Chapter 38
နေဝင်သည်နှင့် ၂ရက်ဆက်တိုက် ရွာသွန်းနေသည့် မိုးသည် ရုတ်တရက် ရပ်သွားသည်။ မေက စောစောအိပ်ချင်တယ်ဟု ပြောပြီး သူမ အခန်းထဲ ဝင်သွားသည်။
ဆာစီးနီယာသည် မနက်ကလို အဖြစ်မျိုး ဖြစ်သွားမှာစိုး၍ ဘန့် ကို ဧည့်ခန်းမှာ အိပ်ရန် နေရာချပေးလိုက်သည်။
“ဆာစီးနီယာ”
ဘန်က စောင်သွားယူရန် ပြင်နေသော သူမကို တားလိုက်သည်။
"ဘာလဲ"
"ကိုယ် မြို့တော်ကို ခဏသွားရမယ် ထင်တယ်"
"အခုလား"
ဆာစီးနီယာ အံ့ဩသွားရသည်။
သူမ ပြတင်းပေါက်ကို ကြည့်လိုက်တော့ မိုးချုပ်နေပြီမို့ အလင်းရောင် တစ်စက်မှ မရှိတော့။
"ည ၉နာရီတောင်ကျော်နေပြီ… မြို့တော်ကို သွားမလို့လား"
"အင်း…မနက်ဖြန် နေ့လည် မရောက်ခင် ပြန်လာခဲ့မယ်"
"မနက်မှ သွားတာ ပိုမကောင်းဘူးလား"
“ကိုယ် အခုသွားဖို့ လိုနေပြီ …နေ့လယ် မရောက်ခင် ပြန်လာခဲ့မယ်…မင်းကိုယ့်ကိုစောင့်မှာလား"
ဆာစီးနီယာ သည် သူ ပြန်လာချိန်အတွက် စိတ်မပူသော်လည်း အပြင်ဘက်တွင် မှောင်နေသည့်အတွက် အမျိုးမျိုးတွေးပြီး စိတ်ပူနေပုံရသည်။
သူမ တွေးနေပုံကို ဘန် က ငေးကြည့်နေသည်။
' စကားတစ်ခွန်းမှ မပြောဘဲ ငါ ပျောက်သွားခဲ့တာပါလား '
သူမကို ထပ်စောင့်ခိုင်းရသည့်အတွက်လည်း သူ အားနာမိရပြန်သည်။
"ဒါဆိုလည်း ကောင်းကောင်းသွားနော်"
ဆာစီးနီယာ သည် စိတ်ပျက်လက်ပျက် ဖြစ်သွားသော်လည်း သူ့ကို ဂရုတစိုက် မှာနေသေးသည်။
“အင်း…”
ဘန်က ဝမ်းနည်းသံကလေးဖြင့် ပြန်ပြောသည်။
ထို့နောက် ဘန်က မီးဖိုဘေးမှာ ချိတ်ထားသည့် ယူနီဖောင်းကို ကောက်ကိုင်ပြီး ပြောလိုက်သည်။
"ကိုယ် အဝတ်လဲလိုက်ဦးမယ်"
ဆာစီးနီယာ က ခေါင်းတစ်ချက်ငြိမ့်ကာ သူမ အခန်းကို လက်ညှိုးထိုးပြလိုက်သည်။
ဘန် သည် သူ့ယူနီဖောင်းကိုယူကာ လေးလံသော ခြေလှမ်းများဖြင့် ဆာစီးနီယာ အခန်းဆီ သွားနေသည်။
သူ့ကိုယ်ကြီးနှင့် မလိုက်ဖက်စွာ ခေါင်းငိုက်စိုက်ကျနေသာ ဘန့်ကို ကြည့်ရင်း ဆာစီးနီယာ ရယ်မိလိုက်သေးသည်။
သူမ တစ်ယောက်တည်း ပြုံးနေရင်း မှိတ်တုတ်မှိတ်တုတ် အလင်းရောင်တစ်ခုကို ဖျတ်ကနဲ မြင်လိုက်ရသည်။
သူမက ထိုအလင်းရောင်ကို သေချာကြည့်ရာ ကြမ်းပြင်ပေါ်ကျနေသော ရွှေအနားကွပ် အနီရောင် ကြယ်သီးတစ်လုံးကို တွေ့ရလေသည်။
ဘန် ၏ ယူနီဖောင်းမှ ပြုတ်ကျသွားတာဖြစ်နိုင်ပြီး ရှေ့ကြယ်သီးလား၊အင်္ကျီလက် ကြယ်သီးလား မသိတော့ချေ။
ဆာစီးနီယာ သည် ကြယ်သီးကို ကိုင်ထလျက်နှင့် သူမ အခန်းဆီ သွားလိုက်သည်။
“ဒီမှာ ကြယ်သီး…”
