖို့အတွက် သူ့ကိုယ်ပိုင် နည်းလမ်းရှိပေမယ့်လည်း အတော်ရှာရခက်ပေသည်။
အားချန် သည် မောပန်းနွမ်းနယ်နေသဖြင့် မျက်လုံးမှိတ်ထားပြီး ဆိုဖာပေါ်ထိုင်ချလိုက်သည်။ သူ မြို့စားမင်း ပိုင်နက်မှ ထွက်လာသည်မှာ တစ်လပင်ရှိနေပြီး ယခုအချိန်ဆို သူ ပြန်သွားရမည့်အချိန်ဖြစ်သည်။သို့သော် သူ့ကို အပါမခေါ်နိုင်ပါက မိုးမီးလောင်သွားနိုင်သည်။
စိစိပိတ်ထားနေသော အားချန်၏ မျက်လုံးများ ပွင့်လာရသည်။ လောလောဆယ်တော့ သူလုပ်ရမှာက မူလိန်း ကိုသွားဖို့ပင်။
အားချန် က သူ့လက်အောက်ငယ်သားတစ်ယောက်ကို လှမ်းခေါ်လိုက်ရာ တံခါးချက်ချင်း ပွင့်လာသည်။
"မနက်ဖြန် ငါတို့ မူလိန်း ကို သွားကြမယ်"
"ဟုတ်ကဲ့…ပြင်ဆင်စရာရှိတာတွေ ပြင်လိုက်ပါဦးမယ်"
အားချန် သည် နေဝင်ချိန်ကို မျှော်ကြည့်ကာ သူ့ကို ယခုတစ်ခေါက် သေချာပေါက် တွေ့ရမည်ဟု မျှော်လင့်နေမိသည်။
* * *
မနက်စောစောအချိန်၌ ဆာစီးနီယာ သည် ဘန် ပြင်ပေးထားသည့် စားပွဲတွင်ဝင်ထိုင်လိုက်သည်။ ဘန့် လက်ရာ အာလူးပေါင်မုန့်သည် အိုးထဲတွင် ဖုတ်နေဆဲ ဖြစ်သည်။ဘန်က တစ်နေ့တခြား ဟင်းချက်တော်လာပြီး ယခုဆို ပန်းကန်ပြားများတောင် အကွဲမရှိတော့ပေ။
ဆာစီးနီယာ သည် ဘန် ဖုတ်သည် အာလူးပေါင်မုန့်ကို ကြိုက်သည်။ မွှေးကြိုင်သော ဂျုံမှုန့်ဖြင့် ပြုလုပ်ထားပြီး အာလူးထောင်းမှာလည်း အလွန်အရသာရှိသည်။ ဘန် သည် မုန့်နှစ်ကို နယ်ပြီး အာလူးပြုတ် ထည့်ထားခြင်းပင်။
အာလူးပေါင်မုန့်ကို ဝါးနေသော ဆာစီးနီယာ သည် ဘန် ကို သေချာကြည့်ရင်း တစ်ခုခု ပြောင်းလဲသွားသည်ဟု သူမ ခံစားမိသည်။
ဘန် လက်သမားဖြစ်လာပြီး အလုပ်စလုပ်သည်မှာ တစ်ပတ်ရှိပြီဖြစ်၏။ယခု သူ၏ သွယ်လျသော လက်မောင်းများသည် အလုပ်ကြောင့် အနည်းငယ် တောင့်လာသလိုပင်။ ဂျုံလိုဖြူဖွေးနေသော သူ့အသားအရေမှာလည်း နီမြန်းလာ၏။
"နင် နည်းနည်း အသားညိုသွားသလိုပဲ"
"ငါလား"
