Chapter 31
သူ မိုးရေထဲမှာ မတ်တပ်ရပ်နေတာ ဘယ်လောက်ကြာပြီလဲ…
သူမ တစ်ကိုယ်လုံး အေးစက်သွားသလို ခံစားလိုက်ရသည်။
ကော့ပျံနေသော သူ့မျက်တောင်များပေါ်တွင် မိုးရေစက်များ ခိုတွဲနေကြသည်။ သူ့ပုံစံကိုကြည့်ပြီး မနေ့ကတည်းက တစ်နေကုန် မတ်တပ်ရပ်နေမှန်း သိသာသည်။
"ရှင် အခုဘာလုပ်နေတာလဲ..."
ဆာစီးနီယာ သူ့ပုံစံကိုကြည့်ပြီး ဒေါသထွက်သွားရသည်။ အထဲဝင်ဖို့ပြောသော်လည်း သူက မိုးရေထဲမှာသာ ပေရပ်နေပြန်သည်။ သူမ ဒေါသထွက်လာကာ အသားတွေလည်း တဆတ်ဆတ်တုန်လာရသည်။
သူမ စိတ်ရှုပ်ရှုပ်နှင့် ခေါင်းကိုသာ ထိုးဖွမိတော့သည်။
"..."
ဘန် သည် ဆာစီးနီယာ ၏ ဒေါသသံကို သတိပြုမိသဖြင့် ဖြည်းဖြည်းချင်း မော့ကြည့်လာသည်။
သူ့ကိုယ်ထဲက သွေးတွေ အငွေ့ပျံသွား သလိုမျိုး သူ့အသားရောင်မှာ ဖြူဖျော့ နေကာ နှုတ်ခမ်းကလည်း ပြာနှမ်းနေပြီး တဆတ်ဆတ် တုန်နေသည်။
ဘန် က ဆာစီးနီယာကို ပြူးကြောင်ကြောင်လေး စိုက်ကြည့်နေပြီး အံ့ဩသွားပုံလည်း ပေါက်နေသည်။
“ဆာစီးနီယာ…”
အချိန်အတော်ကြာအောင် မိုးရေထဲတွင် ရပ်နေသဖြင့် သူ့အသံက တိုးတိမ်ဝင်လျက်ရှိသည်။
'သူ့အသံက ဝမ်းနည်းသလိုလိုလေး ဖြစ်နေတာ အပြင်မှာ ရပ်နေလို့ပဲ ဖြစ်မှာပါလေ'
ကြယ်ပွင့်များလို တောက်ပနေသော သူ့မျက်လုံးများသည် ဆာစီးနီယာကို စူးစိုက်ကြည့်လျက်ရှိသည်။
"ကိုယ့်အပြစ်တွေပါ"
ဘန်က စကားပြောဖို့ ခက်ခဲနေသလိုပင် တစ်လုံးချင်း၊တစ်လုံးချင်း အားယူ ပြောနေသည်။သူ့လေသံမှာလည်း ချောက်ကမ်းပါးတစ်ခုမှ ပြုတ်ကျသွားလို တိမ်ဝင်နေသည်။
ဘန် သည် တုန်ရီနေသောလက်ဖြင့် ဆာစီးနီယာ ၏အဝတ်ကို ဆုပ်ကိုင်လိုက်သည်။
ဆာစီးနီယာ သူ့ဆီကနေ ထွက်သွားမှာကို စိုးရွံ့ပြီး မျက်လုံးတွေကလည်း မငြိမ်မသက် ဖြစ်နေသည်။
ကြောက်မက်ဖွယ် အေးစက်သော ခံစားမှုတစ်ခု ဆာစီးနီယာ ရင်ထဲ ပျံ့နှံ့သွားသည်။ သူမ တစ်ကိုယ်လုံး တုန်လှုပ်သွားလောက်အောင်ပင် အေးစက်လာသည်။
ဆာစီးနီယာ ဘာမှ မပြောနိုင်ဖြစ်နေ၏။
သူ စိတ်ပျက်အားငယ်နေတာကို သူမ သိလိုက်ရသောအခါ စကားတစ်ခွန်းတောင် ထွက်မလာတော့ပေ။
"ကျေးဇူးပြုပြီး ကိုယ့်ကို မနှင်ပါနဲ့..."