ဆာစီးနီယာ သည် အခန်းထဲ ဝင်လာပြီး နောက် သူမ စကားပင် ဆက်မပြောနိုင် ဖြစ်သွားရသည်။သူမ ထိတ်လန့်သွားရပြီး လက်ထဲက ကြယ်သီးမှာ ကြမ်းပြင်ပေါ် တောက်ကနဲ ပြုတ်ကျသွား၏။
“အာ…”
ဘန် သည် တစ်ခုခုကို ဖုံးကွယ်ရန် ကြိုးစားနေပြီး သူမကို တစ်ချက် လှည့်ကြည့်ကာ ယူနီဖောင်းကို အမြန်ဝတ်လိုက်သည်။
"အဲ့ဒါဘာလဲ"
"ဘာကိုလဲ… "
ဘန် နားမလည်ယောင်ဆောင် နေသည်။
သူမကို ဆက်မမေးအောင် ပိတ်ပြောလိုက်သော်လည်း ဆာစီးနီယာ လက်မလျှော့သေး။
သူမ မြင်လိုက်ရသည့် သူ့ ဒဏ်ရာတွေကသာ စိတ်ထဲမှာ စွဲနေပြီး ထိတ်လန့်သွားရသည်။
“အဲ… ရှင့်နောက်ကျောမှာ ဒဏ်ရာတွေလေ…”
“…”
ဘန် မျက်မှောင်ကြုတ်လိုက်သည်။
သူ့ကြည့်ရသည်မှာ သူမကို မြင်စေချင်ပုံမရပေ။
"ဘာဖြစ်တာလဲ"
လရောင်အောက်၌ သူ့ဒဏ်ရာများကို သူမ ရှင်းရှင်းလင်းလင်း မြင်လိုက်သည်။
သူ့နောက်ကျော တစ်ပြင်လုံးမှ ဒဏ်ရာတွေကြောင့် အရင်တုန်းက သူမ ဆေးထည့်ပေးခဲ့သည့် အချိန်များကို ပြန်အမှတ်ရသွားသည်။
ဒဏ်ရာများမှာ လက်သည်းနှင့် ကုတ်ဆွဲထားသလို ခြစ်ရာများ၊ စုတ်ပြဲနီလန် နေသော အနာများ ဖြစ်သည်။ဒဏ်ရာများမှာ သူ့အသားပေါ်တွင် အပ်နှင့်ချုပ်ပြီး ကပ်ထားသလိုပင်။
"လေ့ကျင့်ရေးလုပ်တုန်းက ဒဏ်ရာတွေပါ…ဘာမှမဟုတ်ပါဘူး"
ဘန် က ဆင်ခြေတစ်ခု ကမန်းကတန်း ပေးလိုက်သည်။
"ဘယ်လို လေ့ကျင့်ရေးတွေလုပ်လို့ ဒီလောက် ဒဏ်ရာတွေ ရတာလဲ"
"ဓားလေ့ကျင့်လို့ ရတာ"
ဆာစီးနီယာက ဘန့်ကို စေ့စေ့ကြည့်ရင်း သူ လိမ်နေမှန်း အတတ်သိလိုက်သည်။
' ငါ့ကို လိမ်တယ်...'
လေ့ကျင့်မှုကြောင့် ဒဏ်ရာတွေမဟုတ်မှန်း ဘယ်သူမဆို သိပေသည်။
သူမ အမှန်ကို တစ်နေ့ကျ သိလာနိုင်ကြောင်း ဘန် သိသော်လည်း ယခုမူ လိမ်ပြောလိုက်သည်။
“တကယ်ပါ… ဘာမှမဟုတ်ပါဘူး”
ဘန် သည် ဆာစီးနီယာ အနား ကပ်လာပြီး သူမ လက်ကို မကိုင်ဘဲ အင်္ကျီလက်ဖျားကို လာကိုင်ကာ နှစ်သိမ့်ပြော ပြောလိုက်သည်။
ဆာစီးနီယာ သည် နှုတ်ခမ်းကို ကိုက်ထားရင်း ရှေ့တွင်ရပ်နေသော ဘန့်ကို မော့ကြည့်လိုက်သည်။
'ဘာတွေများ ဖုန်းကွယ်ထားချင်တာလဲ…နင် ပျောက်သွားခဲ့တဲ့ သုံးနှစ်အတွင်းမှာ ဘာတွေဖြစ်ခဲ့တာလဲ…'
သူမ စိတ်ထဲ သိချင်စိတ်တို့ ဖြစ်လာရသော်လည်း ဘန် လုံးဝဖြေမှာမဟုတ်သဖြင့် မေးမနေတော့ပေ။
နောက်နောင် သူ ဖုံးထားသည့်ကိစ္စကို သူမ သိသွားရင်လည်း ပြီးပြီးသား ကိစ္စမို့ ဘာမှ ပြောမည် မထင်ပေ။
“ဒီဟာလေး ပြန်ယူလိုက်မယ်နော်. …ကျေးဇူးပါ”
ဘန်က ကြမ်းပြင်ပေါ်ကျနေသော ကြယ်သီးကို ကုန်းကောက်လိုက်သည်။ ဆာစီးနီယာ သည် အင်္ကျီဖြင့် ခြုံပြီး ဖုံးထားသည့် သူ့နောက်ကျောကို စိုက်ကြည့်နေမိသည်။
'နောက်ကျောက ဒဏ်ရာတွေ...'
