အပိုင်း ၂၅
Viewers 12k

Chapter 25


"အစ်မ ဆာစီးနီယာ…"


"အင်…အင်း…"


တစ်နေကုန်အိပ်နေသော ဆာစီးနီယာ သည် မေ့ အသံကြောင့် စိတ်အနှောင့်အယှက် ဖြစ်သွားရကာ ဝမ်းလျားမှောက်၍ ဆက်အိပ်နေလိုက်၏။


 'နင် ငါ့ကို ဘာတွေ အနှောင့်အယှက် ပေးဦးမလို့လဲ" 


 "အစ်မ ဆာစီးနီယာ…" 


မေ က ဆာစီးနီယာ ကို အတင်းလှုပ်နှိုးပြန်သည်။


 "အင်း…ဘာလို့လဲဟာ" 


ဆာစီးနီယာ မျက်မှောင်ကြုတ်ကာ မျက်လုံးဖွင့် ကြည့်လိုက်သည်။ 


"အပြင်မှာ တစ်ခုခု ဖြစ်နေပြီ"


 "ညကြီးသန်းခေါင် ဘာဖြစ်နေလို့လဲ" 


"အိမ်ကို လူတွေ လာနေကြတယ်..." 


မေ က  ကြောက်နေပုံ ပေါက်နေပြီး ကဏှာမငြိမ် ဖြစ်နေလေသည်။


ဆာစီးနီယာ အမြန် လူးလဲထလိုက်သည်။ 


'ဒီအချိန်ကြီး အိမ်ကို ဘယ်သူလာတာပါလိမ့်'


 "ဘယ်သူတွေလဲ"


 "ဟိုမှာ"


မေက ပြောရင်းဆိုရင်း ပြတင်းပေါက်အပြင်ကို လက်ညိုးထိုးပြလြိက်သည်။ 


ဆာစီးနီယာ လည်း ပြတင်းပေါက်မှ လှမ်းကြည့်လိုက်ရာ မီးတုတ်များစွာ တရွေ့ရွေ့လာနေသည်ကို မြင်လိုက်ရသည်။


မီးရောင်များနှင့်အတူ ခြေသံပြင်းပြင်းတို့ကြောင့် မြေကြီးပါ တုန်ခါသွားသလိုပင်။


 "အဲ့ဒါဘာလဲ"


ဆာစီးနီယာ မျက်လုံး ပြူးသွားရသည်။ထို့နောက် သူမ အိပ်ယာထကာ ပြတင်းပေါက်နား လျှောက်သွားလိုက်ရာ မီးတောက်တို့ တဖျပ်ဖျပ်တောက်နေသည်ကို မြင်နေရ၏။ 


 "ဘာတွေပါလိမ့်နော်" 


မေ သည် ဆာစီးနီယာ ၏ လက်ဖဝါးကို အားကိုးတကြီး ဆုပ်ကိုင်ထားရင်း ပြောလိုက်သည်။ သူမ မျက်နှာမှာလည်း စက္ကူအလွတ်တစ်ရွက်လို ဖြူဖျော့နေနေလေသည်။ 


ထို့နောက် ဆာစီးနီယာက အခန်းပြင်ထွက်ရန် ပြင်လိုက်ရာ မေက ဖမ်းဆွဲထား၏။


 "အာ…အစ်မ နေဦးလေ"


မေက ဆာစီးနီယာကို အမြန်ဖမ်းဆွဲထားရင်း ပြောလိုက်သည်။


"ငါ ထွက်ကြည့်မှရမယ်… သူတို့ငါ့ကိုတွေ့ဖို့လာတာ ထင်တယ်"


 မီးတောက်များ နီးကပ်လာသည်ကို သူမ အတိုင်းသားတွေ့နေရသည်။


အခန်းတစ်ခုလုံးကို ချယ်လှယ်ထားသည့် လရောင်မှာ ပျောက်ကွယ်သွားပြီ ဖြစ်သည်။ အားနည်းလှသော လရောင်ကို ကြက်သွေးရောင် မီးတောက်ရောင်တို့က လွှမ်းခြုံထားခြင်းပင်။


နတ်ဆိုးတစ်ကောင်လို မီးတောက်များ နီးကပ်လာသည်ကို သူမ မြင်နေရသည်။ သူတို့ဘာကြောင့် အိမ်ကို ရောက်လာရသည်ကို သူမ သိချင်လာသည်။


