Chapter 23
" အစ်မ ဆာစီးနီယာ"
နားထဲ တိုးဝင်လာသော အသံကြောင့် ဆာစီးနီယာ ၏ မျက်ခွံများ လှုပ်ယမ်းသွားသည်။
"အစ်မ ကုတင်ပေါ်မှာ မအိပ်ဘူးလား"
ဆာစီးနီယာ မျက်လုံးဖွင့်ကြည့်လိုက်သည်။ ရီဝေနေသော သူမ စိတ်ထဲတွင် မာကျောအေးစက်သော ကြမ်းပြင်၏ အထိအတွေ့ကိုပါ ခံစားလိုက်ရသည်။ အချိန်အတော်ကြာအောင် အိပ်ပျော်နေခဲ့တာကြောင့် သူမ ကျောပြင်တစ်ခုလုံး နာကျင်နေရသည်။
ဆာစီးနီယာ မျက်မှောင်ကြုတ်လိုက်မိသည်။ သူမသည် ကိုယ့်အခန်းထဲကိုယ် အိပ်နေတာမဟုတ်ဘဲ တခြားအခန်းထဲတွင် ရှိနေခြင်းပင်။
သူမ သက်ပြင်းတစ်ချက်ချကာ ဖွာလန်နေသည့် ဆံပင်ကို လက်နှင့် ဖြီးလိုက်ပြီး အခန်းထဲ သွားလိုက်သည်။
နောက်က လိုက်လာသည့် ခြေသံကို သူမ ရင်းနှီးပြီးသားပင်။
" အစ်မ ထမင်း စားမလားဟင်"
"မစားတော့ဘူး"
သူမ ကုတင်ပေါ် လှဲလိုက်ရာ မေ က မတ်တပ်ရပ်ကြည့်နေလေသည်။ယခုတော့ နူးညံ့ပြီး သက်တောင့်သက်သာရှိသည့် ခံစားချက်က သူမ ခန္ဓာကိုယ်ကို လွှမ်းခြုံထားသည်။ သူမ ခေါင်းကိုက်နေ၍ လက်ဖြင့် နားထင်ကို ဖိထောက်ထားသော်လည်း မသက်သာသေး။
"အဲ့ဒီအိပ်မက်ပဲ မက်ပြန်ပြီ"
ဆာစီးနီယာ ၏ အနီရောင်နှုတ်ခမ်းများမှ တိုးညှင်းသော စကားတစ်ခွန်း ထွက်ပေါ်လာသည်။
သူမသည် ထိုအိပ်မက်ကိုချည်း ထပ်ခါတလဲလဲ မက်နေခဲ့သည်။ လွန်ခဲ့သည့် သုံးနှစ်လောက်က သူမတစ်ယောက်တည်း အထီးကျန်ခဲ့ရသော နေ့အကြောင်းပင်။
သူမ အိပ်မက်မက်သည့် နေ့များတွင် ခေါင်းကိုက်ဝေဒနာ ခံစားနေရသည်။
ဆာစီးနီယာ စိတ်ပျက်လက်ပျက် သက်ပြင်းချလိုက်၏။သူမ တစ်နေ့လုံး ခေါင်းကိုက်နေမည်ဖြစ်၍ စိတ်ပျက်နေရခြင်းပင်။
"ခေါင်းကိုက်နေပြန်ပြီလားဟင်"
မေ က စိုးရိမ်နေသော မျက်နှာထားဖြင့် မေးလာသည်။ဆာစီးနီယာ သည် နေရာတွင် ရပ်နေသော မေ ကို မော့ကြည့်လိုက်သည်။ အသက် 20 နှစ်သာရှိသေးသော မေ သည် ယခင်ကနှင့်မတူဘဲ ရင့်ကျက်သော အမျိုးသမီးတစ်ဦးနှင့်တူနေသည်။ အရိုးများသာရှိပြီး ဒဏ်ရာများဖြင့် ပြည့်နေသော သူမ ခန္ဓာကိုယ်မှာလည်း ယခုမူ ပြည့်ဖြိုးနေပြီး သန့်ရှင်းလာသည်။ ဂရုမစိုက်ဘဲ ဖွာလန်ကြဲနေသော သူမ ဆံပင်များမှာပျော့ပျောင်းပြီး လှိုင်းတွန့်ပုံစံ ဆံနွယ်များအဖြစ်သို့ ပြောင်းလဲနေပြီဖြစ်သည်။ထို့ပြင် ငါးသေများလို မွဲခြောက်နေသည့် သူမ မျက်လုံးတွေက လည်း အသက်ပြန်ဝင်လာသည်။ သူမ ယခုလို ပြောင်းလဲလာခြင်းသည် တစ်ယောက်ယောက်နှင့် အလွန်တူသည်။
