Chapter 28
“ကိုယ့်ရဲ့ ဆာစီးနီယာရယ်.. ကိုယ်မင်းကို လွမ်းနေခဲ့တာ”
သူ့ရဲ့ နူးညံ့တဲ့ လခြမ်းကွေးလိုမျက်လုံးများကိုကြည့်ပြီး ဆာစီးနီယာ ပင့်သက်ရှိုက်ကာ အသက်ကို ရှုသွင်းလိုက်သည်။ သူမသည် စိတ်ချောက်ချားနေသည်ဟု ထင်မိပြီး ဖြည်းညင်းစွာဖြင့် မျက်တောင်ခတ်လိုက်သည်။ အရာအားလုံးက တိတ်ဆိတ်နေသည်။ လေတိုက်နေတဲ့အသံတွေကိုသာ ကြားနေရ၏။ အားလုံးက အသက်ရှုအောင့်ထားပြီး ပွဲလယ်မှာရပ်နေတဲ့ အမျိုးသမီးနှင့် အမျိုးသားအား ကြည့်နေကြလေ၏။
လေထဲကနေ ဝေ့ပျံလာတဲ့ ထိုယောင်္ကျားရဲ့ ကိုယ်သင်းရနံ့ဟာ သူမရဲ့ နှာထိပ်ဖျားမှာ ငြိတွယ်ပြန်သည်။ မရင်းနှီးပေမယ့် ရင်းနှီးနေတဲ့အနံ့ဖြစ်သည်။ သူမလွမ်းနေခဲ့ရသည့် ရနံ့လည်းဖြစ်၏။ ဒါပေမယ့် ဒါက သူမ ဘန်ဆီကနေ တစ်ခါမှမရရှိခဲ့ဖူးတဲ့ ယောင်္ကျားပီသသည့် ရနံ့ဖြစ်နေသည်။
“ဘန်လား…” သိမ်မွေ့ပြီး တုန်ယင်နေတဲ့အသံဟာ ပွင့်ဟနေတဲ့ သူမရဲ့ အနီရောင်နှုတ်ခမ်းကနေ လျှံထွက်လာခဲ့သည်။
ဆာစီးနီယာက သူ့ကို မော့ကြည့်နေခဲ့သည်။ အရပ်ကွာခြားမှုက သူမရဲ့ လည်ပင်းကို တောင့်တင်းစေ၏။ ဘန်က သူမနှင့် အရပ်ချင်းသိပ်မကွာတာ သိသာပေမယ့် ဒီလိုကောင်းကောင်းမွန်မွန်ဖွံ့ဖြိုးလာတဲ့ ယောင်္ကျားတစ်ယောက်ကကျတော့ တကယ်ပဲ ဘန်ဖြစ်နေသည်လား။ သူမမယုံနိုင်။
“ဆာစီးနီယာ”
သူက နှုတ်ခမ်းထောင့်စွန့်ကို ညင်သာစွာမြင့်တက်စေလိုက်ပြီး သူမရဲ့နာမည်ကို ကြင်နာစွာခေါ်သည်။ အပြုံးနှင့်တကွ သူသည် ဆာစီးနီယာနားသို့ ခြေလှမ်းတိုးလာခဲ့သည်။
“မင်းပိန်သွားတယ်”
သူမရဲ့ ပါးပြင်ကို ထိတော့မလိုလုပ်နေသော သူ့လက်သည် ရပ်တန့်သွားခဲ့သည်။ အခုချိန်ထိ မယုံကြည်နိုင်ခြင်းများစွာနှင့် ပြည့်နှက်နေခဲ့သည့် သူမရဲ့ ကြက်သွေးရောင်မျက်လုံးများကိုကြည့်ကာ သူ့ရဲ့ ချီတုံချတုံဖြစ်နေသောလက်ကို အောက်ချလိုက်သည်။ သူ့လက်ကို အနောက်ပို့ပြီး ဆာစီးနီယာတစ်ယောက်တည်းကိုသာ ကြည့်နေ၏။ သူလွမ်းနေခဲ့ရသည့်မျက်နှာ။ သူအမြဲမြင်တွေ့ချင်ခဲ့ရသည့် မျက်လုံး။ ဆာစီးနီယာထံရောက်နေတဲ့ သူ့မျက်လုံးများသည် စိုးရိမ်ပူပန်မှုများနှင့် ပြည့်နှက်နေသည်။
