အပိုင်း ၃၇
Viewers 12k

Chapter 37


“သံအမတ်ကြီး… ကျွန်တော် တောင်းပန်ပါတယ်” 


နှစ်ယောက်သား ဆာစီးနီယာ ၏အိမ်မှ ခဏ အပြင်ထွက်ပြီး လမ်းလျှောက်နေခြင်းပင်။


အားချန် သည် ဘန် ရှေ့က ရွှံ့မြေပေါ်မှာ ဒူးထောက်လိုက်ပြီး ဆာစီးနီယာ၏ လက်ဖမိုးကို နမ်းမိသည့်အတွက် တောင်းပန်လိုက်သည်။  မိုးရွာနေသဖြင့် သစ်ပင်ရိပ်တွင် မိုးခိုနေသော။ဘန် က ပြောလိုက်သည်။


 "မင်း သေချင်နေလား" 


"တောင်းပန်ပါတယ်ခင်ဗျာ…" 


အစောပိုင်းက ဆာစီးနီယာ ၏လက်ကို နမ်းနေသည့် အားချန် ပုံစံသည် ဘန် စိတ်ထဲတွင် တစ်ဖန်ပြန်ပေါ်လာပြီး ဒေါသထွက်သွားရသည်။ သူ သွေးပေါင်ချိန်ပါ တက်လာပြီး နဖူးပေါ်ရှိ သွေးကြောများ အထင်းသား ပေါ်လာသည်။ 


တစ်ချိန်တည်းမှာပင် ဆာစီးနီယာ ၏ လက်ကို ထိဝံ့သည့် အားချန် ကို အပိုင်းပိုင်း ခုတ်ထစ်ပစ်ချင် စိတ်ကလည်း စိုးမိုးနေ၏။ထိုအတွေးများမှာ စိတ်သဘောထား ကျဉ်းမြောင်းသူတို့သာ ဖြစ်တတ်သော အတွေးမှန်း သူသိသော်လည်း မတတ်နိုင်တော့။


 ပွက်ပွက်ဆူနေတဲ့ နှလုံးသားကို တည်ငြိမ်အောင်ကြိုးစားဖို့ တခြားဘာများလုပ်နိုင်မလဲလေ…


ခဏအကြာတွင် သူ့ရင်ဘတ်သည် ဒေါသပြေသွားသလို ဖောင်းကားနေရာမှ ပြေလျော့လာသည်။ 


"နောက်တစ်ခါဆို ထပ်မဖြစ်ပါစေနဲ့" 


"ဟုတ်ကဲ့…မှတ်ထားပါ့မယ်ဗျ"


အားချန် သည် မိတ်ဆွေသစ်များအား ယခုလို နမ်းပြီး နှုတ်ဆက်‌သောကြောင့် သူ စိတ်အနှောက်အယှက် မဖြစ်ခဲ့ဖူးသော်လည်း နောက်ဆို ဆာစီးနီယာနှင့် ပတ်သတ်ပါက ဆင်ခြင်ရတော့မည်။ သူ၏ နက်မှောင်သော ခရမ်းရောင် မျက်လုံးများတွင် အမည်မသိ ခံစားချက်အချို့ ပေါ်လာရသော်လည်း ချက်ချင်း ပျောက်ကွယ်သွားသည်။ 


"ဘာများ ပြောချင်သေးလဲ" 


အားချန် က ယခုအချိန်အထိ သူ စုံစမ်းနေသမျှ ကိစ္စများကို ပြောပြလိုက်သည်။ အားချန် သည် အမြဲစေ့စေ့စပ်စပ်နှင့် လျင်မြန်ဖျတ်လတ်သူပင်။လူတစ်ယောက် အသက်ကို စိုးမိုးခြယ်လှယ်နိုင်သည်အထိ သတင်းနှိုက်တတ်သူ ဖြစ်၏။


ရှောဗာ့စ် မိသားစု ကျူးလွန်ခဲ့သည့် ဂုဏ်သိက္ခာမဲ့သော လုပ်ရပ်များနှင့် အာဏာအလွဲ သုံးစားမှုတိုင်းကို သူက အသေအချာ ပြောပြလိုက်သည်။


"နောက်ထပ် ငါအမိန့် ပေးတဲ့အထိ စောင့်နေဦး"


ဘန်က သူ့မေးရိုးကို ကျွိကနဲ နေအောင် အံ့ကြိတ်လိုက်သည်။သူ့ပုံစံမှာ သားရဲကောင်တစ်ကောင် အစာကို ဖြဲရွဲစားသောက်တော့မည့် ပေါက်နေလေသည်။


