Chapter 33
ဆာစီးနီယာ က ဆက်ပြောပြီး သူ့ကို စိုက်ကြည့်နေသည်။
သူ့ ဆံပင်များဆီက ရေစက်များ တပေါက်ပေါက်ကျလာသောကြောင့် သူ ဒုက္ခရောက်နေသော အကြည့်တို့ကို ဆံပင်မွှေးကြားထဲမှ မြင်နေရသည်။သူ့ဆံပင်ပေါ်က ရေစက်တွေကလည်း ပါးပြင်ပေါ်အထိ လိမ့်ဆင်းလာကြသည်။
'သူ ငိုနေတာ မဟုတ်လောက်ပါဘူး… ဒါပေမယ့် အဲ့ရေတွေက ဘာလို့ မျက်ရည်နဲ့ တူနေတာလဲ'
“လွန်ခဲ့တဲ့ သုံးနှစ်လောက်က ကိုယ် မြို့စားမင်းဆီ မှာ အလုပ်လုပ်တဲ့ လူတစ်ယောက်က ကိုယ့်ကို လာတွေ့တယ်…"
ဘန် သည် သူ့အကြောင်းကို သတိထားပြီး ဆက်ပြောလိုက်သည်။ သူမကို အရာအားလုံး ပြောပြသော်လည်း ဆိုးရွားသည့် အကြောင်းအရာများကို ချန်ထားခဲ့လိုက်သည်။
သူ့အတိတ်ဟောင်းတွေ အကြောင်း ပြောတိုင်း ကျောကုန်းက ဒဏ်ရာများကို သတိရသွားတတ်သဖြင့် တစ်ကိုယ်လုံး တဆတ်ဆတ် တုန်နေရသည်။ သို့တိုင် သူ ဆာစီးနီယာ ရှေ့တွင် ဘာမှမဖြစ်သလို ဟန်ဆောင်နေလိုက်သည်။
“…”
ဘန် အကြောင်းကို ကြားပြီးနောက် ဆာစီးနီယာ သည် ခဏတာ တိတ်ဆိတ်သွားရသည်။
လွန်ခဲ့သောသုံးနှစ်က မြို့စားပိုင်နက် မှလူများက ဘန့် ကို အတင်းဆွဲ ခေါ်သွားခဲ့သဖြင့် သူမကို ဘာမှ မပြောနိုင်ဘဲ ပျောက်သွားခဲ့ရခြင်းပင်။
သူသည် မြို့စားပိုင်နက် တွင် သုံးနှစ်ကြာနေထိုင်ခဲ့ပြီး ဆက်ခံသူ ဖြစ်လာအောင် စည်းကမ်းတကျ ပြုမူခဲ့သည်။
သူ့ဖခင် မြို့စားမင်း ကွယ်လွန်ပြီး ဘန်က ရာထူးကို ဆက်ခံရရှိခဲ့သည်။
"ကိုယ် မင်းကို စောစောကတည်းက လိုက်ရှာခဲ့ရမှာ... အရာအားလုံးက ကိုယ့်အမှားပါ"
ဆာစီးနီယာ ခဏလောက်စဉ်းစားကြည့်သည်။
'မြို့စားမင်း သေဆုံးရတဲ့ အကြောင်းအရင်းက ဘာလဲ'
ဘန် က သူ့အဖေကို သတ်ပြီး ရာထူးလုယုခဲ့တာ ဟု ဝတ္ထုထဲတွင် ဖော်ပြထားသည်။
တစ်ကယ်ဟုတ်သလားဟု သူမ မေးကြည့်ချင်သော်လည်း မေးလို့မဖြစ်သဖြင့် တခြားမေးခွန်းများ ပြောင်းမေးလိုက်သည်။
"ရှင် အနည်းဆုံး စာရေးလို့ ရသားပဲ"
သူ့စကားအရ၊ သူ့ကို မြို့စားပိုင်နက် ဆီ အတင်းအကြပ် ဆွဲခေါ်ခံရပြီးကတည်းက သူ့အခြေအနေအကြောင်း မပြောနိုင်ဟု ဆိုသည်။
