အပိုင်း ၂၆
Viewers 12k

Chapter 26


ချားလ်စ်သည် ပူလာသလို ခံစားရသဖြင့် မီးတုတ်ကြောင့် ထင်ပြီး ဆာစီးနီယာနားကို ခြေတစ်လှမ်းတိုးလိုက်သည်။ 


“မင်းခန္ဓာကိုယ်ကတော့ မင်းရဲ့မှော်အစွမ်းကြောင့် ကိုယ်ပျောက်သွားချင် သွားလို့ရပေမယ့် ဒီကောင်မကတော့ ရမှာမဟုတ်ဘူး”


“ဘာ”


“မင်းအရှုံးပေးမယ်ဆိုရင် ဒီကောင်မကို လွှတ်ပေးလိုက်မယ်”


ဖမ်းချုပ်ခံထားရသော မေကို ဆာစီးနီယာ ကြည့်နေမိသည်။ မေသည် ရုန်းဖို့ကြိုးစားနေသော်လည်း ယောက်ျားနှစ်ယောက် လက်ထဲမှာ ဖြစ်နေ၍ မလွတ်နိုင်ဘဲ ရှိသည်။


ဖျော့တော့သည့် အပူချိန်တစ်ခု ဆာစီးနီယာ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာရသည်။ သူမ သူတို့အားလုံးကို ချက်ချင်းမီးရှို့ပစ် လိုက်ချင်သော်လည်း မေ့ကို ထိခိုက်နိုင်သောကြောင့် မလုပ်ခဲ့ပေ။ 


ဆာစီးနီယာသည်အသက်ကိုပြင်းပြင်းရှုပြီး စိတ်ကိုထိန်းလိုက်သည်။


ချားလ်စ်သည် သူ့ကို တစ်စစီဖြစ်အောင်လုပ်တော့မလို ကြည့်နေသည့် ဆာစီးနီယာကို သွားပေါ်သည်အထိ ပြုံးရယ်ပြလိုက်သည်။ သူ ထင်ထားသည့်အတိုင်း မေဆိုသည့် အမျိုးသမီးသည် သူမ၏ အားနည်းချက် ဖြစ်နေသည်။ လူတွေမရိပ်မိခင် သူလုပ်စရာရှိတာကို မြန်မြန် လုပ်ရပေမည်။


“ငါ ဒီစုန်းမကို ခေါ်သွားမယ်”


ချားလ်စ်၏ စကားကြောင့် ရွာသားများသည် ဆာစီးနီယာ၏ လက်မောင်းကို ဖမ်းကိုင်လိုက်သည်။ သူမ ကလည်း အသာတကြည် အဖမ်းကိုင်ခံလိုက်သည်။


“ဆာစီးနီယာ”


မေက ဆာစီးနီယာ ဖမ်းဆီးခံရသည်ကို မြင်သည့်အခါ ငိုကြွေးတော့သည်။


‘သူတို့ဘာလို့ ငါတို့ကို ဒီလိုလုပ်ရတာလဲ..အစားအသောက်ဂိုဒေါင် မီးလောင်တာ ငါတို့နဲ့ ဘာဆိုင်လို့လဲ’


မေက တရားမမျှတသလို ခံစားရသည်။ သူမစိတ်ထဲ ဝမ်းနည်းမှုနှင့်ဒေါသစိတ်တို့ ရောပြွမ်းပြီး စိတ်အာရုံကလည်း နောက်ကျိနေမိသည်။ သို့သော်လည်း သူမ ပထမဆုံးစိုးရိမ်ပူပန်ရသည်က ဘာမှ မခုခံပဲ အဖမ်းခံလိုက်သည့် ဆာစီးနီယာကိုပင်ဖြစ်သည်။ 


ချားလ်စ်သည် ဆာစီးနီယာကို အကျဉ်းထောင်မှာ ထည့်ထားဖို့ အမိန့်ပေးလိုက်ပြီး မေ့ ကိုတော့ မြင်းဇောင်းမှာသာ ဖမ်းချုပ်ထားဖို့ အမိန့်ပေးလိုက်သည်။ သူက ဆာစီးနီယာကို သူ့ခြေဖျားအောက်မှာ ဖိထားလို့ရပြီ ဆိုသောအတွေးဖြင့် အောင်ပွဲခံသလို ပြုံးလိုက်သည်။


