Chapter 30
အပြာရောင်ဖြစ်နေခဲ့သည့် ကောင်းကင်ကြီးသည် မိုးရွာတော့မည်ဖြစ်သည့်အတွက် မှောင်မိုက်လာခဲ့သည်။ တိုက်ခတ်နေသောလေသည်ရေမှုန်ရေမွှားများနှင့် ဆောင်းဦးအငွေ့အသက်များ ပါဝင်နေသည်။ အားချန်သည် သူတစ်ယောက်တည်းကွက်ပြီး အလင်းပျောက်နေသလိုရှိသော သူ့သခင်ထံသို့ ချဥ်းကပ်သွားလိုက်သည်။ သူ့ရဲ့ ကျယ်ပြန့်တဲ့ ပုခုံးပြင်များသည် အလွန်သေးငယ်သောပမာဏရောက်သည်အထိ ငိုက်စိုက်ကျနေခဲ့သည်။ ဒါဟာ အားချန် တစ်ခါမှ မတွေ့ဖူးတဲ့ မရင်းနှီးသည့်ပုံစံဖြစ်သည်။
“သံအမတ်ကြီး”
ညှိုးနွမ်းနေသောပန်းကဲ့သို့ ခေါင်းငိုက်စိုက်ကျနေသော ဘန်သည် မော့ကြည့်လာသည်။ ယိုယွင်းပျက်စီးတော့မလိုဖြစ်နေသည့် ကျွံဝင်စပြုနေသောမျက်လုံးများသည် ရုတ်တရက် အားချန်ကို တွေ့သည့်အခါ ပြန်လည်တောက်ပလာခဲ့သည်။
“ဘယ်လိုဖြစ်သွားတာလဲ”
လွန်ခဲ့တဲ့မိနစ်ပိုင်းလောက်လေးကမှ လက်မှိုင်ကျ၍ စိတ်ပျက်လက်ပျက်ဖြစ်နေခဲ့သောသူတစ်ယောက်ကဲ့သို့ သူ့အသံသည် အလွန်အေးစက်နေခဲ့သည်။ နောက်ဆုံးတော့ သူ့နဂိုပုံစံအမှန်ကို ပြန်ဖြစ်သွားသောသခင်ဖြစ်သူထံသို့ အားချန်သည် အခြေအနေအရပ်ရပ်ကို အစီရင်ခံတင်ပြလိုက်သည်။
“ဒါက အရာရှိ ဒတ်စ်တာရဲ့ ပိုင်နက်ပါ.. ရှေ့တန်းမှာရပ်နေတဲ့ သံသယရှိသူက အရင်ဆုံး အချုပ်ခန်းကို ရောက်သွားပါပြီ.. သူက ရွာသူကြီးရဲ့ သားလို့လည်းပြောပါတယ်”
“သေချာဂရုတစိုက် စောင့်ကြည့်ထား” ဘန်ရဲ့ စကားများသည် မည်သည့်တုံ့ဆိုင်းမှုမှမရှိပဲ ရက်စက်ကြမ်းကြုတ်နေခဲ့သည်။
အားချန်သည် အဖြေပေးမယ့်အစား အသက်သာရှုလိုက်သည်။ သူ့သခင်ရဲ့ အမိန့်ကို လွန်ဆန်ဖို့ ရည်ရွယ်ချက်မရှိပါ။ သို့သော်လည်း သူ့သခင်သည် ဂုဏ်ပုဒ်ကိုကျော်ပြီး လုပ်ခဲ့သည့်အရာအတွက် ဘယ်လိုကောလဟာလတွေ သက်ရောက်မလဲဆိုတာကိုတော့ စိုးရိမ်မိသည်။
