Chapter 27
လေပြင်းတစ်ခု လူအုပ်ထဲ ဖြတ်တိုက်သွားသည်။ သူတို့ လက်ထဲက မီးတုတ်များမှာလည်း ငြိမ်းတော့မည့်အလား ဘယ်ညာယိမ်းထိုးနေကြသည်။ ဆာစီးနီယာ၏ စကတ်ရှည်ကြီးသည် လေထဲမှာ တဖျပ်ဖျပ် လှုပ်ခါနေရသည်။ တဖျပ်ဖျပ် လှုပ်ခါနေသည့် စကတ်၏ အနားစပ်မှာ ဖြူဖွေးပြီးသွယ်လျသော ခြေချင်းဝတ်လေးသည် ထပ်ခါတလဲလဲ ပေါ်လိုက်ပျောက်လိုက်ဖြစ်နေရလေသည်။
ချားလ်စ်က သူမြင်လိုက်သည်ကို လောဘမျက်စိဖြင့် ကြည့်ကာ နှုတ်ခမ်းကို လျှာဖြင့်တစ် ချက်သပ်လိုက်သည်။
ခဏကြာသောအခါ လေပြင်း ငြိမ်သွားသည်နှင့် ငြိမ်းတော့မလိုဖြစ်နေသောမီးတောက်များသည် ပြန်လည်တောက်လောင်လာရသည်။
“အခုမင်းငါ့ကို တောင်းပန်မယ်ဆိုရင် ငါမင်းကို စောင့်ရှောက်ပေးမယ်”
ချားလ်စ်က ဆာစီးနီယာ၏ နားရွက်ဖျားနားကပ်ကာ တီးတိုးပြောလိုက်သည်။
သူဆာစီးနီယာနဲ့ နှစ်ယောက်တည်းအတူရှိဖို့ နေ့ရက်တွေကို ဘယ်လောက်တောင်စောင့်မျှော်ခဲ့ရလဲ…
ဆာစီးနီယာက သူ့ဘောင်းဘီစကိုဆုပ်ကိုင်ပြီး သက်ညှာခွင့်လွှတ်ဖို့အတွက် တောင်းဆိုနေမည့် ပုံရိပ်ကိုတွေးကာ လှောင်ပြုံး ထပ်ပြုံးလိုက်သေးသည်။
‘အာ ငါတကယ် သူ့ကို သတ်လိုက်သင့်လား’
ဆာစီးနီယာ အံကြိတ်လိုက်မိသည်။
အစကတည်းက တည်ငြိမ် အေးဆေးနေကြသည့် သူမ၏ ကြက်သွေးရောင်မျက်လုံးများသည် အေးစက်သွားရသော်လည်း သူမ အဆုံးထိ ကျရှုံးခွင့်ပေးမည်မဟုတ်ပေ။
“အခု ဒီအခွင့်ရေးတစ်ခုပဲ ရှိတာနော်”
ချားလ်စ်၏ ကလိမ်ကကျစ်မျက်လုံးက ဆာစီးနီယာ ကိုယ်ကို ကြည့်နေသည့်အခါ သူမ စိတ်ပျက်သွားရကာ မျက်လုံးကို မှိတ်ထားလိုက်သည်။
သူ့မျက်နှာကို မုန်းသော်လည်း မတုန်လှုပ်သည့် သူမ စိတ်ဆန္ဒကို ပြချင်တာကြောင့်ပင်။
မမျှော်လင့်ထားသည့် သူမ တုံ့ပြန်ပုံကြောင့် ချားလ်စ် စိတ်တိုသွားရသည်။
“မင်း ငါ့ကို မတောင်းပန်နိုင်ဘူးလား”
ချားလ်စ်က သူမကို ခြိမ်းခြောက်လိုက်သလို အံကြိတ်ကာ ပြောလိုက်သည်။ သူမသာ သူ့မိန်းကလေးဖြစ်လျှင် သူမကို တစ်သက်လုံး စောင့်ရှောက်ချင်သည်။သို့သော်လည်း သရော်တော်တော်နိုင်လှသော သူမ စကားကြောင့် သူ ခံပြင်းစိတ်တို့ ယိုဖိတ်လာရချေပြီ။
“မ-မင်း ရူးနေတဲ့ စုန်းမပဲ"
ချားလ်စ်က အရှက်ကွဲသွားသောကြောင့် ဒေါသစိတ်ဖြင့် အော်ပြောလိုက်သည်။
“အခုမင်းဘယ်လို ဖြစ်နေလဲဆိုတာကို မင်း မသိဘူးလား”
