Chapter 29
ဆာစီးနီယာသည် ဧည့်ခန်းရဲ့အလယ်မှာရှိတဲ့ ထိုင်ခုံပေါ်မှာ ထိုင်နေသည်။ မေက သူမဘေးမှာ နှုတ်ဆိတ်စွာဖြင့် ရပ်နေသည်။ သူတို့ရဲ့အသက်ရှုသံတွေကလွဲလို့ အိမ်လေးက တိတ်ဆိတ်နေသည်။
“ဆာစီးနီယာ…”
ဆာစီးနီယာနဲ့မေတို့ရဲ့ကြားက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်က အပြင်မှလာတဲ့ ယောင်္ကျားတစ်ယောက်ရဲ့ ငိုကြွေးမြည်တမ်းသံပင်ဖြစ်သည်။ မညီညာတဲ့အသံက အလွန်ကြေကွဲဖွယ်ကောင်းသောကြောင့် ကြားတဲ့သူတိုင်း အော့နှလုံးနာနိုင်သည်။ မေက အသံကိုလျစ်လျူရှုမထားနိုင်တော့။
“အ-အပြင်ထွက်မကြည့်ဘူးလား”
ဆာစီးနီယာက မေရဲ့အမေးကို တိတ်ဆိတ်မှုနဲ့သာ တုံ့ပြန်လိုက်ပြီး နံရံကိုသာ ငေးကြည့်နေသည်။ သူမရဲ့ နှုတ်ခမ်းက သော့ခတ်ထားသကဲ့သို့ မပွင့်ဟနိုင်ဖြစ်နေသည်။ ဆာစီးနီယာရဲ့ ခေါင်းမာတဲ့အပြုအမူကြောင့် မေက သူမရဲ့ လက်သည်းများကို ဂနာမငြိမ်စွာ ဆော့ကစားနေရင်း ထပ်မေးလိုက်သည်။
“…ညီမ တံခါးဖွင့်ပေးရမလား”
“မဖွင့်နဲ့”
“ဟုတ်ကဲ့…”
မေက သေချာစဉ်းစားချင့်ချိန်ပြီးမှ မေးလိုက်ပေမယ့် ဆာစီးနီယာက ချက်ချင်းငြင်းဆိုလိုက်သည့်အခါမှာတော့ စိတ်အားငယ်သွားရသည်။ပါးလွှာပြီး ရေခဲသကဲ့သို့ အေးစက်သောလေထုသည် ဆာစီးနီယာအိမ်ထဲကို စဝင်ကတည်းက စတင်ခဲ့ခြင်းဖြစ်သည်။ သူတို့ဆီမှာ ဘာတွေဖြစ်ခဲ့ကြလဲဆိုတာကို မေ နားမလည်နိုင်တော့။ ချစ်သူနှစ်ယောက်ကြားက ကြီးမားတဲ့ရန်ပွဲကို ထိုင်ကြည့်နေရသလိုပင်။
‘သူတို့က ဘယ်လိုဆက်ဆံရေးမျိုးရှိကြတာလဲ… တကယ် နားလည်ရခက်တာပဲ’
သူတို့နှစ်ယောက်ဆီမှာ ဘာတွေဖြစ်ခဲ့ကြလဲဆိုတာနဲ့ ဆာစီးနီယာက အဲ့ဒီလူကို ဘာလို့စိတ်တိုနေရလဲဆိုတာကို မေမသိခဲ့။ ဒါပေမယ့်သေချာတဲ့အရာတစ်ခုကတော့ ထိုလူရဲ့နာမည်ဟာ ဘန်ဖြစ်သည်။
ဆာစီးနီယာသည် သူမရဲ့ အိပ်မက်ထဲမှာ တစ်စုံတစ်ခုကို ရှာဖွေနေပြီး ဟိုဘက်သည်ဘက် လူးလိမ့်ကာ ဘယ်ညာလှည့်နေသည်။ အချိန်တိုင်းထိုနာမည်က သူမရဲ့ နှုတ်ဖျားကနေ သက်ပြင်းချသလို ထွက်ပေါ်လာသည်။ ဘန်သည် ဆာစီးနီယာရဲ့ မသိစိတ်ကနေ ရှာဖွေနေမိတဲ့ တစ်ယောက်သောသူဖြစ်သည်။ မေက ထိုလူဟာ ဘန်ဖြစ်နိုင်ကြောင်း လွယ်လွယ်နဲ့ ကောက်ချက်ချနိုင်သည်။