ဘန် ၏ မျက်ဝန်းများမှ မျက်ရည်များ စီးကျလာသည်။ အပြာရင့်ရောင် အောက်နှုတ်ခမ်းကို သူ ပေါက်ထွက်လုမတတ် ကိုက်ထားပြီး မိုးရေများစိုရွှဲနေသော သူ့ပုခုံးပြင်မှာလည်း တုန်ယင်လှုပ်ခါနေသည်။
* * *
ဆာစီးနီယာ သည် သူမ ကိုယ်တိုင် တစ်ခါမှ မီးမမွှေးဖူးသော မီးဖိုနားသွားပြီး ထင်းချောင်းများ ထည့်ကာ မီးတောက်တစ်ခု ထွန်းညှိလိုက်သည်။
“ဆာစီးနီယာ…”
မနေ့ကတည်းက အကြိမ်ပေါင်းမရေမတွက်နိုင်အောင် အနှောင့်အယှက်ပေးနေသည့် အသံတစ်ခု သူမ နောက်ဘက်မှ ကြားရသည်။
“ခေါ်မနေနဲ့…ကျွန်မ ဒီမှာ"
ဆာစီးနီယာ က ပြတ်ပြတ်သားသား ပြန်ပြောလိုက်သည်။
ပေတေတေ ဖြစ်နေသည့် သူ့ပုံစံကြောင့် သူမ ဒေါသထွက်နေမိသော်လည်း အခု ပထမဆုံး လုပ်ရမှာက သူ့ကို နွေးထွေးအောင် လုပ်ပေးဖို့ပင်။
အကောင်းဆုံးနည်းလမ်းမှာ သူ့ခန္ဓာကိုယ်ကို တိုက်ရိုက်အပူ ပေးရမှာပင်။ သို့သော်လည်း သူမ လုပ်ပေးချင်စိတ်မရှိချေ။
ဆာစီးနီယာ သည် မီးဖိုအတွင်းရှိ မီးတောက်များ အားကောင်းလာစေရန် လေမှုတ်စက်ကို ယူလိုက်သည်။
"ကိုယ် လုပ်ပေးမယ်"
ဘန် လေမှုတ်စက်ကို လှမ်းကိုင်လိုက်သည်နှင့် ရေစိုနေသော သူ့အင်္ကျီလက်များမှ ရေစက်များကြောင့် ကြမ်းပြင်မှာ စိုရွှဲသွားရသည်။
“ငြိမ်ငြိမ်နေ"
သူမ လေမှုတ်စက်ကို သူ့လက်ထဲမှ ရှောင်ဖယ်၍ ယူထားလိုက်သည်။
ဘန် သာ ငြိမ်ငြိမ်လေးနေနေပါက သူမအတွက် တစ်ကယ်ကို အထောက်အကူဖြစ်လာမှာပင်။သူ တစ်ချက်လှုပ်လိုက်တိုင်း ရေစက်တို့ ကျနေရသဖြင့် ရေကွက်ကြီးကို သူသာ သုတ်ပေးပါက အကူအညီ ဖြစ်လာမှာပင်။
“…ဒါပေမယ့်”
သူ့ကို လျစ်လျူရှုပြီး ဆာစီးနီယာ သည် မီးဖိုရှေ့တွင် ဆောင့်ကြောင့်ထိုင်လိုက်သည်။ သူမ လက်ထဲက လေမှုတ်စက်ကို သုံး၍ မီးမှုတ်လိုက်ရာ မီးအားကောင်းလာလေသည်။အချိန်တိုအတွင်း ထင်းများလည်း မီးစွဲသွားကာ သူမ ခန္ဓာကိုယ်တောင် ပူနွေးလာရသည်။
ဆာစီးနီယာ မတ်တပ်ထရပ်လိုက်သည်။
“စောင့်ဦး…အဝတ်အစားတွေ လဲရအောင် သွားယူလာပေးမယ်"
“ကိုယ်ရော လိုက်ခဲ့မယ်လေ"
ဘန် သည် သူမမနှင့် မခွဲနိုင်ဖြစ်နေရပြီး သူပါ အတူလိုက်သွားချင်မိသည်။
