အပိုင်း ၃၅
Viewers 12k

Chapter 35


“လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကတည်းက သူမ အိပ်နေရင်း တစ်ခါတစ်လေ  လမ်းထလျှောက်တာကို တွေ့ဖူးတယ်…ဒီရက်ပိုင်းမှာ ပိုအဖြစ်များလာတယ်” 


"လွန်ခဲ့တဲ့ ၂ နှစ်ကတည်းက ဒီလိုဖြစ်နေတာလား..." 


"ကျွန်မနဲ့ မတွေ့ခင်ကတည်းက ဒီလိုအကျင့် ရှိနေတာထင်တယ်"


ဘန် သည် သူ့လက်ထဲတွင် ရှိနေဆဲဖြစ်သော ဆာစီးနီယာ ကို ကြည့်လိုက်သည်။ ဆာစီးနီယာ ၏ ခန္ဓာကိုယ်သည် အလွန်သေးသွယ်သောကြောင့် သူမကို လက်တစ်ဖက်ဖြင့် ကိုင်ထားလို့ရသည်။


ထို့အပြင် သူမသည် လွန်ခဲ့သော ၃ နှစ်ကနှင့် ယှဉ်လျှင် ပိုပိန်လာသည်။ 


"အရင်ကထက် အများကြီးပိန်သွားတယ်" 


ဘန် ၏ မျက်လုံးများသည် စိုးရိမ်မှုဖြင့် အနည်းငယ် တုန်လှုပ်သွားရသည်။


 "သူမက ပုံမှန်လည်း အစား မစားဘူး" 


"ဘာလို့လဲ…"


 "ကျွန်မလည်း မသိဘူး… ဒါပေမယ့် အခုတော့ အရင်ကထက်စာရင် အများကြီး ပိုကောင်းလာပါပြီ” 


စကားပြောနေသည့် မေ၏ လေသံက အနည်းငယ် စူးရှနေသည်။ သူမ ဘန် ကို  နာကြည်းနေခြင်း ဖြစ်သည်။


 'သူ ဆာစီးနီယာ ဆီကို ပြန်လာမယ်ဆိုရင်လည်း စောစောလာခဲ့သင့်တယ်' 


ဘန် သာ စောစောလာခဲ့လျှင် ဆာစီးနီယာ လည်း မနေ့ကလို အဖြစ်မျိုး ကြုံတွေ့ရမှာ မဟုတ်ပေ။ ဘန် ကို သူမ မနှစ်မြို့သော်လည်း ဆာစီးနီယာ ၏အသက်ကို ကယ်တင်ခဲ့သည့်အတွက် ကျေးဇူးတင်မိသည်။သို့သော်လည်း ဆာစီးနီယာ ကသာ အခရာကျဖြင့် ဘန် ဒီရွာမှာဆက်နေဖို့သင့်၊မသင့်ကို သူမကသာ ဆုံးဖြတ်လိမ့်မည်။သူမလည်း ဆာစီးနီယာ သဘောထားကို လေးစားပေးမည်သာ ဖြစ်၏။


 "ကျွန်တော်နားလည်ပါပြီ… သူမကို အခန်းထဲ ပြန်ပို့ပေးလိုက်ပါ့မယ်"


ဘန် သည် ဆာစီးနီယာ ကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်လိုက်သည်။ သူမ၏ လက်များသည် လေထဲကို ခိုကိုးရာမဲ့ ပြုတ်ကျသွားသည်။ သူမ၏ ဖြူဖွေးသွယ်လျသော လက်မောင်းများသည် အချိန်မရွေး ကွဲသွားတော့မည့် ဖန်ခွက်ကလေးတစ်လုံးကို အုဖက်နေသည်။ 


သူ မရှိချိန်မှာ သူမ တစ်ယောက်တည်း ဘယ်လို ခံစားနေခဲ့ရသည်ကို သတိရသောအခါ ဘန် ၏နှလုံးသားမှာ နာကျင်နေရသည်။ မြှားတစ်စင်းက သူ့နှလုံးသားကို ထိုးဖောက်သွားသလို ခံစားရပြီး သူ့မျက်လုံးများမှာလည်း အနည်းငယ် တုန်ရီနေသည်။ 