"နင် ဘယ်တော့ ထွက်သွားမှာလဲ"
မေ သည် သူမ မေးခွန်းကြောင့် ထိတ်လန့် သွားသော်လည်း လေချိုသွေးလိုက်သည်။
"ညီမ ဒီမှာ မနေရရင် ဘယ်ကိုသွားရမလဲ…သွားစရာမရှိဘူးလေ"
"ငါ နင့်ကို ပိုက်ဆံပေးမယ်လို့ ပြောသားပဲ"
"မလိုချင်ပါဘူး… အစ်မနဲ့ပဲ အတူနေမယ်"
ဆာစီးနီယာ စိတ်ထဲနာကျင်သွားရ၍ မေ့ ကို အကြည့်လွှဲလိုက်သည်။
လွန်ခဲ့သည့် ၂နှစ်က သူမသည် လမ်းပေါ်တွင် အရိုက်ခံရပြီး သေခါနီး ဖြစ်နေသော မေ ကို ခေါ်လာခဲ့သည်။ထိုနေ့ကတည်းက မေက သူမ အိမ်မှာ နေလာခြင်းပင်။
ဆာစီးနီယာ သည် သူမအား နေ့တိုင်း ထွက်သွားရန် ပြောသည့်တိုင် ဇွဲရှိသည့် မေ က သူမ အပါးမှ မခွာပေ။
ဆာစီးနီယာ ဘယ်သူ့ကိုမှ သူမ အနားမှာ မရှိစေချင်ပေ။ဘယ်သူ့ကိုမှ သူမ လက်မလွှတ်ချင်သော်လည်း နောက်ဆုံး တစ်ယောက်တည်း ကျန်ရစ်ခဲ့ရလေသည်။
ထို့ကြောင့် သူမ မေ့ကို ခွာချနေခြင်းပင်။သူမ အမျိုးမျိုး ဆူပူမာန်မဲပြီး နှင်ထုတ်သော်လည်း မေက သည်းညည်းခံပြီး တွယ်ကပ်နေရှာသည်။ ဆာစီးနီယာ ဒီအိမ်မှာ တစ်ယောက်တည်း ဖြစ်နေမှာကို စိတ်ပူတယ်ဟု မေ က ပြောဖူးသည်။
"ဒီနေ့ မူလိန်း ရွာကနေ သစ်သားထည်ပစ္စည်းတွေ ရောက်လာတယ်လို့ ကြားတယ်… ညီမတို့ စားပွဲသွားဝယ်ရမယ်နော်"
ဆာစီးနီယာ မူလိန်းဆိုသည့် နာမည်ကိုကြားသည်နှင့် မျက်မှောင်ကြုတ်သွားရသည်။ သူမ မေ့ထားသော အမှတ်ရစရာများ စိတ်ထဲမှာ ပေါ်လာရသည်။
"အစ်မ စားပွဲကို ထက်ခြမ်း ခြမ်းပစ်လိုက်တုန်းက ညီမ အရမ်းအံ့ဩသွားတာပဲ"
မေက တခစ်ခစ်ရယ်ရင်း ပြောလေသည်။
"ထွက်သွား"
ဆာစီးနီယာ အေးစက်စွာ ပြောလိုက်သည်။
"အင်း ကောင်းကောင်း အနားယူနေနော်"
မေ သည် ဆာစီးနီယာ ဒေါသစိတ်ကို သိနေ၍ ဆက်မပြောဘဲ အခန်းထဲမှ ထွက်လာခဲ့သည်။
"ဟူး"
ဆာစီးနီယာ သူမ မျက်လုံးကို လက်ဖဝါးဖြင့် အုပ်ထားမိတော့သည်။
မုလိန်းကျေးရွာသည် သူမနှင့် ဘန် တို့ လွန်ခဲ့သော ၂ နှစ်က အခြေချနေထိုင်ခဲ့သော ရွာဖြစ်သည်။ဘန် ပြန်လာနိုင်သည်ဟူသော အတွေးဖြင့် သူမ ထိုရွာတွင် ၁နှစ်တိတိ ဆက်နေခဲ့သည်။