ဆာစီးနီယာ သည် ခွေးကလေးလို တကောက်ကောက် လိုက်နေမည်ဖြစ်၍ စိတ်ရှုပ်သွားရသည်။
"ကိုယ့်ကိုယ်ကိုသာ နွေးအောင်နေပါ"
ဘန် က မှုန်ကုပ်ကုပ်နှင့် ခေါင်းငိုက်စိုက်ကျသွားရသည်။ကြိမ်ဖန်များစွာ ငြင်းပယ်ခံရသဖြင့် သူ့နှလုံးသားမှာလည်း တဆတ်ဆတ် နာကျင်နေရလေသည်။
"အင်း... စောင့်နေမယ်နော်"
သူ စိတ်ပျက်လက်ပျက် ဖြစ်သွားသည်ကို တွေ့လိုက်ရတော့ သူမ သက်ပြင်းတစ်ချက်ချရင်း အခန်းထဲဝင်သွားလိုက်သည်။
ဘန် သည် ကိုယ်ခန္ဓာကြီးကသာ ကြီးထွားလာသော်လည်း အရင်ကလိုပင် အားငယ်တတ်သူဖြစ်၏။မနေ့တုန်းက သု့ပုံစံမှာ စိမ်းကားနေသလိုဖြစ်နေသော်လည်း ယနေ့တော့ အရင်ကလို ခင်စရာကောင်းလာသည်။
"သူနဲ့ကိုက်မယ့် အဝတ်အစားတွေရှိလားမသိဘူး"
ဆာစီးနီယာ သည် အခန်းထောင့်ရှိ သုံးဆင့်အံဆွဲလေးကို ဖွင့်ကြည့်လိုက်သည်။ သူမ ဒီကိုပြောင်းလာကတည်းက တစ်ခါမှ မဖွင့်ရသေးသည့် အံဆွဲပင်။
သူမ လက်ကို ဖုန်ပေနေသော အံဆွဲထဲ စမ်းကြည့်လိုက်သည်။ဟိုရှာဒီရှာ စမ်းနေရင်း အဝတ်တစ်ထည်ကို ဖျတ်ကနဲ ဆုပ်ကိုင်မိသွားသည်။
သူမ တုံ့ဆိုင်းမနေဘဲ ထိုအဝတ်ကို ဆွဲထုတ်လိုက်သောအခါ သပ်သပ်ရပ်ရပ် ခေါက်ထားသော အဖြူရောင် အင်္ကျီတစ်ထည်ကို တွေ့လိုက်ရသည်။
လွန်ခဲ့သည့် သုံးနှစ်လောက်က ဘန် ဝတ်ခဲ့သည့် အင်္ကျီပင် ဖြစ်သည်။
ဘန် အသက်ရှင်နေသေးလား၊ မသေဘူးလား မသိတာကြောင့် မီးရှို့မပစ်နိုင်သဖြင့် သူမ သိမ်းထားမိခြင်းပင်။
အဝတ်ဖြူဖြူကလေးသည် မဝတ်တာကြာနေပြီဖြစ်၍ အရောင်မှိန်နေပြီ ဖြစ်သည်။ဤဝတ်စုံကို လွန်ခဲ့သော သုံးနှစ်က မုလိန်းရွာတွင် သူမ ဝယ်ခဲ့ခြင်း ဖြစ်သည်။အရင်က ဘန် သည် ဤဝတ်စုံကို ဝတ်လိုက်လျှင် နည်းနည်းချောင်နေသလို ဖြစ်နေသော်လည်း ယခုဆို အံကိုက်ဖြစ်သွားနိုင်သည်။
သူနှင့် အဆင်မပြေရင်တောင် သူမမှာ ဘန့် အဝတ်ဆို၍ ဒီတစ်ထည်တည်းသာ ရှိသည်။
ထို့နောက် ဆာစီးနီယာ သည် အံဆွဲထဲက ဘောင်းဘီတစ်ထည် ထုတ်ပြီး အခန်းထဲက ထွက်လာခဲ့သည်။
"ဘာလုပ်နေတာလဲ"
သူမ အခန်းထဲက ထွက်လာတော့ ဘန် က စိုးရိမ်တကြီးဖြစ်နေပုံနှင့် မီးဖိုရှေ့မှာ အခေါက်ခေါက်အခါခါ လမ်းလျှောက်နေတာကို တွေ့လိုက်ရသည်။