ဒါပေမယ့် သုံးနှစ်အတွင်းမှာ သူ ဘာကြောင့် သတင်းလေး ဘာလေးတောင် စာမရေးရတာလဲ…
သူ့ကို မြို့စားမင်းဆီမှာ ဘယ်လိုပိတ်လှောင်ထားပါစေ၊ အနည်းဆုံး စာတစ်စောင်လောက်တော့ တစ်နည်းနည်းနှင့် ပို့သင့်ပေသည်။
"...ကိုယ့်စာကို မင်း မရဘူးလား"
ထိုအချိန်တွင် အခန်းထဲ၌ အေးစက်သော အသံတစ်ခု ထွက်ပေါ်လာသည်။ မှုန်မှိုင်းနေသော သူ့မျက်လုံးများဆီမှ အေးစက်သော ဒေါသရိပ်တစ်ခုလည်း ထွက်ပေါ်လာရသည်။
"ဘာ"
"ဘာမှ မဟုတ်ပါဘူး…တောင်းပန်ပါတယ်… အဲဒါ ကိုယ့်အမှားပါ … မင်းရှေ့ရောက်တော့ ကိုယ်လည်း ကောင်းကောင်း မရှင်းပြတတ်တော့ဘူး"
ဆာစီးနီယာ သည် ပြောင်းလဲသွားသော သူ့သဘောထားကို သိပ်တွေးမနေတော့ပေ။
'ဘန် က တစ်ကယ်ကြီး အလက်စ်ဒိီမီကန် ရှော့ဗာ့စ် ဆိုတာကို ငါမယုံနိုင်ဘူး...'
သူမ စိတ်ပျက်မိသည်။
မူရင်းဝတ္ထုထဲက ဆာစီးနီယာ လို မနေထိုင်ရန် သူမ ကြိုးစားအားထုတ်ခဲ့သော်လည်း မူရင်းဝတ္ထုထဲမှ ဆာစီးနီယာ ကို ဖမ်းဆီးရန် ကူညီခဲ့သူ ဘန် နှင့်တွေ့ဆုံရလေပြီ။
ဆာစီးနီယာ သည် တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားဆဲဖြစ်သော ဘန့်လက်ကို ငုံ့ကြည့်မိသည်။
သူ့အခြေအနေကို ရှင်းပြကတည်းက သူမလက်ကို လွှတ်မပေးဘဲ အတင်းကိုင်ထားတာပင်။
“ကောင်းပြီ…ရှင့်ရဲ့ အခက်အခဲတွေကို ကျွန်မ နားလည်ပါတယ်…ဒါဆို အခု ကျွန်မဆီ ဘာလို့ ပြန်လာတာလဲ"
ဆာစီးနီယာ ၏ အသံသည် အနည်းငယ် စူးရှနေသည်။
ဘန် သည် အိမ်ရှေ့မင်းသားနှင့် ရင်းနှီးသူဖြစ်ပြီး သူမ၏ ပါဝါကို အတိုင်းအတာတစ်ခုအထိ သိရှိထားသူ ဖြစ်သည်။ ဘန်သည် သူမထင်သလိုမျိုး လူဆိုးမဟုတ်ကြောင်း သူမ ယုံကြည်ချင်သည်။
အိမ်ရှေ့မင်းသားသည် မူရင်းဇာတ်လမ်းထက်စော၍ သူမကို ရှာဖွေနေပေလိမ့်မည်။ သူမ မကောင်းမှုကို တစ်ခါမှ မကျူးလွန်ခဲ့ဖူးသော်လည်း အင်ပါယာကြီး ဘေးကင်းရေးနှင့် သာယာဝပြောရေးတို့အတွက် သူမကို သုတ်သင်ရန် ကြိုးစားကြမည် ဖြစ်သည်။
'အိမ်ရှေ့မင်းသား အမိန့်အရ ဘန် က ငါ့ဆီလာတာ ဖြစ်နိုင်တယ်'
လျစ်လျူရှုလို့ မရသော သံသယလေးတစ်ခု သူမရင်ထဲ တိုးဝင်လာသည်။