မေ သည် ဘန် ၏ လုပ်ရပ်ကို တိတ်တဆိတ် စောင့်ကြည့်နေသည်။ ဆာစီးနီယာ ကို သူ့လက်ထဲ အပ်လိုက်လျှင် သူမ အတွက် အဆင်ပြေ၊မပြေ စဉ်းစားနေပုံရသည်။သို့သော်လည်း သူမ၏ စိုးရိမ်မှုတွေ ချက်ချင်းပျောက်ရှသွားရသည်။အကြောင်းမှာ ဆာစီးနီယာ ကို ကြည့်နေသော ဘန်၏ အကြည့်များသည် အချစ်စိတ်အပြည့်ရှိပြီး ရိုးသား ဖြူစင်နေသောကြောင့်ဖြစ်သည်။ ဆာစီးနီယာ အတွက် သူ့ခံစားချက်များသည် အလွန်ထင်ရှားနေတာကြောင့် သူမလည်း တားမြစ်မနေတော့ပေ။


 "ဟုတ်ကဲ့… ဒါဆို သူမကို ဂရုစိုက်ပါနော်" 


သို့တိုင် သူမ စိတ်ပူနေမိသည်။ထို့ ကြောင့် ဘန် ဆာစီးနီယာကို အခန်းထဲ ခေါ်မသွားမချင်း အကြာကြီး ရပ်ကြည့်ပြီးကာမှ သူမလည်း ကိုယ့်အခန်းကိုယ် ပြန်နိုင်တော့သည်။


ဘန် သည် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားသော ဆာစီးနီယာ နိုးလာမှာကို စိုးရိမ်သဖြင့် ညင်ညင်သာသာပင် ပွေ့ခေါ်သွားပေးသည်။သူမ အခန်းထဲ ဝင်လာပြီး ဆာစီးနီယာ ကို ကုတင်ပေါ် ချက်ချင်း တင်ပေးလိုက်သည်။ သူမ၏ အနီရောင်ဆံပင်ရှည်များသည် ပန်းပွင့်ချပ်များ ဖြန့်ထားသလို အဖြူရောင်အိပ်ယာပေါ်တွင် ဝဲဖြာနေသည်။


ဆာစီးနီယာ နှင့်ပတ်သက်သမျှ အရာအားလုံးသည် သိပ်လက်တွေ့မဆန်လှဘဲ အိမ်မက်တစ်ခုလိုပင် လှလွန်းသည်။ 


ဘန် သည် ယခုအခြေအနေမှာ အိပ်မက်မဟုတ်ကြောင်း သေချာစေရန် ခေါင်းကို ပြင်းပြင်းထန်ထန် ခါယမ်းလိုက်သည်။ သူ ကုတင်ကို ပြန်ကြည့်လိုက်တော့ သူမ အိပ်ပျော်နေဆဲ။


 'အိပ်မက်မဟုတ်ဘူး…တစ်ကယ်ဖြစ်နေတာပဲ'


 "ဆာစီးနီယာ" 


တောင့်တခြင်းနှင့် စောင့်မျှော်ခြင်းတို့ ပြည့်နှက်နေသော သူ့အသံမှာ ပဲ့တင်သံ ထွက်လာရသည်။ သူမ နာမည်ကို ဘန် အကြိမ်ပေါင်း သောင်းချီခေါ်နေသည်။ အရင်က မြူခိုးအဖြစ်သာ တွေ့ခဲ့ရသည့် သူမ ပုံရိပ်အစား တစ်ကယ်လက်တွေ့ ဖြစ်လာရသဖြင့် သူ ‌အတိုင်းမသိ ပျော်နေရလေသည်။


 “သူမ နေမကောင်း မဖြစ်ပါစေနဲ့… ကျေးဇူးပြုပြီး…" 