ဒီနေရာသည် အရာရှိဒတ်စ်တာ၏ ပိုင်နက်ဖြစ်သည့်အတွက်ကြောင့် သူတို့မှာ ရွာရဲ့အမှုရေးရာကိစ္စတွေကို မဆင်မခြင်ပဲ လုပ်ဆောင်လို့မရ။ထို့အပြင် အရာရှိဒတ်စ်တာသည် မြို့စားကြီး ကိုင်လို့စ်ရဲ့ လက်အောက်ခံဖြစ်သည်။ သူတို့အမှားတစ်ခုခုလုပ်လိုက်မည်ဆိုလျင် မြို့စားကြီးကိုင်လို့စ်ကို နိုင်ငံရေးအရ စူးစမ်းနေသည်ဟု ပြောကြလိမ့်မည်ဖြစ်သည်။ အားချန်ကို ပေးခဲ့တဲ့အမိန့်ကို ပြန်စဥ်းစားလျင် အားချန်က သူ့ကိုတားမည်ဆိုလျင်တောင်မှ သူ့သခင်သည် တစ်ခါတည်းအပြတ်ရှင်းပစ်မည်သာဖြစ်သည်။
အားချန်သည် ထိုနေ့ကတွေ့ခဲ့တဲ့မိန်းကလေးကို ပြန်စဥ်းစားလိုက်သည်။ သူ့သခင်ကို စိတ်တိုအောင်လုပ်ခဲ့သည့် မိန်းကလေးဖြစ်သည်။ သူ့သခင်နဲ့ တစ်လလောက် အချိန်အတူကုန်ဆုံးခဲ့သောမိန်းကလေးသည် စုန်းမဟု အမဲလိုက်ခံရပြီးနောက် နှုတ်ဆိတ်သွားခဲ့သည်။ သူမရဲ့ဖြောင့်မတ်နေတဲ့ ကျောပြင်နဲ့ မော့နေတဲ့ ဦးခေါင်းကိုကြည့်ကာ အထင်ကြီးသွားမိသည်။ အားချန်သည် သူကြိုးဖြည်ပေးခဲ့စဥ်က ဆုံတွေ့ခဲ့ရသော ကြက်သွေးရောင်မျက်လုံးများကို ပြန်အမှတ်ရမိသည်။
“သံအမတ်ကြီး.. လေးစားမှုနဲ့ လျော်ကန်စွာပြောရမယ်ဆိုရင်တော့ သူမသိသွားရင် သဘောကျလိမ့်မယ်လို့ မထင်ပါဘူး”
နိုင်ငံရေးအကြောင်းကို ချန်ထားခဲ့ပြီး ဆာစီးနီယာကို အကြောင်းပြချက်အဖြစ်သုံးကာ သူ့ရဲ့ ထင်မြင်ချက်ကို ဖော်ပြလိုက်သည်။ ထိုစကားလုံးတွေထဲမှာ သူ့သခင်နဲ့ ထိုမိန်းကလေးကို မကွဲစေချင်သည့် စိတ်ရင်းအမှန်တွေလည်း ပါဝင်နေခဲ့သည်။ ထိုမိန်းကလေးသည် သုံးနှစ်တာလုံးမှာ နေ့တိုင်း သူ့သခင်တွေးနေခဲ့သည့်သူဖြစ်သောကြောင့်ပင်။
“...အရင်ဆုံး အရာရှိနဲ့ ဒီရွာအကြောင်းကို စုံစမ်းထား.. အဲ့ဒါမှ ငါတို့ သူတို့နဲ့ အချိန်မရွေး အပေးအယူလုပ်လို့ရမှာ”
“ဟုတ်ကဲ့ နားလည်ပါပြီ”
တစ်ဖန်ထပ်ပြီး ဆာစီးနီယာအကြောင်းကိုပြောလိုက်သည်နှင့် ဘန်ရဲ့အသံက နူးညံ့တဲ့ဘက်ကို ပြောင်းသွားသည်။ အားချန်ပြောသလို ဆာစီးနီယာသာ ဒီအကြောင်းကိုသိသွားရင် လုံးဝကြိုက်မည်မဟုတ်ပေ။ ဘန်ရဲ့ ဝေဖန်ပိုင်းခြားနိုင်စွမ်းတွေက ဆာစီးနီယာကို ခြိမ်းခြောက်ရဲခဲ့တဲ့ လူကြောင့် ဖုံးအုပ်သွားခဲ့ရသည်။ အခုတော့ သူအမိန့်ပေးလိုက်တိုင်း ဖြေရှင်းပြီးသားဖြစ်နေအောင် သူမကို နောက်ကွယ်ကသာ ကာကွယ်ပေးရပေတော့မည်။ ဒီလိုလုပ်ဖို့အတွက်ဆိုရင် ဒီရွာနှင့် အရာရှိ ဒက်စ်တာအပြင် ဒီနေ့အဖြစ်အပျက်ကို သွေးထိုးခဲ့သည့် တရားခံဆီမှသတင်းတွေရရှိဖို့လိုသည်။