"ဘာကို ပြောချင်တာလဲ…"
"ကျွန်မကို ဖမ်းဖို့ တစ်ယောက်ယောက်က ခိုင်းလို့ ရှင်လာရတာလားလို့ မေးတာ"
"ဘယ်သူက ခိုင်းရမှာလဲ… ဒီလိုမဟုတ်ပါဘူး"
ဆာစီးနီယာ သည် ဘန့် ကို သတိကြီးကြီးထားပြီး စိုက်ကြည့်နေသည်။
"ရှင် ကျွန်မကို ဘာမှ ဖုံးကွယ်မထားတာ ပိုကောင်းမယ်…ရှင် ဘာလို့ ကျွန်မဆီ ပြန်လာတာလဲ ဆိုတာ ပြောပါ"
"ဘာလို့လဲဆိုတော့ ကိုယ်တို့ အတူတူနေဖို့ ဆုံးဖြတ်ထားလို့ပေါ့"
"ဘာ"
"လွန်ခဲ့တဲ့ သုံးနှစ်က ကိုယ်တို့ သင်္ဘောဆိပ်မှာ အတူနေကြမယ်လို့ ကတိထားခဲ့ကြတယ်လေ"
သူက သူမကို တည့်တည့်ကြည့်နေသည်။
'ဒါက ဒီဂျာဗူး ကြီး"
(ဒီဂျာဗူး - ကြုံခဲ့ဖူးသလိုဖြစ်ရပ်များကိုဆိုလိုပါတယ်)
ဆာစီးနီယာ ခဏတာ အံ့အားသင့်သွားရသည်။ လွန်ခဲ့သည့် သုံးနှစ်ခန့်က အိမ်မီးလောင်သည့်နေ့တွင် သင်္ဘောဆိပ်၌ သူပြောခဲ့သည့်ကတိအား သူမ မေ့လို့မရခဲ့ပေ။
မိုးသည်းထန်စွာရွာနေတုန်း ဘန်က သူနှင့် အတူရှိနေပေးဖို့ တောင်းဆိုခဲ့လေသည်။သို့သော် အချိန်တွေကြာပြီးမှ ဘာကြောင့် ပြန်အစဖော်နေရမှန်း သူမ နားမလည်နိုင်တော့ချေ။
"အဲ့ဒါနဲ့ အခု ဘာဆိုင်လို့လဲ"
“ကိုယ် အဲ့ဒီကတိကို တစ်စက္ကန့်တောင် မမေ့ခဲ့ဖူးဘူး"
သူ့မျက်လုံးများက တောက်ပနေသည်။
ဆာစီးနီယာ သည် ဘယ်တုန်းက ဟ,နေမှန်းမသိသော သူမ ပါးစပ်ကို အမြန်ဆွဲပိတ်လိုက်ရသည်။
သူ့အကြည့်တို့က ဆာစီးနီယာကို ဝါးစားတော့မလိုပင်။
"ကိုယ် မင်းနဲ့ အတူရှိချင်တယ် ဆာစီးနီယာ"
အေ့…
ဆာစီးနီယာ မထင်မှတ်ထားသော သူ့စကားကြောင့် အံ့သြလွန်း၍ ကြို့တစ်ချက်ထိုးမိသွားသည်။
"အဆင်ပြေရဲ့လား"
ဆာစီးနီယာ ၏ နောက်ကျောဘက်ကို ပုတ်ပေးရန် ပြင်လိုက်သော ဘန်၏ လက်သည် လမ်းတစ်ဝက်မှာပင် ရပ်တန့်သွားရသည်။ အကယ်၍ သူမကို ထိလိုက်လျှင် သူမ ပိုပြီး အံ့ဩသွားမလား မသိနိုင်ပေ။ သူမကို ထိတ်လန့်သွားစေရန် မရည်ရွယ်သော်လည်း သူမ ကြို့ထိုးနေတာလည်း မရပ်သေးပေ။
ဘန် သူမကို စိတ်ပူလာရပြီး ကြို့ထိုး ရပ်သွားသည့်အထိ သူမကို ထိထားချင်သော်လည်း သူမ လက်မောင်းသားပေါ် လက်တင်ထားရုံဖြင့် ကျေနပ်လိုက်ရသည်။