“နင်က တကယ်…” ဆာစီးနီယာက သူမရဲ့စကားများကို မျိုသိပ်လိုက်သည်။
ယခုဆိုလျင် ထိုယောင်္ကျားရဲ့မျက်နှာဟာ သူမကောင်းကောင်းသိခဲ့သည့် မျက်နှာဖြစ်နေသည်။ ချက်ချင်းဆိုသလိုပင် သူမကို စိတ်ပူနေတဲ့လူရဲ့မျက်နှာမှာ ဘန်ရဲ့မျက်နှာ ထင်ဟပ်လာရသည်။ ဒီလူမှာ သူမကို အမြဲဦးစားပေးစိတ်ပူနေတဲ့ ဘန်ရဲ့မျက်နှာရှိသည်။ သူ့ရဲ့သွင်ပြင်ကအများကြီးပြောင်းလဲသွားပေမယ့် နေရောင်အောက်မှာ တောက်ပနေတဲ့ အညိုရောင်ဆံပင်နဲ့ သူမတစ်ယောက်တည်းသာပါဝင်တဲ့ မှောင်မိုက်တဲ့ ခရမ်းရောင်မျက်လုံးများသည်တော့ တူညီနေဆဲဖြစ်သည်။ ဆာစီးနီယာရဲ့နှလုံးသားသည် ပေါ့ပါးစွာ ခုန်ပေါက်သွားခဲ့၏။
‘သူက တကယ် ဘန်ဖြစ်နေခဲ့တာပဲ’
“ကိုယ်…” ဘန်က စကားကို ရှေ့နောက်မစဉ်းစားပဲ ပြောချလိုက်မိသည်။ စကားလုံးတွေကို ဆက်စပ်ဖို့ ခက်ခဲနေသလိုနဲ့ သူပြောချင်တာကဘာလဲဆိုတာကို ကြိုးစားနေရင်း သူ့နှုတ်ခမ်းကိုသာ ဖိကိုက်နေသည်။
“ကိုယ်အရမ်းနောက်ကျသွားတယ် ဆာစီးနီယာ… တောင်းပန်ပါတယ်” အတန်ကြာမှ ဘန်ရဲ့ နှုတ်က ပွင့်ဟလာခဲ့သည်။
ဆာစီးနီယာသည် ထွားကျိုင်းလာတဲ့ ကောင်လေးအား ကြည့်နေမိ၏။ သူက အခုဆိုလျင် လူပျိုသံပေါက်ကာ အသံဩဩနှင့် တကယ့်ယောင်္ကျားတစ်ယောက်ဖြစ်လာခဲ့လေပြီပင်။
“အဆင်ပြေရဲ့လား”
ဘန်က ဆာစီးနီယာရဲ့ လက်ကောက်ဝတ်ကို တစ်ဖန် ထပ်ကြည့်သည်။ သူမကို နာကျင်စေမည့် ကြိုးရာတွေကိုတွေ့တာနှင့် စိတ်တိုသွားရသည်။
‘လုပ်ရဲလိုက်တာ.. ဘယ်သူက ဒီလိုလုပ်ရဲတာလဲ’
ဘန်ရဲ့မျက်နှာက ချက်ချင်းဆိုသလို အေးစက်သွားသည်။
“ကိုယ်သူ့ကို သတ်မယ်”
“ဘာ”
ဆာစီးနီယာက သူ့ရဲ့ ကြောက်မက်ဖွယ် အေးစက်သောအသံကြောင့် တုန်ခိုက်သွားရသည်။ ခဏကြာသောအခါ သေချာထိန်းသိမ်းထားသည့် ငွေရောင်ဓားသွားသည် သူ့ရဲ့ ဆုပ်ကိုင်မှုကြောင့် အရောင်လက်သွားရပြီး သူတို့ရဲ့ ထက်မြက်မှုကို စူးရှသောအသံနှင့်တကွ ဖော်ပြနေလေသည်။
“ဒီလူကို.. ကိုယ်သတ်မယ်”