***


ရွာထဲရှိ အသုံးနည်းသော ထောင်တစ်ခု၌ ပိတ်မိနေသည့် ဆာစီးနီယာသည် ချားလ်စ်ကို စူးစူးစိုက်စိုက် ကြည့်လိုက်သည်။ သူက တန်းလျား၏ အလွန် ဆာစီးနီယာ ရှေ့မှာ ရပ်နေခြင်းဖြစ်သည်။ 


ချားလ်စ်က သတင်းကောင်းရထားသလိုပုံစံနှင့် ပြုံးနေသည်။ 


“ငါမင်းကို အခွင့်ရေးပေးမယ်”


သူမက အဖြေမပေးပဲ တစ်ဖက်လှည့်ပစ်လိုက်သည်။ ဒီတစ်ညတော့ ဒီမှာပဲ ကုန်ဆုံးရတော့မည်ဟု သူမ သိနေလေသည်။


“မင်းငါ့ကို ဒူးထောက်ပြီး အမှားလုပ်ခဲ့တာကို ခွင့်လွှတ်ပေးဖို့ တောင်းပန်မယ်ဆိုရင် မင်းကို လွှတ်ပေးဖို့ ငါ့အဖေကို ငါပြောလိုက်မယ်”


“ခွေးဟောင်တဲ့ အသံက ဘယ်ကထွက်လာတာပါလိမ့်”


ဆာစီးနီယာ က လက်တစ်ဖက်ဖြင့် နားကို ကလော်ရင်း ရေရွတ်သလိုမျိုး ပြောလိုက်သည်။ခွေးဟောင်သံက ကျယ်လွန်းသဖြင့် သူမ၏ နားစည်တောင် တုန်ခါနေရသည်။ 


ချားလ်စ် ၏ လက်သီးဆုပ်သည် တုန်ယင်သွား၏။ ဒီကိုရောက်လာတာတောင်မှ ဆာစီးနီယာ လုံးဝ အလျှော့မပေးသေးချေ။


သို့သော်လည်း အသုံးမဝင်ပေ။ ချားလ်စ်က သူမကို အနိုင်ယူတော့မှာ ဖြစ်တာကြောင့်ပင်။


 


‘ဒီအခြေအနေကို သူမ ကောင်းကောင်းကြီး နားလည်သွားစေရမယ်'


ချားလ်စ်က ဒေါသကို ချုပ်တည်းပြီး ပြောလိုက်သည်။ 


“မဟုတ်ရင် မင်းမနက်ဖြန် ကားတိုင်မှာ မီးရှုံ့ခံရလိမ့်မယ်” 


ထိုအခါမှ ဆာစီးနီယာ၏ အကြည့်က ချားလ်စ်ဆီ ရောက်သွားရသည်။ 


ချားလ်စ်သည် ဆာစီးနီယာ၏ အကြည့်ကြောင့် သူမ အခြေအနေကို သဘောပေါက်သွားပြီဟု တွက်ဆလိုက်သည်။


“ဟုတ်တယ် မြန်မြန်လုပ်.. မင်းကို လွှတ်ပေးဖို့အတွက် ငါ့ကို တောင်းပန်တော့”


“သနားစရာ ကောင်းလိုက်တာ”


“ဘ-ဘာ”


သို့သော်လည်း သူမ အဖြေက သူလိုချင်နေသည့် အဖြေမဟုတ်ခဲ့ပေ။


ချားလ်စ်၏ မျက်နှာသည် သိသိသာသာ မာကျောခက်ထန်သွားရသည်။


“ငါ့လက်ဖျားထိပ် လေးကိုတောင် နင်မထိနိုင်ပဲနဲ့များ”


*ဘုန်း*


ချားလ်စ်က ဒေါသကို မမျိုသိပ်နိုင်တော့ပဲ သံတိုင်အား ပြင်းထန်စွာ ဆောင့်ကန်လိုက်သည်။ ဘုန်းကနဲ အသံကြီးမှာ မြေအောက်ခန်းထဲ၌ ပဲ့တင်ထပ်သွားရသည်။