ဆာစီးနီယာ ထူးဆန်းနေသလို ခံစားရတယ်။ စူးရှနက်နဲလှသော သူ့မျက်လုံးကြောင့်လား သို့မဟုတ် လေးနက်နေသော သူ့မျက်နှာထားကြောင့်လား သူမ ဝေခွဲမရသော်လည်း သူမ ရင်ထဲ လှိုင်းထန်သွားရသည်။ဤခံစားချက်မှာ လွန်ခဲ့သော သုံးနှစ်က ခံစားချက်နှင့် ဆင်တူပေမယ့်လည်း အနည်းငယ် ကွဲပြားနေသည်။
ဘန်သည် လွန်ခဲ့သည့်သုံးနှစ်ကလို ပိန်သွယ်သွယ် လက်မောင်းများအား အရှက်ကြီးရှက်တတ်သဖြင့် လက်သမားဖြစ်ချင်သည့် ကောင်လေးတစ်ယောက် မဟုတ်တော့ပေ။ကြွက်သားများ အထစ်ထစ် ၊ အားရစရာ ခန္ဓာကိုယ်ကြီးနှင့် ယောက်ျားကြီးတစ်ယောက် ဖြစ်လို့နေပေပြီ။သူမ ဘန်၏ ပြောင်းလဲမှုများကို မျက်ဝါးထင်ထင် တွေ့လိုက်ရသောအခါ ရှက်လာရပြီး သူ့ကို မျက်လုံးချင်းပင် ဆိုင်မကြည့်ဝံ့တော့ချေ။
"ဆာစီးနီယာ…ဒီမှာ အရမ်းအန္တရာယ်များတယ် မလား"
သူ၏ လေးနက်သော လေသံက သူမ အတွေးများကို လွင့်ပျောက်သွားစေသည်။
သူမ ခံစားချက်များကို ဖယ်ထုတ်ရန် ကြိုးစားလိုက်သည်။
"ဘာလို့ မြို့တော်ကို မသွားတာလဲ"
"ဘာ… မြို့တော်…"
မထင်မှတ်ထားသော စကားကြောင့် အံ့အားသင့်သွားကာ ဆာစီးနီယာ က ပြန်မေးလိုက်သည်။
"သူတို့ ဆာစီးနီယာ ကို အန္တရာယ်ပြုဖို့ မကြိုးစားကြဘူးလား"
နှုတ်ခမ်းကိုခပ်ဖွဖွလှုပ်၍ နှိမ့်ချပြောဆိုရင်း Ben ၏ အတွေးများသည် စောစောက ဖြစ်ပျက်ခဲ့သော အရာဆီသို့ လှည့်ပတ်သွားခဲ့သည်။ သူမသည် မရင်းနှီးသောအမူအရာဖြင့် သူ့ကိုမြင်သောအခါ ခေတ္တမျှ အတွေးပျောက်သွားသည်။
'ရှင်က ကျွန်မကို အိမ်ရှေ့မင်းသားဆီ ခေါ်သွားမလား၊ဘာလား သေချာမှ မသိနိုင်တာ"
ဘန် သည် မူရင်းဝတ္ထုတွင် အိမ်ရှေ့မင်းသားနှင့် ရင်းနှီးသောမိတ်ဆွေဖြစ်သည်။ လွန်ခဲ့သည့် သုံးနှစ်က ဘန် ကို သူမ ယုံကြည်ခဲ့သော်လည်း ယခုလက်ရှိ ဘန် ကို သူမ ဆက်မယုံကြည်ရဲတော့ပေ။
သူရှင်းပြခဲ့သည့် သုံးနှစ်တာကာလသည် ကြမ်းတမ်းရက်စက်သော အဖြစ်များသာဖြစ်ပြီး သူမ အပြည့်အဝ နားလည်ပေးရန် သိပ်ဖြစ်နိုင်ခြေ မရှိချေ။
'ပြီးတော့ မြို့တော်...'