“မေ နင့်ပစ္စည်းတွေကို အခုသိမ်း”
“ပစ္စည်းတွေကို သိမ်းရမယ်.. ဟုတ်လား”
အတွေးနယ်ထဲမှာ ပျောက်ဆုံးနေတဲ့မေက ဆာစီးနီယာရဲ့ စကားကို ပြန်မေးလိုက်ရသည်။
“ငါတို့ ဒီရွာမှာ ဆက်နေလို့မရတော့ဘူး”
“အာ…”
ထိုအချိန်မှာ မနေ့ကအဖြစ်အပျက်တွေနဲ့ ဒီနေ့အဖြစ်အပျက်တွေဟာ မေရဲ့စိတ်ထဲကို ပေါ်လာရသည်။ လူယောင်ဆောင်ထားတဲ့မကောင်းဆိုးဝါးများသည် ညဘက်တွင် မီးတုတ်များနှင့် ပြေးလွှားသွားလာနေကြသည်။ တုံ့ဆိုင်းမှုမရှိပဲ သူတို့သည် ဆာစီးနီယာကို အမှုဆင်ပြီး မီးလောင်ဖို့အတွက် တွန်းအားပေးကြသည်။ ထိုသည် အလွန်ဆိုးရွားပြီး ကြောက်စရာကောင်းသည့် မြင်ကွင်းဖြစ်သောကြောင့် မေရဲ့တစ်ကိုယ်လုံး တုန်ယင်နေပြီး သူမရဲ့ခြေထောက်များလည်း အားအင်များ ဆုံးရှုံးသွားသည်။
ကြည့်ရသလောက်တော့ ယမန်နေ့မနက်ကအထိ သတ်ဖြတ်လိုသော ရည်ရွယ်ချက်များရှိခဲ့ပြီး ဆာစီးနီယာကို ကျောက်တုံးများနှင့် ပစ်ပေါက်ခဲ့ကြသော ရွာသားများသည် နွေးထွေးစွာ ပြုံးပြနေကြသည်။ လူတစ်ယောက်ရဲ့ အကြံအစည်ကိုယုံကြည်မိပြီး ဒေါသတွေစွန်းထင်းကာ ခံရသူဖြစ်တဲ့ ဆာစီးနီယာကို အတင်းဆွဲခေါ်ခဲ့ကြသည်။ မေက သူတို့ရဲ့ ဗီဇကို ဒီနေ့ တွေ့ရှိခဲ့ရသည်။ တစ်စုံတစ်ယောက်ကို တွန်းလှန်ဖို့ဝေဖန်ရေးတစ်ခုခုရှိလာပြီဆိုလျင် ထိုလူကို အဆုံးထိဆွဲချဖို့ လုပ်တတ်ကြသည့် ဗီဇဖြစ်သည်။ လူ့လောကရဲ့ ရက်စက်ယုတ်မာမှုတွေဆီကအကျည်းတန်တဲ့ အမှန်တရားတွေဟာ ဖြစ်ရိုးဖြစ်စဉ်ရဲ့နောက်ကွယ်မှာ ပုန်းကွယ်နေခဲ့သည်။
“…ဒီလိုမျိုး ထွက်သွားဖို့က လုံးဝ မတရားဘူး”
လွန်ခဲ့တဲ့နှစ်နာရီက သူမကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ ကြောက်မက်ဖွယ်ကောင်းပြီး ရက်စက်တဲ့အရာတွေက မေရဲ့ အိပ်မက်ထဲမှာ ပေါ်ပေါက်လာနိုင်သည်။ မေရဲ့ လက်မောင်းတစ်လျှောက်မှာ ကြက်သီးမွေးညင်းများ ထလာရသည်။
“ဒါက တကယ် … တကယ် မတရားဘူး”