“ခွေးမ… နင်တကယ်သေချင်နေတာလား”


ဆာစီးနီယာက ပြန်မဖြေ။


‘ငါတကယ် သေချင်နေတာများလား’


ဘဝကြီးက ပျင်းစရာကောင်းတယ်လို့  သူမ တွေးနေခဲ့တာ ဘယ်လောက်တောင်ကြာသွားပြီလဲ…


နေ့ရက်တိုင်းကို သူမ ခက်ခက်ခဲခဲ ရှင်သန်နေပုံရသည်။ဝတ္ထုထဲမှာ ဆာစီးနီယာ လုပ်ခဲ့သလိုမျိုး အဆုံးမသတ်ချင်သဖြင့် သူမ၏ စွမ်းအားတွေကို ဖုံးကွယ်ထားခဲ့သော်လည်း…ယခုမူ


ဘာလို့ သူမဘာသာ အေးဆေးနေနေတာကို လာလာဆွနေကြတာလဲ…


 နဂိုကတည်းက သူမသည် ပင်ပန်းနေပြီး ဖြစ်သည်။ လွန်ခဲ့သည့် သုံးနှစ်ကတည်းက သူမကို ဘယ်အရာကမှ မပျော်ရွှင်စေတော့ပေ။


“မင်းရဲ့ မာနတွေ ဘယ်အထိ ‌ထောင်လွှားနေနိုင်မလဲဆိုတာ  စောင့်ကြည့်မယ်လေ.. ဒီလိုပဲ ဆက်သွားနေမယ်ဆိုရင်တော့ ဟိုခွေးမ မေဆိုတဲ့ကောင်မကို လွှတ်ပေးမှာမဟုတ်ဘူးလို့သာ မှတ်ထားလိုက်”


ချားလ်စ်က မာန်ဖီပြီး အကျဉ်းထောင်ထဲမှ ထွက်သွားသည်။ ဆာစီးနီယာသည် လရောင်မရှိသော အကျဉ်းထောင်နံရံမှာ ကျောမှီထားလိုက်သည်။ အရာအားလုံးက အဓိပ္ပာယ်မဲ့နေသည်။ သူမ မျက်လုံးကိုမှိတ်ထားလိုက်ပြီး မိုးလင်းခါမှ ပြန်ဖွင့်လိုက်သည်။


***


“အဲ့ဒီစုန်းမကို သတ်ရအောင်”


“သူမကို သတ်မယ်”


ရွာသားတွေ၏ အော်သံက လေးဖက်လေးတန် ပြည့်နှက်နေသည်။နောက်ဆုံးတော့ ဆာစီးနီယာ၏ လက်နှင့် ခြေထောက်များကို ကားတိုင်တွင် ကြိုးဖြင့် ပူးချည်ထားကြသည်။ 


အားလုံးက ဒေါသအမျက်များ ပြင်းထန်နေကြသည်။ သူတို့ အစားအသောက်တွေကို မီးရှို့ပစ်သည့် စုန်းမ ၊ သူတို့အားလုံးကိုအန္တရာယ်တွင်းထဲရောက်အောင် မှော်အစွမ်းနဲ့လုပ်ခဲ့သည့် မကောင်းဆိုးဝါး…


တစ်ချိန်တည်းမှာပင် သူတို့ ဒေါသတွေကို ဆာစီးနီယာဆီသာ ပုံချလိုက်ကြတော့သည်။


နေ့ခင်းဘက်မှာ နေရောင်သည် အပြင်းထန်ဆုံး တောက်ပနေသည်။ ဆောင်းဦးရာသီ၏ ကျေးဇူးကြောင့် အေးမြသည့် လေညှင်းကလေး တိုက်ခတ်သွားရသည်။ ဆာစီးနီယာ၏ ရှည်လျားသည့် အနီရောင် ဆံနွယ်များသည် လေထဲမှာ ပြန့်ကျဲလွင့်ခါနေသည်။ တဖျပ်ဖျပ်လှုပ်ခါနေသည့် သူမ၏ နူးညံ့သည့် ဆံပင်များမှာ ပန်းတစ်ပွင့်လို မွှေးကြိုင်မည့် ပုံရသည်။ ယောင်္ကျားလေး အများစုက သူမ၏ အသွင်ပြင်ကို သဘောကျကြပြီး သူမ ယခုလို သေရမှာကို နှမြောနေကြလေသည်။


