Chapter 32
"ဒါက ယာယီပဲ ပေးဝတ်တာ…ရှင်မပြန်ခင် ပြန်လျှော်ပေးသွားဦး"
ဆာစီးနီယာသည် ဘန် တစ်ယောက် ထိုစကားကြောင့် မျက်နှာညှိုးသွားသည်ကို တွေ့လိုက်ရသောအခါ သူမလည်း စိတ်မကောင်းဖြစ်သွားရသည်။
သို့သော်လည်း အတတ်နိုင်ဆုံး မျက်နှာမပျက်အောင် နေလိုက်သည်။
“ကိုယ် ဘယ်မှ မသွားဘူး”
ဘန်က ဆူပုပ်ပုပ် ပြန်ပြောလိုက်သည်။
“ပြီးရော…"
ဘန်က ဆာစီးနီယာ နှင်ထုတ်လိုက်မှာကို ကြောက်ရွံ့နေပုံရသည်။ထင်သည့်အတိုင်းပင်၊ သူမက နေရန် သဘောတူလိုက်သောအခါ သူလည်း မျက်နှာကြီး ဝင်းပသွားသည်။
သူ ရေချိုးခန်းထဲ ဝင်သွားခါမှ သူမလည်း မီးဖိုချောင်ဘက် သွားလိုက်သည်။
မိုးသည် သည်းကြီးမည်းကြီး ရွာနေပြီး တော်တော် တိတ်မည့်ဟန်မတူပေ။
ဆာစီးနီယာ သည် ဘန် ထွက်လာသောအခါ နွေးနွေးထွေးထွေးရှိစေရန် လက်ဖက်ရည်တစ်ခွက် ဖျော်လိုက်ပြီး လွန်ခဲ့သော သုံးနှစ်က အဖြစ်တို့ကို ပြန်မေးရန် စိတ်ကူးထားသည်။
သူမ ရေနွေးအိုးကို တစ်ဖက်က ကိုင်ထားပြီး မီးအိမ်ထွန်းရန် လုပ်နေစဥ် တစ်ခုခုပြုတ်ကျသွားသည့်အသံကြောင့် နောက်လှည့်ကြည့်လိုက်သည်။ ရေချိုးခန်းတံခါးရှေ့မှ ဘန်၏ ယူနီဖောင်းက ချိတ်ထားရာကနေ ပြုတ်ကျသွားခြင်းပင်။
ဘန် က ရေချိုးရန် ချွတ်ချထားခဲ့ပုံပေါ်သည်။
ဆာစီးနီယာ သည် ရေစိုနေသော ယူနီဖောင်းကို ကောက်ယူလိုက်သည်။ မီးဖိုရှေ့မှာ လှမ်းထားလိုက်လျှင် မြန်မြန်ခြောက်သွားမည်ဖြစ်သည်။
ရေစိုနေသော အနီရောင်ဝတ်စုံကို သေချာဖြန့် ကြည့်လိုက်သောအခါ ရွှေရောင်ချယ်ထားသော အရုပ်ဒီဇိုင်းက သူမကို ဖမ်းစားလိုက်သည်။
ပါးစပ်ကြီးဟ,၍ ဟိန်းဟောက်နေသော ခြင်္သေ့ကြီး၏ မျက်နှာနှစ်ဖက်စလုံးတွင် မြွေနှစ်ကောင် ရှိနေကြ၏။
သူမသည် အရုပ်ကြီးကိုကြည့်ပြီး ရင်းနှီးနေသလို ခံစားလိုက်ရသည်။
"ဒါကို ငါ ပထမဆုံးမြင်ဖူးတာပါ… ဘာလို့ ရင်းနှီးနေသလို ဖြစ်နေရတာလဲ"
ရုပ်ပုံဒီဇိုင်းသည် တစ်ခါမြင်လိုက်သည်နှင့် အလွယ်တကူ မေ့လို့မရနိုင်အောင်ပင် ထူးခြားရှားပါးဒီဇိုင်းမျိုးပင်။
မကြာခင်မှာပင် မေ့ပျောက်နေသော သူမ၏ မှတ်ဉာဏ်များ ပေါ်လွင်လာရသည်။
"ဘာဖြစ်လို့လဲ..."