သူတို့ ဆာစီးနီယာကို အနိုင်ကျင့်ခဲ့သည်ဟု ကြားကတည်းက တစ်ရွာလုံး သူမကို မော်မကြည့်ရဲအောင် မီးလောင်တိုက် သွင်းပစ်ချင်နေခဲ့သည်။


ယခု ပြင်ဆင်စရာရှိတာများ ပြင်ဆင်ပြီးဖြစ်၍ သူတို့ လှုပ်ရှားရန်သာ လိုတော့သည်။


“ဟုတ်ကဲ့ ကျွန်တော်နားလည်ပါပြီ…ပြီးတော့…” 


အားချန် က ဘန် မကြိုက်မှန်းသိသဖြင့် ဆက်ပြောရန် ခက်ခဲနေသည်။


 "ဘာလဲ" 


"အိမ်ရှေ့မင်းသားက ဆရာ့ကို တွေ့ချင်နေပါတယ်…"


 "ဘာဖြစ်လို့လဲ"


 "မနေ့က အဖြစ်အပျက်ကို သူကြားသွားတယ် ထင်တယ်"


 "ကောင်းပြီ" 


ဘန်  စိတ်ဆိုးသလိုဖြစ်သွားရပြီး မျက်မျောင်ကြုတ်ရင်း ‌ပြန်ဖြေလိုက်သည်။ 


ဆာစီးနီယာ နှင့် ယခုမှစပြီး အတူရှိရတာ ဖြစ်သော်လည်း အိမ်ရှေ့မင်းသားက ခေါ်နေပြန်သည်။သို့သော်လည်း အိမ်ရှေ့မင်းသားနှင့် တွေ့လျှင် သူ ပြောစရာရှိသည်များ ပြောပြနိုင်၍ အနည်းငယ် စိတ်သက်သာရာ ရသွားသည်။


ထို့နောက် ဘန်က အချိန်အတော်ကြာ စဉ်းစားပြီး ဆာစီးနီယာ အိပ်ပျော်နေစဉ် ထွက်သွားရန် ဆုံးဖြတ်လိုက်သည်။ 


အိမ်ရှေ့မင်းသားက ဘန့်ကို ဘာကြောင့် သူမနှင့် အတူရှိ‌ချင်ရသလဲဟု မေးချင်မေးပေလိမ့်မည်။သို့သော်လည်း သူ‌ ပြောပြဖို့ စိတ်ကူးမရှိပေ။ 


အိမ်ရှေ့မင်းသားသည် ဆာစီးနီယာ ကို စိတ်ဝင်စားသွားနိုင်သည်။ထို့ကြောင့် အိမ်ရှေ့စံမင်းသားနှင့် ခဏ စ 


ကားပြောပြီး ပြန်လာရန် ဆုံးဖြတ်လိုက်သည်။ 


ဆာစီးနီယာ ကို တစ်ယောက်ယောက်က မျက်လုံးနှင့် ကြည့်လိုက်ရင်တောင် ထိုသူကို အမှုန့်ကြိတ်ပစ်ချင်မိသည်။


ထို့ကြောင့် သူမကို သူ့ရင်ခွင်ထဲမှာသာ ဖွက်ထားချင်မိတော့သည်။


သို့သော်လည်း ထိုအတွေးများသည် ဘန် ၏ တစ်ကိုယ်ကောင်းဆန်မှုကို လှစ်ပြနေသလိုဖြစ်ပြီး တစ်ကယ်တမ်းတွင် သူမ မကြိုက်သည့်အလုပ်ကို သူ လှည့်တောင် ကြည့်မည်မဟုတ်ပေ။


"အားချန်… ငါရေးတဲ့စာတွေ ဘယ်နေရာမှာလဲဆိုတာ မင်းသိလား" 


ဘန်က မျက်နှာထားတင်းတင်းဖြင့် မေးလိုက်သည်။


ဆာစီးနီယာ နှင့် သူကြားတွင် ဝင်ရောက်စွက်ဖက်သော ဘယ်သူ့ကိုမဆို သူ  ဂရုမစိုက်သော်လည်း အလိုရှိလာသဖြင့် အားချန်ကိုသာ မေးရတော့သည်။


"စာတွေ…"