ဘန် က ဝမ်းသာသွားသလို ထအော်လိုက်သည်။
'အသားညိုတာ ဘာကောင်းလို့လဲ'
ဆာစီးနီယာ သည် ဘန် ကို နားမလည်နိုင်ဖြစ်သွားပြီး စိုက်ကြည့်လိုက်ရာ သူက အားရပါးရပြုံးလိုက်သဖြင့် သူ့မျက်ဝန်းတို့မှာ လခြမ်းပုံ ကွေးသွားရ၏။
ဆာစီးနီယာ သည် ဘန် ပျော်နေသည်ကိုကြည့်ရင်း သူမလည်း ပျော်လာသလိုပင်။ နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် ကြည့်ကာ ပြုံးလိုက်ကြသည်။
"အလုပ်သွားတော့မယ်နော်"
ဘန်က ခါတိုင်းထက် ပို၍ တောက်ပစွာ ပြုံးပြပြီး ထွက်သွားလေသည်။ ဆာစီးနီယာ ဘန် ကျောပြင်ကို အသေအချာ ကြည့်နေမိတော့သည်
သူ အလုပ်သွားတာကို သူမအား နှုတ်ဆက်သွားသည့်အတွက် ခင်ပွန်းဖြစ်သူက ဇနီးသည်ကို နှုတ်ဆက်သွားသလို ခံစားလိုက်ရသည်။ထိုသို့ တွေးလိုက်ရာ သူမ ကြက်သီး မွေးညင်းထသွားပြီး အနည်းငယ် တုန်ယီသွားရလေသည်။
ယနေ့သည် ဘန် လစာရသောနေ့ဖြစ်သည်။
လွန်ခဲ့သည့် ရက်အနည်းငယ်ကတည်းက ဆာစီးနီယာ ကို ကြွားချင်သဖြင့် သူ လစာ မျှော်နေရခြင်းပင်။
ဆာစီးနီယာသည် ပြတင်းပေါက်နားမှာ အေးအေးဆေးဆေး ထိုင်ပြီး လက်ဖက်ရည်ခွက်ကို လှမ်းယူလိုက်သည်။ လက်ဖက်ရည်၏ မွှေးရနံ့ဖြင့် နံနက်ခင်းကို စတင်လိုက်သည်။
ဆာစီးနီယာ မှာ ဘန်က တစ်အိမ်လုံး ဝေယျာဝစ္စမျကို အောင်ခြေသိမ်းလုပ်ပေးနေသဖြင့် သူမ လုပ်စရာမလိုပေ။ သူမကို မီးဖိုချောင်ထဲ မ၀င်ဖို့လည်း သူက တားထားပြီး ရေတစ်စက်တောင် ပေးမထိပေ။ အဝတ်လျှော်လည်း သူ၊သန့်ရှင်းရေးလုပ်လည်း သူပင်။
ဘန် အလုပ်များလွန်း၍ သူမ စိတ်မကောင်းဖြစ်ခဲ့ရသော်လည်း သူက သူမ နည်းနည်း ကူညီလိုက်ရင်ပင် စိတ်ဆိုးတတ်သည်။
မူလိန်း ရွာမှာ အခြေချနေထိုင်ပြီးကတည်းက အိမ်တွင် သူမသည် အခန့်သားထိုင်၍ အတွင်းခံဘောင်းဘီများသာ ကိုယ်တိုင် လျှော်ရတော့သည်။
ဆာစီးနီယာ၏ လက်ဖက်ရည်သောက်သံ တဂွပ်ဂွပ်က တစ်အိမ်လုံး ပဲ့တင်ထပ်သွားသည်။ သူမသည် ပြတင်းပေါက် အပြင်ဘက်ရှိ ရှုခင်းများကို ကြည့်ပြီးမှ မတ်တတ်ထလိုက်သည်။