ဘန် သည် ပျောက်ချင်းမလှပျောက်သွား၍ သူမ ရက်အတော်ကြာ စိတ်ပူနေခဲ့သည်။သူ တစ်ခုခုဖြစ်သွားမှာ သူမစိုးရိမ်တာကြောင့် ရွာထဲလှည့်ပတ်ပြီး သူ့ကိုရှာမိသေးသည်။နောက်ဆုံး မတွေ့သဖြင့် လအတော်ကြာသည်အထိ ဘန်ကို ဒေါသ ဖြစ်နေခဲ့သည်။
'သွားတော့မယ်ဆိုရင်လည်း ပြောပြီးမှ သွားရမှာပေါ့ဟဲ့…ရှုပ်တယ်…သူ့ဘာသူ နေချင်သလိုနေ…ငါလည်း ငါ့ဘာငါ နေမယ်'
ဘန် တစ်နေရာရာမှာ ကောင်းကောင်းနေနေသည်ဟု သူမထင်သည့်အတွက် သူ့ကို ဂရုမစိုက်တော့ဘူးဟု ဆုံးဖြတ်ခဲ့သည်။
ထို့နောက် ဆာစီးနီယာ သည် နောင်တတစ်ချက်မရဘဲ မူလိန်း ရွာမှ ထွက်သွားခဲ့သည်။ သူမသည် ဘန် ကို တစ်နှစ်လုံးလုံး စောင့်မျှော်ခဲ့ပြီးနောက် ဘဝသစ်ကို စတင်ခဲ့သည်။
ဆာစီးနီယာ အတွေးများမှ လွတ်မြောက်သွားသည်။
ဘန် ပျောက်သွားတာ 3 နှစ်ရှိပြီ။ထို့ကြောင့် ယခု ဝတ္ထု၏ ပထမစာမျက်နှာကို စတင်တော့မည် ဖြစ်သည်။
သူမ အိပ်ရာမှထပြီး တံခါးကိုဖွင့်လိုက်ရာ စားပွဲပေါ် တက်ထိုင်နေသည့် မေကို တွေ့လိုက်သည်။ သူမလည်းမတတ်သာ၍ စကားစလိုက်သည်။
"နင် ထမင်း မစားသေးဘူးလား"
"ဟင့်အင်း…အတူတူစားရအောင်"
"ငါ အပြင်သွားတော့မယ်…နင် တစ်ယောက်တည်းစား"
"ဘယ်သွားမလို့လဲ"
မေ က ထိုင်နေရာကနေ ထရပ်လိုက်တာကြောင့် သူမ လက်ကာပြလိုက်သည်။
"ငါတစ်ယောက်တည်းပဲ လမ်းလျှောက်ချင်တယ်"
"ဒါဆိုလည်း နောက်မှတွေ့မယ်နော်"
မေ က ဆာစီးနီယာ ကိုပြုံးပြ လိုက်သည်။
မေ ဆာစီးနီယာ ကို ချစ်သည်။သူမသည် မာဆတ်ဆတ် ပြောဆိုတတ်သော်လည်း မေ့ကို အမြဲ ဂရုစိုက်တတ်သည်။ လွန်ခဲ့သောနှစ်နှစ်က ဆာစီးနီယာ သည် သူမ ကို ဖုံးလွှမ်းနေသော အဆုံးမဲ့အမှောင်ထုကို ဖယ်ရှားပေးခဲ့သည်။ ဆာစီးနီယာ က သူမကို နေ့တိုင်း နှင်ထုတ်နေသော်လည်း စိတ်ထဲကပါလို့မဟုတ်မှန်း သိသာသည်။
ဆာစီးနီယာ အိမ်မှထွက်သွားပြီးနောက် မေ သည် အာလူးပေါင်မုန့်လုပ်ရန် မီးဖိုချောင်ထဲ ဝင်သွားသည်။ ဆာစီးနီယာ က အစာအများကြီး မစားပေမယ့်လည်း အာလူးပေါင်မုန့်ဆိုလျှင် အများကြီးစားတတ်သည်။
"သူမ ပြန်မလာခင် မြန်မြန်လုပ်ထားရမယ်"
မေ က ဂျုံမှုန့်ကို အိတ်ထဲမှ ပန်းကန်ထဲ ပြောင်းထည့်လိုက်သည်။သူမ ဆာစီးနီယာ အကြောင်းကို စဉ်းစားနေရင်း ဂျုံမှုန့်နယ်နေသည်။
