Chapter 36
"ဟင်… ဒါဘာလဲ"
နောက်ဆုံးတွင် အတွေးများထဲမှ လွတ်မြောက်လာသော ဆာစီးနီယာ သည် အသက်ရှူမြန်ပြီး ရှက်သွေးဖြာနေသော ဘန့် ကို စူးစိုက်ကြည့်နေမိသည်။
"နေမကောင်းဘူးလား"
ဆာစီးနီယာ သည် ဘန် ၏နဖူးပေါ် လက်တင်၍ စမ်းကြည့်လိုက်သည်။
ထို့နောက် ဘန် က ခေါင်းခါလိုက်သည်။ တစ်ချိန်တည်းမှာပင် သူ့နှုတ်မှ ညည်းသံလား၊စိတ်ပျက်သံလား မသိရသော အသံတစ်ခု ထွက်လာ၏။
"မဟုတ်ပါဘူး…"
"ဟင်…ဒါဆိုဘာလို့…”
ဆာစီးနီယာ သည် သူနှင့် မျက်လုံးချင်းမဆုံရဲတော့ဘဲ စကားကို တစ်ဝက်တစ်ပျက်သာ ရပ်ထားလိုက်သည်။ အကြောင်းမှာ သူမပေါင်ကို တစ်ခုခု လာထိသောကြောင့်ပင်။
'ဒါဘာကြီးလဲ'
သူမ ပေါင်ကို ငုံ့ကြည့်လိုက်ပြီး ခေါင်းပြန်မော့လိုက်ရာ မျက်လုံးကို လက်နှစ်ဖက်ဖြင့် အုပ်ထားသော ဘန့်ကို တွေ့လိုက်ရသည်။
"အာ…တောင်းပန်ပါတယ်"
ထိုအရာက ဘာမှန်း သူမ သိလိုက်သောအခါ ချက်ချင်း နားရွက်တွေ နီရဲလာရသည်။
"တောင်းပန်ပါတယ်"
ဘန် သည် သူ့မျက်နှာကို လက်နှစ်ဖက်ဖြင့် အုပ်ထားသည်။ သူမနှင့် မျက်လုံးချင်း ပြန်ဆုံမိလျှင် ထိုခံစားချက်တို့ တစ်ဖန်ပြန်ဖြစ် လာနိုင်တာကြောင့်ပင်။
“မဟုတ်ဘူး… အဲဒါ…”
ဆာစီးနီယာ လည်း ဘာပြောရမှန်းမသိတော့။
'ငါ ဘာပြောရပါ့မလဲ'
နားလည်တယ်လို့ ပြောသင့်သလား ဒါမှမဟုတ် ဖြစ်တတ်ပါတယ်လို့ ပြောရမလား…
သို့သော်လည်း ထိုသို့ ပြောလိုက်လျှင် တော်တော် ကြောင်တောင်တောင် နိုင်သွားမည် ဖြစ်သည်။
ဘန် ဘာကြောင့် ယခုလို ဖြစ်နေရမှန်း နားလည်သည်ဟု ပြောလိုက်လျှင် သူမ ထိုကိစ္စ အကုန်လုံးကို သိနေသလို ဖြစ်နေပေလိမ့်မည်။
မနက်ခင်းတွင် အမျိုးသားဟော်မုန်းများ ပိုတက်ကြွလာတတ်သည်။
ထိုကိစ္စကို သူမ သိထားသော်လည်း ထိုကိစ္စကို သိကြောင်း ပြန်ပြောလိုက်လျှင် ပို၍ ထူးဆန်းနေပေမည်။
ထို့အပြင် ဤအခြေအနေတွင် ဘန့် ကို နှစ်သိမ့်ပေးလိုက်ပါက သူပိုပြီး ရှက်နိုင်သည်။
“…”
“…”
သူမတို့ နှစ်ယောက်ကြား အဆင်မပြေသော တိတ်ဆိတ်မှုတစ်ခု စီးဆင်းလာသည်။
ဘန် သည် ထိုအရာကို ဖုံးကွယ်ရန် ကြိုးစားရင်း ဒူးထောက်ထိုင်လိုက်သည်။