ဆာစီးနီယာ အလွန်ပင် အံ့သြသွားရသည်။
'ဘာလို့ ဒီပုံစံကို ဘန် ရဲ့ ယူနီဖောင်းပေါ်မှာ ကပ်ထားတာလဲ'
ယူနီဖောင်းကို ကိုင်ထားရင်း သူမ ခံပြင်းစိတ်တို့ ဖြစ်လာရသည်။
"ဆာစီးနီယာ"
အတန်ကြာတော့ နောက်ကနေ ကြားလိုက်ရသည့် အသံကြောင့် သူမ လှည့်ကြည့်လိုက်သည်။
ရေချိုးပြီးပြီ ဖြစ်သော ဘန် သည် ရေစိုနေသော ဆံပင်များကို မျက်နှာသုတ်ပဝါဖြင့် ပွတ်သုတ်ရင်း သူမအနား လျှောက်လာနေလေသည်။
သူမ ပေးလိုက်သော အဝတ်အစားများသည် သူ့ကိုယ်နှင့် အလွန်ပင် လိုက်ဖက်လှသော်လည်း သူမ အဝတ်ကိုပင် မကြည့်မိဘဲ သူ့ ဗိုက်ကြွက်သားကိုသာ ကြည့်နေမိတော့သည်။
"အေးနေလို့လား"
သူမ အေးနေသဖြင့် မီးဖိုရှေ့မှာ ရပ်နေတာဟု သူ ထင်နေပုံရသည်။
စိုးရိမ်ပြီး မျက်နှာမကောင်းဖြစ်နေသော ဘန့် အနားသို့ သူမ လျှောက်လာကာ ယူနီဖောင်းကို အတင်းထိုးပေးလိုက်သည်။
သူမ မျက်နှာသည် တခဏအတွင်း တင်းမာသွားသည်။
"ရှင်ဘယ်သူလဲ"
သူမ၏ မေးခွန်းကို ဘန် က နားမလည်သလို ကြောင်တောင်တောင် ပြန်ကြည့်နေသည်။
"ဟင်"
"ရှင့်ရဲ့ တစ်ကယ့် သရုပ်မှန်က ဘာလဲ"
"အဲ့ဒါ ဘာကိုဆိုလိုတာလဲ"
"ရှင့်အဝတ်ပေါ်က ဒီပုံစံက ဘာကြီးလဲ"
ဘန် ချက်ချင်းမျက်နှာပျက်သွားရသဖြင့် သူ့ကို စူးစိုက်ကြည့်နေသော ဆာစီးနီယာ လည်း တဖြည်းဖြည်း စိုးရိမ်လာရသည်။ဘန် ယခုလို ဖြစ်နေပုံကို သူမ တစ်ခါမှ မမြင်ဖူးပေမယ့်လည်း ဘာအဓိပ္ပါယ်လဲဆိုတာ သူမ ကောင်းကောင်းသိနေသည်။
ခြင်္သေ့ကြီး၏ တစ်ဖက်တစ်ချက်စီမှာ မြွေနှစ်ကောင် မတ်တတ်ရပ်နေသည့် အမှတ်အသား…
ဤအမှတ်အသားသည် အိမ်ရှေ့မင်းသားနှင့် ရင်းနှီးသော သူငယ်ချင်းများထဲမှ တစ်ယောက်က ဝတ်ဆင်ထားခြင်းဖြစ်သည်။ထိုလူသည် မူရင်းဝတ္ထုထဲက လူဆိုး ဆာစီးနီယာ ကို ဖမ်းရန် ပါဝင်ကူညီခဲ့သည့် မိသားစုတစ်ခုထဲမှ သားတစ်ယောက်ပင် ဖြစ်သည်။
"ရှင့်ရဲ့ ယူနီဖောင်းပေါ်မှာ ရှောဗာ့စ် အိမ်တော်ရဲ့ မြို့စားမင်း ဝတ်စုံကလို အရုပ်ကြီး ဘာလို့ ရှိနေတာလဲလို့"
ဘန် ၏ မျက်လုံးများသည် လုံးဝ အေးခဲသွားကာ ချက်ချင်း ကဏှာမငြိမ်ဖြစ်လာသည်။
သူမ ယမန်နေ့က ရင်ပြင်တုန်းက မြင်ကွင်းကို ပြန်အမှတ်ရသွားရသည်။ ဘန် သည် နီညိုရောင် ယူနီဖောင်းကို ၀တ်ဆင်ထားပြီး အပြာရောင် ယူနီဖောင်း ၀တ်ထားသော လူများကြားတွင် အေးအေးလူလူ လမ်းလျှောက်နေခဲ့သည်။
ဝတ္ထုထဲတွင် မြို့စားမင်း ကို အင်ပါယာရှိ နီညိုရောင် ခြင်္သေ့ကြီးဟုလည်း ခေါ်ဆိုကြသည်။ သနားညှာတာမှုမရှိသော ရက်စက်ယုတ်မာသူ နီညိုရောင်ခြင်္သေ့ကြီးသည် သူ့ဖခင်၏ အသက်ကို လုယူကာ အာဏာသိမ်းခဲ့သူ ဖြစ်သည်။
ရက်စက်ပြီး သွေးအေးတတ်သူဟု လူသိများသည့် ထိုလူက သူမ ရှေ့မှာ ရပ်နေသည့် ဘန် နှင့် တစ်ထပ်တည်းပင်။
'အဓိပ္ပာယ်မရှိဘူး...'