သူ့ရဲ့ ရက်စက်ကြမ်းကြုတ်သောမျက်လုံးသည် မြေပြင်ပေါ်မှာ ရုန်းကန်နေသော ချားလ်စ်ထံသို့ ရောက်ရှိသွားသည်။ ဘန်က ချားလ်စ်ဆီကိုလျှောက်လှမ်းသွား၏။ သူ့ရဲ့ အေးစက်သောမျက်လုံးသည် အကုန်လုံးကို သိနေသကဲ့သို့ ထက်မြက်လွန်းနေသည်။ ချားလ်စ်ကို အချိန်မရွေးခုတ်ဖြတ်လိုက်နိုင်သကဲ့သို့သော ရောင်ဝါများဟာ သူ့ရဲ့ ခန္ဓာကိုယ်မှ စီးဆင်းလာသည်။ ဆာစီးနီယာက ခေတ္တမျှ သတိကင်းမဲ့သွားရသည်။သူမရဲ့ ဦးနှောက်က အခု သူမရှေ့မှာ ဘာတွေဖြစ်နေလဲဆိုတာကို နားမလည်နိုင်တော့။
‘ဘန်က ဓားကို ကိုင်လိုက်တယ်တဲ့လား.. သူ ချားလ်စ်ကို သတ်တော့မှာလား’
ဘန်က ဒီလိုအရာတွေကိုတောင် လုပ်နိုင်ပြီး ရည်ရည်မွန်မွန်စကားပြောနိုင်တဲ့ ယောင်္ကျားတစ်ယောက်အဖြစ် ဘယ်တုန်းက ပြောင်းလဲသွားတာလဲ… အရာအားလုံးက ထူးဆန်းနေသည်။ အထူးသဖြင့် ဘန်ဖြစ်သည်။
ချားလ်စ်ကို ထိန်းချုပ်ထားတဲ့လူသည် ဘန် အနားရောက်လာတဲ့ ခြေတစ်လှမ်းနောက်ဆုတ်ပြီး ဦးညွတ်လိုက်သည်။ ချားလ်စ်က မြေပြင်မှာသူ့လက်တွေကို ကြိုးနဲ့ ချည်နှောင်ခံထားရပြီး ရုန်းကန်နေသည်။
“မ-မင်းငါ့ကို ကြိုးမဖြည်ပေးဘူးလား.. မင်းက ဘယ်သူလဲ”
ချားလ်စ်က ငါးတစ်ကောင်လို လူးလိမ့်နေသည်။ သူ့ရဲ့ အရေးမပါတဲ့ပုံစံကတောင် အလွန်ရယ်စရာကောင်းနေ၏။ ဘန်က ရုန်းကန်နေတဲ့ချားလ်စ်ကို သနားကြင်နာမှုမရှိစွာဖြင့် ကြည့်နေသည်။ ချားလ်က ဘန် သူ့ကို သတ်တော့မလိုကြည့်နေတာကို မြင်သည်နှင့် အသက်ကိုပင့်ရှုလိုက်ရင်း ပါးစပ်ပိတ်သွားသည်။ ဘန်ရဲ့ မီးလို တောက်လောင်နေသောမျက်လုံးများသည် ချားလ်စ်ကို အချိန်မရွေး တစ်စချင်းစုတ်ဖြဲတော့မည့်အတိုင်း တစ်ကိုယ်လုံးကို ထိုးဖောက်ကြည့်နေခဲ့၏။ ချားလ်စ်က ဘန် သူ့ကိုသတ်ချင်နေတဲ့ဆန္ဒကို ရှင်းလင်းစွာ ခံစားရသည်။
ဘန်က ချားလ်စ်ထံသို့ ခြေလှမ်းကျဲနှင့် သွားလိုက်သည်။ သူ့ကို သတ်တော့မည့်ပုံစံနှင့် ချားလ်စ်ထံသို့ ဓားရှည်ကို မြှောက်တင်လိုက်သည်။
“အား”
ချားလ်စ်က သွေးမရှိတဲ့မျက်နှာနှင့် အော်လိုက်သည်။
“တော်တော့” ဆာစီးနီယာက သူမမျက်စိရှေ့က မြင်ကွင်းကိုကြည့်၍ လျင်မြန်စွာ ဟန့်တားလိုက်သည်။
