အပိုင်း ၃၄
Viewers 12k

Chapter 34


“အစ်မ…အစောကြီးနိုးနေတာလား... ဟင်.. အဲ့ဒီလူလည်း ရောက်နေတယ်" 


ခဏအကြာတွင် မေက မျက်လုံးတွေကို ပွတ်သပ်ရင်း ထွက်သွားသည်။ ထိုအချိန်မှသာ ဆာစီးနီယာ စိတ်သက်သာရာရသွားတော့သည်။


 "မေ…ဗိုက်ဆာနေလား…နင့်အတွက် ငါ ဟင်းချက်ပေးမယ်လေ" 


ဆာစီးနီယာသည် မီးဖိုချောင်ကို ပြေးဖို့ အခွင့်ကောင်းဟု တွေးပြီး ပြေးသွားလိုက်သည်။


သို့သော်လည်း ခြေသံပြင်းပြင်းနှင့် လမ်းကို ခပ်မြန်မြန် လျှောက်သွားတာကြောင့် သူမ ပုံစံက အနည်းငယ် ပရမ်းပတာ နိုင်နေရသည်။


 " ဒါပေမယ့် အစားအသောက်က ညီမ..." 


မေ က ဆာစီးနီယာ ကိုကြည့်ရင်း ပျားတီးပျာယာ ပြောလိုက်သည်။ သူမက ပါးပြင်ကို ကုတ်လိုက်ပြီး နှစ်ယောက်သားကို တစ်လှည့်စီကြည့်ပြီး မကြာမီ ဆာစီးနီယာ နောက်ကို လိုက်သွားလေသည်။


"အစ်မက ဟင်းချက်မလို့လား…ညီမပဲ အမြဲချက်တာလေ"


 "ဒီနေ့ နင့်အစား ချက်ပေးချင်နေလို့လေ"


ဆာစီးနီယာ က မေ ကို အလိုက်သင့် ပြန်ပြောလိုက်သည်။  


"ဟမ်… တကယ်လား" 


မေ က ပြုံးပြီး ဆာစီးနီယာ ကို ကြည့်နေလေ၏။


ဆာစီးနီယာ သည် မေ့ ပုံစံကို သတိမထားမိဘဲ ဂျုံမှုန့်ကို ထုတ်လိုက်သည်။ယခုဆို သူမ စိတ်တွေ တော်တော်ငြိမ်သွားပြီဖြစ်သည်။


"ညီမတို့အိမ်ကို သူ ဘယ်တုန်းက ရောက်နေတာလဲ"


 "သူ တစ်ညလုံး တံခါးအပြင်မှာ နေနေတာ...ဘယ်လို ဝင်လာလဲတော့မသိဘူး" 


"အံ့သြစရာပဲ"


မေက သဘောကျစွာ ရေရွတ်ရင်း လက်ခုပ်တီး၍ ပျော်ရွှင်နေသည်။ ဆာစီးနီယာ သည် ယနေ့ သုံးယောက်စာ ချက်ပြုတ်ရမည် ဖြစ်သောကြောင့် ခါတိုင်းထက် ဂျုံမှုန့်ကို ပိုပိုသာသာလေးထည့်ပြီး  ရေထည့်လိုက်သည်။


 “ဟူး…”


ဘန်သည် မီးဖိုရှေ့မှာ တစ်ယောက်တည်း ကျန်ခဲ့သည်။  သူအမြဲ တောင့်တခဲ့သော ဆာစီးနီယာ ကို ဘယ်သောအခါမှ မျက်စိရှေ့က အပျောက်မခံတော့ဟု ဆုံးဖြတ်ထားသည်။ ခဏလောက် မျက်စိမှိတ်လိုက်လျှင်တောင် တံလျှပ်တစ်ခုလို ပျောက်ကွယ်သွားမှာ သူစိုးရိမ်နေမိသည်။ အရင်တုန်းကတော့ မြို့စားမင်း ပိုင်နက်တွင် ရံဖန်ရံခါ သူ့စိတ်ကူးထဲတွင် ဆာစီးနီယာ ကို မြင်ဖူးသည်။ သို့သော်လည်း သူမပုံရိပ်သည် မျက်စိတစ်မှိတ်အတွင်း မီးခိုးလို ပျောက်ကွယ်သွားသော အတွေးအမြင်တစ်ခုမျှသာ ဖြစ်သည်။