ဆာစီးနီယာ သည် တစ်ခါတစ်လေ သူမရင်ထဲ ဘာမှမရှိသလိုပင်။သူမပုံစံမှာလည်း စိတ်ဓာတ်ကျ ပုံပေါက်နေသည်။
တစ်ခါတစ်ရံ ပြတင်းပေါက်ကို ငေးကြည့်နေသော်လည်း မျက်လုံးများက ဗလာဖြစ်နေသည်။ ထို့ကြောင့် မေ သည် ဆာစီးနီယာ နှင့် အတူဆက်နေရန် သူမကိုယ်သူမ ကတိပြုလိုက်မိသည်။
"ဟင်းဟင်း"
မေ က မုန့်လုပ်ရတာ ပျော်နေမိပြီး နှုတ်မှ စိတ်လှုပ်ရှားနေသလို အသံတစ်ခုထွက်လာသည်။
* * *
ဆာစီးနီယာ သည် အိမ်နောက်ဘက်ရှိ စိမ်းလန်းသော တောအုပ်ဆီသို့ ဦးတည်သွားခဲ့သည်။ လတ်ဆတ်သော မြက်ပင်များ၏ ရနံ့သည် နှာသီးဖျားဆီ တိုးဝင်လာသည်။ မွှေးပျံ့သော ရနံ့တို့သည် ခေါင်းကိုက်ခြင်းကို အနည်းငယ် သက်သာစေသည်။ စိမ်းလန်းစိုပြေသော သစ်ပင်များကို သူမ ဖြတ်လျှောက်လာရင်း သစ်ရွက်ကြွေများကို တဂျွတ်ဂျွတ် နင်းလာသည်။ အရွက်နီရောင်ရှိသော သစ်ပင်များသည် ဆောင်းဦးပေါက်ရာသီကို ဖော်ပြနေသလိုပင်။
ဝတ္ထု၏အစပိုင်းသည် ဆောင်းဦးရာသီ၏ နှောင်းပိုင်းကာလ ဖြစ်သောကြောင့် အချိန်သိပ်မကျန်တော့ပေ။အိမ်ကလေးတုန်းက အဖြစ်အပျက် ပြီးနောက် သူမ မှော်အစွမ်းကို ဘယ်တော့မှ မသုံးခဲ့ချေ။
'အဆင်ပြေသွားမှာပါ'
သို့သော်လည်း သူမ စိတ်ပူနေမိသည်။
'ငါ ဘန် နဲ့ မတွေ့ခဲ့ရင် ငါ့ရဲ့စွမ်းအားကို သုံးရော သုံးဖြစ်ပါ့မလား'
ဆာစီးနီယာ သည် အဓိပ္ပါယ်မဲ့သော အတွေးကို ပြုံးမိသွားရသည်။
သို့သော်လည်း ဖြစ်ပြီးသား ကိစ္စကို ပြန်ပြင်မရတော့ပေ။
ထို့နောက် ဆာစီးနီယာ သည် တောအုပ်ထဲမှထွက်၍ စိတ်ပြေလက်ပျောက် ရွာဘက် ဆင်းသွားလိုက်သည်။ ယနေ့မနက်တွင် မူလိန်း ရွာအကြောင်း ကြားလိုက်ရ၍ ဘန် အကြောင်း တွေးနေမိသည်။ ထို့ကြောင့် သူမ ထပ်မတွေးမိတော့စေရန် ဆူညံနေသော နေရာတစ်ခုဆီသာ သွားချင်နေသည်။
မေ ၏ စကတ်၊အကျီတို့က ဟောင်းနွမ်းနေတာကို သူမ သတိထားမိသည်။ သူမကို အဝတ်အစားအသစ်ဝယ်ရန် ပြောသော်လည်း မေက ငြင်းဆိုတတ်သည်။ မေ သည် နေ့ရောညပါ အဝတ်တစ်ထည်တည်း ဝတ်နေသဖြင့် ယခုဆို ဟောင်းနွမ်းစုတ်ချာနေပေပြီ။ထို့ကြောင့် မေ့အတွက် အဝတ်အထည်များနှင့် အသားအချို့ ဝယ်ရန် ဈေးထဲ ထွက်လာခဲ့သည်။
"မတွေ့တာ ကြာပြီနော်"
ဆာစီးနီယာ ခြေလှမ်း ချက်ချင်း ရပ်သွားပြီး သူမ လက်ကောက်ဝတ်ဆီ ဖြည်းညှင်းစွာ လှည့်ကြည့်လာသည်။ အတိအကျပြောရလျှင် လူတစ်ယောက်က သူမ လက်ကောက်ဝတ်ကို အတင်းဆွဲကိုင်လိုက်ခြင်းပင်။