ဘန် ယနေ့လစာ ရလာမည်ဖြစ်၍ သူ့အတွက် ဟင်းကောင်းကောင်း တစ်ခွက်ချက်ကျွေးပြီး ဂုဏ်ပြုချင်မိသည်။ထို့နောက် ဆာစီးနီယာ သည် မီးဖိုချောင်ဘက်သို့ စိတ်လှုပ်ရှားစွာ လျှောက်လာတော့သည်။
* * *
သစ်သားကို အပြင်းအထန် ထွင်းနေသော ဘန် သည် တစ်စုံတစ်ယောက်က သူ့လက်မောင်းကို လာပုတ်ရာ ဘေးကို ကြည့်လိုက်သည်။
"ဒီနေ့က မင်းရဲ့ ပထမဆုံး လစာနေ့ပဲကွ… မင်းဘာလုပ်မှာလဲ"
လုပ်ဖော်ကိုင်ဖက်တစ်ဦးက မေးသောအခါဘန် သူ့ကို ပြုံးပြလိုက်သည်။
" လက်ဆောင်သွားဝယ်မှာပေါ့"
"လက်ဆောင်လား…ဘယ်သူ့အတွက်လဲ…ဟင်…မင်းရဲ့ချစ်သူဖို့လား"
" ငါ့ချစ်သူ…"
ဘန် ထိုသူ့စကားကြောင့် အံ့သြသွားရသည်။
ငါ့မှာ ချစ်သူရှိနေတာ မသိလိုက်ပါလား…
"မင်းရဲ့ချစ်သူက မင်းနဲ့တူတူနေနေတဲ့ မိန်းကလေး မဟုတ်ဘူးလား"
"မဟုတ်ပါဘူးကွာ… ဆာစီးနီယာ က... "
ဘန် က လက်ကာပြပြီး ငြင်းလိုက်သော်လည်း ဘာဆက်ပြောရမှန်းမသိတော့။
'ဆာစီးနီယာက ငါနဲ့ ဒီတိုင်း အတူ နေရုံပါ'
အဲ့ဒီလိုပြောလိုက်ရင်လည်း လုံလောက်မည်မဟုတ်ပေ။
'ငါ့ရဲ့ကယ်တင်ရှင်…ငါ့ဘဝရဲ့ အလင်း… အုပ်ထိန်းသူ… ဪ… သူမက ငါ့ရဲ့အုပ်ထိန်းသူမဟုတ်ဘူးဟ… သူမက ငါ့အမေမှ မဟုတ်ဘဲ...ဒါဆို ဆာစီးနီယာ နဲ့ ငါ့အကြောင်း ဘယ်လိုရှင်းပြရပါ့မလဲ'
ဘန် တစ်ယောက် အကြပ်ရိုက်နေရချေပြီ။
လုပ်ဖော်ကိုင်ဖက်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး စကားတစ်ခွန်းမှ မပြောလာတော့ချေ။
"ဘာလဲကွာ… သူမက အခု မင်းရဲ့ ချစ်သူ မဟုတ်ပေမယ့် မကြာခင် မင်းရဲ့ ချစ်သူ ဖြစ်လာနိုင်တာပဲကို"
ဘန် သူ့လုပ်ဖော်ကိုင်ဖက်၏ စကားကို ကြားသော် ဟက်ဟက်ပက်ပက် ရယ်နေမိသည်။
'…ဒါပေမယ့်...'
ဆာစီးနီယာ ကို သူ့ချစ်သူဟု ဘယ်တုန်းကမှ မတွေးဖူးပေ။
ချက်ချင်းပင် သူ့ လောဘစိတ်များ ပွက်ပွက်ဆူလာရသည်။
"မဟုတ်ပါဘူး…ငါ့ချစ်သူ မဟူတ်ပါဘူးဟာ..''