ဘန် ၏ ဒေါသကို ခံစားလိုက်ရသဖြင့် အားချန် သည် အမြန်ပြန်စဉ်းစားကြည့်လိုက်သည်။ ထို့နောက် ရှောဗာ့စ် အိမ်တော်၏ ဘဏ္ဍာစိုး ဗားဒစ် က ဘန် ရေးထားသည့် စာတွေကို သူပို့ပေးမည်ဟု ပြောထားသည်ကို သတိရသွားသည်။ထိုစဉ်က ဗားဒစ် သည် အိမ်မှုကိစ္စအားလုံးကို တာဝန်ယူထားသူ ဖြစ်သည်။ထို့ကြောင့် သူ မလွန်ဆန်နိုင်ဘဲ စာများကို ဗားဒစ်လက်ထဲ ထည့်ပေးခဲ့ရခြင်းပင်။ အချိန်‌အတော်ကြာပြီဖြစ်၍ သူ မေ့သွားရသော်လည်း ကြည့်ရတာ တစ်ခုခု မှားယွင်းသွားပုံပေါ်သည်။


"ဒီနေ့ကစပြီး ဗားဒစ်ကို ရာထူးချပြီး ဖမ်းထားလိုက်" 


"ဘယ်မှာ ဖမ်းထားရမလဲ" 


"မြေအောက်ခန်းထဲ"


 "ဟုတ်ကဲ့…ကျွန်တော် နားလည်ပါပြီ" 


ဘန် သည် ဗားဒစ် ဟူသော နာမည်ကို ကြားလိုက်ရုံနှင့် အလွန်ပင် ဒေါသထွက်သွားသည်။ ဗားဒစ်သည် ယခင် မြို့စားမင်း နှင့် သူ့ဖခင်တို့၏ လက်စွဲတော် ဖြစ်ခဲ့သည်။ 


ယခုလည်း ဗားဒစ် ကိုယ်တိုင် စာတွေ ယူသဖြင့် ဘယ်သူ့အမိန့်လဲဆိုသည်မှာ ရှင်းလှပေသည်။


ကန်ထရစ် သည် သူ သေပြီးနောက်မှတောင် ကျန်ရစ်သူ လူအများ ရွံမုန်းသွားလောက်အောင် ညစ်ပတ်သူပင်။


ဘန်သည် မျက်နှာကြီး နီရဲလာရပြီး  ဆာစီးနီယာကို တွေ့ချင်လှသဖြင့် အိမ်ဘက် အမြန်လှည့်ထွက်လိုက်သည်။သူမ မျက်နှာကိုမြင်လိုက်ရလျှင် ဘယ်လိုအဖြစ်မျိုးပဲ ကြုံကြုံ၊သူ ရင်ဆိုင်ဖို့ အားတွေ ရှိလာတတ်သည်။


 


* * * 


ဘန် က ဝိတ်တော်တော်ကျသွားသော ဆာစီးနီယာ ကို အရင်လို ဟင်းချက်ကျွေးချင်မိသည်။


 


"ရှင်တစ်ကယ်ရော ချက်တတ်လို့လား" 


အစားအသောက်ကိစ္စကို အမြဲတမ်း တာဝန်ယူထားသည့် မေက ဘေးသူစိမ်းကို ပေးမချက်ချင်ပေ။ အစားအစာများသည် ဘန့်လို ဓားကိုင်ပြီး ကြမ်းတမ်းသော လက်ထက် နူးညံ့သိမ်မွေ့သော လက်နှင့် ချက်မှသာ အရသာရှိသည်။ဘန် ဟင်းချက်နေပုံကို သူမ စိတ်ကူးကြည့်၍ပင် မရချေ။ 


"စိတ်မပူပါနဲ့ ပန်းကန်ပြားတွေ တစ်ချပ်မှ မကွဲစေရပါဘူး"


သူ့ဘေးနားက ရှုံ့တွနေသော မေ့ မျက်နှာကို ကြည့်ရင်း ဘန်က ပြောလိုက်သည်။ 


"ဒါဆို အာလူးပေါင်မုန့် လုပ်နည်းသိလား" 


"အာလူးပေါင်မုန့်"


“ဟုတ်တယ်…အစ်မက အရမ်း ကြိုက်တာ… သူမက တခြားအစားအစာတွေဆို  သိပ်မကြိုက်ဘူး…ဒါအေမယ့် အာလူးပေါင်မုန့်ကိုဆို ကောင်းကောင်းစားတယ်"