“ဒီရွာမှာ လူယုံတော်လုပ်ပေးဖို့ သူလျှိုတစ်ယောက်အဖြစ် ကလေးတစ်ယောက်ကိုထည့်ထားလိုက်”
သူစိမ်းအနေနဲ့ သတိရှိရှိနေရမည့် သူ့အတွက် ထိုကလေးကို သူ့ရဲ့နားနှင့်နားရွက်အနေဖြင့် အသုံးပြုမည်ပင်ဖြစ်သည်။
“အမိန့်နာခံပါ့မယ်” အားချန်သည် ဦးညွတ်၍ တုံ့ပြန်လိုက်သည်။
ဘန်က အားချန်ဆီမှ အကြည့်ဖယ်ကာ တင်းကျပ်စွာပိတ်ထားသည့်တံခါးကိုသာ တန်းတန်းမတ်မတ်ကြည့်လိုက်၏။
“သံအမတ်ကြီး.. ဟိုအမျိုးသမီးကို အားလုံးပြောပြမှာလား”
“အားလုံး…”
သူသည် အတွေးနယ်ထဲမှာ ခေတ္တမျှ မျောပါသွားခဲ့သည်။ ဆာစီးနီယာသာ သူ့ကိုကြည့်မယ်ဆိုရင် အရာအားလုံးကို ဝန်ခံနိုင်သည်။ သူမသာတံခါးဖွင့်ကာ ထွက်လာပြီး သူ့ကိုပဲ ကြည့်နေခဲ့လျင်ဖြစ်သည်။ သူ့ကို မုန်းသွားပြီး ကလဲ့စားချေမယ်ဆိုရင်လည်း အဆင်ပြေသည်။ ဘယ်ခံစားချက်ကိုမဆို လက်ခံဖို့ အသင့်ဖြစ်သည်။ ထို့ကြောင့် သူ့ကို အဝေးကို လုံးဝတွန်းမထုတ်သရွေ့ သူမမှာ ဘာမဆိုပြောပိုင်ခွင့်ရှိသည်။
အဆင်မပြေတဲ့အမှန်တရားကလွဲရင် အားလုံးကို လက်ခံနိုင်သည်။ လွန်ခဲ့တဲ့သုံးနှစ်တုန်းက သူမလုပ်ခဲ့သလို ကရုဏာမျက်ဝန်းများနှင့်ကြည့်ခံရသည်ကို မုန်းမိသည်။ သူမက မကောင်းတဲ့ခံစားချက်တွေကိုပဲ ပွင့်အံလာမယ်ဆိုရင်တောင် သူကြံ့ကြံ့ခံနိုင်ပေမယ့် သနားကြင်နာမှုကိုပေးမည်ဆိုလျင်တော့ ဒီလောက်ထိ ကြံ့ကြံ့ခံနိုင်မည်လို့မထင်ပေ။ ဒါသည် သူလက်မလျှော့နိုင်သည့် ဆန္ဒပင်ဖြစ်ပေသည်။
“အဆင်မပြေတဲ့အမှန်တရားတွေကိုကြားဖို့ အကြောင်းပြချက်မရှိဘူးနော်”
“ဟုတ်ကဲ့ နားလည်ပါပြီ”