"အာ…ဆာစီးနီယာ"
ကဏာမငြိမ် ဖြစ်နေသော ဘန် သည် သူမကိုမြင်သောအခါ မှုန်ကုပ်ကုပ်လေး ပြုံးလိုက်သည်။
'မိနစ်ပိုင်းပဲ ရှိသေးတယ်...ဘယ်လိုဖြစ်နေရတာလဲ'
ဆာစီးနီယာ သူ့ကို ဒေါသထွက်ထွက်နှင့် စိုက်ကြည့်နေလိုက်သည်။
'ဒါနဲ့များ ဘာလို့ စကားတစ်ခွန်းမှ မပြောဘဲ ပျောက်သွားသေးလဲ…'
သူမ ခေါင်းယမ်းကာ ဘန် အနား တိုးကပ်လိုက်သည်။
“ရေချိုးခန်းက ဟိုမှာ… ရေနွေးလည်း ရှိတယ်… သွားရေချိုးလိုက်"
သူမ လက်ထဲက အဝတ်အစားတွေကို ဘန် တစ်ချက် ကြည့်လိုက်ပြီး လက်လှမ်းယူကာ အံ့ဩသွားသလိုနှင့်…
"လွှင့်ပစ်လောက်ပြီ ထင်ထားတာ"
သူ မျက်ရည်ကျလာပြန်သည်။
"ကျွန်မလည်း မေ့သွားတာနဲ့ လွင့်မပစ်တာပါ'
ထိုစကားက တစ်ဝက် မှန်ပြီး၊တစ်ဝက် မှားသည်။သို့သော်လည်း သူမ သူ့ကို စိတ်ဆိုးနေသေးသဖြင့် အကျယ်တဝင့် ပြောပြမနေတော့ပေ။
ဆာစီးနီယာသည် သူမလက်ထဲက အဝတ်အစားတွေကို သူ့ရင်ခွင်ထဲ အတင်း ထိုးထည့်ပေးလိုက်သည်။
တစ်ချိန်တည်းမှာပင် ဘန် ၏အကြည့်သည် ဆာစီးနီယာ လက်ဆီမှ မခွာနိုင်ဖြစ်သွားရသည်။
"မြန်မြန်လုပ်"
ဘန်က သူမကို စူးစိုက်ကြည့်နေသဖြင့် သူမ စကားစ,ရန်ပြင်လိုက်စဉ် ဘန်က အရင်မေးလာသည်။
"လက်ကောက်ဝတ်က တစ်ကယ်အဆင်ပြေရဲ့လား"
သူပြောမှ သူမ သတိရသွားကာ လက်ကောက်ဝတ်ကို ကြည့်လိုက်ရာ အနီရောင် အမှတ်တစ်ခု ရှိနေလေသည်။ တင်းတင်းကျပ်ကျပ် ကြိုးချည်ခံထားရသဖြင့် ပျောက်ဖို့ရာ အချိန်တော်တော်ယူရပေမည်။
ဘန်က သူမတောင် သတိမထားမိသော ဒဏ်ရာကို သေချာ တွေးပေးနေသေးသည်။ သူ့တစ်ကိုယ်လုံး အအေးဒဏ်ကြောင့် တုန်ရီနေရသော်လည်း သူမကို လာစိတ်ပူပေးနေသေးသည်။
ဆာစီးနီယာက အဆင်ပြေတယ်ဟု ပြောနေပေမယ့်လည်း သူ့အကြည့်တို့က လက်ကောက်ဝတ်ဆီမှ မခွာနိုင်သေး။
ဆာစီးနီယာ က ရေမိုးချိုးဖို့ ပြောသော်လည်း သူ့ခြေထောက်ကို ကြမ်းပြင်မှာ ကော်နှင့် ကပ်ထားသလိုမျိုး တစ်လှမ်းမှတောင် မရွေ့သေးပေ။
“ကိုယ်က ရပါတယ်”
ကိုယ့်ကိုယ်ကို စိတ်မပူဘဲ သူမကို စိတ်ပူပေးနေသဖြင့် သူမ ခပ်ချဉ်ချဉ် စိုက်ကြည့်ပစ်လိုက်သည်။
သို့သော် ဘန်က မျက်နှာသေကလေးနှင့် သူ့နှုတ်ခမ်းကိုသာ ကိုက်ထားပြီး မလှုပ်မယှက်ပင် ဖြစ်နေသေးသည်။