ဘန်က အေးစက်နေသော ကြမ်းပြင်ပေါ်တွင် ထိုင်ကာ သူမကို ကြည့်နေသည်။ သူမ၏ အသားအရည်သည် တိမ်ညိုများ ဖုံးလွှမ်းနေသော လရောင် မှိန်မှိန်အောက်တွင် တောက်ပနေသည်။ သူမ၏ ဆွဲဆောင်မှုရှိသော အသွင်အပြင်ကြောင့် ဘန် ၏နှလုံးသည် အကြမ်းပတမ်း ခုန်နေရသည်။ 


တောက်ပနေသော သူမ မျက်နှာဆီသို့ ငေးကြည့်လိုက်သည်။ ရှည်လျားပြီး မာကျောသန်မာလှသည့် သူ့လက်ချောင်းတွေက သူမ၏ မျက်လုံး၊ နှာခေါင်းကို တစ်ခုချင်း ပွတ်သပ်နေကြ၏။နောက်ဆုံး နှုတ်ခမ်းဖူးဖူးလေးဆီ ရောက်မှသာ ထိုလက်များ ရပ်သွားတော့သည်။


“အင်…"


ချက်ချင်းပင် ဆာစီးနီယာ ၏ နှုတ်ခမ်းမှာ လှုပ်ခါသွားရသည်။ တစ်ချိန်တည်းမှာပင် ဘန်လည်း အသက်ရှူရပ်သွားသည်။ 


ဆာစီးနီယာ သည် လေသံတိုးတိုးလေးဖြင့်သာ ညည်းလိုက်သော်လည်း ဘန့် အတွက်တော့ တော်တော် ခံစားလိုက်ရသည်။ချက်ချင်းပင် သူမကို နမ်းလိုစိတ်များ ပြင်းပြလာပြီး ဓာတ်လိုက်ခံလိုက်ရသလို သူ့စိတ်တွေ ထွေပြားသွားရသည်။ သူ့နှလုံးခုန်သံမှာလည်း အရင်ကထက် ပိုမြန်လာပြီး နားထဲထိပါ ပဲ့တင်ထပ်နေကြသည်။


ဘန် သည် နီရဲနေသော သူ့ပါးပြင်ကို ထိကြည့်လိုက်ရာ ပူကျစ်နေသဖြင့် အဖျားရှိနေသလိုပင်။ သူမကို မနှိုးချင်သောကြောင့် တုန်လှုပ်နေသော နှလုံးသားကို ငြိမ်သက်သွားစေရန်အတွက် သူ့ကိုယ်ဟန် အနေအထားကို ပြောင်းထိုင်လိုက်သည်။ အသက်ပြင်းပြင်းရှူပြီး သူ့စိတ်တွေ တည်ငြိမ်လာဖို့ လုပ်လိုက်သည်။


 “အမ်…” 


ထိုအသံကြောင့် သူ တစ်ဖက်ပြန်လှည့်လိုက်ရာ ဆာစီးနီယာ သည် သူ့ဘေးနား ‌အတော် ကပ်နေသည်ကို တွေ့လိုက်ရသည်။ ဘန် သည် သူမ မျက်နှာကို မက်မောစွာ ကြည့်လိုက်သည်။ 


သူမကို စွဲလန်းနေခဲ့ရသူဖြစ်၍ ထိန်းချုပ်နိုင်စွမ်းမရှိတော့ဘဲ သူ တစိမ့်စိမ့်ကြည့်နေမိတော့သည်။အခုနေ သူမ နိုးလာလျှင်လည်း ငြသ်းမနေဘဲ၊ဗြောင်ကြည့်မည်ဟု သူ ဆုံးဖြတ်ထားသဖြင့် ဇိမ်ပြေနပြေ ထိုင်ကြည့်နေတော့သည်။တုန်ရီနေသော သူ့လက်က သူမ ဆံနွယ်များကို ဂရုတစိုက် ဆုပ်ကိုင်ထားလိုက်သည်။ သူမကို ထိချင်သော်လည်း ထိန်းမရမှာစိုး၍ ဆံနွယ်များကိုသာ ထိလိုက်ခြင်း ဖြစ်သည်။