ဆာစီးနီယာ သည် တစ်စုံတစ်ခု တစ်ခုခု မှားယွင်းနေသလို ခံစားမိသည်။
စောစောကသာ သူမကို သူ ဆွဲခေါ်မလာလျှင် ယခုလို ဖြစ်လာမည်မဟုတ်။သို့သော်လည်း မရည်ရွယ်ဘဲ ဖြစ်သွားရတာကြောင့် ဘန်တစ်ယောက် အပြစ်သား ဖြစ်သွားရလေပြီ။
"တောင်းပန်ပါတယ်"
ဘန့် ထံမှ အသံတိုးတိုးတစ်ခု ပျံ့လွင့်လာသည်။
ဆာစီးနီယာ သည် နီရဲနေသော သူ့နားရွက်များနှင့် ပါးအို့နီနီလေးများကို မြင်ရသောအခါ အတိတ်မှ အမှတ်ရစရာများ ပေါ်လာရသည်။
ဘန်၏ ရှေ့ဆံပင်ကို ညှပ်ပေးခဲ့စဉ်က ယခုလိုပဲ မျက်နှာကြီးနီပြီး ရှက်နေခဲ့လေသည်။ ပထမနေ့မှာတုန်းက သူမတို့ အသားအတူစားကြရင်း လက်ချင်း ထိမိသွား၍ သူ ထွက်ပြေးသွားသည်ကိုလည်း ပြန်သတိရလာသည်။
အတိတ်က အမှတ်တရများ သူမခေါင်းထဲ ရောက်လာပြီးနောက် သူမ ရှေ့က ဘန့်ကို ပြန်ကြည့်လိုက်ရာ ဟိုးအရင်ကလိုပင် အုံ့နွေးနွေး ခံစားချက်ကို ပေးစွမ်းနေသည်။
ဒုန်း..ဒုန်း
ဆာစီးနီယာ ၏ နှလုံးသားသည် ကျယ်လောင်စွာ ခုန်ပေါက်နေသည်။ သူမတစ်ကိုယ်လုံးကို ရေနွေးနဲ့စိမ်ထားသလိုမျိုး ပူနွေးပြီး ကတုန်ကယင်ကြီး ဖြစ်နေရသည်။ဤခံစားချက်မှာ သူမနှင့် ရင်းနှီးနေပြီး ယခင်ကလည်း ခံစားဖူးပြီးသားပင်။
ဆာစီးနီယာ ၏ မျက်လုံးများသည် ခေတ္တမျှ တုန်ခါသွားသည်။
'မဟုတ်ဘူး…အဲ့ဒီလို ဖြစ်မလာစေရဘူး'
သူမ တံခါးဝနား အမြန်သွားလိုက်သည်။
ဤအခန်းထဲမှာသာ ဆက်နေပါက သူမလည်း အဆင်မပြေနိုင်တော့။
"ကျွန်မ အရင်ထွက်လိုက်မယ်နော်"
ဆာစီးနီယာ သည် သူမ ခံစားချက်ကို သိနေသော်လည်း ဝန်ခံလိုစိတ် မရှိသဖြင့် အခန်းထဲမှ အမြန်လစ်ထွက်လာခဲ့သည်။ ယခု သူမ၏ ခံစားချက်တို့မှာ လွန်ခဲ့သည့် သုံးနှစ်လောက်က ဘန် နှင့် အတူနေခဲ့ချိန်က ခံစားချက်နှင့် အလွန်ဆင်တူသည်။
ယနေ့လည်း ချိုမြိန်ပြီး စိတ်လှုပ်ရှားစရာကောင်းသည့် ခံစားချက်တို့ကြောင့်သူမ နှလုံးသားကို သကြားရည်ထဲ နှစ်ထားရသလိုပင်။တစ်ဆက်တည်း ဘန် ထွက်သွားသည့်နေ့က သူမ ရင်ထဲ မုန်တိုင်းထန်ခဲ့ရသည့် နေ့ကလေးကို အမှတ်ရသွားမိတော့သည်။
“ဟား…”
ဘန် က သက်ပြင်းတစ်ချက်ချလိုက်သည်။ သူ ဘယ်လောက်ပဲ ကြိုးစားပြီး စိတ်ကို ထိန်းထိန်း၊ ပူလောင်နေသည့် သူ့ကိုယ်မှာ အေးမြမလာပေ။