ပြန်လှည့်သွားတော့မည့် သူ့သခင်ထံသို့ အားချန်သည် လှမ်းကြည့်လိုက်သည်။ လွန်ခဲ့တဲ့သုံးနှစ်က သူသည် ထိုမိန်းကလေးဆီကနေ သူ့သခင်ကို ခွဲထုတ်ခဲ့သူပင်ဖြစ်သည်။ ဒါက သူ့ရဲ့ အရင်သခင်ဆီက အမိန့်ဖြစ်ပေမယ့် သူ့နှလုံးသားထောင့်ချိုးတစ်နေရာမှာတော့ အမြဲတမ်းလိုလို အပြစ်ရှိစိတ်လေးက စွဲကျန်နေသေးသည်။ ထိုမိန်းကလေးက သူနဲ့သူ့သခင်ကို ခွင့်လွှတ်လျင်တောင်မှ ဒီအပြစ်ရှိစိတ်သည်ဘယ်တော့မှ ပြန်ဆပ်လို့ရမည်မဟုတ်ပေ။ အပြစ်ရှိစိတ်ကို ပွေ့ပိုက်ပြီး သူ့သခင်အတွက် တိတ်တဆိတ် အလုပ်လုပ်ပေးနေစဉ်မှာ လူတစ်ယောက်ရဲ့ဘဝကို ဆုံးရှုံးဖို့ပင်ဖြစ်ခဲ့သည်။ ဒါသည် အားချန်ရဲ့ နောက်ဆုံးသောဆန္ဒနှင့် ကံကြမ္မာပင်ဖြစ်ပေသည်။
“အားချန်”
“ဟုတ်ကဲ့ သံအမတ်ကြီး”
“ငါတစ်ယောက်တည်းစောင့်နေမယ်.. မင်းသွားတော့”
ဘန်သည် ဆာစီးနီယာ သူ့ကို ထွက်လာကြည့်သည်အထိ စောင့်နေရမည်ဖြစ်သည်။ နောက်ပြန်ဆုတ်ဖို့ ရည်ရွယ်ချက်မရှိပေ။ သုံးနှစ်လုံးလုံးရှင်သန်နေထိုင်နိုင်ခဲ့သည့် တစ်ခုတည်းသောအကြောင်းပြချက်သည် ဒီအခိုက်အတန့်ကို စောင့်မျှော်ဖို့ပင်ဖြစ်သည်။
“နားလည်ပါပြီခင်ဗျ”
သခင်ထံသို့ ဦးညွတ်ပြီးနောက် အားချန်သည် ခြေလှမ်းကို နောက်ဆုတ်လိုက်သည်။ မေ့လဲကျသွားတော့မလိုပုံစံနဲ့ ခေါင်းငိုက်စိုက်ကျနေတဲ့သူ့သခင်ကို ကြည့်ရတာ အဆင်မပြေလှ။ သခင်ဖြစ်သူရဲ့ နှလုံးသားကို ထိုမိန်းကလေး အမြန်ဆုံးသတိမူနိုင်ဖို့ အားချန်သည် မျှော်လင့်မိသည်။
“ဆာစီးနီယာ…” ဘာမှမရှိတဲ့ခြံထဲမှာ ပဲ့တင်ထပ်နေတဲ့ ဘန်ရဲ့အသံဟာ ကြေကွဲဝမ်းနည်းဖွယ်ကောင်းသည်။
ဘန်က မှုန်မှိုင်းသောမျက်လုံးများဖြင့် လက်ကိုမြှောက်တင်လိုက်သည်။ သူ့ရဲ့ ရှည်လျားသောလက်ချောင်းများသည် သစ်မာတံခါးဆီသို့ညွှန်ပြနေ၏။ တမ်းတမှုများနှင့် ပြည့်နှက်နေသောလက်သည် တံခါးကို ကြင်နာစွာ ပွတ်သပ်လိုက်သည်။ သူ့ရဲ့ ကြင်နာယုယမှုအပြည့်ပါဝင်နေသောလက်များသည် ဂရုတစိုက်ရှိနေခဲ့သည်။ လက်ချောင်းထိပ်ရှိ အပူချိန်ဟာ အေးစက်နေ၏။ ဒါသည် သုံးနှစ်လုံးလုံး သူတွေ့ကြုံခဲ့ရသည့် အေးစက်မှုပင်ဖြစ်သည်။ သူတို့က ရင်းနှီးခဲ့ကြပေမယ့်လည်း သူကတော့ သူမနဲ့ မနီးကပ်နိုင်ခဲ့။