  "ငါ သူမကို ထပ်ပြီး လက်မလွှတ်တော့ဘူး"


ထို့နောက် သူ့နှုတ်ခမ်းတွေက နီရဲနေသည့် ဆံပင်တွေကို အနမ်းရှည်ကြီးဖြင့် ထိကပ်လိုက်သည်။ဘန်သည် သူ့နှုတ်ခမ်းကိုသူ တစ်ခါတည်းမနမ်းပါဟု ‌ကျိန်တွယ်သစ္စာဆိုထားသလိုပင် နောက်တစ်ခါ ထပ်နမ်းလိုက်ပြန်သည်။


 


* * *


“အင်း…”


ဆာစီးနီယာ၏ နှုတ်ခမ်းနီရဲရဲဆီမှ ညည်းသံ ထွက်လာသည်။ သူမသည် အလွန်ချိုမြိန်သော အိပ်မက်ထဲတွင် ရှိနေပြီး  မိုးသံကလည်း သူမကို တေးသွားတစ်ခုလို ချော့သိပ်‌နေသည်။


သူမ နားအုပ်ရန် ခေါင်းအုံးကို ဆွဲချင်သော်လည်း သူမ အုံးထားသဖြင့် လက်လျော့လိုက်ရတော့သည်။ထို့အပြင် နားကြပ်ဖြင့် အုပ်ထားရန် နားကြပ်လည်းမရှိသဖြင့် အမြန်လက်လျှော့လိုက်ပြီး အိပ်လိုက်သည်။ 


'အဲ့ဒီပြတင်းပေါက်မှာ လိုက်ကာတစ်ခု တော့ တပ်သင့်နေပြီ'


လိုက်ကာတွေ ချထားလျှင် အပြင်က အသံ လျော့သွားမလားဆိုပြီး တွေးနေသော်လည်း ဒီရွာမှာ ဆက်မနေချင်တော့သဖြင့် ထိုအကြံကိုလည်း ပယ်ချလိုက်သည်။ သူမ နိုးလာသည်မှာ အချိန်အတော်ကြာပြီ ဖြစ်သော်လည်း ပျော့ပျောင်းနူးညံ့သော အိပ်ယာခင်းများနှင့် သက်တောင့်သက်သာရှိသော စောင်များကြောင့် သူမ မထချင်သေးပေ။


 မိုးရွာနေသောကြောင့် လေညှင်းက အေးနေသဖြင့် သူမ လန်းဆန်းသွားရသည်။ ကံကောင်းစွာနှင့် ယနေ့ တခြားနေရာမှာမဟုတ်ဘဲ အိပ်ရာထဲမှာသာ နိုးလာခြင်းပင်။


' မနေ့ညက အစောကြီး အိပ်ပျော်သွားလို့ ထမယောင်တာလား မသိဘူး'


 ဧည့်ခန်းထဲမှာ အိပ်နေသည့် ဘန် သာ သူမ ယောင်နေချိန်နှင့် မိသွားပါက သူလည်း စိတ်ကောင်းမှာ မဟုတ်ချေ။


 'သူငါ့ကို ရွံတောင် ရွံသွားလိမ့်မယ်' 


 သူမ ကောင်းကောင်း အိပ်မပျော်သည်မှာ ကြာခဲ့ပြီ။ ယခုတော့ အိပ်ရေးဝသွားရသဖြင့် အားရပါးရ ပြုံးလိုက်မိသည်။


သူမ တစ်ခါမှ မနိုးလာဘဲ အိပ်ပျော်သွားရသည်မှာ သုံးနှစ်ကာလအတွင်း ပထမဆုံး အကြိမ်ပင်ဖြစ်သည်။ ပြတင်းပေါက်မှ မိုးသံကို ကြားနေရသေးသော်လည်း သူမ စိတ်ထဲ ငြိမ်သက်သွားရသည်။ 


ယနေ့ မိုးတိတ်တော့မည်ဟု သူမ ထင်ထသော်လည်း မိုးက ပိုအားကောင်းလာသည်။


 'ဘန် ကို ဘယ်လို လုပ်ရမှာလဲ...' 