မေရဲ့ နီရဲနေတဲ့မျက်လုံးထောင့်မှာ အရည်ကြည်များ စီးဆင်းလာရသည်။ မျက်ရည်များကို ထိန်းချုပ်ရင်း သူမရဲ့ နူးညံ့တဲ့ ပုခုံးသားလေးများသည် အနည်းငယ် တုန်ယင်နေ၏။
“အမှန်ပဲ”
ဆာစီးနီယာရဲ့ ကြက်သွေးရောင်မျက်လုံးသည် ထက်မြက်စွာ တောက်ပသွားသည်။ သူမကို တရားခံပါဆိုပြီး မျက်မြင်သက်သေထွက်ဆိုခဲ့တဲ့ ဂျော်ဒန်ကို သတိရမိသွားသည်။ သူ့သမီးလေးကို ထိန်းကိုင်ထားရင်း ပြောနေပုံက ချားလ်စ်ဆီက ခြိမ်းခြောက်ခြင်းကို ခံထားရတယ်ဆိုပြီး သံသယဝင်စရာတော့မရှိ။ ထို့အပြင် သူမကို တိုက်ရိုက် ညွှန်းဆိုသည်မဟုတ်ပဲ မည်းနက်တဲ့အရာဝတ္ထတစ်ခုဟုသာ ပြောခဲ့ခြင်းဖြစ်သည်။
ဆာစီးနီယာက သူမရဲ့အကြည့်တွေကို ရှောင်ဖယ်နေတဲ့ ဂျော်ဒန်ကို သေချာချင့်ချိန်၍ ကြည့်နေမိသည်။ သူ့မျက်နှာက ဖျော့တော့နေပြီးမျက်လုံးတွေက ပင်ပန်းနွမ်းနယ်နေပုံရသည်။ သူမသည် ဂျော်ဒန်ကို ချက်ချင်းတွေ့ဖို့ လိုအပ်သည်။ သူမကို ပစ်ပယ်ထားကြပြီး ရွာမှထွက်ခွါဖို့ ပြောထားကြပေမယ့် ဒါသည် အလွန်မတရားသောလုပ်ရပ်ဖြစ်သည်။ ထို့ကြောင့် အေးအေးချမ်းချမ်းပျောက်ကွယ်သွားပေးဖို့အတွက်သဘောမကောင်းနိုင်တော့။
“ဆာစီးနီယာ…”
ကြေကွဲဖွယ်အသံကို တံခါးနားမှ ကြားလာရသည်နှင့် ဆာစီးနီယာသည် မျက်လုံးမှိတ်လိုက်သည်။ သူမရဲ့ ဦးခေါင်းသည် တဒိန်းဒိန်းနာကျင်ကိုက်ခဲနေ၏။ သူမရဲ့ နှလုံးသားအောက်ခြေကနေ ရရှိနေတဲ့ ဆူပွက်သောခံစားချက်တွေကြောင့် ဘန်နှင့်ရင်ဆိုင်ဖို့ သတ္တိမရှိသေးပေ။
“ကြည့်ရတာ အခုထိ အပြင်မှာရှိနေတုန်းထင်တယ်” ဘန်ရဲ့အသံကိုကြားတဲ့မေက ညင်သာစွာပြောလိုက်သည်။
ဆာစီးနီယာက သူမကိုယ်သူမ ကမ္ဘာကြီးကနေ အဆက်သွယ်ဖြတ်ဖို့ ကြိုးစားနေသည့်အလား မျက်လုံးကို မှိတ်ထားသည်။ မေက သူမပါးစပ်ကနေ ဘာစကားထွက်မလဲဆိုတာကို မသိသည့်အတွက် အသင့်ပြင်ထားတဲ့ နှုတ်ခမ်းကို ထိန်းထားသော်လည်း သိချင်စိတ်ကို တားမရ။
“ဆာစီးနီယာ စိတ်တိုနေတာလား”
“ဘာ”
ဆာစီးနီယာက မျက်လုံးဖွင့်ပြီး ထိုင်ခုံကိုမှီထားရာမှ မတ်လိုက်သည်။