မည်သည့်အဖြေမှမလာပဲ တင်းကျပ်စွာပိတ်ထားသောတံခါးသည်လည်း ဖွင့်ဖို့ ဘာလက္ခဏာမှမပြလာခဲ့။ ဘန်က သူ့ရဲ့လက်ကိုဖြည်းညင်းစွာချလိုက်သည်။ သူက အကြည့်တွေကိုအောက်ချပြီး တုန်ယင်မှုကို ရပ်တန့်ရန် အောက်နှုတ်ခမ်းကို ဖိကိုက်လိုက်သည်။ ဒီတံခါးသည် တစ်သက်လုံး ပွင့်မလာတော့ပဲ ဆာစီးနီယာကလည်း သူ့ကို ထွက်မတွေ့တော့မှာကို ကြောက်နေမိသည်။ ဆာစီးနီယာက သူ့ကိုနှုတ်ဆက်ပြီး နောက်တစ်ခေါက် ဘယ်တော့မှထပ်မတွေ့တော့ဘူးလို့ ပြောမှာကိုတွေးပြီး ကြောက်ရွံ့မိလာသည်။
အရာအားလုံးဟာ သူ့အမှားပင်ဖြစ်သည်။ ဒါဟာ မလိုလားအပ်တဲ့ အခြေအနေ သို့မဟုတ် သူ့ဆန္ဒမဟုတ်ဘူးဆိုရင်တောင်မှ သူ့အမှားပင်ဖြစ်ချေသည်။ ဘန်က သူ့ကိုယ်သူဆူပူကြိမ်းမောင်းကာ အပြစ်တင်လိုက်သည်။ သူ့မျက်လုံးတွေက မျက်ရည်များနှင့် နီရဲနေခဲ့သည်။ တစ်ချိန်တည်းမှာပဲ မိုးစက်များဟာ ခြောက်သွေ့တဲ့မြေပြင်မှာ တစ်စက်ပြီးတစ်စက် စက်ဝိုင်းပုံစံ ကျဆင်းလာတော့သည်။ မိုးစက်ပေါက်ငယ်များဟာ အရှိန်နဲ့ လျင်မြန်စွာ ကျဆင်းလာသောကြောင့် မြေပြင်မှာ စိုနစ်ကုန်သည်။
ဘန်ရဲ့မျက်လုံးတွေက အနှစ်သာရမဲ့နေခဲ့သည်။ ညင်သာစွာ လှုပ်ခါနေခဲ့သည့် သူ့ဆံပင်သည် မိုးရေများကြောင့် စိုရွှဲကုန်သည်။ သူ့ပုခုံးသားများအထိပါ စိုနစ်သွားစေတဲ့ မိုးသည် အလွန်အားကောင်းသည်။ မိုးစက်များက သူ့ပါးပြင်ထက်မှာ ပြေးလွှားနေပြီး မေးစေ့ထိပ်ကနေ တစ်စက်စက်ကျဆင်းနေသည်။
“ကျေးဇူးပြုပြီး…” သူ့အသံက မိုးသံတွေကြားမှာ နစ်မြုပ်သွားတဲ့အထိ ဖျော့တော့နေခဲ့သည်။
ဘန်က ခါးသက်စွာ ပြုံးလိုက်ပြီး ဆာစီးနီယာနောက်ဆုံးလှည့်ထွက်သွားတဲ့အချိန်ကို ပြန်အမှတ်ရမိသွားသည်။ သူ့နှလုံးသား တဆစ်ဆစ်နာကျင်ကိုက်ခဲနေခဲ့သည်။ အနာပေါ် ဆားဖြူးနေသကဲ့သို့ ခါးသီးမှုနှင့် စပ်ဖျဥ်းဖျဥ်းဖြစ်မှုကို ခံစားနေရသည်။
“ဆာစီးနီယာ…”
သူအမြဲခေါ်နေခဲ့တဲ့နာမည်သည် သူ့နှလုံးသားကို နာကျင်စေသည်။ အချိန်တွေ ဘယ်လောက်ကုန်ဆုံးသွားလဲဆိုတာက အရေးမကြီး။ ကုန်လွန်ခဲ့ပြီးတဲ့ သုံးနှစ်ထက် ကြာရှည်ဦးမယ်ဆိုလည်း အဆင်ပြေသည်။ မြစ်ကမ်းပါးတွေနဲ့ တောင်တန်းတွေ ပြောင်းလဲသွားရင်တောင်မှ ဆာစီးနီယာနဲ့သာ အတူရှိနေရမယ်ဆိုရင် အဆင်ပြေသည်။ သူ့မျက်လုံးများသည် ကန့်သတ်ချက်ကျော်လွန်သွားသကဲ့သို့ ပိတ်ကျသွားခဲ့သည်။သူ ဆာစီးနီယာနဲ့အတူ ကုန်ဆုံးခဲ့တဲ့ အချိန်တွေဟာ နောက်ဆုံးအကြိမ်မဖြစ်ဖို့အတွက် ဆုတောင်းမိသည်။ မိုးသည် အလွန်သည်းထန်လာပုံက ဘန်ရဲ့မျက်နှာပေါ်မှာ စွန်းထင်းနေတဲ့ နောင်တနဲ့ ဝမ်းနည်းမှုတွေကိုပင် မမြင်နိုင်တော့သည်အထိဖြစ်သည်။
***
ဆာစီးနီယာသည် အချိန်အကြာကြီးနေမှ ထိုနေ့ကအကြောင်းကို အိပ်မက်မက်ခဲ့သည်။ မိုးတွေသည်းကြီးမဲကြီးရွာခဲ့တဲ့နေ့က ဘန်ကိုကုန်လှောင်ရုံမှာတွေ့မယ်ဆိုပြီး ကတိပေးခဲ့သည့်နေ့ဖြစ်သည်။ သူမရဲ့ ပိတ်နေတဲ့ မျက်ခွံသည် ပုတ်ခတ်ပုတ်ခတ်နှင့် ပွင့်လာခဲ့သည်။ သူမသည် အိပ်မရသည့်အတွက် ဟိုလှည့်သည်လှည့်လုပ်ကာ လူးလိမ့်နေခဲ့သည်။ အိပ်ပျော်တော့မလိုဖြစ်သွားသည့်အခါကျရင် ဒီအသုံးမကျတဲ့အိပ်မက်ကြောင့် တစ်ဖန်ထပ်နိုးလာရပြန်သည်။ အပြင်မှာ မိုးတွေသည်းထန်စွာ ရွာနေ၏။ မိုးသံကြောင့် ထိုနေ့က အိပ်မက်ကို မက်ခဲ့ခြင်းဖြစ်ဖို့များသည်။ တိတ်ဆိတ်တဲ့အိမ်လေးထဲမှာ ပဲ့တင်ထပ်နေခဲ့သည့် မိုးသံသည် လွန်ခဲ့တဲ့သုံးနှစ်က ကုန်လှောင်ရုံမှာ ကြားခဲ့ရသည့် မိုးသံနှင့်ဆင်ဆင်တူသည်။
“အဲ့ဒီနေ့ကလိုပဲ” သူမသည် ကိုယ့်ကိုယ်ကို ရေရွတ်ပြောဆိုလိုက်ပြီး လေးပင်နေသော ခန္ဓာကိုယ်အား မတ်လိုက်သည်။
လွန်ခဲ့တဲ့ညက မာကျောပြီး စိုထိုင်းတဲ့ အကျဉ်းထောင်ထဲမှာ အိပ်ခဲ့ရသည့်အတွက် သူမ၏အခြေအနေဟာ သိပ်တော့မကောင်းလှ။ သူမသည် အအေးပတ်ခံထားရပြီး ခန္ဓာကိုယ်က ခိုက်ခိုက်တုန်ကာ ချမ်းနေသည်။ ပါးလွှာတဲ့ ညအိပ်ဝတ်စုံထဲသို့ လေအေးတွေက ထိုးဖောက်ဝင်ရောက်နေသလို ခိုက်ခိုက်တုန်နေတဲ့ ခန္ဓာကိုယ်နဲ့ ဆာစီးနီယာသည် မီးဖိုခန်းထဲသို့ ဦးတည်သွားလိုက်၏။
*တပေါက်ပေါက်ကျသံ*
ယမန်နေ့ကတည်းက သည်းထန်စွာရွာနေခဲ့သောမိုးသည် ရပ်တန့်ခြင်းမရှိပဲ ပိုမိုအားကောင်းလာသည်။ ဆာစီးနီယာသည် မီးသွေးမီးဖိုအားမီးညှိလိုက်သည်။ လက်ဖက်ရည်ပူပူတစ်ခွက်ကို သူမ သောက်ချင်နေ၏။ ရေကိုဆူအောင်စောင့်ရင်း သူမကိုယ်သူမ ထမင်းစားပွဲရဲ့ထိုင်ခုံမှာမြုပ်ဝင်တဲ့ထိိ ထိုင်နေမိသည်။