စဉ်းစားကြည့်လျှင် ဒီရက်ပိုင်း သူ လောဘကြီးမိသည်ဟု ဝန်ခံရပေမည်။ သူမနှင့် လက်ကိုင်ပြီး မအိပ်မီက ဘန် သူမကို မအိပ်ခင် လှမ်းလှမ်းကြည့်တတ်သည်။ သူမ အသက်ရှူသံကိုပင် သူ ရင်ခုန်ရလွန်းသဖြင့် ဘယ်နှစ်ကြိမ် တံတွေး မျိုချမိမှန်းမသိတော့။ သူအိပ်ရာဝင်ခါနီးတိုင်း ရင်တုန်းပန်းတုန်ဖြစ်နေကာ လက်ဖျားခြေဖျားများ အေးစက်လာတတ်သဖြင့် စောင်အထပ်ထပ် ခြုံထားရလေသည်။ယခုရက်ပိုင်းတွင် ဆာစီးနီယာနှင့် အတူအိပ်သဖြင့် သူမကိုယ်ကလည်း နွေးထွေးနေရာ စောင်တစ်ထည်တည်းသာ ခြုံရပေသည်။
ထို့အပြင် မနက်တိုင်း မနက်စာ အတူတူစားကြသည့်အခါ သူမ နှုတ်ခမ်းပေါ် ပေကျံနေသော မုန့်နှစ်တို့ကို သုတ်ပေးချင်စိတ်လည်း ထိန်းမရတတ်ပေ။သူမကို တစ်ခါနှစ်ခါသာ ပွေ့ဖက်ချင်တာ မဟုတ်၊ သူမကို မလွတ်တမ်း ဖက်ထားလိုက်ချင်သည်။သူ ဖြစ်ချင်သည့် စိတ်ဆန္ဒများကို အတောမသတ်နိုင်လာသည့်အတွက် သူ့နားရွက်တို့ နီမြန်းလာရသည်။ အပ်တစ်ချောင်း ထိုးလိုက်၍ ပေါက်ထွက်လာသည့် မိုးပျံပူဖောင်းထဲက ရေလို သူ့လိုအင်ဆန္ဒများ ဒလဟော ပွင့်အန်ထွက်လာသည်။
သူမကို မမက်မောဘူးဟု ပြောလျှင် လိမ်ရာကျပေလိမ့်မည်။ သူ့အပေါ် ဆာစီးနီယာက ကရုဏာစိတ်၊ကိုယ်ချင်းစိတ်တို့ဖြင့် ခင်တွယ်နေတာ မဟုတ်ဘဲ တခြားချုပ်နှောင်မှု တစ်မျိုးမျိုးဖြင့် သူတို့ အတူရှိချင်နေမိ၏။
ဘန် သည် တစ်ကိုယ်ကောင်းဆန်သော သူ့အတွေးများကို ခေါင်းယမ်း၍ ခါထုတ်လိုက်သည်။ သို့သော် သူ တွေးလိုက်တိုင်း အတောမသတ်နိုင်ဘဲ လောဘကြီးလာမြဲပင်။
ဘန်က နီရဲနေသောမျက်နှာကို ဖုံးကွယ်ရန် ခေါင်းငုံ့ထားရာ သူ့လုပ်ဖော်ကိုင်ဖက်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။
"ဟားဟားဟား…မင်းက ဒါနဲ့များ မင်း သူမကို ချစ်သူမတော်ချင်ဘူး လုပ်နေသေးတယ်"
ဘန် ပြန်မဖြေမိဘဲ သက်ပြင်းတစ်ချက်သာ ချမိတော့သည်။ယနေ့ အိမ်ပြန်သွားပါက ဆာစီးနီယာကို သူဘယ်လိုရင်ဆိုင်ရမှန်း မသိတော့။
"အလုပ် ကြိုးစားတဲ့အတွက် ကျေးဇူးတင်ပါတယ်"
"ဟုတ်ကဲ့… အိမ်ပြန်လိုက်ပါဦးမယ်"