 "အခန်းထဲက မထွက်နဲ့" 


မေ့ လက်ထဲမှ သူမလက်ကိုရုန်းဖို့ အတော် ကြိုးစားယူရလေသည်။


ထို့နောက် သူမသည် အိမ်ရှေ့တံခါးဆီသွားလိုက်သည်။


အခန်းတွင်းရှိ သူမတို့ အသံထက် ခြေသံများမှာ ပို၍ ကျယ်လောင်လှပေသည်။


ဆာစီးနီယာ အသက်ဝဝရှူပြီး အိမ်ရှေ့တံခါးကိုဖွင့်လိုက်သည်။


"သူမက စုန်းမပဲ" 


တစ်စုံတစ်ယောက်က ဆာစီးနီယာ ကိုတွေ့သည့်အခါ ထအော်လိုက်သည်။


လူအများ၏ မျက်လုံးတွေက သူမဆီ  ချက်ချင်း ရောက်လာကြသည်။ နာကျင်မုန်းတီးနေသည့် အကြည့်တို့ကို ဆာစီးနီယာ ရဲရဲ ရင်ဆိုင်လိုက်သည်။


ဘာဖြစ်နေလဲမသိပေမယ့်လည်း သူမကိုယ်သူမ ယုံကြည်မှုရှိရမည် ဖြစ်သည်။


 "အဲ့ဒီ စုန်းမပေါ့"


တချို့က ကိုင်ထားသည့် မီးတုတ်ကို ဆာစီးနီယာ ရှေ့ပစ်ပေါက်လိုက်ကြသည်။


သူတို့ သူမကို ခြိမ်းခြောက်နေသော်လည်း ဆာစီးနီယာ  မျက်တောင်တစ်ချက်မခတ်ဘဲ ခပ်တည်တည် ဖြစ်နေသည်။


ရောက်လာသူ အရေအတွက်မှာ အကြမ်းဖျင်း လူ 20 ကျော်ခန့် ရှိသည်။  ဆာစီးနီယာ သည် အိမ်ထဲမှ မေ ကြောက်သွားမည်စိုး၍ တံခါးကို ကိုယ်လုံးနှင့် ကွယ်၍ နောက်ပြန်ပိတ်လိုက်သည်။ထို့နောက် သူမက လူအုပ်ကြီးကို ခပ်တည်တည် ဝေ့ဝဲကြည့်နေစဉ် ရှေ့ဆုံးမှ လူတစ်ယောက်ကို မြင်လိုက်သောအခါ အံ့ကြိတ်ထားမိသွားသည်။


 'ချီးထုပ်'


ချားလ်စ် သည် ထီမထင်ဟန်ဖြင့် သူမဆီ တစ်လှမ်းချင်း‌ လျှောက်လာနေသည်။


ဤကိစ္စအားလုံး၏ နောက်ကွယ်မှ အဓိကတရားခံမှာ ချားလ်စ်ဖြစ်ကြောင်း ဆာစီးနီယာ သိသွားလေပြီ။သို့သော်လည်း သူမ မျက်လုံးများမှာ သိသိသာသာ တောက်ပနေခဲ့သည်။


 * * *


"မင်းကိုယ်မင်း လည်လှပြီ‌ အောက်မေ့နေလား"


ချားလ်စ် ၏ အသံသည် ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ 


 "ဒီ… ဒီစုန်းမက ငါတို့ကို ငတ်အောင် လုပ်လိုက်တာ" 


ချားလ်စ် အနောက်မှာ ရပ်နေကြသည့် ရွာသားတွေကလည်း ထအော်လာသည်။


 ထိုစကားကြောင့် ဆာစီးနီယာ မျက်ခုံးပင့်လိုက်သည်။


 'ငတ်ပြတ်နေပြီ ဆိုပါလား' 


ထို့နောက် ရိက္ခာဂိုဒေါင်မီးလောင်သွားသည့် ကိစ္စကို သူမ ချက်ချင်း သတိရသွားသည်။ အနီးနားရှိလူများက သူမကို သတ်ပစ်ချင်သလို စိုက်ကြည့်နေကြတာကိုလည်း သူမ သိသွားရသည်။ 