အာလူးပေါင်မုန့်…


ဘန် ၏ နှလုံးသားသည် ထိုစကားကြောင့် တုန်လှုပ်သွားရသည်။ မေ၏ စကားသံများက သူ့နားထဲ ရောက်မလာဆော့ပေ။ဘန် သည် သူ အကြိမ်ပေါင်းများစွာ တွေးခဲ့ဖူးသော အမှတ်တရဟောင်းများထဲမှ တစ်ခုကို ပြန်သတိရမိသည်။ မူလိန်း ရွာ၌ သူလုပ်ထားသော အာလူးပေါင်မုန့်ကို စားကြည့်ရင်း ဆာစီးနီယာ ပြုံးနေပုံ ဖြစ်သည်။ ထိုနေ့က အာလူးပေါင်မုန့်ကို ပထမဆုံးစားဖူးကြောင်း သူမ ပြောပြဖူးလေ၏။


'သူမ မှတ်မိတယ်‌ပေါ့'


သူ့နှလုံးသားတစ်ခုလုံး ခုန်ပေါက်လာရတော့သည်။


 


"ဟုတ်လား"


သူ့ကို သတိရနေကြောင်း သိလိုက်ရသဖြင့် သူ့စိတ်ထဲ ပီတီဖြာလာရသည်။


 "ဟုတ်တယ်"


“မေ”


ဆာစီးနီယာ က လှမ်းခေါ်လိုက်သည်။


စောစောက သူမကို ဘန်က ဟင်းချက်မည်ဟု ခွင့်တောင်းထားသောကြောင့် မေ့ကို အပြင်ခေါ်ထုတ်ရမည် ဖြစ်သည်။


 "ညီမက အစ်မ ဘာကြိုက်တတ်လဲဆိုတာကို ပြောပြနေတာပါ"


မေက ပခုံးတွန့်ပြီး ပြုံးစိစိ ပြန်ဖြေလိုက်သည်။


ဘာကြောင့်မှန်းမသိ၊ ဆာစီးနီယာ စိတ်ထဲ သူမတို့နှစ်ယောက် တစ်ခုခုကို ဖုံးကွယ်ထားသလို ခံစားရသည်။


'ဘာလို့သွားပြောရတာလဲ…ဒီကလေးမ ကတော့' 


သူမက မေ ကို စိတ်ဆိုးမာန်ဆိုး စိုက်ကြည့်နေသည်။


 “ဟီးဟီး…အစ်မတို့ ဆက်ပြောလိုက်ကြဦးနော်"


 


မေ သည် ပြုံးစိစိမျက်နှာထားဖြင့် မီးဖိုခန်းထဲမှ ထွက်သွားသည်။ 


"အဟွတ်" 


သူတို့နှစ်ဦးသာ ကျန်နေခဲ့သဖြင့် ဆာစီးနီယာ ရှက်လာရကာ ချောင်းတစ်ချက်ဟန့်လိုက်ပြီး ဘန် ကို တည့်တည့်မကြည့်ဘဲ ပါးပြင်ကိုလက်ညှိုးက‌လေးနှင့် ကုတ်နေလိုက်သည်။ 


"မင်း မှတ်မိနေတာလား…"


ဘန် က သူမ မျက်လုံးကို  စိုက်ကြည့်နေရင်း တည်ကြည့်စွာ မေးလိုက်သည်။


 


"ဘာကိစ္စ မေ့ရမှာလဲ"


သူမ ပြတ်ပြတ်သားသား ပြန်ပြောပြီး ခေါင်းကို ချာကနဲ တစ်ဖက်လှည့်လိုက်သည်။ အဆင်မပြေသော လေထုကြောင့် သူမ လက်ချောင်းများကိုသာ ပွတ်သပ်နေမိတော့သည်။ထို့အပြင် တစ်ခုခုက သူမနှလုံးသားကို လှုပ်ခါနေသလိုပါ ခံစားနေရသည်။


"ဆာစီးနီယာ"


 "ဒါနဲ့ ရှင်က အာလူးမုန့်လုပ်မှာလား" 


သူမ စကားလမ်းကြောင်း အမြန်လွှဲလိုက်သည်။ သူ ဘာတွေပြောချင်နေမှန်း သူမ မသိသော်လည်း ဆက်ပြောလိုက်လျှင် သူမ ပိုရှက်လာရမည် ဖြစ်သည်။ထို့အပြင်  ဒီမနက် ကြုံတွေ့ခဲ့ရသည့် မျက်နှာပူစရာ အဖြစ်ကြောင့် ဘာမှမပြောတာသာ ကောင်းပေလိမ့်မည်။


 


“ဟုတ်တယ်… မင်း စားချင်ရင် ကိုယ်လုပ်ပေးချင်တယ်"