“ကောက်ကျစ်စဉ်းလဲတဲ့ စုန်းမ”


ဒေါသသံသည် လူအုပ်ထဲမှာ ပဲ့တင်ထပ်သွားသည်။ 


လူတစ်ယောက်က ဆာစီးနီယာကို ကျောက်တုံးနှင့် ပစ်ပေါက်လိုက်သည်။ သူမက လွင့်ပျံလာသည့် ကျောက်တုံးကို အေးဆေးတည်ငြိမ်သော အကြည့်ဖြင့် ကြည့်နေသည်။ သူမ၏ လက်နှင့်ခြေတို့မှာ ချည်နှောင်ခံထားရသည့်အတွက် ကျောက်တုံးကို မရှောင်နိုင်သော်လည်း သူမ မကြောက်ရွံ့ချေ။


ဒုတ်


ကံဆိုးတာလား၊ ကံကောင်းတာလား မသိ။ သူမနှင့် ထိုလူကြီးက အနည်းငယ် လှမ်းသည့်အတွက် ကျောက်တုံးက အဝေးတစ်နေရာမှာ ပြုတ်ကျသွားခဲ့သည်။ 


ဆာစီးနီယာ ကျောက်တုံးကို ဘာခံစားချက်မှ မရှိသလို ငုံ့ကြည့်လိုက်သည်။  သူမ အရာအားလုံးကို လက်လျှော့လိုက်ပြီ ဖြစ်၏။


“မင်းရဲ့ အနက်ရောင်မှော်အစွမ်းတွေနဲ့ အားလုံးကို ရှောင်တိမ်းလို့ရမယ်များ ထင်နေလား”


‘အနက်ရောင် မှော်အစွမ်းဆိုတာ ဘာကြီးလဲ’


သူမ ဘာစွမ်းအားမှ မသုံးခဲ့ချေ။


အကွာအဝေးက လှမ်းသည့်အတွက် ကျောက်တုံး သူမဆီကို မရောက်နိုင်ခဲ့ရုံသာ ဖြစ်သည်။


သို့တိုင်၊ လူတွေက ဖြစ်လာသမျှကို သူမအပေါ်ကိုသာ အပြစ်ပုံချနေကြသည်။ 


‘ စိတ်တိုစရာကောင်းလိုက်တာ’


သူတို့၏ တစ်ဖက်စွန်းရောက်နေသည့် ရန်လိုစိတ်တွေကို ရင်ဆိုင်ပြီး ဆာစီးနီယာ တွေးလိုက်မိသည်။ သူမ အေးအေးဆေးဆေး နေချင်ပေမယ့်လည်း လူတွေက လာလာ နှောင့်ယှက်နေကြပြန်သည်။ ထို့ကြောင့် သူမကို ဗီလိန်ဖြစ်အောင် ကံကြမ္မာက ဖန်တီးပေးပြီးသား ဖြစ်နေသလိုပင်။


“ဆာစီးနီယာ”


မေက ဖမ်းချုပ်ခံထားရရာကနေ ရုန်းရင်းကန်ရင်း ငိုကြွေးနေလေသည်။


‘အဲ့လိုနဲ့ မေထိခိုက်သွားရင် ဘယ်လိုလုပ်မလဲ’ 


ဆာစီးနီယာက မျက်မှောင်ကြုတ်လိုက်သည်။


မေ့ ကို တင်းကျပ်စွာ ချုပ်ကိုင်ထားကြသည့် လူကြီး၏ မျက်နှာအမူအရာက ခြိမ်းခြောက်နေသလိုပင်… 


မေ့ ကို အချိန်မရွေး သတ်ဖြတ်မည့် ပုံစံဖြစ်သည်။ သူမသည် မေထိခိုက်သွားမှာကို ကြောက်ရွံ့ပြီး မေကို စိုးရိမ်တကြီး ကြည့်နေမိသည်။


“လွှတ်.…. အစ်မ ဆာစီးနီယာ”