'ရိက္ခာဂိုဒေါင်ကို မီးရှို့တဲ့သူလို့ ငါ့ကိုစွပ်စွဲနေတာလား…'


 "မင်း အဲ့လို ဒုက္ခပေးမယ်ဆိုတာ အရင်ကတည်းက ငါသိတယ်" 


ချားလ်စ်က ဆာစီးနီယာ မျက်နှာကို စေ့စေ့ကြည့်ကာ ပြောလိုက်ပြန်သည်။


"ရှင် ဘာတွေပြောနေတာလဲ" 


ဆာစီးနီယာ အော်လိုက်မိသည်။ အင်အားသုံးပြီး ခြိမ်းခြောက်လျှင် သူမကြောက်သွားလိမ့်မည်ဟု သူ တွက်ထားခြင်း ဖြစ်နိုင်သည်။


ဘယ်လို အဓိပ္ပါယ်မဲ့လိုက်တဲ့ အတွေးလဲ…


 "ရှင်တို့ ဘာလို့ ညကြီးမိုးချုပ် ကျွန်မအိမ်ကို လာရတာလဲ"


 သူမက ချားလ်စ် ကို တည့်တည့်ကြည့်ရင်း မေးလိုက်သည်။


 ချားလ်စ်သည် သူမ ပုံစံကို ကြည့်ရင်း  အံကို ကြိတ်ထားသည်။ 


ဤအချိန်တွင် သူမ အနည်းငယ်လန့် နေရမည်ဖြစ်သော်လည်း သူမက ဘယ်သူ့မှ မကြောက်သလိုပင်။ ရွာသားတွေရှေ့မှာ ချားလ်စ် အရှက်မကွဲချင်ပေ။ ဈေးမှာ သူ စော်ကားခံခဲ့ရသည်ကို အခုထိ မေ့လို့မရသေး။


 "မင်း ရိက္ခာဂိုဒေါင်ကို မီးရှို့ခဲ့တာ ငါမသိဘူး ထင်နေလား"


"သက်သေရှိလား ပြော"


ဆာစီးနီယာ ၏အသံမှာ အေးအေဆေးဆေး ရှိလှပြီး တည်ငြိမ်နေသည်။


 "မင်းကိုတွေ့လိုက်တဲ့သူရှိတယ်"


ချားလ်စ် က ဒေါသတကြီး တုံ့ပြန် ပြောဆိုလေသည်။ သက်သေမရှိဘဲ အလဟဿ တစ်အုပ်ကြီး ခေါ်လာရအောင် သူ ငတုံး မဟုတ်ပေ။


 "သက်သေ…ဟုတ်လား…ကျွန်မ မီးရှို့လိုက်တာကို တွေ့ခဲ့တယ်လို့ ပြောချင်တာလား"


 "ဂျော်ဒန်"


ပုန်းနေသော ဂျော်ဒန်သည် ချားလ်စ် ခေါ်လိုက်တာကြောင့် ကောင်မလေးတစ်ယောက်ကို လက်ဆွဲ၍ လူအုပ်ကြားထဲမှ ထွက်လာသည်။


ဂျော်ဒန်သည် သူ့ခြေထောက်ကို တင်းတင်းကြပ်ကြပ် ဖက်ထားသည့် သူ့သမီးကို ခေါ်လာကာ ချားလ်စ်ဘေးတွင် ‌ရပ်လိုက်သည်။


 "မင်းတွေ့ခဲ့တာကို ပြောပြလိုက်"


 "အဲဒါကလေ…"


ဂျော်ဒန် သည် အခြေအနေကိုတစ်ချက်ကြည့်ရင်း တုံ့ဆိုင်းသွားသည်။ 


ဂျော်ဒန့် ပုံစံကြောင့် ချားလ်စ်က သူ့သမီးကို တစ်ချက်စူးကနဲကြည့်လိုက်ရာ ဂျော်ဒန် တုန်လှုပ်သွားပြီး သူ့သမီးကို တိုးဖက်ထားလိုက်သည်။


"မနေ့က ကျွန်တော်  ကင်းလှည့်နေတုန်း ရိက္ခာဂိုဒေါင် မီးလောင်တာ တွေ့ခဲ့ပါတယ်… "


