Chapter 24
ဆာစီးနီယာ သူ့ကို ခဏ စိုက်ကြည့်လိုက်သည်။
ခဏကလေး ကြည့်လိုက်သည်နှင့် ချားလ်စ် ၏နှုတ်ခမ်းများ တလှုပ်လှုပ် ဖြစ်သွားရသည်။
"မင်းဘာတွေပြောနေလဲ ဆိုတာ ငါမသိဘူး"
ချားလ်စ် က ခါတိုင်းလို မျက်နှာချိုလေးဖြင့်ပြောလိုက်သည်။
'ကံကောင်းသွားတယ် မှတ်'
သူမ ထိုမျက်နှာကို ရိုက်ပစ်လိုက်ချင်သော်လည်း စိတ်ထိန်းထားသည်။ သူ့အမူအရာကို အကဲခတ်ကြည့်သော်လည်း တရားခံပါဟု တပ်အပ်မပြောနိုင်သေးပေ။အကယ်၍ နောက်တစ်ကြိမ်သာ ထပ်ဖြစ်ပါက သူ့ကို လွှတ်ပေးမည်မဟုတ်ပေ။
"သတိထားနေ…နောက်တစ်ခါ လက်ပူး လက်ကြပ်မိရင် သက်ညှာပေးမှာမဟုတ်ဘူး"
ဆာစီးနီယာ သည် ချားလ်စ် ကို မထီမဲ့မြင် အကြည့်များဖြင့် စိုက်ကြည့်ကာ ဆက်လျှောက်သွားလေသည်။
"ဒီကောင်မကွာ… တကယ်ပဲ"
သူ အရှက်ကွဲသွားရသဖြင့် မခံမရပ်နိုင်ဖြစ်ပြီး ဆာစီးနီယာကို စိတ်တိုသွားရသည်။ ဤရွာမှာ ဘယ်သူမှ သူ့ကို မော်မကြည့်ရဲကြပေ။အကြောင်းမှာ သူက ရွာသူကြီး၏ သားဖြစ်တာကြောင့်ပင်။
သို့သော် ဆာစီးနီယာသည် အကြောက်အလန့်ရှိသူမဟုတ်၊ သူမတွင် ဆုံးရှုံးစရာတို့ မရှိသလိုပင် သူ့ကို မထီမဲ့မြင်ပြုတတ်သည်။
သူမကို သဘောကျသဖြင့် ပျော်အောင်ထားပါ့မည်ဟုလည်း သူ ပြောခဲ့ဖူးသည်။ သို့သော် သူမ၏ မထီမဲ့မြင်ပြုသော အမူအရာနှင့် စိတ်အနှောက်အယှက်ဖြစ်စေသော အကြည့်တို့ကြောင့် ချားလ်စ် ဒေါသစိတ်တို့ ရုန်းကြွလာရသည်။
'ငါ မင်းကို သဘောကျတယ်လို့ ပြောထာရဲ့သားနဲ့ မင်းဒီလို ငါ့ကို ဆက်ဆံရဲတယ်'
ချားလ်စ် သည် အံကိုတင်းတင်း ကြိတ်လိုက်ပြီး ဆာစီးနီယာ ၏ဆံပင်ကို လှမ်းဆွဲလိုက်သည်။
ဆာစီးနီယာ သည် ချားလ်စ်၏ လက် သူမခေါင်းပေါ် မရောက်ခင် စိတ်ကအလိုလိုသိနေသဖြင့် နောက်ကို လှည့်ကြည့်လိုက်သည်။
ဒေါသထွက်နေသော နွားတစ်ကောင်လို တုန်လှုပ်နေသော ချားလ်စ် က သူမဆီ လက်လှမ်းနေသည်ကို တွေ့သွားရသည်။သူမ ဈေးထဲမှာ ရှိနေသည်ကိုတောင် သတိပြုမိတော့ဘဲ ချားလ်စ်၏ လည်မြိုကို လက်တစ်ဖက်တည်း ညှစ်ထားလိုက်သည်။
"အိုး… လွှတ်စမ်း"