သူ စိတ်သက်သာရာရဖို့ အချိန်တစ်ခုယူရလိမ့်မည် ဖြစ်သည်။
ဘန်က ကြမ်းပြင်ပေါ်မှာ ထိုင်ချလိုက်ပြီး ကုတင်ဘောင်ကို မှီထားလိုက်သည်။ ကြိုးတစ်ချောင်းတည်းနှင့် ဟဲဗီးဝိတ် ဝိတ်ပြားကြီးကို ဆွဲမထားသလိုမျိုး သူ့တစ်ကိုယ်လုံး ကတုန်ကယင်ကြီး ဖြစ်နေရသည်။ သူတို့ ဤအခန်းထဲမှာ အချိန်နည်းနည်း ပိုကြာပြီး ရှိနေခဲ့ပါက သူ လုံးဝ စိတ်ထိန်းလို့ရတော့မည် မဟုတ်ပေ။
'ဆာစီးနီယာ တော်တော် ရင်ခုန်သွားမှာပဲ'
ဘန် က ခေါင်းကို ခပ်ကြမ်းကြမ်း ခါလိုက်သည်။
ဖြည်းဖြည်းချင်း သူမကို ချဉ်းကပ်ပါ့မယ်လို့ ကတိပေးထားတာ ဘာကြာ သေးလို့လဲ…
သူ့ကိုယ်သူ ရွံရှာစိတ်တို့ ဖြစ်လာရပြီး သူ့မျက်ဝန်းများမှာလည်း တုန်ယင်နေရ၏။
သူမကို အရမ်းလိုချင်နေရတာကြောင့် သူမ၏ အသက်ရှုသံ သို့မဟုတ် အကြည့်လေးတစ်ချက်နှင့်တင် သူ လုံးဝ ရူးသွပ်သွားစေသည်။ သူမ အသားကို ပိုထိလေလေ၊ ရေငတ်သလိုလိုကြီး ဖြစ်လာရပြီး တုန်ယီနေခဲ့ရ၏။
"ငါရူးတော့မယ်ကွာ"
သူ့နှလုံးသားကို ဘယ်လိုထိန်းရမလဲ မသိတော့။
ဘန် သည် ပူလောင်နေသော သူ့ရင်ဘတ်ကြီးကို ငြိမ်သက်သွားစေရန် အသက်ပြင်းပြင်း ရှူလိုက်သော်လည်း အချည်းနှီးပင်။
* * *
ပူပြင်းသော နံနက်ခင်းသည် အမြန် ကုန်ဆုံးသွားပြီး ထမင်းစားချိန် ရောက်လာသော်လည်း လူတစ်ယောက် ရောက်လာသောအခါ အဆင်မပြေဖြစ်သွားရသည်။
"ကျွန်တော့်နာမည် အားချန် ပါ…ကျွန်တော်က သံအမတ်ကြီးကို စောင့်ရှောက်ပေးတဲ့သူပါ ခင်ဗျာ”
ဆာစီးနီယာ သည် သူ့ကိုယ်သူ အားချန် ဟု ပြောနေသူကို အမှတ်ရသွားသည်။
သူက ရင်ပြင်မှာတုန်းက သူမကို ကြိုးဖြည်ပေးခဲ့သူပင်။
ထိုစဉ်က ကိုယ့်သောကနှင့်ကိုယ်မို့ သူမ သူ့ကို အနီးကပ် မကြည့်လိုက်သော်လည်း အသံကြားမှ သေချာ မှတ်မိသွားသည်။
အသက် 30 ဝန်းကျင် ရှိပုံပေါ်သော ဆာစီးနီယာ သည် အချိန်အတော်ကြာလေ့ကျင့်ထားသူတစ်ဦးလို တောင့်တင်ကြံ့ခိုင်လှသည်။ သူ့ပုံစံကို ကြည့်ရုံနှင့် တိုက်ခိုက်ရေးသမား ကောင်းဖြစ်ကြောင်း မည်သူမဆို ပြောနိုင်သည်။
"ကျွန်မ နာမည်က ဆာစီးနီယာ ပါ"