“မဟုတ်ဘူးဆိုရင် ဘာလို့ သူ့အပေါ် ဒီလောက်ရက်စက်နေရတာလဲ”
ဆာစီးနီယာရဲ့ တောက်လောင်နေတဲ့ ကြက်သွေးရောင်မျက်လုံးများဟာ သူမအား စူးစိုက်မှုအပြည့်နှင့်ကြည့်လိုက်သည်နှင့် မေသည် ဘာမှဆက်မပြောနိုင်ပဲ စကားလုံးအဆုံးမှာ အသံဟာ တစ်စတစ်စတိမ်ဝင်သွားရသည်။ သူမတကယ်မေးချင်နေသည့် မေးခွန်းကို မမေးနိုင်ခဲ့။ဆာစီးနီယာအိပ်မက်ထဲမှာ ရှာနေခဲ့သည့်သူဟာ ထိုလူလားဆိုတာကို သူမသိချင်မိသည်။ ဒါပေမယ့် ဒီလိုအခြေအနေမှာ ထိုအကြောင်းကို မပြောတာက အကောင်းဆုံးပင်ဖြစ်ပေလိမ့်မည်။ အခုချိန်မှာ အရမ်းစိတ်တိုနေတဲ့ ဆာစီးနီယာကို ဒီစကားတွေ သွားပြောလိုက်မယ်ဆိုရင်သက်ရောက်မှုက တခြားစီဖြစ်နေပေလိမ့်မည်။
‘ကြည့်ရတာ ဆာစီးနီယာက သူမအိပ်နေတဲ့အချိန်မှာ ယောင်ရမ်းပြီး ဘန်ကိုခေါ်နေတာတောင် မသိတဲ့ပုံပဲ’
ဆာစီးနီယာက မေကိုကြည့်နေရာမှ ရပ်တန့်ကာ ထိုင်ခုံမှာ ပြန်မှီလိုက်သည်။ ဒီမေးခွန်းက ဘာမှမသိတဲ့ မေ မေးနိုင်သည့်မေးခွန်းဖြစ်သည်။သူမသိချင်တာဖြစ်နိုင်ပေမယ့် ဆာစီးနီယာကတော့ မေရဲ့မေးခွန်းကို ပြန်မဖြေနိုင်။ ဘန်ကိုစိတ်တိုနေတာဟုတ်လား မဟုတ်လားဆိုတာတောင် သူမ မသိပေ။ ဘန် ရုတ်တရက်ပြန်ပေါ်လာတဲ့အချိန်မှာ ဖြစ်မိတဲ့ ခံစားချက်ကို အဓိပ္ပာယ်မဖော်ပြတတ်ပေ။
ဆာစီးနီယာက သူမစိတ်ကို ရှင်းလင်းဖို့ ကြိုးစားသည့်အနေဖြင့် ရေရွတ်လိုက်သည်။
“လွန်ခဲ့တဲ့သုံးနှစ်တုန်းက ဘာမှမပြောပဲ ပျောက်သွားပြီး အခုမှ ရုတ်တရက် ပြန်ရောက်လာတာလေ.. နှုတ်တောင်မဆက်သွားပဲ ကောင်းကောင်းမွန်မွန် နေနေပြီးတော့”
“အာ ဒါဆို အစ်မက စိတ်ပျက်သွားတာပေါ့”
“စိတ်ပျက်တယ်”
“ဟုတ်တယ်လေ.. သူက ဘာမှမပြောပဲ ပျောက်သွားပြီး ရုတ်တရက် ပြန်ပေါ်လာတာဆိုတော့ စိတ်ပျက်နေတာ မဟုတ်ဘူးလား”
ဆာစီးနီယာရဲ့ နှုတ်ခမ်းသည် ခုံးကောင်လို ဆတ်ခနဲဖြစ်သွားခဲ့သည်။ သူမသည် ခေါင်းကို အရိုက်ခံထားရသကဲ့သို့ ကြက်သေသေနေသည်။သုံးနှစ်လုံးလုံး စာမလာ သတင်းမကြားရပဲဖြစ်ပြီးနောက် ဘန်ရဲ့အသံကိုကြားတဲ့အခါမှာ ဒီခံစားချက်ကိုသာ မှတ်မိတော့သည်။ သူ့ကိုပထမဆုံး စျေးရုံမှာ တွေ့တုန်းက ဆူပွက်နေတဲ့ ခံစားချက်က မေပြောသလို စိတ်ပျက်ခြင်းဖြစ်သည်။