ဘန်က ဆာစီးနီယာအသံကြားသည်နှင့် သူ့လုပ်ရပ်တွေကို ချက်ချင်းရပ်လိုက်၏။ ဒါပေမယ် ဘန်ရဲ့မျက်လုံးတွေကတော့ ချားလ်စ်ကို မီးပွင့်မတတ်ကြည့်နေဆဲဖြစ်သည်။
“ဒါပေမယ့် ဒီလူက… ဆာစီးနီယာကို…”
သူက တဟုန်ထိုးမြင့်တက်လာတဲ့ဒေါသတွေကို ထိန်းချုပ်လိုက်ရင်း ပါးစပ်ပြန်ပိတ်လိုက်သည်။ ယခုထိ မီးခိုးရောင်အငွေ့တွေနှင့် တောက်လောင်နေသေးသည့် မီးတုတ်သည် ဘန်ရဲ့နှလုံးသားကို မီးစာ ထပ်လောင်းပေးနေသလိုပင်။
‘ငါသာ နည်းနည်းလေးနောက်ကျသွားမယ်ဆိုရင်.. နည်းနည်းလေးထပ်ပြီး နောက်ကျသွားခဲ့မယ်ဆိုရင်.. အခုဆို ဆာစီးနီယာ…’
ပိတ်ထားတဲ့ သူ့နှုတ်ခမ်းရဲ့ထောင့်စွန်းသည် ဒေါသကြောင့် အနည်းငယ်တွန့်လှုပ်သွားခဲ့သည်။
“တော်တော့.. တော်ပါတော့” ဆာစီးနီယာက ဘန်ကို ပြတ်သားစွာနှင့် ကြားဖြတ်ပြောလိုက်သည်။
သူမသည် ဒီလိုပုံစံနှင့် သူ့လက်မှာ သွေးစွန်းမှာကို မလိုချင်ခဲ့။ ထို့အပြင် ဒီထက်အရေးကြီးတဲ့အရာတစ်ခုလည်း ရှိသေးသည်။
“ဒါပေမယ့် အခု.. ဆာစီးနီယာ…”
“ဘန် ငါနင့်ကို တော်တော့လို့ ပြောနေတယ်လေ”
သူမရဲ့ ခိုင်မာပြတ်သားတဲ့အသံကြောင့် ဘန်က သူဆုပ်ကိုင်ထားတဲ့ ဓားရှည်ကို ဖြည်းဖြည်းချင်း အောက်ချလိုက်လေသည်။ သူ့ခန္ဓာကိုယ်မှထွက်ရှိနေတဲ့ ရောင်ဝါတွေသည်လည်း ပျောက်ကွယ်သွားရသည်။ ဘန်စိတ်တိုနေချိန်ဆို ဘယ်သူမှ တားမရပေမယ့် ဆာစီးနီယာရဲ့မာကျောသောအသံအောက်မှာတော့ ဘန်က အမြီးလေးကုတ်နေရလေသည်။ ခွေးက သူ့ပိုင်ရှင်ကို လိုက်နာသကဲ့သို့ပင်ဖြစ်သည်။
“နင်ဘာလို့ ဒီရောက်နေတာလဲ” ဆာစီးနီယာအသံက အလွန်အေးစက်နေသည်။
“ဆာစီးနီယာ…”
သူမရဲ့အသံက အလွန်အေးစက်နေတာကို သိရှိပြီးနောက် ဘန်က စိုးရိမ်ကြောင့်ကြသောမျက်လုံးများဖြင့် ကြည့်လိုက်လေသည်။ ညှိုးကျသွားတဲ့ သူ့မျက်လုံးများသည် အလွန်သနားစရာကောင်းနေ၏။