မြို့တော်တွင် သူမ တစ်ခါမှ အခြေချနေရန် မတွေးခဲ့ဖူးပေ။အိမ်ရှေ့မင်းသားလည်း မြို့တော်မှာရှိသလို တခြား သူမကို တိုက်ခိုက်ချင်သူများလည်း ရှိသည်။
ဆာစီးနီယာ သူတို့နှင့် မပတ်သက်ချင်တာကြောင့် မြို့တော်နှင့် ခပ်ဝေးဝေးမှာသာ အမြဲနေထိုင်ခဲ့သည်။ မူရင်းဝတ္ထုနှင့် မတူသည့် ဘဝတစ်ခုကို ရဖို့ သူမ အများကြီး ကြိုးစားခဲ့ရသည်။
ဒါကို ဘန် က မီးတွင်းထဲ တွင်းပို့ချင်နေတာလား…
ဆာစီးနီယာ ခေါင်းယမ်းလိုက်သည်။
ဘယ်လိုပဲ တွေးပါစေ၊ သူမ ဘန့်ကို ဗီလိန် တစ်ယောက်လို မြင်ကြည့်၍ မရပေ။
“သွားချင်ရင် တစ်ယောက်တည်းသွား…ရှင်နဲ့ မလိုက်ချင်ဘူး"
မြို့တော်ကို စွန့်စားပြီး သွားရလောက်အောင် သူမကိုယ်သူမ ယုံကြည်ချက် မရှိချေ။
လွန်ခဲ့တဲ့ သုံးနှစ်လောက်ကတည်းက သူ့ အပေါ်မှာ ထားခဲ့သည့် သူမ၏ ယုံကြည်မှုတွေ ဆုံးရှုံးပြီးကတည်းက တစ်ယောက်ကို တစ်ယောက် ခုမှ စသိ,ရသလို ခံစားချက်တွေ အသစ် ဖြစ်လို့နေသည်။
“ဒါဆို ကိုယ်လည်း ဒီရွာမှာ နေမယ်”
ဘန် က သူမ အဖြေကို မျှော်လင့်နေပုံရသည်။
"ဘယ်လို"
'သူ ဘာကိုဆိုလိုတာလဲ'
ဘန် တစ်ခုခုပြောလိုက်တိုင်း သူမ အံ့ဩနေရသော်လည်းဤစကားကိုတော့ အအံ့ဩဆုံးပင်။ ဘန်က သူမအား မြို့တော်သို့ သွားရန် ကြိုးစားပြီး သွေးဆောင်မည်ဟု မျှော်လင့်ထားသည်။ သို့သော်လည်း သူမ၏ ခန့်မှန်းချက် များသည် လှိုင်းလုံးကြီးတစ်လုံံးက ကမ်းခြေကို လာရိုက်လိုက်၍ တိုက်စား ပျောက်ကွယ်သွားသော သဲသောင်ပြင်ကြီးလို ဖြစ်သွားရ၏။
သူမ မှတ်မိသလောက်မှာ မြို့စားမင်း သည် မြို့တော်မှလွဲ၍ မည်သည့်နေရာမှာမှ အခြေချ မနေဖူးပေ။
'သူ ဒီရွာမှာ တစ်ကယ်နေလိုက်ရင် ဇာတ်လမ်းက ဘာဆက်ဖြစ်မလဲ'
စိတ်ရှုပ်လာသောကြောင့် ဆာစီးနီယာ တုံ့ဆိုင်းသွားရစဉ် သူက အတင်း တောင်းပန်လာသည်။
"ကျေးဇူးပြုပြီး ကိုယ့်ကို မင်းနဲ့နေခွင့်ပြုပါ"
တောင့်တနေသော သူ့မျက်လုံးများကို ကြည့်လိုက်ရင်း ဆာစီးနီယာ သည် သူမအဝတ်ကိုယ်သူမ ဆုပ်ကိုင်ထားမိသည်။
'ဒီလောက်နှစ်တွေ ကြာခါမှ သူပြန်လာပြီး ဒီလိုတွေ လာပြောနေတယ်…ငါ ဘာလုပ်ရမလဲ...'