ချားလ်စ် သည်မျက်နှာကြီး နီရဲနေကာအော်ဟစ်နေ၏
"ဟင့်အင်း…မလုပ်ပါနဲ့"
သူ အသက်ရှူကြပ်လာရပြီး ရုန်းကြည့်သော်လည်း အချည်းနှီးပင်။
'ဒီမိန်းမက ဘယ်လိုတောင် သန်မာနေရတာလဲ'
ဆာစီးနီယာ လက်ကို ဖယ်ကြည့်သော်လည်း သူမက ပို၍ပင် တင်းတင်းကြပ်ကြပ် ညှစ်ထား၏။
"အဟွတ်…အဟွတ်"
မြေပြင်ပေါ် ကူကယ်ရာမဲ့ လဲကျသွားသော ချားလ်စ် သည် အသက်ပြင်းပြင်းရှူရင်း အဆက်မပြတ် ချောင်းဆိုးနေ၏။
ဆာစီးနီယာ သည် စိတ်ဆိုးမာန်ဆိုးဖြင့် နေရာမှ ချာကနဲလှည့်ထွက်ကာ စျေးထဲသို့ အေးအေးဆေးဆေး လျှောက်သွားခဲ့သည်။
ချားလ်စ်သည် အရှက်ကွဲသွရသဖြင့် လူးလဲထပြီး သူ့ကိုဝိုင်းကြည့်နေကြသော လူများကို အော်ပြောလေသည်။
"ဘာကြည့်နေတာလဲ…မကြည့်ကြနဲ့"
သူ စော်ကားသလို ခံစားလိုက်ရသဖြင့် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားသည်။ လူတွေ ကြည့်နေတာကို သူပိုရှက်ကာ ဒေါသလည်း ပိုထွက်လာရသည်။
"ဒီခွေးမ တစ်နေ့ကျရင် ငါ့ရှေ့မှာ ဒူးထောက်စေရမယ်"
ချားလ်စ် က အံကြိတ်ရင်း ပြောလိုက်သည်။
"ဘာလို့ ဒီစုန်းမက ဒီကို ရောက်လာတာလဲ…"
ချားလ်စ် သည် သူ့ဘေးနားရှိ ညည်းတွားသံ ကြားရာဘက်သို့ လှည့်ကြည့်လိုက်သည်။ လူတစ်ယောက်သည် သရဲတစ္ဆေမြင်ရသလို ဖြူဖျော့သော မျက်နှာဖြင့် ဆာစီးနီယာကို စူးစိုက် ကြည့်နေလေသည်။
"စုန်းမ ဟုတ်လား…ခင်ဗျား ဘာကိုဆိုလိုတာလဲ"
"အဲဒီမိန်းမက စုန်းမကြီး"
ချားလ်စ်၏ အမေးကို အလေးမထားဘဲ ထိုသူက သူ့ကိုယ်သူ ဆက်ပြောနေခဲ့သည်။ ကြောက်စရာကောင်းလှသော ထိုလူ၏ လက်တစ်ဖက်တွင် ပတ်တီးတစ်ခု ရှိနေလေသည်။
* * *
တစ်ည…
"ဝါး"
ဂျော်ဒန် တစ်ချက်သမ်းလိုက်သည်။
နေဝင်နေပြီဖြစ်၍ မှောင်လာပြီ ဖြစ်သည်။ သူ ကင်းလှည့်နေခဲ့စဉ် သံသယဖြစ်စရာ တစ်ခုမှ မတွေ့ရပေ။
"အင်း…ဘာမှ ထူးထူးခြားခြား မရှိပါဘူး…ငါ ငါ့သမီးနဲ့ ကစားလို့ရပြီကွ"
ကျေနပ်သွားသော ဂျော်ဒန် သည် နောက်တစ်ကြိမ် သမ်းလိုက်ကာ သူလာရာလမ်းကို လှည့်ကြည့်လိုက်သည်။
ချောက်…
ထိုအချိန်တွင် လေတိုက်သံနှင့်အတူ တစ်နေရာမှ အသံ ထွက်ပေါ်လာသည်။