သူသည် လွန်ခဲ့သော သုံးနှစ်က အပေါင်ပစ္စည်းအဖြစ်သူမ ခေါ်လာခဲ့သော ကျွန်တစ်ဦးသာ ဖြစ်သည်။ အမြဲတမ်း တောက်ပစွာ ပြုံးနေတတ်ပြီး စိတ်သဘောထား အေးချမ်းလှသူပင်။
'သူက ရှောဗာ့စ် အိမ်တော်ရဲ့ မြို့စားမင်...'
ဘန် သည် အဖေဖြစ်သူကို သတ်ခဲ့သည့် မြို့စားမင်း နှင့် တစ်ယောက်တည်းဖြစ်ကြောင်း သူမ မယုံနိုင်ဖြစ်နေမိသည်
သို့သော်လည်း မနေ့က ရင်ပြင်ပေါ်မှာ ဒေါသမျက်လုံးတွေနှင့် ဘန်တစ်ယောက် ချားလ်စ် ကို ကြည့်နေတာကို ပြန်တွေးကြည့်လိုက်ရာ သူမလည်း ငြင်းမရတော့ပေ။
ချားလ်စ် ၏လည်ပင်းကို ချက်ချင်းဖြတ်ပစ်တော့မလို သူ့ဓားကို ထုတ်ကာ ရွယ်ထားရင်း ဒေါသမာန်ကြီးခဲ့သူပင် ဖြစ်သည်။
'သူ သူ့အဖေကို တစ်ကယ်သတ်မှာ ဖြစ်နိုင်တယ်...'
ဆာစီးနီယာ ဘန် ကိုကြည့်ကာ သူမ ခန့်မှန်းချက်များကို လက်မခံနိုင်စွာ အတင်းငြင်းကြည့်သေးသည်။
ဘန် ၏နှုတ်ခမ်းများသည် ကော်နှင့် ကပ်ထားသကဲ့သို့ ပွင့်မလာတော့ပေ။ သူ တစ်ခုခုပြောချင်သော်လည်း ခေါင်းငုံ့ထားရင်း လက်သီးကိုလည်း ကျစ်ကျစ်ပါအောင် ဆုပ်ထားသည်။
နှစ်ယောက်လုံး ဘာစကားမှမဆိုဖြစ်ဘဲ အတော်ကြာ တိတ်ဆိတ်သွားသည်။
'သူ ဘာလို့ ဘာမှ မပြောတာလဲ… ဘန် က နီညိုရောင် ခြင်္သေ့လား'
ဆာစီးနီယာ သည် ထိုကိစ္စကို အတည်ပြုရန် တိတ်ဆိတ်မှုကို ချိုးဖျက်လိုက်သည်။
“ဘန်… ဒီမိသားစုနဲ့ ရှင့်ရဲ့ဆက်ဆံရေးက ဘယ်လိုလဲ"
သူ့အဖြေကို သူမ ကြောက်မိသော်လည်း မေးလိုက်ရသည်။
သူ့မျက်နှာ မည်းကနဲ ဖြစ်သွားလေသည်။
“ဆာစီးနီယာ… ကိုယ်ရှင်းပြမယ်”
ဤအခိုက်တန့်ကလေးသည် သူမ၏ သံသယများ သေချာသွားသည့် အခိုက်အတန့် ဖြစ်သည်။
ဆာစီးနီယာ သည် ခေါင်းနောက်ဘက်ကို တုတ်နှင့် ပိတ်တီးခံလိုက်ရသလို မိုက်ကနဲဖြစ်သွားရလေသည်။
"ဘာလို့လဲ.."