ဆာစီးနီယာက အဝေးကတောင်ကို ရှက်ရွံ့စွာ ငေးကြည့်ပုံကို ဘန် က ညင်သာစွာပြုံးကြည့်နေသည်။သူမ ပုံစံမှာ ချစ်စရာကောင်းလှသော ကလေးလေး တစ်ယောက်နှင့်တူနေပတော့သည်။


“အင်း…လုပ်လေ ပစ္စည်းအားလုံး ဒီထဲမှာ ရှိတယ်"


ထို့နောက် ဆာစီးနီယာ သည် မီးဖိုချောင်ထဲမှ အမြန်ထွက်လာခဲ့သည်။ သို့သော် သူမ အခန်းတံခါး မဖွင့်မီ ဘန့် ကို ခဏ  စိုက်ကြည့်နေသေးသည်။ သူ့မျက်လုံးထဲတွင် ချစ်စိတ်တို့ အပြည့်ရှိ နေသည်။ သူ့ကိုကြည့်ရင်း သူမရင်ဘတ်ထဲတွင် လေနုအေးလေးတစ်ခု တိုက်ခတ်လာသလို ခံစားလိုက်ရပြီး အမည်မသိခံစားချက်တစ်ခုက သူမကို ညင်သာစွာ ပွေ့ဖက်လိုက်သလို ခံစားလိုက်ရသည်။


 "သူ နေ့လည်စာ ချက်တတ်လို့လား"


 မီးဖိုချောင်ရှေ့ တွင်ရှိနေသော မေ သည် မီးဖိုချောင်မှ ထွက်လာသော ဆာစီးနီယာ နောက်ကို အမြနလိုက်လာကာ မေးလိုက်သည်။ 


"ဟင်…ချက်တတ်မှာပါ"


တွေတွေငေး‌ငေးကြီး လမ်းလျှောက်နေသော ဆာစီးနီယာ သည် မေ့ အသံကြောင့် လက်တွေ့ဘဝကို ပြန်ရောက်လာသည်။ မည်သို့ပင်ဖြစ်စေ သူမ တစ်နေ့လုံး တစ်မျိုးကြီးဖြစ်နေသည်။


အထူးသဖြင့် သူနှင့် အတူရှိနေရရင် ပိုဆိုးလာတတ်သည်။


 နှစ်အတော်ကြာအောင် ပျောက်ကွယ်သွားသော ခံစားချက်ကလေးသည် သူမ နှလုံးသားထဲတွင် ရစ်ဝဲလာရသည်။


"ညီမ သူ့ကို သွားကူလိုက်ရမလား"


မေက မီးဖိုချောင်အလုပ်တွေကို ဘန့်အား လုံးဝ စိတ်ချထားနိုင်ဟန်မတူပေ။


 "မဟုတ်ဘူး…ရတယ်…သူချက်တတ်မှာပါ… သူက အာလူး‌ပေါင်မုန့် လုပ်တာ တော်တော် ကျွမ်းတယ်"


 အာလူးပေါင်မုန့်သည် ဘန် သူ့ကိုယ်သူယုံကြည်မှုရှိစွာ ချက်ပြုတ်နိုင်သောအစားအစာ ဖြစ်သည်။


သို့သော်  သူ့လက်ရာ အာလူးပေါင်မုန့်ကို စားရမှာ တစ်မျိုးကြီး ဖြစ်နေသည်။အမှန်အတိုင်း ဝန်ခံရလျှင် တစ်ကယ်တမ်း သူမ စိတ်ကို တစ်မျိုးကြီးဖြစ်စေတာက အရင်က အမှတ်တရများကို ကလေးတစ်ယောက်လို ပြန်တွေးမိနေခြင်းကြောင့်သာ ဖြစ်သည်။


 


 " ဘယ်လို…သူ ကောင်းကောင်း ချက်တတ်တယ် ဟုတ်လား"


 


မေ က ဆာစီးနီယာ စကားကို နားမလည်သဖြင့် ပြန်မေးလိုက်သည်


"ဒီနေ့ နင် နေ့လည်စာ မချက်နဲ့တော့နော်" 


"ဟုတ်" 


မေ သည် အခန်းထဲဝင်သွားသော ဆာစီးနီယာ နောက်ကျောကို ကြည့်ပြီး ယနေ့ သူမ ထူးဆန်းနေသလို ခံစားလိုက်ရသည်။


 "ဒီနေ့ သူမ ဘာဖြစ်နေတာလဲ"


သေချာတာကတော့ သူမ ယနေ့ တစ်မနက်လုံး စိတ်နှင့်ကိုယ် ကပ်မနေခြင်းပင်။