ချားလ်စ်က ပြောပြောဆိုဆို ဆာစီးနီယာကို မီးနှင့်တို့ဖို့ မီးတုတ်ကို မြှောက်လိုက်သည်။
‘မင်းငါ့ရဲ့မိန်းကလေးမဖြစ်နိုင်ဘူးဆိုရင် ဘယ်သူမှ မင်းကို မရစေရဘူး’
သူက ခါးသက်စွာပြုံးပြီး မီးတုတ်ကို သူမ အနားထိကပ်ကာ နှိမ့်ချလိုက်သည်။
“ဟာ”
ကြည့်နေသည့် ရွာသားများက ဟာကနဲ အော်လိုက်ကြလေ၏။တချို့ကလည်း မကြည့်ရဲတော့သလို မျက်လုံးကို လက်ဝါးဖြင့် အုပ်ကာထားလိုက်ကြလေသည်။ ဂျော်ဒန်ကလည်း သူ့သမီးလေး မမြင်စေရန် မျက်လုံးအုပ် ပေးထားလိုက်သည်။
“…”
ဆာစီးနီယာမှာ မီးတောက်ကြီး ချဉ်းကပ်လာသည်ကို ခံစားနေရသည်။ အားလုံးက သူမ ဖြစ်စေချင်သည့်အတိုင်း ဖြစ်လာလေပြီ။ မီးတောက်က သူမကို ထိလာသည်နှင့် စွမ်းအားနှင့် မီးတောက်ကို ပိုကြီးအောင်လုပ်ပြီး မီးတောက်တွေကြားကနေ လွတ်မြောက်အောင် သူမ ကြိုးစားမည်ဖြစ်သည်။
“သူ့ကို ခေါ်လာခဲ့”
ထိုအချိန်မှာပင် မြင်းခွါသံများ ကြားရပြီး အသံကျယ်ကြီးတစ်ခု ထွက်လာလေသည်။ ခဏကြာပြီးနောက် လူအုပ်လိုက်ကြီး ပြေးလွှားဆူညံနေသံကိုလည်း ကြားရသည်။
မမျှော်လင့်ထားသည့် အသံကိုကြားရသော်ငြားလည်း ဆာစီးနီယာ မျက်လုံး ဖွင့်မကြည့်ရဲပေ။သူမကို အမြန်ဆုံးမီးရှို့လာဖို့သာ စောင့်နေမိသော်လည်း သူမ ဘယ်လောက်ပဲ စောင့်နေနေ မီးတောက်က သူမနား ရောက်မလာခဲ့ပေ။
ထို့အပြင် ဆောင်းဦးလေ၏ အေးမြမှုကိုတောင် ခံစားရလာသည်။
‘ဘာတွေ ဖြစ်သွားတာလဲ’
အခြေအနေကို ကြည့်ရန် ဆာစီးနီယာ နားစွင့်ထားလိုက်သော်လည်း ဘာသံမှမကြားရချေ။ သူမတောင် မသိလိုက်ပဲ ဆူညံနေသည့် ပတ်ဝန်းကျင်က တိတ်ဆိတ်သွားခဲ့သည်။
“ဆာစီးနီယာ”
ခပ်ဩဩနှင့် အသံတိုးတိုးကလေးသည် တိတ်ဆိတ်နေသည့် ကြားမှ လွင့်ပျံလာရသည်။ သူမ နာမည်ကိုခေါ်သံကြားမှ မျက်လုံးကို ဖြည်းညင်းစွာ ဖွင့်ကြည့်လိုက်သည်။
ဘာကြောင့်မှန်းမသိပဲ ထိုအသံက သူမရင်ထဲ ထိုးဖောက်လာသလိုပင်။
“ဒါဘာလဲ…”
သူမ မျက်လုံးပြူးသွားရသည်။ အပြာရောင် တူညီဝတ်စုံနှင့် စစ်သည်များသည် တန်းစီရပ်နေပြီး တစ်စုံတစ်ယောက်ကို အလေးပြုနေကြသည်။
“အား”
ဆာစီးနီယာသည် သူမခြေထောက်နားမှ ကြရသော အော်ညည်းနေသံကြောင့် ခေါင်းငုံ့ကြည့်လိုက်သည်။ မီးတုတ်ကိုင်ထားသော ချားလ်စ်သည် မျက်နှာကို အောက်ငိုက်ချကာ ကြမ်းပြင်မှာ လဲကျနေခြင်း ဖြစ်သည်။