ဆာစီးနီယာ သူတို့သားအဖနှင့် ‌ချားလ်စ်ကို စိုက်ကြည့်နေမိသည်။ ဆာစီးနီယာ သည် သူ့ကလေးကို ပွေ့ဖက်၍ ကာကွယ်ပေးထားပြီး ချားလ်စ်၏ အကြည့်တို့ကလည်း သူတို့ကို ခြိမ်းခြောက်နေသလိုပင်။အဖြစ်အပျက်အလုံးစုံကို သူမ တစ်ကယ်မသိသော်လည်း အခြေအနေကို သဘောပေါက်သွားရလေသည်။


"မင်း တွေ့ခဲ့တဲ့ တရားခံကဘယ်သူလဲ"


ချားလ်စ် က မေးလိုက်သောအခါ၊ ဂျော်ဒန် သည် တံတွေးတစ်ချက် မြိုချလိုက်ပြီး လက်ညှိုးကို ဆာစီးနီယာဆီ ထိုးလိုက်သည်။


"အဲ့ဒီ စုန်းမကြီးပါ"


"ဒါဆိုလည်း သူမကို ဖမ်းပြီး မီးရှို့သတ်ပစ်…သတ်ပစ်” 


လူအုပ်ကြီးက ဒေါသထွက်သွားပြီး တစ်ခဲနက် အောက်ဟစ်လိုက်ကြသည်။  


"မင်း မသိယောင်ဆောင်ချင်သေးလား"


ချားလ်စ်က အောင်ပွဲခံသည့် အပြုံးဖြင့် ပြောလေသည်။ 


"ရှင်ကျွန်မကို တစ်ကယ် တွေ့ခဲ့တာလား" 


ဆာစီးနီယာ ၏ စူးရှသော မျက်လုံးများက ဂျော်ဒန်ကို အသေအချာ အကဲခတ်နေသည်။ 


ဂျော်ဒန်မှာ အရူးတစ်ယောက်လို သူမနှင့် မျက်လုံးချင်း မဆုံရဲအောင်ပင် တုန်တုန်ယင်ယင် ဖြစ်နေသည်။ 


"အ…အမည်း… "


"ဘာ.… ဒါဆို ရှင်က အမည်းရောင်လေးမြင်လိုက်ရုံနဲ့ ကျွန်မလို့ ပြောချင်တာလား"


 "မင်းက စုန်းမမှန်း ငါမသိဘူးလို့ ထင်နေတာလား"


ဂျော်ဒန် ချောင်ပိတ်မေးခံနေရတာကို သိသော ချားလ်စ် က ကာပြောလိုက်သည်


 "ကျွန်မက စုန်းမ ဟုတ်လား"


 "အာရန် အိမ်ကလေးက အဖြစ်အပျက်ကို မေ့သွားပြီလား"


ဆာစီးနီယာ ချားလ်စ်၏ စကားကြောင့် လန့်ပျာသွားရသည်။


လောင်းကစားဘုရင် မွန်တင်း နဲ့ မီးလောင်သွားတဲ့ အိမ်ငယ်က‌လေးကို သူမ ဘယ်လိုလုပ် မေ့နိုင်ပါ့မလဲ…


 'အဲဒီနေ့က အကြောင်းကို သူဘယ်လိုလုပ် သိနေတာလဲ.… ကောလဟာလတွေ ကြားလာတာ ဖြစ်မယ်'


 မမျှော်လင့်ထားသော စကားတစ်ခွန်းကြောင့် ဆာစီးနီယာ မျက်နှာထား တင်းသွားရသည်။


ဆာစီးနီယာ နှာတ်ခွန်းပြန်မချေသဖြင့် ချားလ်စ် သူ့ကိုယ်သူ ဂုဏ်သူလိုက်မိသေးသည်။


 'အဲ့ဒီလူပြောတာ တစ်ကယ် မှန်နေတာပဲ'


ထိုနေ့က ဆာစီးနီယာ ကို ကြည့်ရင်း တုန်လှုပ်နေသူသည် သူမအား စုန်းမကြီး၊မကောင်းဆိုးဝါးမကြီးဟု ခေါ်နေခဲ့တာပင်။ 