အခုဆို ဆာစီးနီယာသည် လုံးဝပြောင်းလဲဖွံ့ဖြိုးလာတဲ့ ဘန်ကို ငေးကြည့်နေသည်။ သူမရဲ့အရပ်လောက်သာရှိသည့် ကောင်လေးသည်ကောင်းမွန်စွာကြီးပြင်းလာပြီး ယောင်္ကျားတစ်ယောက်ဖြစ်လာလေပြီဖြစ်သည်။ သုံးနှစ်တာဆိုသည့်အချိန်ဟာ အလွန်ရှည်လျားတဲ့အချိန်ဖြစ်လေသည်။ သူ့ရဲ့ နူးညံ့ပြီး ပိန်ပါးတဲ့ လက်ဖျံများသည် ကြွက်သားများနှင့် တောင့်တင်းသန်မာသော ကိုယ်လုံးကိုယ်ပေါက်အဖြစ်သို့ပြောင်းလဲသွားလေသည်။ သူ့မျက်နှာသည် ဘာအမာရွတ်မှမရှိပဲ ရှင်းလင်းနေခဲ့ပြီး သပ်ရပ်တဲ့ ဆံပင်အတိများသည်လည်း တောက်ပြောင်နေခဲ့သည်။ သူဝတ်ထားတဲ့ဝတ်စုံသည်လည်း ခမ်းနားထည်ဝါလှပြီး ဘယ်သူမဆို ကြည့်လိုက်တာနဲ့ သူ့ကို ကောင်းမွန်စွာနေထိုင်နေကြောင်းသိနိုင်သည်။
ဆာစီးနီယာသည် သူ့ရဲ့ဝေးရာကိုကြည့်လိုက်ပြီး ဦးခေါင်းကို ဖြည်းဖြည်းချင်း အောက်ချလိုက်သည်။ နှုတ်ခမ်းထောင့်စွန်းတစ်ဖက်တည်းကွေးတက်သွားပုံကနေ ခါးသက်မှုများ ထွက်လာလေသည်။ သူ့ရဲ့ပြောင်းလဲသွားတဲ့ သွင်ပြင်တွေက ကောင်းမွန်စွာနေထိုင်နေကြောင်းကိုသက်သေပြနေခဲ့သည်။
‘နင်က တကယ်ကောင်းကောင်းမွန်မွန် နေထိုင်နေခဲ့တာပဲ.. ငါကသာ မပြောင်းလဲနိုင်ပဲဖြစ်နေခဲ့ရတာ’
“ဟ…”
ဆာစီးနီယာရဲ့နှုတ်ခမ်းကနေ ရယ်သံများ ပေါက်ကွဲထွက်လာခဲ့သည်။ ဘန်ဆီမှာ မကောင်းတာတစ်ခုခုဖြစ်နေပြီလားဆိုပြီး စိုးရိမ်ခဲ့ရတာတွေက အချည်းနှီးသာဖြစ်နေခဲ့သည်။ နေ့တိုင်း ပြတင်းပေါက်ကနေ စောင့်မျှော်ခဲ့ရတာတွေက ကိုယ့်ကိုယ်ကို အရူးတစ်ယောက်လို ခံစားမိစေသည်။ သူမသည် ကိုယ့်လက်ကို တင်းတင်းဆုပ်ကိုင်လိုက်သည်။ သူမရဲ့ ရှုံ့တွနေသည့်နှုတ်ခမ်းသည် သွေးများ လျှံကျလာတော့မည့်အတိုင်း ရောင်ကိုင်းနေခဲ့သည်။
ဆာစီးနီယာသည် အခု သူမဘယ်လိုခံစားနေရလဲဆိုတာကိုတောင် မဖော်ပြနိုင်တော့။
‘သူအသက်ရှင်ပြီး ကောင်းကောင်းနေထိုင်တာကို တွေ့ရတာ ငါ့အတွက် သစ္စာဖောက်ခံရသလို ခံစားရတာလား’
မဟုတ်ပါ၊ သူ့ကို ကောင်းကောင်းနေထိုင်ဖို့အတွက် သူမ ဆုတောင်းပေးနေခဲ့ခြင်းလည်းဖြစ်သည်။ ဘန်ကို တစ်နေရာရာမှာ ရှင်သန်နေဖို့သူမမျှော်လင့်နေခဲ့မိသည်။ သို့သော် သူတကယ် ကောင်းကောင်းနေထိုင်နေကြောင်း သိရပြီးတဲ့အခါမှာတော့ သူမရဲ့အတွင်းစိတ်ထဲမှာတစ်စုံတစ်ခုက ဆူပွက်နေသလိုခံစားရလာသည်။
“ဘယ်နေရာထိခိုက်သွားသေးလဲ”