"အား"
လန့်သွားသော ဂျော်ဒန်မှာ ခလုတ်တိုက်မိ၍ ဗိုင်းကနဲ ပစ်လဲသွားတော့သည်။
"ဟိုဟာက ဘာကြီးလဲ"
ဂျော်ဒန် က အဝေးမှ အနက်ရောင် အရာတစ်ခုကို မြင်ပြီး လှမ်းအော်လိုက်သည်။ ထို့နောက် ဓာတ်မီးနှင့် ထိုးကြည့်လိုက်ရာ သစ်ပင်တစ်ပင်သာ မြင်ရပြီး စောစောက အရာမှာ ပျောက်ကွယ်သွားပြီဖြစ်သည်။ လူ၊ တစ္ဆေ သို့မဟုတ် သားရဲကြီးလား အတိအကျ မသိနိုင်လောက်အောင် ဖျတ်ကနဲတွေ့လိုက်ရခြင်းပင်။
'ဘယ်သူမှ မမြင်လောက်ဘူး'
သူ ဘေးပတ်လည်ကို အမြန်လှည့်ကြည့်လိုက်သည်။ မျှော်လင့်ထားသည့်အတိုင်း ဘယ်သူမှ မတွေ့ရပေ။
'ငါသာ ပါးစပ်ပိတ်ထားလိုက်ရင် အဆင်ပြေမှာပါ'
ပတ်ဝန်းကျင်မှာလည်း တိတ်ဆိတ်နေသောကြောင့် ကြီးကြီးမားမားကိစ္စဟု မထင်မှတ်မိပေ။ ဂျော်ဒန် သည် လမ်း ဖြတ်ကူးသော သားရဲတစ်ကောင်ဟု ထင်ကာ သတင်းမပို့ရန် ဆုံးဖြတ်၍ ဘောင်းဘီမှ ဖုန်များကို ခါလိုက်ပြီး လမ်းလျှောက်ပြန်လာသည်။
သူ့ကိုယ်သူ အပြစ်ရှိသလို ခံစားရတာကြောင့် သူ မစစ်ရသေးသည့် နေရာများကို ဂရုတစိုက်ကြည့်လိုက်သေးသည်။
"ဒီအနံ့က ဘာလဲ"
သူက အနံ့တစ်ခုရသဖြင့် နှာခေါင်းကိုရှုံ့ရင်းပြောလိုက်သည်။ဘယ်ကရောက်လာမှန်းမသိသော မီးခိုးငွေ့များကလည်း ပတ်ဝန်းကျင်ကို ပိုမှောင်လာစေသည်။ သူက မီးခိုးထုထဲသို့ ဘာဖြစ်နေလဲဆိုသည်ကို သွားကြည့်ရန် ပြေးသွားလိုက်သည်။ သူ မီးခိုးထဲရောက်လာသောအခါ မျက်နှာပေါ်သို့ အနီရောင်အရိပ်တစ်ခု ကျရောက်လာသည်။အကြောင်းမှာ ဂိုဒေါင်ကြီး မီးလောင်နေတာကြောင့်ပင်။
"မီး…မီး”
ဂျော်ဒန် က တုန်လှုပ်စွာ ထအော်သည်။
ဤဂိုဒေါင်ကြီးသည် လာမည့်ဆောင်းရာသီအတွက် ရိတ်သိမ်းပြီးသော ကောက်နှံများကို လှောင်ထားသော ရိက္ခာဂိုဒေါင်များထဲမှ တစ်ခုဖြစ်သည်။ ဂျော်ဒန်၏ အသံကြောင့် ရွာသားများ တစ်ယောက်ပြီးတစ်ယောက် စုရုံးလာကြသည်။ထိုညက အားလုံး ဝိုင်းပြီး မီးငြိမ်းသတ်ကြသော်လည်း ဂိုဒေါင်မှာ ပြာကျသွားရသည်။
မီးမလောင်သေးသော ရင်ထိုးတစ်ခုသည် ပြာပုံထဲတွင် ရှိနေသော်လည်း ဘယ်သူမှ မမြင်ကြပေ။
........