ဘန် သည် ဆာစီးနီယာ လက်နှင့် ကိုင်ခဲ့ဖူးသော သူ့လက်ကို စိုက်ကြည့်နေသည်။ သူ့လက်ချောင်းတွေက နွေးထွေးဆဲပင်။ပျောက်ကွယ်သွားသော သူမ ခန္ဓာကိုယ် အပူချိန်ကြောင့် စိတ်ပျက်လက်ပျက် ခံစားရချိန်တွင် ထင်းမီးတောက်သံ တဖျစ်ဖျစ် ထွက်ပေါ်လာသည်။ နွေးထွေးမှုရှိပြီး လုံခြုံလှသော သူမ အိမ်ထဲတွင် ရှိနေရသည်မှာ သူ လိုချင်ခဲ့သော ဆန္ဒတစ်ခုပင်။


 "စာလေး ဘာလေးတောင် မရေးနိုင်ဘူးလား"


ရုတ်တရက် သူမ စကားကို သတိရသွားသည်။ သူ မသိလိုက်ခင်မှာပင် သူ့လက်သီးဆုပ်ထဲတွင် စိမ်းပြာရောင်သွေးပြန်ကြော တစ်ခု ထင်းကနဲ ပေါ်လာရသည်။


ဆာစီးနီယာ သည် သူ ပေးခဲ့သော စာများကို တစ်စောင်တောင်မှ လက်မခံခဲ့ပေ။


 


' ဘယ်သူက နှောင့်ယှက်နေတာလဲ' 


ဘန် ၏ မျက်လုံးများက စူးရဲစွာ တောက်ပနေသည်။


* * * 


မီးဖိုနားတွင် စောင်တစ်ထည်ကို ဖြန့်ခင်းရင်း ဆာစီးနီယာက ပြောလိုက်သည်။


 “မိုးတိတ်တဲ့ အထိပဲနော်” 


ဘန် က သူမဘေးတွင်ရပ်နေပြီး စိတ်ပျက်လက်ပျက်ဖြင့် သူမကို ကြည့်နေသည်။ 


"အဲ့လိုကြည့်နေလို့လည်း အသုံးမဝင်ဘူး" 


ဝမ်းနည်းပူဆွေးမှုတွေ ပြည့်နှက်နေသည့် သူ့မျက်နှာကိုကြည့်ပြီး သူမ စိတ်ပျော့သွားမှာစိုး၍ ခင်းစောင်ပေါ် ခေါင်းအုံး အမြန်တင်လိုက်သည်။


တစ်နေ့လုံး မိုးသည်းလွန်းသဖြင့် အပြင်သို့ ခြေတစ်လှမ်းတောင် ထွက်လို့မရချေ။ နောက်ဆုံး သူမလည်းလုပ်စရာများ ဆက်လုပ်မနေတော့ပေ။ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့်ကောင်းကင်တစ်ခုလုံး မည်းမှောင်နေ၏။ ဘန် က သူ့မှာ သွားစရာနေရာမရှိဘူးဟု ပြောသဖြင့် ဧည့်ခန်း၏ တစ်ဖက်ခြမ်းမှာ စောင်တစ်ထည်ကို သူမ ဖြန့်ခင်းပေးလိုက်သည်။မိုးရွာနေတာကြောင့် သူ မိုးရေထဲထွက်သွားမှာကို သူမ မလိုလားပေ။အဘယ်ကြောင့်ဆိုသော် သူမတွင် လူသားချင်း စာနာ စိတ်ကလေး ရှိနေတာကြောင့်ပင်။


 “ဆာစီးနီယာ… အတူတူ…” 


'ကိုယ်တို့ အတူတူအိပ်လို့ မရဘူးလား'


သို့သော်လည်း ဘန် က ကျန်စကားတွေကို မျိုသိပ်ထားလိုက်သည်။ သူသာ ကျန်စကားများကို ပြောလိုက်လျှင် မနက်ဖြန်မှ မဟုတ်ပဲ အခုချက်ချင်းနှင်ထုတ်ခံရလိမ့်မှာ မလွဲပေ။ ထို့အပြင် ယနေ့ သူမကို အံ့အားသင့်သွားအောင် ကိုယ်ထင်လာပြ ပြီးဖြစ်သောကြောင့် နောက်ထပ် မအံ့ဩစေချင်တော့ပေ။


"ဟင်…ရှင်ဘာပြောလိုက်တာလဲ"