‘နင်ဒါကိုသိပြီးသားပဲ ဆာစီးနီယာ…’
သူမသည် မသိချင်ယောင်ဆောင်နေခဲ့ခြင်းဖြစ်ဖို့များသည်။ သူမသည် ဘာမှမပြောပဲ ပျောက်သွားတဲ့သူကြောင့် စိတ်ပျက်နေရခြင်းကိုဝမ်းနည်းမိသည်… သူ့ကို စိတ်ပျက်ရခြင်းဟာ မတရားဘူးဟု ခံစားရသောကြောင့် သူမရဲ့ ခံစားချက်တွေကို လျစ်လျူရှုထားခဲ့ပုံရသည်။
“ညီမသာ အစ်မနေရာမှာဆိုရင် အရမ်းစိတ်ပျက်မိမှာပဲ.. သူအစ်မကို သုံးနှစ်လုံးလုံး မဆက်သွယ်ခဲ့ဘူးဆိုတာ ယုံတောင်မယုံနိုင်ဘူး…”
မေက စာနာထောက်ထားသည့်အနေဖြင့် အားတက်သရောခေါင်းညိတ်ပြသည်။
“ဟုတ်တယ်… ငါစိတ်ပျက်နေမိတာ” ဆာစီးနီယာက သိရှိနားလည်ပြီး ဝန်ခံလိုက်သည့်အခါမှာတော့ သူမနှုတ်ခမ်းဖျားက ခါးသက်နေခဲ့သည်။
အခုဆို ဘန်က ယောင်္ကျားပီသပြီး အရင်တုန်းက ပုံစံနဲ့ အလွန်ကွဲပြားသွားခဲ့ပြီဖြစ်သည်။ အလွန်ပြောင်းလဲသွားခဲ့ပုံက ပထမဆုံးကြည့်တာနဲ့တင် မမှတ်မိနိုင်ပေ။ ကျန်ရှိနေတဲ့ အရင်တုန်းကပုံစံဟာတော့ အခုချိန်ထိ လခြမ်းကွေးလေးလို တောက်ပနေတဲ့ သူ့ရဲ့မျက်လုံးထောင့်လေးတွေပင်ဖြစ်သည်။
ဘန်အတွက် တမ်းတမှုနဲ့ စိုးရိမ်မှုတွေက သူမရဲ့ စိတ်ထဲမှာ အပုံလိုက်ဖြစ်နေခဲ့သည်။ သူမသည် သူ့ကို အပြုံးနဲ့ရင်ဆိုင်ဖို့အတွက် သူမရဲ့ခံစားချက်တွေကို မယုံခဲ့။ အရိုးသားဆုံးဝန်ခံရရင် ဘန်ရဲ့ ပြောင်းလဲသွားမှုအပေါ်မှာ သူမသည် ဂုဏ်မပြုနိုင်ခဲ့။ မမျှော်လင့်ထားတဲ့စိတ်ပျက်မှုတွေကို မပြသချင်ခဲ့။
‘ငါသာ ငါ့ရဲ့ခံစားချက်တွေကို ပြလိုက်မယ်ဆိုရင် ငါတို့ရဲ့ အရင်ကအချိန်တွေကို လွမ်းနေခဲ့တာ ငါတစ်ယောက်တည်းဆိုပြီးဖြစ်နေမှာကိုကြောက်နေခဲ့တာ…’
ဆာစီးနီယာသည် လွန်ခဲ့တဲ့သုံးနှစ်က အဖြစ်အပျက်များဆီကနေ အခုထိ မရုန်းထွက်နိုင်သူတစ်ယောက်လိုဖြစ်နေသည်။
“မေ ငါနင့်ကို အကူညီတောင်းစရာရှိတယ်”
သူမသည် ထိုင်ခုံမှ ထလိုက်သည်။ သူမ အိမ်ထဲကို ဝင်ပြီးနောက် နှစ်နာရီကြာမှ ထရပ်ခြင်းဖြစ်သည်။