ထိုစဉ် ယူနီဖောင်း ဝတ်ထားသော ယောင်္ကျား တစ်ယောက်သည် ချားလ်စ်၏ လက်ကို ချုပ်ကိုင်ပြီး ကြိုးချည်ထားလိုက်သည်။ ချားလ်စ် ဘေးမှာတော့ မီးငြိမ်းနေပြီး မီးခိုးများအူနေသော မီးတုတ်ကလေးက လဲရက်သားပင်။
‘ဒါဘယ်လို ဖြစ်သွားတာလဲ’
ဆာစီးနီယာ သည် မမျှော်လင့်ထားသောအခြေအနေကြောင့် စိတ်ရှုပ်ထွေးသွားကာ ဘေးပတ်ပတ်လည်ကို ကြည့်လိုက်သည်။
“တဆိတ်လောက် ခွင့်ပြုပါဦး”
သူမ နောက်မှ အသံကြောင့် အံ့ဩသွားပြီး ဆာစီးနီယာ ဆတ်ခနဲ တွန့်သွားရသည်။ နောက်ထပ် ယူနီဖောင်းဝတ်ထားသော ယောင်္ကျားတစ်ယောက်သည် ဓားငယ်ကို ကိုင်၍ သူမဘေးမှာ ရပ်နေသည်။
“ခင်ဗျားကို လွှတ်ပေးပါ့မယ်”
ထို့နောက် ဆာစီးနီယာကို ချည်နှောင်ထားသော ကြိုးများပေါ် သူ့ လက်တင်လိုက်သည်။ ထက်မြက်သောဓားသွားကြောင့် ကြိုးသည် ကူကယ်ရာမဲ့ ပြတ်တောက်သွားခဲ့၏။သူမ ကြိုးပြေသွားသည့်အခါ ချည်နှောင်ခံ ထားရသည့် ခြေလက်များမှ သွေးများ ပြန်လည်စီးဆင်းလာရပြီး စပ်ဖျဉ်းဖျဉ်း ခံစားလာရသည်။
ဆာစီးနီယာက သူမ၏ လက်ကောက်ဝတ်ကို အကြံအိုက်နေသောမျက်နှာထားဖြင့် ကြည့်လိုက်သည်။ တင်းကျပ်စွာ ချည်နှောင်ခံထားရသည့် အတွက်ကြောင့် ကြိုးရာများသည် ကျန်ရှိနေသေးသည်။
“ဆာစီးနီယာ”
ရင်းနှီးနေသောအသံ…
သူမ သိနေသူပဲ ဖြစ်ရမည်။
ဆာစီးနီယာက အသံပိုင်ရှင်ကို ဟိုရှာဒီရှာ လျှောက်ရှာလိုက်သည်။ ထိုအချိန်မှာပင် ယူနီဖောင်းဝတ် အမျိုးသားတွေက ဘေးဖယ်ပေးလိုက်ပြီး လမ်းခင်းပေးလိုက်သည်။ထိုလမ်းပေါ်သို့ တောက်ပသော အမွှေးများနှင့် အနက်ရောင်မြင်းကြီးသည် ခွါသံနှင့်အတူလျှောက်လှမ်းလာသည်။
အနက်ရောင် မြင်းပေါ်မှာ ထိုင်နေသည့် ယောင်္ကျားတစ်ယောက်သည် ဖြည်းဖြည်းချင်း ချဉ်းကပ်လာသည်။ သူကမူ နီညိုရောင် ယူနီဖောင်းဖြစ်ပြီး ခမ်းနားထည်ဝါသည့် ရွှေတွေနှင့် တန်ဆာဆင်ထားခြင်း ဖြစ်သည်။
ဆာစီးနီယာက ဝတ်စုံကြီးကို ငေးကြည့်နေတော့သည်။သူ့ဝတ်စုံကို သူမ အရင်က တစ်ခါမှ မတွေ့ဖူးပေမယ့်လည်း ရင်းနှီးနေသလို ခံစားရသည်။
ထိုယောင်္ကျားက မြင်းကို ကျွမ်းကျင်စွာနှင့်ရပ်လိုက်ပြီး မြေပြင်ပေါ် ညင်ညင်သာသာ ကလေး သက်ဆင်းလာသည်။ ခြေသံတစ်ချက်တောင် မကြားရပဲ မြေပြင်ပေါ် ပေါ့ပါးစွာ ဆင်းသက်လာပြီး သူ့ခါးမှာ ချိတ်ထားသည့် ဓားရှည်ကို စတိုင်ကျကျ အသာကိုင်ထားရင်း လျှောက်လှမ်းလာသည်။