"ဘယ်သွားမလို့လဲ"
ဆာစီးနီယာ သည် မြွေတစ်ကောင်လို ကောက်ကျစ်စွာ ပြုံးနေသော ချားလ်စ် ကို အေးစက်စွာ ကြည့်နေသည်။
ချားလ်စ် သူမ အကြည့်ကြောင့် အနည်းငယ် ဒေါဖောင်းသွားသည်။
"ရှင် သိစရာ မလိုဘူး"
သူမလက်ကို ကိုင်ထသော သူ့လက်အား ပုတ်ထုတ်လိုက်သည်။ ချားလ်စ် သည် ကြောက်စရာကောင်းသော မြွေပုံသဏ္ဍာန် ရင်ထိုးကို ၀တ်ဆင်ထားပြီး လေးနက်သော အကြည့်တို့ ရှိနေသည်။
ချားလ်စ် ၏ မျက်နှာသည် နီရဲလာသည်။သူသည် သူမကို ပထမဆုံးစတွေ့ပြီးကတည်းက ချစ်မိသွားသော်လည်း ဆာစီးနီယာ က အလေးအနက်မထားခဲ့ပေ။
ချားလ်စ် သည် လမ်းဆက်လျှောက်သွားသော ဆာစီးနီယာနောက်ကို လိုက်လာရင်း သူ့နှလုံးသားထဲ၌ လောင်ကျွမ်းနေသော မီးစကို ဖုံးကွယ်ရန် ကြိုးစားနေမိသည်။
ဆာစီးနီယာ သည် ချားလ်စ် ကို မမြင်ဟန်ဆောင်ထားသည်။သူမကို စိတ်ဝင်စားနေသည့် တခြားသူတွေကလည်း ဒိီလိုပါပင်။သို့သော် ချားလ်စ် က တော်တော်နှင့် ဇွဲမလျှော့။
တစ်ခါက လူတစ်ယောက်သည် သူမအိမ်ကို ညဘက် ခိုးဝင်ခဲ့ဖူးသည်။ မေ က ထိုလူကို အရင်မြင်သောအခါ လန့်ပြီး အော်လိုက်ရာ ထိုလူ ထွက်ပြေးသွားခဲ့၏။ထိုလူက ချားလ်စ်မှန်း မသိသော်လည်း သူမ သူ့ကို သံသယရှိနေမိသည်။
ဆာစီးနီယာ သည် ထိုနေ့က ချားလ်စ် ကိုသတ်ရန် ကြိုးစားခဲ့သော်လည်း မေ က အတင်း တားထားသည်။ မေသာ မတားလျှင် သူ့ခြေထောက်တစ်ဖက် ကျိုးသွားနိုင်လေသည်။ နောက်ဆုံးတွင် သူမ ဒေါသကို မထိန်းနိုင်ဘဲ စားပွဲတစ်လုံးကို ဖျက်ဆီးပစ်ခဲ့သည်။ ထိုအဖြစ်ကို သူမ ဘယ်သူ့ကိုမှ တိုင်တောခြင်းမရှိပေ။အထောက်အထားမရှိဘဲ ချားလ်စ် ကို စွပ်စွဲလျှင် သူမသာ ဆုံးရှုံးရမည် ဖြစ်လိမ့်မည်။
ချားလ်စ် သည် ရက်ဖယ်ချီ ရွာတွင် အလွန် ပါဝါရှိသော လူတစ်ယောက်ဖြစ်သည်။ သူ့အဖေက ရွာသူကြီးဖြစ်ပြီး နယ်စားနှင့် တိုက်ရိုက်ဆက်သွယ်ခွင့်ရသူပင်။
'ငါတစ်ယောက် ထဲနေနေတယ်ထင်ပြီး ညနက်သန်းခေါင်ကြီး လာတာဖြစ်ရမယ်…သူဘာလို့ လာတာလဲဆိုတာကလည်း သိပ်သိသာပါတယ်'
"ဘာ…ဘာဖြစ်နေတာလဲ"
ချားလ်စ်သည် သူမ၏ စူးစူးရှရှ အကြည့်ကြောင့် ရှက်ရွံ့သွားကာ စကားထစ်နေသည်။
"ကျွန်မ မသိဘူးများ ထင်နေလား"
Xxxxxxx