သူမသည် ခေါင်းငုံ့ပြီး လက်သီးကိုကျစ်ကျစ်ဆုပ်ထားသည့်အလျောက် ဘန်က သူမကို စိုးရိမ်စွာနှင့် မေးလာသည်။ သူအရမ်းနောက်ကျပြီးသူမမှာ တစ်နေရာရာများ ထိခိုက်သွားပြီလားဆိုတာကို စိုးရိမ်ပူပန်နေခဲ့ခြင်းဖြစ်သည်။
“…”
ဆာစီးနီယာက ဘာအဖြေမှမပေး။ ခေါင်းကိုသာ အောက်ငုံ့ထားလေသည်။ ဂနာမငြိမ်ဖြစ်နေရသည့်ဘန်သည် ခေါင်းငုံ့ပြီး သူမရဲ့မျက်နှာကိုစစ်ဆေးသည်။ သူမရဲ့အကြည့်အောက်မှာ သူ့မျက်နှာပေါ်ထွက်လာသည်နှင့် ဆာစီးနီယာသည် မော့ကြည့်လိုက်လေသည်။
“ဆာစီးနီယာ ဘယ်နေရာက နာကျင်နေလဲ” နောက်ဆုံးတော့ သူ့ကိုမော့ကြည့်လာတဲ့ ဆာစီးနီယာကို တစ်ဖန် စိတ်ပူစွာနဲ့ ထပ်မေးလိုက်ပြန်သည်။
သူ ချားလ်စ်ကို တစ်စစီဆုတ်ဖြဲပြီး ချက်ချင်းသတ်လိုက်ချင်ပေမယ့် ထိန်းချုပ်ဖို့အတွက် အကောင်းဆုံးကြိုးစားခဲ့သည်။ သူမ မကြိုက်သည့် ဘယ်အရာကိုမှ သူလုပ်မည်မဟုတ်။
“နင်ဘာလို့ ဒီကိုလာခဲ့တာလဲ”
ဆာစီးနီယာက သူ့ကို ဖြည်းညင်းစွာ ကြည့်လိုက်သည်။ အေးစက်သောလေထုက ကြက်သွေးရောင်မျက်လုံးထဲမှာ နစ်မြုပ်နေ၏။
“ဗျာ.. ဘာကိုဆိုလိုချင်တာလဲ…”
မထင်မှတ်ထားတဲ့ အေးစက်သောတုံ့ပြန်မှုကြောင့် ဘန်ရဲ့မျက်နှာသည် ရှက်ရွံ့သွားပုံပေါ်သည်။
“ကိုယ့်အလုပ်ကိုယ်လုပ်ပြီး သွားတော့”
ဆာစီးနီယာက မည်သည့်နောင်တမှမရှိပဲနှင့် လှည့်ထွက်လာလိုက်သည်။ သို့သော် သူမအတွက် အဆင်မပြေဖြစ်နေခဲ့ပြီး သူမရဲ့လည်ချောင်းထဲမှာ အလုံးတစ်လုံးက တစ်ဆို့ပေါ်ပေါက်လာရသည်။ သူမရဲ့ ကြက်သွေးရောင်မျက်လုံးတွေက တစ်စုံတစ်ခုကို ထိန်းချုပ်ထားရသလို နာကျင်စွာနှင့် ပုံပျက်နေခဲ့သည်။ ဆာစီးနီယာက လုံးဝလှည့်မကြည့်။ သွေးစက်များက သူမနှုတ်ခမ်းဆီမှ စိမ့်ထွက်လာခဲ့သည်။သွေးမှရတဲ့ အငန်ဓာတ်က သူမရဲ့ပါးစပ်ထဲသို့ ဝင်သွားသည်။ ထိုအရာက သူမရဲ့ရင်ဘတ်ထဲထိ ရောက်သွားသလို ခါးသက်သောအရသာကသူမရဲ့နှလုံးသားကို တဒုတ်ဒုတ်ခုန်စေလာသည်။ ဆာစီးနီယာသည် တစစ်စစ်နာကျင်ရသောခံစားချက်ကို မေ့ဖျောက်ပြီး ခက်ခဲစွာ မျိုချလိုက်သည်။
သုံးနှစ်တောင်ရှိသွားခဲ့ပြီဖြစ်၏။