သူမ ဘန် ကိုကြည့်နေရင်း ရေရွတ်သလို ခပ်တိုးတိုးပြောလိုက်သည်။
'ဆာစီးနီယာ က ဒီအကြောင်းကို ဘယ်လိုလုပ်ပြီး သိတာလဲ…'
သူ့လက်သီးဆုပ်တွေထဲ ချွေးတွေ စီးကျလာရသည်။
“ဆာစီးနီယာ…”
ဘန် ရှေ့ကို ခြေတစ်လှမ်းတိုးလိုက်သည်။
"ရှင့်နာမည်…ရှင့်နာမည် အရင်းကဘာလဲ"
ဆာစီးနီယာ ကနောက်ကို တစ်လှမ်းပြန်ဆုတ်ရင်း ပြောလိုက်သည်။
ဆာစီးနီယာ သူ့အနားကနေ ခွာသွားသောအခါ ဘန် ရင်ထဲစူးကနဲ နာကျင်သွားရသည်။
သူ ချဉ်းကပ်လာသောအခါ သူမ အတော်လေးဝေးအောင် နောက်ဆုတ်သွားလိုက်သည်။
ဘန် သည် သူမ၏ စိတ်ရှုပ်နေသော မျက်နှာထားကို ကြည့်ကာ စိတ်ပျက်လက်ပျက် ဖြစ်နေသည်။
"ရှင့်နာမည်အရင်းကို ပြောပြ"
သူမ စိတ်ပျက်နေပုံရသော်လည်း အသံကမူ မာမာချာချာ ရှိလေသည်။
"ကိုယ့်နာမည်က အမြဲတမ်း ဘန် ပါ...ပြီးတော့"
ဘန် ချက်ချင်း အသက်ရှုကြပ်လာရပြီး လည်ချောင်းထဲ ဆူးပေါက်နေသလိုပင် စကားပြောရလည်း ခက်လာသည်။
ဘန် ခဏမျှ တိတ်ဆိတ်သွားပြီး ဆက်ပြောလာသည်။
"ပြီးတော့ အလက်စ်ဒီမီကန် ရှောဗာ့စ် ဆိုလည်း ဟုတ်ပါတယ်”
သူ နာကျင်သွားသလိုပင် အသံအဆုံး၌ တိမ်ဝင်သွားလေသည်။
'ဟုတ်တယ်… အဲဒီလူရဲ့ နာမည်ပဲ'
အလက်စ်ဒီမီကန် ရှောဗာ့စ်…
ဖခင်ကိုသတ်ပြီး မြို့စားမင်း ရာထူးကို ရယူခဲ့သူ ဖြစ်သည်။
ဆာစီးနီယာ ကို ဖမ်းပေးပြီး အိမ်ရှေ့မင်းကိုဆက်သပေးခဲ့သည့် အိမ်ရှေ့မင်းသား၏ အရင်းနှီးဆုံး သူငယ်ချင်းပင်။ ရလဒ်အနေနှင့် ဆာစီးနီယာကို အိမ်ရှေ့မင်းသားကိုယ်တိုင် လည်ဖြတ်သတ်ပစ်ခဲ့၏။
'အဲဒီလူက ဘန် တဲ့… ဒါက ဘယ်လိုဖြစ်ရတာလဲ'
ဝတ္ထုထဲတွင် မြို့စားမင်း သည် ကျွန်တစ်ဦးဖြစ်ကြောင်း မရေးပြထားပေ။
သူ့မှာ ရက်စက်ကြမ်းကြုတ်လှသည့် အတိတ်တွေရှိသဖြင့် ရက်စက်တတ်သူတစ်ယောက် ဖြစ်သွားရခြင်းဟုသာ ရေးပြထား၏။
'သူ့ရဲ့အတိတ်ဆိုးက စကားတစ်ခွန်းနဲ့ ရှင်းပြလို့မရလောက်အောင် ကြီးနေလို့များလား...'