“…”
ဆာစီးနီယာက ထိုယောင်္ကျားကို နားမလည်သလို ကြည့်နေသည်။ သူ့ အညိုရောင်ဆံပင်တွေမှာ ချစ်ချစ်တောက်ပူနေသည့် နေရောင်အောက်မှာ ဖရိုဖရဲပွရောင်းနေရသည်။ နူးညံ့ပြီး ထက်မြက်သည့် ခရမ်းရောင်မျက်လုံး တို့ကလည်း ညကောင်းကင်ရောင်လို တောက်ပနေသည်။
အချိုးကျနေသည့် အနီရောင်နှုတ်ခမ်းနှင့် နှာတံမြင့်မြင့်တို့နှင့်တကွ ချွန်ထက်တဲ့မေးရိုးကို ပိုင်ဆိုင်ထားပြီး လူချော တစ်ယောက်ဖြစ်သည်။
ပုခုံးသားပြင် ကျယ်ကြီးအောက်က သူ့ကြွက်သားများမှာ အင်္ကျီပေါ်ကနေပင် တရွရွလှုပ်နေလေသည်။ မိန်းကလေးအများစု ကျလည်း ကျနိုင်သည့် ယောက်ျားမျိုးပင်။ခြေတံရှည်ကြီးနှင့ တလွှားလွှားလှမ်းလာနေသော သူသည် အသက်ဝင်လာသော ရုပ်တုတစ်ခုလိုပင်။
‘ဒီယောင်္ကျားက ငါ့နာမည်ကို ဘယ်လိုသိတာလဲ’
ဆာစီးနီယာက အခြေအနေကို နားမလည်နိုင်သည့်အတွက် မျက်တောင်ကို ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်မိသည်။
‘အခုမှ ပထမဆုံးတွေ့ဖူးတဲ့ ယောင်္ကျားတစ်ယောက်က ငါ့နာမည်ကို ဘယ်လိုသိတာလဲ.. တကယ်ပဲ ကောလဟာလက တခြားရွာတွေထိ ပျံ့သွားတာလား’
သူမ အေးအေးချမ်းချမ်း နေချင်ပေမယ့်လည်း တစ်ခုခုတော့ မှားနေပုံရသည်။ သူမ ကိုယ့်နှုတ်ခမ်းကိုသာ ကိုက်ပြီး ကိုယ့်ကိုယ်ကိုသာ အပြစ်တင်လိုက်မိတော့သည်။
‘အဲ့ဒီအိမ်လေးမှာတုန်းကသာ ငါ့ရဲ့စွမ်းအားတွေကို မသုံးဖြစ်ခဲ့ရင်…အဲ့လိုသာဆိုရင် ဒီနေ့ ဒီလိုတွေလည်း ဖြစ်လာမှာမဟုတ်ဘူး....'
လေးနက်သည့် မျက်နှာထားနှင့် အတွေးနယ်ထဲမှာ နစ်ဝင်နေသည့် သူမရှေ့မှာ ထိုလူက ရပ်လိုက်သည်။ တုံ့ဆိုင်းခြင်းမရှိပဲ ဒူးတစ်ဖက်ကိုထောက်ချလိုက်ကာ သူမရှေ့ ဦးညွတ်လိုက်လေသည်။ ရုတ်တရက် သူ့အပြုအမူကြောင့် ဆာစီးနီယာ အတွေးစတို့ ပျောက်ကွယ်သွားရသည်။
သူမသည် ဘာကိုမှမတွေးနိုင်တော့လောက်အောင် တုန်လှုပ်သွားရလေသည်။ သူမ စိတ်ကို လွှမ်းမိုးထားသည့် စိုးရိမ် ကြောင့်ကြမှုတွေလည်း လွင့်ပြယ်သွားရသည်။
ထိုလူ့ဆံပင်က လေညင်းထဲမှာ တဖျပ်ဖျပ်ဝဲခတ်နေ၏။ ထို့နောက် မရင်းနှီးသော်လည်း ရင်းနှီးသလိုဖြစ်နေသော ကိုယ်သင်းနံ့က သူမ နှာခေါင်းထိပ်ဖျားကနေ ဖြတ်သန်းတိုးဝင်လာသည်။ရင်းနှီးနေသည့် သူ့ကိုယ်သင်းရနံ့တွင်လည်း ယောင်္ကျားဆန်မှုများ စွန်းထင်းနေသည်။ ဆာစီးနီယာ၏ နှလုံးသားသည် ထူးဆန်းစွာနှင့် တုန်ယင်သွားရသည်။ သူက သူမ၏ လက်ကို ဂရုတစိုက် ဆုပ်ကိုင်လိုက်၏။ သူမ နာကျင်သွားမှာစိုးသည့်အတွက် အားမပါပဲ ကိုင်လိုက်ခြင်း ဖြစ်သည်။ ထို့နောက် ပူကျစ်နေသော သူမလက်ကို သူ့နှုတ်ခမ်းနားထိ ဆွဲယူကာ ကြိုးရာများထင်ကျန်နေသော နေရာသို့ အနမ်းပေးလိုက်သည်။