မေက ကြိမ်ဖန်များစွာ ငိုကြွေးပြီး သူမ နာမည်ကို အော်ခေါ်နေသည်။ သူမ၏ အကြည့်က ဆာစီးနီယာ ဆီမှာသာ တစ်သမတ်တည်း ရှိနေသည်။ ကြိုးတုပ်ခံထားရသည့် သူမ လက်မောင်းကလေး ထိခိုက်သွားပြီလားဟုလည်း စိုးရိမ်နေမိ၏။


‘ဒီအခြေအနေမှာ ဘယ်သူက ဘယ်သူ့ကို စိတ်ပူနေတာလဲ’


 မေ သည် တစ်စုံတစ်ယောက်နှင့် တကယ့်ကို တူနေသည်။ထို့အပြင် မေ၏ မျက်နှာသည် သူမကို သင်္ဘောဆိပ်မှာတုန်းက စိတ်ပူပေးခဲ့သည့် ဘန်နှင့် တစ်ထပ်တည်း တူနေသည်။ 


သူမ မေ့ဖျောက်ချင်ပေမယ့်လည်း အတွေးတွေက သူမရဲ့စိတ်ထဲကို ရုတ်တရက် ဝင်ရောက်လာရသည်။ 


 သူ ဆိုးဆိုးရွားရွား နာကျင်နေတာတောင်မှ စိုးရိမ်ပူပန်ပေးနေသည့် မျက်နှာထားဟာ သူမ စိတ်ထဲမှာ စွဲငြိနေခဲ့သည်။ 


ဆာစီးနီယာ အံကြိတ်လိုက်သည်။ သူမသာ ဘန်ကို မပို့ခဲ့ဘူးဆိုလျှင် ဘန်လည်း နာကျင်ရမှာမဟုတ်ပေ။


ထိုနေ့က ဘန်ကို ပို့ခဲ့မိတာ သူမ ဘယ်လောက်တောင် နောင်တရလိုက်သလဲ…


‘ဟုတ်တယ်.. ငါနောင်တတွေ မရဘဲနေရအောင်’


သူမအတွက် ယခုလို သေဆုံးသွားရလျှင် အရာအားလုံး အလဟဿဖြစ် ပေတော့မည်။ သူမ သေသွားလျှင် မေတစ်ယောက်တည်း ကျန်ခဲ့မှာကိုလည်း စိုးရိမ်မိသည်။ 


ဒီနေရာကို ရောက်ဖို့အတွက် သူမ အချိန်တွေ ဘယ်လောက်တောင် ဖြတ်သန်းခဲ့ရသလဲ…


 ဝတ္ထုတောင် မစသေးဘဲနှင့် သေရမည် ဆိုတာ သူမအတွက် အဓိပ္ပာယ်မရှိချေ။


 သူမသည် နှလုံးသားကို မာကျောခက်ထန်ပြီး စိတ်ဓာတ်ခိုင်မာလာအောင် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်သည်။သူမသည် ဤအကျပ်အတည်းထဲကနေ ဘယ်လိုရုန်းထွက်ရမလဲဆိုသည်ကို သဲကြီးမဲကြီးစဉ်းစားနေမိသည်။ 


‘ငါသူတို့အားလုံးကို ချေမှုန်းလိုက်ရမလား’


ရိုးရှင်းပြီး အကြင်နာမဲ့သည့် နည်းလမ်းကသာ အကောင်းဆုံးဖြစ်သည်။ 


သူမ၏ လက်နှင့် ခြေကို ချည်နှောင်ထားသည့် ကြိုးတွေက မီးလောင်လွယ်ပြီး လက်ဖြင့် တောက်လိုက်ရုံနှင့်တင် ဖြတ်တောက်လို့ရသည်။


‘ မီးရှို့လိုက်ရမလား’


သူမသည် စွမ်းအားကို ထုတ်သုံးသင့်၊မသင့် စဉ်းစားနေမိသည်။ 


ဘယ်လိုပဲဖြစ်ဖြစ် သူတို့က သူမကို စုန်းမလို့ခေါ်နေကြတာပဲလေ…


ထို့အပြင် သူမ၏ စွမ်းအားတွေကိုလည်း သူတို့ ကြားသိပြီးလောက်ရောပင်။ သူမ ဒီကနေ လွတ်မြောက်သွားနိုင်ရင်တောင် ဒီရွာမှာ ဆက်နေလို့ရတော့မှာ မဟုတ်တာ သေချာသည်။ 