 "ဘာမှမဟုတ်ပါဘူး…ကျေးဇူးတင်ပါတယ်နော်"


ဘန် သည် စိတ်ပျက်နသော မျက်နှာထားကို ပြင်လိုက်ပြီး အိပ်ယာခင်းပေါ်  ထိုင်ချလိုက်သည်။ လက်ကို အရင်ကလို ကိုင်ထားပြီး အိပ်လို့မရသည့်အတွက် သူ စိတ်ဆိုးမိလေသည်။


 "ဒါဆို အိပ်တော့"


ထို့နောက် ဆာစီးနီယာ သည် သူမ အခန်းဆီ သွားလိုက်သည်။ သူမ နောက်ကျောကို သူ စိုက်ကြည့်နေမှန်း သိသော်လည်း မသိကျိုးကျွံပြုလိုက်သည်။


 “ ဆာစီးနီယာ လည်း အိပ်တော့လေ…” 


ဘန် သည် သူမ အခန်းထဲဝင်ကာ တံခါးပိတ်သည်အထိ ကြည့်နေတော့သည်။ အနည်းဆုံး တစ်ခေါက်လောက်တော့ သူမ လှည့်ကြည့်လိမ့်မည်ဟု သူ ထင်ထားမိသည်။ သို့သော် သူမက တစ်ချက်တောင် လှည့်မကြည့်ပေ။


သူ့နှလုံးသားက ခါးသီးစွာ တုန်ရီနေပြီး နာကျင်နေရသော်လည်း ခံစားချက်တွေကို မျိုသိပ်ထားလိုက်သည်။


 “အေးဆေးပေါ့" 


သူ ခိုကိုးရာမဲ့ ခံစားနေရကာ ဝမ်းနည်းသံကလေးနှင့် တိုးတိုးကလေး ရေရွတ်လိုက်သည်။ ဘာပဲဖြစ်နေနေ သူ ဆာစီးနီယာ ဆီ မရရအောင် ချဉ်းကပ်မည် ဖြစ်သည်။ 


ဘန်က ဆာစီးနီယာ ခင်းပေးထားသော စောင်အထူကြီး အောက်မှာ ဝင်အိပ်လိုက်သည်။ သူမျှော်လင့်ထားသည့်အတိုင်း စောင်ကြီးမှာ နွေးထွေးလှပြီး သက်တောင့်သက်သာ ရှိနေသည်။ 


ထို့နောက် ဘန် ဟိုလူးဒီလှိမ့် သုးပတ်လောက် လှိမ့်လိုက်မိလေသည်။ သူမ နှင့် ဘယ်လိုလုပ်မှ အတူနေလို့ရမလဲ ဆိုသည်ကို သူ တွေးနေသော်လည်း ဘာအကြံမှ ပေါ်မလာကြချေ။ 


ဘန် စိတ်ပျက်လက်ပျက် ညည်းတွားလိုက်မိသည်။


 'ဘာလုပ်ရမလဲ' 


ဤနေရာက သူမအတွက် အန္တရာယ်များလွန်းလှသည်။ အန္တရာယ်တွင်း၌ သူမ တစ်ယောက်တည်း နေထိုင်ရန် မဖြစ်နိုင်ပေ။သို့သော်လည်း ဆာစီးနီယာ က သာ ဤရွာမှာ နေမည်ဟု ပြောထားသဖြင့် သူလည်း အလုပ်တွေအားလုံး ပစ်ထားပြီး သူမနှင့် ဒီရွာမှာသာ အတူနေမည်ဖြစ်သည်။


သို့သော်လည်း ဆာစီးနီယာ ကို ဒီရွာမှာ သူ မနေစေချင်တော့ပေ။အကြောင်းမှာ ရွာသားများက သူမကို မလိုလားကြဘဲ  ရန်လိုနေ ကြတာကြောင့်ပင်။


'သူမ တခြားရွာကို ပြောင်းရင်ပြောင်း… မဟုတ်ရင်…ငါ အကုန် ရှင်းပစ်မယ်' 


'‌ နေပါဦး…ငါ ဒီရွာကို ဖျက်ရမှာလား'


ရွာကို ဖျက်ပစ်ဖို့ဆိုသည်မှာ ကြောက်စရာကောင်းလှသည့် အကြံဖြစ်သော်လည်း ဆာစီးနီယာ အတွက်ဆို သူမလုပ်နိုင်တာ ဘာမှမရှိပေ။ 