"ဘန်"
သူ ခေါင်းမော့ကြည့်လာသော်လည်း နှုတ်ခမ်းကို ကိုက်ထားဆဲပင်။
သူ မနာဘူးလား မသိဘူး…
ဆာစီးနီယာ သည် နဂိုကတည်းက စုတ်ပြဲနေသော သူ့နှုတ်ခမ်းတွင် နောက်ထပ်အမာရွတ်ဖြစ်သွားမှာ ကြောက်၍ သူ့အနား တိုးလာကာ လက်လှမ်းလိုက်သည်။
သူမ၏ လက်ညှိုးကလေးက အေးစက်နေသော သူ့နှုတ်ခမ်းကို လာထိလေသည်။ ဘန် ပခုံးတွန့်သွားကာ အံ့ဩသွားရသည်။
“မကိုက်နဲ့တော့"
“အာ…”
နွေးထွေးသော အထိအတွေ့ကြောင့် သူ့နှုတ်ခမ်းလွှာများ ပွင့်ဟ,လာသည်။
"အေးလိုက်တာ"
ဆာစီးနီယာ သည် အေးစက်လှသော သူ့နှုတ်ခမ်းကြောင့် သူမ လက်ချောင်းထိပ်ကို စိုက်ကြည့်ရင်း ရေရွတ်လိုက်သည်။
မျှော်လင့်ထားသည့်အတိုင်း သူ့ခန္ဓာကိုယ်သည် ရေခဲတုံးလို အေးစက်နေရသည်။ ဘန် ၏ နှုတ်ခမ်းမှာ အေးစက်နေကာ မချိန်မရွေး အေးစက်ပြီး သေသွားနိုင်လေသည်။
'အား တစ်ကယ်ကို အေးစက်နေတာပဲ...'
ဆာစီးနီယာ သူ့နှုတ်ခမ်းဆီမှ လက်ခွာလိုက်ကာ သူ့ရင်ဘတ်ပေါ် တင်ထားလိုက်သည်။
“အို…”
နွေးထွေးသော လက်များက သူ့ရင်ဘတ်ကို ထိလိုက်သည်နှင့် ဘန် တုန်လှုပ်သွားရပြီး အသက်ရှူပါ ရပ်သွားသည်။ သူမ၏ လက်ဖဝါးမှတဆင့် စီးဆင်းလာသော အပူသည် သူ့ရင်ဘတ်ထဲထိ ပျံ့နှံ့သွားရသည်။ထို့နောက် သူမ ကိုယ်ငွေ့ကလေး ကူးစက်လာရပြီး ပြာနှမ်းနေသော သူ့နှုတ်ခမ်းမှာလည်း ပန်းရောင်ဖျော့ဖျော့ ဖြစ်လာသည်။
ဆာစီးနီယာက လက်ကို ပြန်ရုတ်လိုက်ရာ ဘန်က သူမ လက်ကလေးကို နှမြောသလိုလေး စိုက်ကြည့်နေတော့သည်။
“…ဆာစီးနီယာ ရဲ့လက်တွေက နွေးထွေးနေတုန်းပဲနော်"
သူ့အသံ တိုးတိုးကလေးထဲတွင် အဓိပ္ပါယ်များစွာ ပါဝင်နေသည်။
ဆာစီးနီယာ သူ့ကို တင်းမာစွာ စိုက်ကြည့်နေသည်။ သူ့နည်းသူ့ဟန်ဖြင့် ကိစ္စတွေ ရှိခဲ့ပုံရသော ဘန် သည် အတိတ်ကိုပြန်သတိရသွားသလို တွေတွေကလေး ဖြစ်သွားရသည်။
အချိန်အတော်ကြာပြီးမှ သူက ခေါင်းမော့လာပြီး…
“ကိုယ် မင်းကို အမြဲလွမ်းနေတာ…အဲ့ဒါ တစ်ကယ် အမှန်တရားပဲ”
သူ့မျက်လုံးနှစ်ဘက် စလုံးသည် မုသားကင်းမဲ့နေကာ စောစောက တုန်လှုပ်နေသော မျက်ဝန်းတွေလည်း ကွယ်ပျောက်သွားရသည်။
Xxxxxxx