ဘယ်လိုတွေဖြစ်နေမှန်း သူမ မသိတော့ချေ။ သူမ ရုတ်တရက် ရင်ဆိုင်လိုက်ရသည့် အမှန်တရားကြောင့် မတ်တပ်ပင်ကောင်းကောင်း မရပ်နိုင်တော့ပေ။ထို့ကြောင့် အနားက ကုလားထိုင်နားထိ လျှောက်သွားကာ ပစ်ထိုင်ချလိုက်သည်။
ဘန်က အံ့အားသင့်သွားပြီး သူမအနား တိုးလာကာ သူမလက်ကို ဆုပ်ကိုင်ထားလိုက်သည်။မာကျောပြီး ရှည်သွယ်သော လက်ချောင်းတို့က သူမ လက်ဖဝါးကို လာထိသောအခါ သူမလက်ပါ အေးစက်သွားရသလိုပင်။
ဆာစီးနီယာ ၏ အကြည့်များသည် သူမ အရိုးထဲထိ အေးစမ့်သွားစေသည့် သူ့လက်ဖမိုးကို ကြည့်နေမိသည်။
“သူ့အဖေကို ဒီလက်နဲ့ပဲ သတ်လိုက်တာ…”
သူမ ကျောချမ်းသွားရ၏။
ဘန် ဆုပ်ကိုင်ထားသည့် သူမလက်မှာ တဒိတ်ဒိတ် သွေးတိုးနေကြသည်။
ဘန် သည် သူမသိထားသော ဘန် ဟုတ်မည်မထင်ပေ။
“ကျွန်မကို လာမထိပါနဲ့"
စိတ်က်လက်ပျက်ဖြင့် သူ့လက်ကို သူမ တွန်းထုတ်လိုက်သည်။
"မင်း ကိုယ့်ကိုမုန်းလား"
ဘန် က လေထဲမှာ ရပ်တန့်နေသည့် သူ့လက်ကို ကြည့်ပြီး ရေရွတ်လိုက်သည်။
ဆာစီးနီယာ သည် ထိတ်လန့်တုန်လှုပ်နေပြီး သူ့အသားကိုပင် မထိချင်သလိုဖြစ်နေ၍ ဘန့် နှလုံးသားမှာ အပိုင်းပိုင်း ကြေမွသွားရသည်။
"ဘာ"
သူမသည် မထင်မှတ်ထားသော စကားကြောင့် လန့်ဖျပ်သွားပြီး မျက်လုံးပြူးသွားသည်။
"ဆာစီးနီယာ"
ဘန် ရှေ့တိုးလာပြီး ဆာစီးနီယာ ရှေ့တွင် ဒူးတစ်ဖက်ထောက်၍ ထိုင်လိုက်သည်။
"မင်း ကိုယ့်ကို မလိုအပ်တော့ဘူးလား"
ဆာစီးနီယာ သည် ဘန် ရှေ့တိုးလာသဖြင့် လန့်ဖျပ်ပြီး ကုလားထိုင်ကျောမှီကို ကိုယ်ဖြင့် ကပ်ထားလိုက်မိသည်။ ရေစိုနေသော သူ့ဆံပင်များသည် ဆပ်ပြာနံ့သင်းသင်းကလေး မွှေးနေကြသည်။
သူမ သက်ပြင်းတစ်ချက် ချလိုက်ပြီး ရှုပ်နေသော စိတ်တို့ကို ရှင်းထုတ်လိုက်သည်။
"ဘာလို့ ဒီလိုပြောရတာလဲ"
ဘန့် အကြောင်းကို သူမ သိလိုက်ရတော့ အံ့အားသင့်သွားရပြီး သူလုပ်ခဲ့သမျှကို မယုံနိုင် ဖြစ်နေရသည်။
"ကျေးဇူးပြုပြီး ကိုယ့်ကို တွန်းမထုတ်ပါနဲ့"
ဘန် သည် ဆာစီးနီယာ ၏ ဒူးတစ်ဖက်ပေါ် လက်တင်ထားသည်။
သူ့အသံနှင့် မျက်လုံးတို့က စိုးရိမ်သောကတို့ အပြည့်ရှိနေကြသဖြင့် သူမလည်း စိတ်မကောင်းဖြစ်မိသည်။
“ကျွန်မ အံ့သြသွားတာပါ… ဘာ အဓိပ္ပါယ်မှ မဟုတ်ပါဘူး”
"ကိုယ်အကုန် ရှင်းပြမယ်…ကိုယ်”
သူ စကားကို တစ်ဝက်တစ်ပျက်ကြီး ရပ်ထားလေသည်။
"ရှင် ကျွန်မကို လှည့်စားဖို့ ကြိုးစားနေတာမလား"
“မဟုတ်ဘူး… လုံးဝမဟုတ်ပါဘူး"
ဘန်က ကမန်းကတန်း ပြန်ဖြေလိုက်သည်။
"ဒါဆို အဲ့ဒီနေ့က ရှင်ဘာလို့ ပြန်မလာတာလဲ… ဘာလို့ စကားတစ်ခွန်းမှမပြောဘဲ ပျောက်သွားရတာလဲ"
ဆာစီးနီယာ သည် သုံးနှစ်လုံးလုံး သူမ သိချင်နေသော ကိစ္စကို အရင်ဦးဆုံး မေးလိုက်သည်။
“လွန်ခဲ့တဲ့ သုံးနှစ်လောက်တုန်းက ကိုယ် ဘယ်လို မွေးဖွားလာခဲ့ရသလဲဆိုတာ အားလုံး သိလာရတယ်…"
ဘန် က တစ်လုံးချင်း ခက်ခက်ခဲခဲ ပြောလေ၏။
Xxxxxxx