စကားတစ်ခွန်းမှ မပြောဘဲ သူမ ရှေ့ကနေ တမင်တကာ ကိုယ်ရောင်ဖျောက်ခဲ့တာ မဟုတ်သော်လည်း သူ ပြန်မလာခဲ့တာ အမှန်ပင်။
သူ ချမ်းချမ်းသာသာ နေနေတာကို တွေ့ရတော့ သူမ ဝမ်းသာရသော်လည်း သူမ ခံစားခဲ့ရသည့် နာကျင်မှုနှင့် စိတ်ပျက်မှုတွေကို ဖျောက်ဖျက်လို့ မရသေးပေ။
"အရာရာက ကိုယ့်အမှားတွေပါ… တောင်းပန်ပါတယ်"
ဘန် က တောင်းပန်လိုက်သည်။ သူ၏ ကျယ်ဝန်းသော ပခုံးပြင်ကြီးများသည် ကူကယ်ရာမဲ့ နိမ့်ကျသွားကာ ဆာစီးနီယာ ၏ လက်များကို ကိုင်ထားသည့် သူ့လက်များသည်လည်း အနည်းငယ်တုန်ခါသွားသည်။
“…ဆာစီးနီယာ”
စိတ်ပျက်လက်ပျက် သူ့အသံက တိတ်ဆိတ်နေသည့် အခန်းထဲမှာ ထွက်ပေါ်လာသည်။
“ကျွန်တော်က အရှက်မရှိဘူးဆိုတာ ကောင်းကောင်းသိပါတယ်… ဒါပေမယ့် ကျေးဇူးပြုပြီး ဘာမှမပြောဘဲ ပျောက်မသွားပါနဲ့…ကျေးဇူးပြုပြီး ကိုယ့်ကို မထားခဲ့ပါနဲ့…”
မျက်တောင် တစ်ချက်ခတ်လျှင်တောင် သူမ ပျောက်ကွယ် သွားမလို သူ အလွန်တုန်လှုပ်နေသည်။ သူမ ငြင်းလိုက်လျှင် သူ ပြန်တက်လို့ မရနိုင်တော့သည့် အမှောင်နက်ကြီးထဲ ရောက်သွားမယ်ဆိုတာ သူမ သိသည်။
ထို့ကြောင့်လည်း ဆာစီးနီယာ ဘာမှ ပစ်ပစ်ခါခါ မပြောနိုင်ခဲ့ပေ။သူ့ခံစားချက်တွေကို သူမ လျစ်လျူမရှုပစ်နိုင်သလို ယုန်ကလေးနှာစေး နေလို့လည်း မဖြစ်ပြန်။
သူမ ခေါင်းမူးလာသည်…
ဆပ်ပြာနံ့သည် သူမ နှာဖျားအထိ စူးရှိနေတာကြောင့်လည်း ဖြစ်နိုင်သည်။ သို့သော် သူမ ဆပ်ပြာနံ့ကို အာရုံသိပ်စိုက်မနေတော့ပေ။
“…”
နောက်ဆုံးတွင် သူမ သူ့ထံမှ အကြည့် လွှဲလိုက်သည်။ ယခုလောလောဆယ် သူမ အဖြေမပေးနိုင်သော်လည်း သူက စောင့်နေပုံရသောကြောင့် ဝန်ထုပ်ဝန်ပိုး ဖြစ်နေရသည်။ ထို့အပြင် ယခုလည်း သူမကိုယ်သူမ ဘာဖြစ်ချင်လို့ဖြစ်နေမှန်း မသေချာမရောရာ ဖြစ်နေ၍ သူ့ရှေ့ကနေသာ ထွက်ပြေးချင်မိတော့သည်။
Xxxxx