“ဘယ်အချိန်ရှိသွားပြီလဲမသိဘူး”
မီးခိုးရောင်တိမ်တွေရဲ့ လွှမ်းမိုးခြင်းကို ခံထားရတဲ့ နေလုံးကြီးကို မမြင်နိုင်သည့်အတွက် ဘယ်အချိန်ရှိပြီလဲဆိုတာကို သူမ မသိချေ။ ဒါပေမယ့် အမြဲ မနက် ၇နာရီ ထနေကျဖြစ်တဲ့ မေက ယခုထိအိပ်နေတုန်းဆိုတော့ မနက်အစောပိုင်းလောက်သာရှိဦးမည်။
ဆာစီးနီယာ ကိုယ့်ကိုယ်ကို ပူနွေးတဲ့ လက်ဖက်ရည်နဲ့ နွေးထွေးစေလိုက်ပြီး တိတ်ဆိတ်တဲ့ လက်ဖက်ရည်ချိန်ကို ရရှိနေ၏။ ပြင်းထန်တဲ့မုန်တိုင်းလိုဖြစ်ရပ်တွေ ကျော်လွန်တဲ့အခါမှာရရှိတဲ့ ငြိမ်းချမ်းမှုဖြစ်သည်။ သူမရဲ့ အတွေးတွေကို ရှင်းထုတ်ပြီး ပျော်ရွှင်တဲ့ တစ်နေ့တာကို ကုန်ဆုံးခဲ့ပြီး မနေ့က သူ့ကို အေးစက်စွာ မောင်းထုတ်ခဲ့ခြင်းကိုလည်း ကျေနပ်အားရမိသည်။ ဒါပေမယ့် ဒီလိုဖြစ်နေတဲ့ကြားက သူ့ကိုဂရုစိုက်မိနေတာကိုတော့ သူမကိုယ်သူမ မယုံကြည််နိုင်ဖြစ်ရသည်။
“ဒါက လေးနက်တာပဲ”
ဆာစီးနီယာသည် လက်ဖက်ရည်ခွက်ထဲမှ လက်ဖက်ရည်များကို ကုန်စင်အောင်သောက်လိုက်ပြီး ထိုင်ခုံမှ ထလိုက်သည်။ မနေ့က လှမ်းထားတဲ့ အဝတ်တွေကို မေ ရုတ်ထားရဲ့လားဆိုတာ သိချင်မိ၏။ ပြတင်းပေါက်ကနေ အပြင်ကိုကြည့်လို့မရသည့်အတွက် တံခါးဖွင့်ပြီး အပြင်ထွက်ကြည့်ဖို့လိုသည်။ အိမ်ရှေ့တံခါးကို ဖွင့်လိုက်တဲ့အခါမှာတော့ ညင်သာမှုမရှိတဲ့ တံခါးဟာ ယိမ်းထိုးနေပြီး အရှေ့ကိုတွန်းပို့သလို ရွေ့သွားသည်။ ကျွီကနဲမြည်ပြီး ပွင့်သွားတဲ့ တံခါးက တစ်ဝက်ထိရောက်အောင်တောင် ဖွင့်မရ။ ဟနေသောနေရာကနေ သူမသည် ခေါင်းပြူကာ ကြည့်လိုက်ရသည်။ သူမရဲ့အမြင်ထဲမှာ ရေစိုနေသော အနက်ရောင်ဘွတ်ဖိနပ်တစ်ခုပေါ်လာသည်။ သူမရဲ့ ကျောရိုးများ အေးစိမ့်သွားရသည်။ သူမသည် လျင်မြန်စွာနှင့် ခေါင်းကိုမော့ကာ အရှေ့တည့်တည့်ကို ကြည့်လိုက်၏။
“နင်…”
အိမ်ရှေ့တံခါးနားရှိ မိုးတွေကြားမှာ ဘန်တစ်ယောက် ရွှဲရွှဲစိုလျက် ရှိနေသည်။ သူသည် လှုပ်ရှားခြင်းမရှိပဲ အရုပ်တစ်ရုပ်လို ခေါင်းငိုက်စိုက်ကျနေလေ၏။
Xxxxxxx