နေဝင်ခါနီးမှ အလုပ်ပြီးသွားပြီးနောက် သူ လစာထည့်ထားသည့် စာအိတ်ကို ကိုင်ကာ လျှောက်လာသည်။ဈေးထဲတွင် ဆိုင်များ မပိတ်သေးသာ်လည်း လူစဲသွားကြပေပြီ သူ့ကိုယ်ပိုင်ပိုက်ဆံနှင့် ဆာစီးနီယာ အတွက် လက်ဆောင်ဝယ်မယ့် အတွေးကြောင့် သူ့နှလုံးသားတစ်ခုလုံး လှုပ်ခါသွားရသည်။
ဘန် က ညင်သာစွာ ပြုံးလိုက်ပြီး ဆာစီးနီယာ အကြိုက်ကို တွေးနေမိသည်။
မကြာမီ လက်လုပ်အသုံးအဆောင်ပစ္စည်းဆိုင်ဆီသို့ သူ သွားလိုက်တော့သည်။
* * *
ဆာစီးနီယာ သည် ဘန် အလုပ်မှ အိမ်ပြန်လာလျှင် စားရန် စွပ်ပြုတ်ကို နွှေးလိုက်သည်။ငန်သွားမည်စိုး၍ နွားနို့နည်းနည်းထပ် ထည့်လိုက်၏။အိုးကပ်မနေစေရန် ဇွန်းဖြင့် မွှေနေရင်း ပြတင်းပေါက်ကို လှမ်းကြည့်လိုက်သည်။ နေဝင်နေပြီမို့ ဘန် မကြာခင် ရောက်လာတော့မည် ဖြစ်သည်။
ဆာစီးနီယာ သည် ဧည့်ခန်းရှိ ကုလားထိုင်တွင် ထိုင်ကာ ဘန် ကို စောင့်နေသည်။ အိမ်ထဲတွင် ပရိဘောဂမရှိသော်လည်း ဘန် နှင့် အတူရှိနေရ၍ ဟာလာဟင်းလင်းကြီး ဖြစ်မနေဘဲ ပြည့်စုံနေသည်ဟုပင် ခံစားရ၏။
သူမသည် စိတ်အားထက်သန်စွာပြတင်းပေါက်ကို တစ်ခါ လှမ်းကြည့်လိုက်သည်။ ဘန် သည် အလုပ်မှပြန်လာသည့် အခါတိုင်း သူ့လက်ကို အဝေးကတည်းက ဝှေ့ယမ်းပြကာ သူမဆီ ပြေးလာတတ်သည်။
သူမသည် နေဝင်ချိန်မှ ညမိုးချုပ်သည်အထိ ပြတင်းပေါက်အပြင်ဘက်ကို ကြည့်နေဆဲပင်။
"သူဘာလို့ ပြန်မလာတာလဲ"
အပြင်မှာ အမှောင်ထုကြီး ပေါ်လာသည်။ ဘန် ယခုအချိန်ထိ နောက်မကျဖူးပေ။သူမ အပြင်ကို လိုက်ရှာချင်သော်လည်း အတတ်နိုင်ဆုံး ရှောင်ပုန်းလိုသည်ဖြစ်၍ အိမ်ထဲမှာသာ တစ်ညလုံး စောင့်နေခဲ့သည်။
မနက်မိုးလင်းလင်ချင်း ဆာစီးနီယာ သည် လက်သမားရုံကို ချက်ချင်းသွားသော်လည်း ဘန် မနေ့က ပြန်သွားပြီဟုသာ ဆိုင်ရှင်က ပြောလေသည်။
ဆာစီးနီယာ သူ့ကို ရက်အတော်ကြာအောင် တစ်ရွာလုံး ပတ်ရှာခဲ့သော်လည်း အချည်းနှီးပင်။သူမသည် ပြတင်းပေါက်ရှေ့တွင် ထိုင်ကာ ဘန် ပြန်အလာ ကို ရက်အတော်ကြာ စောင့်နေခဲ့သည်။သို့နှင့် ညပေါင်းများစွာ ကုန်လွန်သွားသော်လည်း ဘန် ပေါ်မလာခဲ့ ပေ။
အိုးထဲမှ စွတ်ပြုတ်ကလည်း ပူပူနွေးနွေးမရှိတော့ဘဲ တစ်အိမ်လုံး ခြောက်ကပ်လာရသည်။
ဤသို့ဖြင့် ဘန် တစ်ယာက် ပျောက်ချင်းမလှ ပျောက်သွားလေသည်။
Xxxxxxx