"ဒီခွေးမက စုန်းမပါ…သူမ နေခဲ့တဲ့ အရင်ရွာတုန်းက သူမရဲ့ မှော်အစွမ်းနဲ့ အိမ်တစ်လုံးကို မီးရှို့ခဲ့တဲ့ စုန်းမတစ်ယောက်ပါ"


 "အခုချက်ချင်း ဖမ်းကြရအောင်လေ"


ယခု ဂျော်ဒန် ၏ စကားကို ချားလ်စ် မလိုအပ်တော့ပေ။


ချားလ်စ်သည် သူမ ဘာမှပြန်မပြောသဖြင့် ကံတရားက သူ့ဘက်ပါလာသည်ဟု ယူဆထားလိုက်တော့သည်။


ချားလ်စ်  အရူးတစ်ယောက်လို ပြုံးနေတာကို ဂျော်ဒန် တွေ့လိုက်ရာ သူ လန့်လာပြီး သမီးဖြစ်သူကို ပွေ့ချီကာ အမြန် ပြေးထွက်သွားလေသည်။


ချားလ်စ် အောင်ပွဲခံနေချိန်မှာပင်


 "အစ်မ ဆာစီးနီယာ က မနေ့ညတုန်းက ကျွန်မနဲ့ အတူရှိနေခဲ့တာပါ"


"မေ"


ပိတ်ထားသည့် အိမ်ရှေ့တံခါးက ရုတ်တရက် ပွင့်လာပြီး မေက တံမြက်စည်း တစ်ချောင်းကိုင်ကာ ထွက်ချလာသည်။ 


မေက အသာမနေဘဲ အပြင်ထွက်လာသဖြင့် ဆာစီးနီယာ စိတ်ပျက်သွားရသည်။


 "ဘာ" 


ချားလ်စ် က မေ့ ကို စိုက်ကြည့်နေရင်း အော်ပြောလိုက်သည်။


'ကြည့်စမ်း… ဆာစီးနီယာ က တခြားကောင်မလေး တစ်ယောက်နဲ့ အတူ နေနေတာကို ငါ မသိလိုက်ပါလား'


"မနေ့ညက မီးလောင်တုန်းက ဆာစီးနီယာ ဒီအိမ်မှာ တစ်ညလုံး ကျွန်မနဲ့ အတူရှိနေတာပါ"


ထိုအခါ  ရွာသားတွေ အချင်းချင်း တီးတိုးသဖန်းပိုး  ပြောနေကြလေသည်။


ချားလ်စ် က အခြေအနေကို စတိပြုမိသွားပြီး လူအုပ်ကြီးကို ရန်တိုက်ပေးပြန်သည်။


 


"သူမကလည်း အဲ့ဒီစုန်းမနဲ့ အတူတူပါပဲ…သူတို့ကိုဖမ်းလိုက်စမ်း" 


"ကျွန်မကို မထိနဲ့"


မေက ကိုင်ထားသည့် တံမြက်စည်းကို ရွယ်ပြီး ပြောလိုက်သော်လည်း သူမ မျက်နှာမှာ ဖြူဖျော့နေရသည်။


မေက တံမြက်စည်းနှင့် ရွယ်လိုက်သောအခါ အနီးနားရှိ ရွာသားများ နောက်သို့ ခြေနှစ်လှမ်း ဆုတ်သွားကြသည်။ 


ဆာစီးနီယာ သည် မှော်ပညာကို အတတ်နိုင်ဆုံး မသုံးချင်သောကြောင့် ပို၍ အကြပ်ရိုက်လာရသည်။


ချားလ်စ် က တံမြက်စည်းကိုင်ထားသည့် မေ့ကို ကြည့်ပြီး မကြံတစ်ခုရသွားသည်။


ချက်ချင်းပင် ချားလ်စ် က သူ့နောက်မှာ ရပ်နေသူများကို လက်ပြလိုက်ရာ ထိုလူများက မေ့ကို ဝိုင်းဖမ်းလိုက်ကြသည်။


 "လွှတ်…ကျွန်မကို လွှတ်"


 


မေ က အားရှိသလောက် အတင်းရုန်းရင်း အော်ဟစ်နေသည်။


 "ရှင်တို့ ဒါဘာလုပ်တာလဲ"


ဆာစီးနီယာ က အေးစက်စွာ ပြောလိုက်လေသည်။


Xxxxxxx