ဆာစီးနီယာ သည် သူမ လက်ကို အားချန် ဆီ ကမ်းပေးလိုက်သည်။
အားချန် က တည့်တည့် ပြင်ထိုင်လိုက်ပြီး ချက်ချင်းပင် သူမရှေ့တွင် ဒူးထောက်လိုက်သည်။
"မိန်းကလေး ဆာစီးနီယာ… မင်းနဲ့တွေ့ရတာ ဝမ်းသာပါတယ်"
ဆာစီးနီယာ သည် ရုတ်တရတ် ဒူးထောက်လိုက်သော အားချန် ကို အံ့ဩသွားရသည်။ သို့သော် သူမကို ပိုလို့တောင် အံ့သြစေတာက အားချန် ၏ နောက်ထပ် အပြုအမူတစ်ခုပင် ဖြစ်သည်။
“…”
အားချန် က သူမ လက်ကို နမ်းလိုက်တာကြောင့် ဘာမှ မပြောနိုင်ဘဲ အေးခဲသွားရသည်။
'ငါက လက်ဆွဲနှုတ်ဆက်ဖို့ လက်ပေးတာလေ…'
ဒီလိုဖြစ်လာမယ်လို့ သူမ မျှော်လင့်ထားတာမှ မဟုတ်ပဲ…
သူမသည် ဆာစီးနီယာ ၏ ခန္ဓာကိုယ်ကိုပိုင်ဆိုင်ပြီးကတည်းက လူတောသူတောထဲ မတိုးခဲ့ဖူးသောကြောင့် သူမ ဘယ်လို နေရမှန်း မသိပေ။
"မင်း ဘာလုပ်နေတာလဲ"
ငြိမ်သက်နေသော လေထုထဲတွင် ခြိမ်းခြောက်သံ တစ်ခု ကြားလိုက်ရသည်။ အားချန် သည် သူမ လက်ကို အမြန် လွှတ်ပေးလိုက်ပြီး ဆရယဖြစ်သူကို လှည့်ကြည့်လိုက်သည်။
“နှုတ်ဆက်နေတာပါ…”
သူက အမှန်အတိုင်းပင် ဖြေလိုက်သော်လည်း ဘန်၏ အကြည့်တို့ကြောင့် လန့်ဖျပ်ပြီး ပါးစပ်ကိုအမြန်ပိတ်ထားလိုက်သည်။
မိန်းမပျိုများအား ယောက်ျားတစ်ယောက်က လက်ဖမိုးကို နမ်း၍ နှုတ်ဆက်သည်မှာ အားချန်အတွက် အဆန်းမဟုတ်ပေ။သို့သော် ဆရာဖြစ်သူ၏ အကြည့်ကြောင့် သူ ဇောချွေးများပင် ပျံလာရသည်။
ဆာစီးနီယာသည် လက်ဖမိုးကို နမ်းခြင်းမှာ ဤကမ္ဘာပေါ်ရှိ နှုတ်ဆက်သည့်နည်းလမ်း တစ်ခုဟု သိပ်သဘောတွေ့လှပေ။အကြောင်းမှာ ဘန် လည်း ရင်ပြင်ပေါ်၌ သူမ လက်ဖမိုးကို နမ်းခဲ့တာကြောင့်ပင်။
"ဆာစီးနီယာ…အစာမစားခင် လက်ကိုအရင် ဆေးရမယ် မလား"
အားချန် ကို ပြင်းပြင်းထန်ထန် စိုက်ကြည့်ရင်း ဘန်က ဆာစီးနီယာ ကို ပြောလိုက်သည်။
"ဟင်…အင်း…ဆေးမယ်လေ"
ထို့နောက် သူမ လက်ဆေးရန် ရေချိုးခန်းဆီ သွားလိုက်သည်။
ဘန် မနာလိုစိတ်တို့ကြောင့် မနေတတ် မထိုင်တတ်ဖြစ်နေရပြီး ဆံပင်ကိုသာ အကြောင်းမဲ့ ပွတ်သပ်လိုက်သည်။