မိုးမတိတ်မချင်း သူ့ကို ဒီအိမ်မှာ ထားမည်ဟု ပြောထားတာကို သတိရလိုက်သည်။ ယခုပုံအတိုင်းဆို သူ နောက်နေ့လောက်အထိ နေရပေဦးရော့မည်။


 “အင်း… မသိတော့ဘူးကွာ"


ထို့နောက် သူမသည် ရှုပ်ပွနေသော ဆံပင်များကို အမြန်စုစည်းကာ ခြေထောက်ကို ခုတင်အောက်ချလိုက်သည်။


 ရုတ်တရက် သူမ ခြေထောက်နှင့် တစ်ခုခုကို တက်နင်းမိသလို ခံစားလိုက်ရသည်။ အံ့အားသင့်သွားရပြီး သူမ အောက်ကို အမြန်ငုံ့ကြည့်လိုက်ရာ Ben သည် အေးစက်နေသော ကြမ်းပြင်ပေါ်မှာ ပက်လက်အိပ်နေသည်ကို တွေ့လိုက်ရသည်


သူမ အကြည့်တွေက ကြမ်းပြင်ပေါ်မှ ခွာမရဖြစ်နေသည်။


ဘန် သည် အခြားသူများထက် အအေးဒဏ်ကို ခံနိုင်ရည်မရှိသဖြင့် သူမအမြန်ထပြီး မီးဖိုထဲသို့ ထင်းများ ထည့်ထားလိုက်သည်။


 'အအေးမိရင် ဘယ်လိုလုပ်မလဲ...'


 “ဘန်…ထတော့"


စကားတစ်ခွန်းမှ မပြောဘဲ သူမ အခန်းထဲ ဘန် ဝင်လာတာကို သူမ မယုံနိုင် ဖြစ်နေသည်။


 သူ့လက်ကိုကိုင်ပြီး နှိုးလိုက်သောအခါ  အအေးဓာတ်က သူမ လက်ဖဝါးထဲကို စိမ့်ဝင်သွားရပြီး သူမ ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားသည်။ 


ဘန်က ရုတ်တရက် မျက်လုံးပွင့်လာပြီး သူမ လက်ကို ကိုင်ကာ သူ့အနားဆွဲယူလိုက်သည်။ ထို့ကြောင့် ဆာစီးနီယာ သည် ဘန်၏ ကိုယ်ပေါ် ပြုတ်ကျသွားရသည်။ 


ဘန် ၏ ခန္ဓာကိုယ်မှာ ကျောက်တုံးတစ်တုံးဟု ထင်ရလောက်အောင် မာကျောတောင့်တင်းလှသည်။ 


"ရှင် ဘာလုပ်တာလဲ" 


ဆာစီးနီယာ သည် ခေါင်းချင်းမတိုက်မိစေရန် ခေါင်းကို မော့ထားပြီး ရန်ထောင်လိုက်သည်။သို့သော် ချက်ချင်းပင် သားကောင်ကို ကိုက်ရန် အသင့်ဖြစ်နေသော ကျားနက်တစ်ကောင်လို ထက်မြက်နေသော မျက်လုံးတစ်စုံကြောင့် သူမ လန့်ဖျပ်သွားရသည်။


“အာ…ဆာစီးနီယာ…” 


သွေးအေးသော အကြည့်များ ပျောက်ကွယ်သွားပြီး ဘန် ၏ နူးညံ့သောအသံကို သူမ ကြားရတော့သည်။ဘန် သည် ဆာစီးနီယာ ကို မှတ်မိသွားရကာ စောစောက လူသတ်တော့မလိုအကြည့်ကို ဖုံးကွယ်ထားသည်။


 "တောင်းပန်ပါတယ်"


ဘန် က သူ့အမှားကို သဘောပေါက်ပြီး သူမအား အမြန်လွှတ်ပေးလိုက်သည်။


 "ကျွန်မ ရှင့်ကို ခြိမ်းခြောက်နေလို့လား"