ဆာစီးနီယာ ၏ ခန္ဓာကိုယ်သည် စိုစွတ်နေတာကြောင့် ဝါဂွမ်းကို ရေစိမ်ထားသလို လေးလံနေသည်။
"အင်း"
သူမ နားထဲတွင် တဝီဝီ လေတိုးသံကြောင့် နိုးလာခဲ့သည်။သူမ မျက်လုံးကို အားယူဖွင့်ကြည့်လိုက်၏။
"အား…ဟင့်အင်း"
သူမ မျက်လုံး ဖွင့်ကြည့်လိုက်ရင်း တိုးတိုး ညည်းညူလိုက်သည်။
ဆာစီးနီယာ သည် နာကျင်နေသော ခန္ဓာကိုယ်ကို တကျွတ်ကျွတ်စုတ်သပ်ရင်း ထထိုင်လိုက်သည်။သူမ၏ ညဝတ်အင်္ကျီ နောက်ကျောမှာ ရေစိုနေ၏။ သူမ ကိုယ်ကို ရွှေ့လိုက်တိုင်း ရေစိုနေသည့် ညဝတ်အင်္ကျီဆီက မြေသင်းနံ့ထွက်လာရသည်။
သူမ ခြံထဲရောက်နေခြင်းပင်။သူမ အရင်က ဒါမျိုးဖြစ်ဖူးသော်လည်း အမြဲကြောက်နေခဲ့၏။ ဤအခြေအနေမျိုးသည် လွန်ခဲ့သော သုံးနှစ်ကတည်းက စတင်ခဲ့ခြင်း ဖြစ်ပြီး ယခုတစ်လော ခပ်စိပ်စိပ် ဖြစ်လာသည်။
ယခင်အခါများက ရေချိုးခန်း၊ မီးဖိုခန်း၊ အိမ်ရှေ့တံခါးနှင့် ဧည့်ခန်းတို့လို အိမ်ထဲမှာသာ ရောက်နေခဲ့သော်လည်း ယနေ့မှ ခြံထဲရောက်လာခြင်းပင်။
ဆာစီးနီယာ ဤရောဂါအမည်ကို သိသည်။ အိပ်ပျော်သွားသည့်အခါ မသိလိုက်ဘဲ ယောင်ပြီး လျှောက်သွားနေတာမျိုးပင်။
ဘန် ပျောက်သွားပြီး သုံးလလောက်အ ကြာမှာ ဤရောဂါကို ပထမဆုံး ခံစားရ၏။ ထိုနေ့မနက်တွင် သူမ အိပ်ပျော်သွားပြီး နိုးလာသောအခါ အိမ်တံခါးရှေ့တွင် ဖြစ်နေသည်။ မကြာခဏ ဖြစ်လေ့မရှိသော်လည်း ယခုတလော အဖြစ်များလာသည်။
'အခု အိမ်အပြင်မှာ ရောက်နေတာပါလား…'
သူမ တွေးမိသည်။ နောက်ဆို အိမ်ရှေ့တံခါးကို သော့ခတ် အိပ်ရပေမည်။
ထို့နောက် ဆာစီးနီယာ အိမ်ထဲပြန်ဝင်ရန် ပြင်လိုက်သည်။ သူမ၏ ညဝတ်အင်္ကျီမှာ မြေကြီး အစိုဓာတ်ကြောင့် လေးလံနေသည်။ ပြင်ပ လေအေးနှင့် အချိန်အတော်ကြာအောင် ထိတွေ့ထားသည့် သူမ ကိုယ်မှာလည်း အေးစက် တောင့်တင်းနေရသည်။သူမ ခိုက်ခိုက်တုန်နေရကာ လက်ပိုက်ထားပြီး ရေချိုးခန်းဆီ သွားလိုက်သည်။ ထို့နောက် ရေနွေးပူပူဖြင့် အချိန်အတော်ကြာအောင် ရေချိုးနေခဲ့သည်။
"အစ်မ…အစ်မ သိလား"