သို့သော်လည်း ခဏကြာတော့ ဆာစီးနီယာသည် ခေါင်းခါလိုက်သည်။


သူမ၏ စွမ်းအားတွေကို မပြသ,ဘဲနှင့် အေးအေးချမ်းချမ်းသာ ထွက်သွားချင်သည်။ဤနေရာက ထွက်ဖို့ စွမ်းအား သုံးလိုက်လျှင်တောင်မှ အချိန်မရွေး စကားတွေ ပြန်ကြားရနိုင်သည်။ အာရင်းမြို့မှာ ဖြစ်သွားခဲ့သည့် အိမ်လေးထဲက ဖြစ်ရပ်ကြောင့် ချားစ်က သူမကိုစုန်းမဟု သိသွားသလိုပင် ဖြစ်ပေလိမ့်မည်။


ထို့ကြောင့် နောက်ကြောင်းပြဿနာတွေ ကင်းလွတ်အောင် သူမ၏ စွမ်းအားကို ပွင့်ပွင့်လင်းလင်း ထုတ်မသုံးပဲ လွတ်မြောက်အောင် လုပ်ရမှာဖြစ်သည်။ 


‘နောက်ဆုံးတော့ ဒီတစ်နည်းပဲရှိတာပဲ'


သူမသည် ထိုအကြောင်းကို အနည်းငယ် ထပ်စဉ်းစားလိုက်သော်လည်း ဤနည်းလမ်းကလွဲပြီး တခြားနည်းလမ်း မရှိ‌တော့ချေ။ သူမသာ အောင်အောင်မြင်မြင်နှင့် လုပ်နိုင်ခဲ့လျှင် သူမနှင့်မေတို့ ဒီရွာမှ ထွက်သွားနိုင်မည်ဖြစ်သည်။ 


ဆာစီးနီယာ မျက်လုံး မှိတ်ထားလိုက်သည်။ ခဏနေလျှင် သူမ ခန္ဓာကိုယ်ကို မီးရှို့ကြတော့မည်ဖြစ်သည့်အတွက် သူမက လက်ဦးမှုရယူကာ မီးတောက်ခပ်ကြီးကြီးကို ဖန်ဆင်းပြီး ထွက်သွားရလိမ့်မည် ဖြစ်သည်။သို့သော် လူတွေကတော့ သူမကို မီးလောင်ပြီး သေသွားကြသည်ဟု ထင်ကြလိမ့်မည် ဖြစ်၏။


“ကောက်ကျစ် စဉ်းလဲတဲ့ စုန်းမက သူမရဲ့အပြစ်ကို ဝန်ခံပြီး အလံဖြူ မြှောက်ပြနေပါလား"


ရှေ့မှာရှိနေသည့် ချားလ်စ်က ယခုလိုနေ့ကို စောင့်မျှော်နေသည့်အလား အော်ပြောလိုက်သည်။ သူက မီးတုတ်ကိုင်၍ ဆာစီးနီယာဆီ အေးအေးဆေးဆေးလျှောက်သွားလိုက်သည်။ အားလုံးအတွက် မျောက်ပွဲဖြစ်နေခဲ့သည့် ဆာစီးနီယာသည် လှောင်အိမ်ထဲက တိရစ္ဆာန်လိုပင် ဖျော်ဖြေစရာဖြစ်နေ၏။


 သူမသည် အမြဲတမ်း အထက်စီးဆန်ဆန်စွာ ပြုမူသော်လည်း သူမ သေရမည့် အချိန်မှာတော့ ချားလ်စ်၏ ဘောင်းဘီကို ကိုင်ပြီး အသက်ချမ်းသာပေးဖို့အတွက် တောင်းဆိုလိမ့်မည်ဟု ချားလ်စ် သေချာသိနေသည်။ သူက သူဖန်တီးခဲ့သည့်အခြေအနေကို အလွန်ကျေနပ်အားရစွာပြုံးလိုက်၏။ 


Xxxxxxxx