 “မဟုတ်ပါဘူး…ကိုယ် အကျင့်ပါနေလို့ပါ... တောင်းပန်ပါတယ်" 


သူ့မျက်နှာမှာလည်း မှုန်ကုပ်ကုပ်နှင့် စိတ်မကောင်းဖြစ်သွားပုံရသည်။


ဆာစီးနီယာ သည် ဘန် ၏ နိုးကြားဖျတ်လတ်နေပုံကို သေချာကြည့်နေလိုက်သည်။


'အကျင့်တောင် ဖြစ်နေရတယ်ဆိုတော့  လွန်ခဲ့တဲ့ 3 နှစ်က သူ ဘာဖြစ်သွားတာလဲ'


ဘန် သည် တစ်ခုခု ဖုံးကွယ်ထားကြောင်း ဆာစီးနီယာ အလိုလို သတိထားမိသည်။


 'ဘာဖြစ်တာလဲ…' 


သူမ ဖတ်ဖူးသည့် ဝတ္ထုကို ပြန်စဥ်းစားကြည့်သည်။


ဆာစီးနီယာ ၏ခန္ဓာကိုယ်ကို သူမပိုင်ဆိုင်ခဲ့သည်မှာ သုံးနှစ်ရှိပြီ ဖြစ်သောကြောင့် ဝတ္ထုဇာတ်ကြောင်းများကို သိပ်မမှတ်မိတော့ပေ။ ဘန် အကြောင်း ဘယ်လိုရေးထားမှန်း သေသေချာချာ စဉ်းစားကြည့်သော်လည်း အဖြေမရခဲ့ပေ။ သူမ သူ့အကြောင်း ပိုသိလေလေ၊ သူ ပိုပြီး ဆန်းကြယ်လာလေလေဖြစ်သည်။


 'သူ့ဘဝက တော်တော့်ကို ရှုပ်တာပဲ…ပြီးတော့ စာရေးဆရာကလည်း ဘာလို့ အဲ့ဒါကို အတိုချုံးပြီး ရှင်းပြရတာလဲ' 


"အမ်…ဆာစီးနီယာ"


ဘန် က တွေးနေပုံရသော ဆာစီးနီယာကို ခေါ်ကြည့်လိုက်သည်။ကြည့်ရသည်မှာ မနေ့ညတုန်းက သူမ ဘေးမှာ ခဏထိုင်နေစဥ် မှေးကနဲအိပ်ပျော်သွားပုံရသည်။


 ထို့နောက် သူ နိုးတစ်ဝက်၊ပျော်တစ်ဝက်ဖြစ်နေစဉ် တစ်ယောက်ယောက် သူ့ဆီ ရောက်လာနေသည်ကို ခံစားလိုက်ရပြီး မျက်လုံးဖွင့်ကြည့်လိုက်ရာ သူမကို တွေ့လိုက်ရခြင်းပင်။


 “…” 


ဆာစီးနီယာ က တစ်ခွန်းမှ ပြန်မဖြေသဖြင့် တော်တော် တွေးနေပုံရသည်။


ဘန် ၏ မျက်နှာသည် ဖြူဖျော့လာရသည်။ ဆာစီးနီယာကို ဒီ့ထက်ပိုပြီး တွေးမနေစေချင်တော့ပေ။ သူမ အသားမှာ သူနှင့် ပူးကပ်နေရသဖြင့် သူ တော်တော် ရှက်သွေးဖြာနေရပြီ ဖြစ်သည်။


 သူ မျက်လုံးတွေပါ ဝေဝါးလာရသည်။ 


“ဆာစီးနီယာ…” 


ဘန် က သူမကို တောင်းပန်သလို နောက်တစ်ကြိမ် ထပ်ခေါ်လိုက်သည်။ သူ ဆာစီးနီယာ အသားကို ထိတောင်မထိရဲတော့ပေ။ သူမကို နည်းနည်းထိမိလိုက်လျှင် သူ့ခေါင်းကြီးတစ်ခုလုံး ပါက်ကွဲသွားနိုင်သည်။


Xxxxxx