“ဘာ…”
သူမ အသံက ရှက်ရွံ့မှုကြောင့် အနည်းငယ် တုန်ယင်သွားသည်။စူမ စိတ်ဆိုးသွားရသော်လည်း ထူးဆန်းစွာပင် သူ့ကို တွန်းမထုတ်မိချေ။ ရင်းနှီးနေသည့် သူ့ကိုယ်သင်းနံ့ကြောင့်လည်း ဖြစ်နိုင်သည်။
ထိုလူက သူမ လက်ဖမိုးကို ကြာရှည်စွာအနမ်းတွေပေးနေခဲ့သည်။ တန်ဖိုးကြီးသည့် ရတနာတစ်ခုကို ထိတွေ့နေရသလိုလည်း ကိုင်ထား၏။
ဆာစီးနီယာ သူ့ကို သေချာကြည့်နေမိသည်။ သူ့ဆံပင်သည် ပူကျစ်သောနေရောင်အောက်မှာ ကြယ်ပွင့်များလို တောက်ပနေသည်။ သူမသည် ထိုပိတုန်းရောင်ဆံပင်ကို သိနေခဲ့သည်။
နေရောင်အောက်မှာ ရွှန်းစိုနေသည့် နက်မှောင်သော ခရမ်းရောင်မျက်လုံးနှင့် သူမ နာမည်ကို ခေါ်ခဲ့သည့် ရင်းနှီးသော အသံ…
သို့သော်လည်း အခုသူမ ရှေ့မှာရှိနေသူသည် တစ်ချိန်က သူမသိခဲ့ဖူးသူနှင့် များစွာ ကွဲပြားနေသည်။
သူမလက်ကို သူနောက်ဆုံးနမ်းခဲ့တာ အချိန်တွေဘယ်လောက်တောင် ကြာသွားခဲ့ပြီလဲ…
ထို့နောက် တစ်ဖန် သူမလက်ကို သူ့နှုတ်ခမ်းဆီ ဆွဲယူလိုက်ပြန်သည်။ သူ့နှုတ်ခမ်းနှင့် ထိလိုက်သည့် နေရာသည် ပန်းပွင့်များပွင့်သွားသလို ပူလောင်နေသည်။ ရင်ဖိုစရာကောင်းသည့် ခံစားချက်သည် သူမ ခန္ဓာကိုယ်တစ်လျှောက် ပျံ့နှံ့နေရသည်။
ထိုလူက တမ်းတမှုများနှင့်အတူ မော့ကြည့်လာ၍ ဆာစီးနီယာက ထိုမျက်လုံးများကို ရင်ဆိုင်ကြည့်လိုက်သည်။
ခရမ်းရောင်မျက်လုံးနှင့် ကြက်သွေးရောင် မျက်လုံးတို့သည် လေထုထဲမှာ မီးတောက်များလို အားပြင်းစွာ ရောယှက်သွားကြသည်။
‘မဖြစ်နိုင်တာ…’
ဆာစီးနီယာ တုန်လှုပ်သွားရသည်။ သူမ အလွန်စိတ်ရှုပ်လာလာသဖြင့် မူးဝေနေရသည်။
ဒါက အမှန်မဖြစ်နိုင်ဘူးလို့ သူမသိထားခဲ့သည်။
သူက လုံးဝ တခြားလူ တစ်ယောက်လို ပြောင်းလဲသွားခဲ့၍ ပါးစပ်အဟောင်းသား ဖြစ်မိသွားရသည်။
“ဘန်လား…”
သူမက သူ့နာမည်ကို အမှတ်တရရှိနေသောကြောင့် ဘန် နှစ်သက်ကျေနပ်စွာ ပြုံးလိုက်မိသည်။
“ကိုယ့်ရဲ့ ဆာစီးနီယာရယ်.. ကိုယ်မင်းကို လွမ်းနေခဲ့တာ”
Xxxxxxxx