“ဟုတ်ကဲ့ ပြောပါ”
“တံခါးမှာရပ်နေတဲ့လူကို ဒီကိုလာနေတာ ရပ်ဖို့ ပြောပေးပါ”
အခု ဆာစီးနီယာသည် ဘာကိုမှ မတွေးချင်တော့။ သူတို့ကြားမှာ အတူမကုန်ဆုံးခဲ့ရတဲ့ရက်တွေလောက် ကြီးမားသည့် ကွာဟမှုတစ်ခုရှိနေသည်။ စိတ်ပျက်ခြင်းဟာ အခုထိ များပြားနေသည့်အတွက်ကြောင့် သူ့ကို လွယ်လွယ်နဲ့ မျက်နှာချင်းမဆိုင်နိုင်သေး။
“ရှင်”
မေက သူမ မျှော်လင့်ထားသလိုမဟုတ်တဲ့ စကားကြောင့် ကသိကအောက်ဖြစ်သွားပြီး မျက်လုံးများ ပြူးကျယ်သွားရသည်။
“ငါအခု သူ့ကို မတွေ့ချင်ဘူး” ဆာစီးနီယာက ထိုစကားကိုပြောပြီး သူမအခန်းထဲသို့ ဝင်သွားသည်။
“ဟုတ်ကဲ့.. စိတ်မပူပါနဲ့.. ညီမ ပြောလိုက်ပါ့မယ်”
မေက ဆာစီးနီယာရဲ့ နောက်ကျောကို ငေးကြည့်နေပြီး ခဏကြာတော့ အိမ်ရှေ့တံခါးနားကို သွားလိုက်သည်။ ကြေကွဲနေသောလူရဲ့အသံကိုကြားရသည်နှင့် မေက အသက်ကို ပြင်းပြင်းရှုလိုက်သည်။ သူမသည် ဒီလိုစိတ်ရှုပ်ထွေးမှုမျိုးကို မဖြစ်ဖူးသဖြင့် စိတ်လှုပ်ရှားနေမိသည်။တံခါးလက်ကိုင်ဖုကို ကိုင်လိုက်သည့် မေရဲ့လက်သည် အနည်းငယ် တုန်ယင်နေသည်။
“ဆာစီးနီယာလား”
ကျွီကနဲမြည်သွားသောတံခါးသံနှင့်အတူ ထိုလူရဲ့မျက်နှာကို မြင်လိုက်ရသည်။ သူ့မျက်လုံးတွေက တံခါးလာဖွင့်သူဟာ ဆာစီးနီယာဖြစ်နိုင်သည်ဟု ထင်သွားပုံရပြီး မျက်လုံးတွေကလည်း စိုးရိမ်ကြောင့်ကြမှုများနှင့် ပြည့်နှက်နေခဲ့သည်။ သို့သော် သူစောင့်မျှော်နေသည့်သူမဟုတ်ကြောင်း သိလိုက်ရသည့်အခါတွင်တော့ သူ့မျက်နှာက တင်းမာသွားရသည်။ မေက ရှက်ကိုးရှက်ကန်းဖြစ်ပြီး သူမရဲ့ ပါးပြင်ကိုကုတ်ခြစ်လိုက်သည်။ သူမဟာ ဆာစီးနီယာမဟုတ်သည့်အတွက် အပြစ်ရှိသူလို့တောင် ခံစားလိုက်ရသည်။
“အာ… ရှင်ဒီနေ့ ပြန်လိုက်တာပဲ ကောင်းမယ်ထင်တယ်”
ဘန်က ပွင့်နေတဲ့တံခါးဝကနေ ဆာစီးနီယာကို တွေ့ရဖို့ မျှော်လင့်မိပေမယ့် သူမရဲ့ ဆံချည်တစ်မျှင်ကိုတောင် မတွေ့ရပေ။ ဒါသည် သိသာထင်ရှားတဲ့ ငြင်းဆိုမှုပင်ဖြစ်၏။ သူ့နှလုံးသားသည် တဒုတ်ဒုတ်ကိုက်ခဲပြီး ခါးသီးမှုကို ခံစားလိုက်ရသည်။