ဆာစီးနီယာ သည် မေ လုပ်ပေးသော အာလူးမုန့်ကို စားနေရင်း မေ့စကားကို အာရုံစိုက်ဟန် မပြုပေ။
မေကလည်း သူမပုံစံကို လျစ်လျူရှုကာ ဆက်ပြောနေသည်။
"မနေ့ညက ရွာမှာ မီးလောင်သွားတယ်…"
သူမ မမေးသော်လည်း မေ သည် သူမ မသိလိုက်သော ကိစ္စများကို တတွတ်တွတ် ပြောနေတော့သည်။
"ရိက္ခာဂိုဒေါင်ကြီး မီးလောင်ပြီး တစ်နှစ်ပတ်လုံး ရိတ်သိမ်းရသမျှ စားနပ်ရိက္ခာတွေ ဆုံးရှုံးသွားတယ်လို့ ပြောသံကြားတယ်…အစ်မရဲ့"
ဆာစီးနီယာ တစ်ယောက်တည်း ပြောနေသော မေ ကို ကြည့်လိုက်သည်။
'ဆက်ပြောနေရင် ငါ လုပ်မိတော့မယ်'
သို့သော်လည်း မေသည် သူမ ဒေါသထွက်နေသည်ကို ဂရုမစိုက်ပေ။
"မီးက လောင်မီးမဟုတ်ဘူး…တစ်ယောက်ယောက်က ရည်ရွယ်ပြီး မီးရှို့ခဲ့ပုံရတယ်…အဲ့ဒီရာဇဝတ်သားကို ဖမ်းမိရင် ရွာသားတွေက ရိုက်ကြနှက်ကြမှာပဲ"
"ဖြစ်နိုင်တယ်…ဆောင်းရာသီအတွက် ရွာသားတွေ စုထားတဲ့ စားစရာအားလုံးကို မီးရှို့ခဲ့တာကိုး… တရားခံကို ဖမ်းမိရင် ရွာသားတွေလည်း ငြိမ်ခံကြမှာ မဟုတ်ဘူး"
ဆာစီးနီယာ က ပြောပြီး မတ်တပ်ထလိုက်သည်။
"အင့်…ရော့"
မနေ့က သူမ ဝယ်ထားသည့် အဝတ်အစားတွေကို မေ့အား ပေးလိုက်သည်။ မေက လှမ်းယူလိုက်ပြီး အံ့ဩတကြီးဖြစ်နေကာ ဝမ်းသာနေပုံရသည်။
ကလေးတစ်ယောက်လို ခုန်ပေါက် ပျော်ရွှင်နေသည့် မေ ကို မြင်သောအခါ ဆာစီးနီယာ ပြုံးလိုက်မိသည်။
"ထင်တဲ့အတိုင်းပဲ…ညီမကို အစ်မ ခင်တယ်မလား…"
ဆာစီးနီယာ ရယ်လိုက်မိသည်။ မေ ကို မခင်၍မဟုတ်ဘဲ သူမတစ်ယောက်တည်း နေလိုခြင်းသာ ဖြစ်၏။ သူမ ဝတ္ထုထဲ တိတ်တိတ်ဆိတ်ဆိတ် တစ်ယောက်တည်းသာ ဆက်ပါချင်တော့သည်။
'ငါ သူမကို ထပ်ပြီး မခင်သင့်ဘူး...'
ဆာစီးနီယာ သည် မေ ဘေးနားမှ ရှောင်ထွက်ကာအခန်းဘက် သွားလိုက်သည်။
သူမ မြေကြီးပေါ်တွင် အိပ်နေခဲ့သဖြင့် တစ်ကိုယ်လုံး ကိုက်ခဲနေတာကြောင့် မွေ့ရာပေါ် တက်လှဲချင်မိသည်။
လွန်ခဲ့သည့် သုံးနှစ်လောက်ကစပြီး သူမ၏ နေ့စဉ်ဘဝမှာ ယခုလိုပင် မည်မည်ရ ဘာမှမလုပ်ဘဲ အချိန်ဖြုန်းနေခဲ့တာပင်။
Xxxxxx