သူ့မျက်ခုံးသည် လေးလေးနက်နက်တွေးလိုက်သဖြင့် တွန့်ချိုးသွားရသည်။သေချာ ပြန်တွေးကြည့်လိုက်တော့လည်း ထိုအကြံမှာ သိပ်မဆိုးပေ။ဆာစီးနီယာ သိသွားရင်‌တော့ လန့်သွားနိုင်ပြီး အသိစိတ်လေးရှိပါဦးဟုလည်း အပြောခံရနိုင်သည်။


ဘန် သည် အံသြနေသော သူမ မျက်နှာကို မြင်‌ယောင်နေရင်း ပြုံးလိုက်မိသည်။


ဆာစီးနီယာ သည် သူမကိုယ်သူမထက် သူမ ဘေးနားက လူများကို စိုးရိမ်ပူပန်တတ်သူ ဖြစ်သည်။ သူမ၏ စွမ်းအားကို ပေါ့ပေါ့တန်တန် ထုတ်မပြတတ်ဘဲ အားနည်းသူများနှင့် နုနယ်သူများကို လေးစားပြီး ကာကွယ်ပေးတတ်သူပင်။


တစ်ချိန်က သူ့ကို ကယ်ပေးခဲ့သဖြင့် ဆာစီးနီယာနှင့် ပတ်သက်လျှင် အားလုံး အကောင်းချည်းသာ ဖြစ်သည်။သို့သော် ယခုတော့ သူမကို ပြန်ကူညီနိုင်လောက်သည်အထိ အာဏာကြီးမားသူ တစ်ဦးဖြစ်နေပေပြီ။


သူ့‌ခြေ၊သူ့လက်၊သူ့အစွမ်းအစနှင့် သူမကို ကာကွယ်ဖို့ အချိန်တန်ပြီဖြစ်၍ သူ ရောက်လာရခြင်းပင်။


ထိုစဉ် တံခါးဖွင့်သံကြားသဖြင့် ဘန် လှည့်ကြည့်လိုက်သည်။


 "ဆာစီးနီယာ"


ဘန် ချက်ချင်းပင် ထထိုင်လိုက်သည်။ ဆာစီးနီယာ သည် တံခါးဖွင့်ပြီး သူ့ဆီ လျှောက်လာနေသည်ကို သူမြင်လိုက်ရသည်။


'ရင်ပြင်မှာတုန်းက ဘာဖြစ်သွားလို့ သူမ အခုထိ အိပ်မပျော်သေးတာလဲ' 


သူ စိုးရိမ်စိတ်ဖြင့် သူမဆီ သွားလိုက်သည်။


“…”


ဘန် က သူမနာမည်ကို ခေါ်တာတောင် ဆာစီးနီယာမှာ နှုတ်ဆိတ်နေသည်။ သူမသည် ဦးတည်ချက်မဲ့သွားသော လူတစ်ယောက်လို တွေတွေကြီး လမ်းလျှောက်နေသည်။ 


"ဆာစီးနီယာ မင်း အဆင်ပြေရဲ့လား"


ဘန်က သူမလက်ကို ဂရုတစိုက်ဆုပ်ကိုင်လိုက်ပြီး မကြာမီ ဆာစီးနီယာ လဲကျသွားသည်။


"ဆာစီးနီယာ" 


သို့သော်လည်း သူမ ပြန်လည်းမပြောပေ။


ဆာစီးနီယာ သည် လဲနေရာမှ ပြန်ထပြီး ရှေ့သွားရန် ကြိုးစားသော်လည်း သူမလက်ကို ဘန်က ကိုင်ထားသောကြောင့် နေရာတွင်ပင် လှုပ်ရွနေ‌သည်။


ဆာစီးနီယာမှာ ထူးဆန်းနေကြောင်း ဘန် လည်း သတိပြုမိသည်။ပျက်နေသည့် အရုပ်လေးတစ်ရုပ်လို လမ်းလျှောက်ရင်း သူမ  ခန္ဓာကိုယ်က အိပ်ပျော်နေသူလို ပျော့ဖတ်နေသည်။ 