ထိုအချိန်တုန်းက ဆာစီးနီယာက တစ်ယောက်တည်းအထီးကျန်နေခဲ့သည်။ အစကတည်းက အထီးကျန်နေခဲ့မယ်ဆိုရင် သူမအတွက် ဒီလောက်ထိ ခဲယဉ်းလိမ့်မည်မဟုတ်။ သို့သော်လည်း နွေးထွေးမှုကို တစ်ခါခံစားရပြီဆိုတာနဲ့ တစ်ယောက်တည်းပြန်ပြီး အထီးကျန်ဖို့ဆိုတာက ကြောက်စရာကောင်းလောက်အောင် အေးစက်လာခဲ့သည်။ အဲ့ဒီနောက်ပိုင်း သူမဘယ်လိုနေခဲ့လဲဆိုတာတောင် မမှတ်မိတော့။ သူမမျက်လုံးဖွင့်လိုက်သည်နှင့် မနက်ရောက်လာပြီး ညရောက်သည်နှင့် မျက်လုံးပိတ်လိုက်သည်။ သူမတစ်ယောက်တည်းဖြတ်သန်းခဲ့ရတဲ့အချိန်တွေက အလွန်နှေးသည်။ ဆာစီးနီယာက ဒီလိုမျိုးကို သုံးနှစ်တောင် ကြံ့ကြံ့ခံနေခဲ့၏။
“နင်လုပ်ချင်တာလုပ်…”
ဘန်က ဘာစကားမှမပြောပဲ ပျောက်သွားခဲ့ပြီး အခုပြန်ရောက်လာပြန်သည်။ အချိန်တွေ ကုန်လွန်သွားခဲ့ပြီ… သုံးနှစ်တာကုန်လွန်သွားခဲ့ပြီဖြစ်သည်။
ဆာစီးနီယာရဲ့ လက်သီးဆုပ်က ဖျော့တော့နေခဲ့သည်။ သူမက ကြီးမားတဲ့ခြေလှမ်းနဲ့ အရှေ့ကို တစ်လှမ်းလှမ်းလိုက်၏။ သူမ ဒီထဲကနေအတတ်နိုင်ဆုံး မြန်မြန်ထွက်သွားချင်နေပြီဖြစ်သည်။
“ဆာစီးနီယာ”
မေက စစ်သားတွေကြားမှာ မျက်ရည်တွေနဲ့ လူးလွန့်ပြီး ဆာစီးနီယာဆီ ပြေးသွားသည်။
“ရှင်းလိုက်”
“ဟုတ်ကဲ့ပါ ဆရာ”
အမိန့်ပေးပြီးသည်နှင့် ဘန်က ဆာစီးနီယာရဲ့ခြေလှမ်းအတိုင်း လိုက်သွားသည်။ သူ့ရင်ဘတ်ပေါ်မှာ အလေးချိန်တစ်ခုခုတင်ရှိနေသလိုလေးလံနေသည်။ သူ့မျက်လုံးတွေက အပြစ်ရှိစိတ်များနဲ့ တုန်ယင်နေခဲ့သည်။ အချိန်တွေက ရပ်တန့်သွားသလို ခံစားရ၏။ ဒီလိုတွေ့ကြတာသူတို့အတွက် နောက်ဆုံးအကြိမ်ဖြစ်သွားမလားဆိုပြီး စိုးရိမ်နေခဲ့သည်။ သူမမျက်နှာပေါ်က နောက်ဆုံးအကြည့်ကို သူမေ့မရခဲ့။ ရှုံ့မဲ့နေတဲ့မျက်နှာထားသည် သူမနာကျင်နေသကဲ့သို့ပင်ဖြစ်သည်။ ဆာစီးနီယာရဲ့မျက်နှာထားက သူ့ရဲ့ရင်ဘတ်ထဲမှာ ဆူးတစ်ခုလိုဖြစ်လာခဲ့သည်။ရင်ဘတ်ထဲက နာကျင်မှုကို မေ့ဖျောက်ပြီး သူ့ခြေလှမ်းတွေက အလောတကြီးဖြစ်နေခဲ့သည်။ အလျှော့မပေးတဲ့ နာကျင်မှုအပြည့်နဲ့ အကြည့်တွေဟာ သူမနောက်ကို လိုက်နေခဲ့သည်။
Xxxxxxxx