“…မင်းတို့တွေ ဘယ်အချိန်ကတည်းက အတူရှိနေခဲ့တာလဲ”
“ကျွန်မနဲ့ ဆာစီးနီယာကို ပြောတာလား”
“ဟုတ်တယ်”
“နှစ်နှစ်နီးပါးရှိပြီလို့ ထင်တာပဲ”
“ဒါဆို ဒါပဲပေါ့.. ဒီအချိန်အတောအတွင်းမှာ…”
သူသည် လည်ပင်းအစ်သွားသကဲ့သို့ စကားကို ဆုံးအောင်မပြောနိုင်ခဲ့။ မေသည် မှောင်မိုက်နေတဲ့ ကောင်းကင်အောက်မှာ ထိုလူရဲ့ မျက်နှာကို စူးစူးစိုက်စိုက်ကြည့်နေမိသည်။ အမှောင်နစ်မြုပ်နေသော အေးချမ်းသည့် ခရမ်းရောင်မျက်လုံးများသည် အပြစ်ရှိစိတ်များ စွန်းထင်းနေ၏။ ကြေကွဲခံစားနေပုံရတဲ့ သူ့ကိုကြည့်ပြီး မေသည် သူဘာမေးခွန်းကို မေးချင်နေလဲဆိုတာကို သိရှိသွားခဲ့၏။
“ဆာစီးနီယာ အဆင်ပြေပြေရှိနေခဲ့ပါတယ်.. ဒီနေ့လာပေးတဲ့အတွက် ကျေးဇူးပါ”
“တစ်နေရာရာများ ထိခိုက်သွားသေးလား”
“သူမ အဆင်ပြေပါတယ်.. အဲ့ဒါကြောင့် ဒီနေ့တော့ ပြန်လိုက်ပါတော့.. ဆာစီးနီယာလိုချင်တာလည်း ဒါပါပဲ”
ဒါသည် အတည်ပြုချက်ပင်ဖြစ်၏။ သူ့ကိုမတွေ့ချင်တဲ့ သူမရဲ့ခံစားချက်များဖြစ်သည်။ ဘန်ရဲ့နှုတ်ခမ်းသည် စေ့ပိတ်ထားခဲ့သည်။နှုတ်ခမ်းထိပ်ဖျားကတော့ ဝမ်းနည်းစွာဖြင့် တုန်ယင်နေလေ၏။
“ဒါဆို..”
မေက သူမရဲ့ ဝမ်းနည်းပြီး စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့ ခံစားချက်တွေကို ရပ်တန့်ချင်ခဲ့သည်။ ဆာစီးနီယာသာလျင် သူမရဲ့ ပထမဦးစားပေးဖြစ်လို့ သူ့စိတ်ထဲမှာ ဘာဖြစ်နေလဲဆိုတာကို အရမ်းမတွေးချင်တော့။ တံခါးလက်ကိုင်ကို ကိုင်ထားတဲ့ သူမရဲ့ လက်ကိုသာအားစိုက်ထားမိသည်။ ကျဉ်းမြောင်းတဲ့တံခါးဝကနေ သူ့မျက်နှာကို မြင်နိုင်သည်။ တက်ကြွမှုများလျော့နည်းနေသည့် သူ့ရဲ့ ဖျော့တော့တဲ့မျက်နှာသည် သနားချင့်စဖွယ်ကောင်း၏။ သူ့ပုံစံကိုကြည့်ပြီး အမြဲဆာစီးနီယာဘက်မှာ ရပ်တည်ခဲ့တဲ့ မေတောင်မှ အခုချိန်ခဏလေးအတွင်းမှာ ဘန်ရဲ့ဘက်မှာ ရပ်တည်ချင်မိသွားရသည်။ ကူကယ်ရာမဲ့နေသော သူ့ဦးခေါင်း ငိုက်စိုက်ကျသွားသည်နှင့် တံခါးသည်လည်း ဝုန်းကနဲမြည်အောင် ပိတ်သွားလေတော့၏။
Xxxxxxxxxx