သူမ ဘာတွေဖြစ်နေမှန်း မသိတာ‌ကြောင့် ဘန် စိတ်ပူနေမိသည်။ 


သူမ နာမည်ကို ခေါ်ဖို့ ပါးစပ်ဟ,လိုက်သော်လည်း သက်ပြင်းသာချမိတော့သည်။


ဟာ…


ဆာစီးနီယာ သည်  ရုတ်တရက် ဘန် ၏ ရင်ဘတ်ပေါ်တွင် မျက်နှာအပ်ထားလိုက်သည်။ ဘန် သည် သူ့နှလုံးသားထဲကို စိမ့်ဝင်သွားသည့်  မွှေးပျံ့ပြီး နွေးထွေးသော သူမ၏ ကိုယ်သင်းနံ့ကြောင့် မှင်တက်သွားရသည်။ သူမ၏ အသက်ရှုသံများကိုတောင် သူ သိပ်မကြားရတော့ပေ။


သူမ အတွက် စိတ်ပူနေပေမယ့်လည်း သူမ လက်နှင့် ထိလိုက်ရုံဖြင့် သူ့နှလုံးသားမှာ ခုန်ပေါက် နေရတော့သည်။


 'ငါတော့ ရူးတော့မှာပဲ'


ပူလောင်နေသော ရင်ဘတ်ကြီးကို သူ လျစ်လျူရှုရန် ကြိုးစားပြီး သူမ ကိုယ်ကို ထိန်းထားရသည်။သို့သော် သူ့လက်ဖဝါးအောက်က နူးညံ့နေသော အသားစိုင်တို့က သူ့နှလုံးခုန်နှုန်းကို ပိုမြန်စေသည်။


 “ဆာစီးနီယာ…” 


ခက်ခက်ခဲခဲ တံတွေး မျိုချရင်း ဘန် က သူမကို စိုးရိမ်တကြီး ခေါ်နေတော့သည်။  သူ့လည်ချောင်းမှာ ပူလောင်ရသည့်အတွက် တံတွေးကို အကြိမ်ကြိမ် မျိုချနေရတော့သည်။ သူမကိုယ်ကို ညင်ညင်သာသာလေး ခါကြည့်သော်လည်း နိုးမလာသေးချေ။


“သူမ အိပ်နေတာပါ”


ဘန်က ရုတ်တရက် ထွက်လာသော အသံကြောင့် ဆာစီးနီယာ ကို သူ့ရင်ခွင်ထဲတွင် ကာကွယ်ပေးသလိုပုံနှင့် ပွေ့ဖက်ထားလိုက်သည်။ သူက ဆာစီးနီယာ ကို တင်းတင်းကျပ်ကျပ် ဖက်ထားရင်း တစ်ဖက်လှည့်ကြည့်လိုက်ရာ အခန်းရှေ့မှာ ရပ်နေသော မေ့ကို တွေ့ရ၏။


"အိပ်နေတယ် ဟုတ်လား"


“ဟုတ်တယ်…အိပ်နေတာ"


ဘန်လည်း အခုမှ ပြန်တွေးကြည့်လိုက်ရာ စောစောက ဆာစီးနီယာ၏ ဟန်ပန်ကို သတိရသွားသည်။သူမပုံစံမှာ လုံးဝ အိပ်ပျော်နေသူ တစ်ယောက်လိုပင်။


'ဒါပေမယ့် အိပ်ပျော်နေတဲ့လူက အခန်းထဲကနေ ဘယ်လိုထွက်ပြီး လျှောက်သွားနေတာလဲ…'


ဘန် က စိတ်ရှုပ်ထွေးစွာဖြင့် မေ့ကို မေးလိုက်သည်။


 


"ဘာကိုဆိုလိုတာလဲ" 


အနီးကပ်လာသောအခါ ဘန် သည် သူ့ရင်ခွင်ထဲတွင် ရှိနေသော ဆာစီးနီယာကို သနားစဖွယ် ကြည့်နေသည်။


"ထယောင်နေတာကို ပြောတာလေ" 


'ဪ…ကျွန်တော် ကြားဖူးတယ်'


အိပ်ပျော်နေစဉ် လမ်းလျှောက်ပြီး နိုးနေသူတစ်ယောက်လို ပုံမှန်အတိုင်း လုပ်နေတတ်သည့် ရောဂါတစ်မျိုးပင်။


 "ကျွန်တော့်ကို ထပ်ပြီးပြောပြပါဦး" 


ဘန် ၏ အသံမှာ အေးစက်သွားရသည်။ မထင်မှတ်ထားသော စကားကြောင့် သူ့ရင်ထဲ လှိုင်းထန်သွားရသည်။


Xxxxxxx