ဖြစ်နိုင်လျှင် ဆာစီးနီယာ လက်ဖမိုးကို ဘယ်သူ့နှုတ်ခမ်းနှင့်မှ ပေးမထိချင်ပေ။ယခုလည်း အားချန်း၏ အနမ်းစွန်းသွားသော သူမ လက်ဖမိုးကို သူ့နှုတ်ခမ်းနှင့်သာ ပွတ်သုတ်ပေးချင်တာ့သည်။သို့သော်လည်း ဆာစီးနီယာ အလိုမကျမည်စိုး၍ ဆန္ဒကို ထိန်းထားလိုက်သည်။
“သံအမတ်ကြီး…”
အားချန် စိတ်ကဏာမငြိမ် ဖြစ်လာပြီး ဘန် ကို ပြောလိုက်သည်။
မေ က သူတို့နှစ်ယောက် အခြေအနေကို စိတ်ဝင်တစားနှင့် စောင့်ကြည့်နေသည်။
"မစားရသေးရင် အတူတူစားရအောင်လေ…"
ရေချိုးခန်းထဲက ထွက်လာသည့် ဆာစီးနီယာ က အပြစ်သားတစ်ယောက်လို ရပ်နေသည့် အားချန် ကို ပြောလိုက်သည်။
အားချန် ချက်ချင်းပင် သူ့ဆရာမျက်နှာကို ခွင့်တောင်းသလို လှမ်းကြည့်လိုက်သည်။
"ဟုတ်တယ်…အတူ စားလိုက်လေ"
ဘန် က စိတ်ပျက်လက်ပျက်နှင့်ပင် မကောင်းတတ်၍ သဘောတူလိုက်သည်။
* * *
သူတို့ လေးယောက် အတူတူ စားသောက်ရင်း တစ်ယောက်မှ စကားမဆိုကြပေ။ ပြတင်းပေါက်မှ မိုးကျသံများ နှင့် ပန်းကန်၊ဇွန်း၊ခက်ရင်းများ အချင်းချင်း တိုက်မိနေသည့် အသံများ သာ အခန်းထဲ ပြည့်နှက်နေကြသည်။
အဆင်ပြေမှု မရှိသော အငွေ့အသက် များကြောင့် မေ ထွက်ပါပြေးချင်လာသည်။ ဟင်းရည်နှင့် မုန့် အရသာကိုပင် ဘယ်လိုနေမှန်း မသိတော့။
"ငန်တယ် မဟုတ်လား"
ဒီအတိုင်း ဆက်နေရင်း အသက်ရှုကြပ်လာရသလို ခံစားမိတာကြောင့် မေက စကားစ,လိုက်သည်။
“မငန်ပါဘူး…စားလို့ ကောင်းပါတယ်"
"မငန်ပါဘူး"
"အရသာရှိပါတယ်…အခုလို ဧည့်ခံတဲ့အတွက် ကျေးဇူးတင်ပါတယ်"
ဆာစီးနီယာ၊ ဘန် နှင့် အားချန် တို့က တစ်ယောက်ပြီး တစ်ယောက် တန်းစီ ပြောလိုက်သည်။
စကားသံတို့ ထွက်လာရသော်လည်း ခဏသာ၊ချက်ချင်း တိတ်ဆိတ်သွားပြန်၏။
မေက သူတို့သုံးယောက်လုံးကို ကြည့်လိုက်သည်။
ဆာစီးနီယာ နှင့် ဘန် သည် ထမင်းစားချိန်တစ်လျှောက်လုံး မျက်လုံးချင်း တစ်ချက်ပင် မဆုံကြပေ။
ရေချိုးခန်းထဲမှ ထွက်လာလာချင်း ဆာစီးနီယာမှာ အလွန်ပင် မျက်နှာပူနေရသောကြောင့် အားချန်ကို စနှုတ်ဆက်ကာမှ ဘန် ပိုစိတ်ဆိုးနေသလိုဖြစ်နေ၍ မျက်နှာမဖော်ရဲတော့ပေ။
မေ သည် အစားအသောက်များကို ပါးစပ်ထဲ အတင်းထိုးသွပ်နေမိသည်။
သူမ ထမင်းပြီးအောင်စား၍ ထမင်းစားခန်းထဲမှ အမြန်ထွက်သွားချင်နေသည်။