သူမ ကိုယ့်လက်ကိုယ်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားမိသည်။
မကိုင်ထားပါက သူ့အင်္ကျီကို အတင်းဆွဲဖယ်ပြီး ဒဏ်ရာတွေကို လှပ်ကြည့်မိနိုင်သည်။
သူမ အတွေးအားလုံးကို မြိုသိပ်လိုက်ပြီး အခန်းထဲက ထွက်လာခဲ့သည်။သူ့ ကျောကုန်းမှ ဒဏ်ရာများက သူမကို သုံးနှစ်ကြာ အဆယ်အသွယ်ဖြတ်ခဲ့သည့် ဆက်နွှယ်နေသလို သူမ ခံစားနေရသည်။ ထိုအတွေးကြောင့် သူမ၏ မျက်လုံးများသည် ကြက်သွေးရောင် ရဲတောက်လာကြသည်။
* * *
မနက် ၄ နာရီကျော်နေပြီဖြစ်သည်။
လူနှစ်ယောက်ကလွဲ၍ အားလုံး ကောင်းကောင်းအိပ်ပျော်နေကြမှာ သေချာသည်။
အရုဏ်တက်ချိန်တွင် ရောက်လာသော မဖိတ်ကြားထားသည့် ဧည့်သည်ကို လိုင်မာဖီးရပ်စ် က မကျေမနပ် တစ်ချက်ကြည့်လိုက်သည်။
"ဘယ်အချိန်ရှိပြီလဲ သိလား"
ဘန် က ခပ်တည်တည်ပင် အလွန်ဒေါသထွက်နေသော လိုင်မာဖီးရပ်စ် ရှေ့တွင် ရပ်လိုက်သည်။
ဘန် သည် ဆာစီးနီယာ နှင့် အတူနေစဉ်ကထက် ပို၍ ရိုးရိုးရှင်းရှင်း ဝတ်စားထားပြီး ဖြောင့်မတ်တည်ကြည်စွာ ရပ်နေလေသည်။သူ့ယူနီဖောင်းပေါ်က အနီရောင် ခြင်္သေ့ပုံကြီးတောင် လရောင်မှိန်မှိန်အောက်တွင်ပင် ပိုကြီးပုံပေါက်နေသည်။
ဘန် သည် သူ့ကို စိုက်ကြည့်နေသော အိမ်ရှေ့မင်းသားကို ဂရုမစိုက်သလို ကြည့်နေသည်။ အိမ်ရှေ့မင်းသားသည် ယခုမှ အိပ်ယာနိုးလာပုံရပြီး ပေါ့ပေါ့ပါးပါးသာ ဝတ်စားထားသည်။
ဘန် ကလည်း ဤအချိန်ကြီး လာတွေ့ရသည့်အတွက် စိတ်မကောင်းဖြစ်သွားသည်။
" မြို့တော်ကို ပြန်ရောက်ရောက်ချင်း အရှင့်သားကို လာတွေ့တာပါ ခင်ဗျာ"
ဘန် က နှုတ်ခွန်းဆက်စကားကို ယဉ်ကျေးစွာ ပြောလိုက်သည်။
“ငါ ဘာပြောရမှန်းတောင် မသိတော့ဘူး…မင်းကို အရုဏ်တက်ချိန်ကြီး ဘယ်သူက လာတွေ့ခိုင်းလို့လဲ"
အိမ်ရှေ့စံမင်းသားသည် ညီအစ်ကို အရင်းချင်း ပြောသလို အသာလေး ဆူလိုက်သည်။
သူတို့နှစ်ယောက်ရှိနေရာ အခန်းကျယ်ကြီးကို ရောင်စုံပရိဘောဂများဖြင့် အလှဆင်ထားသည်။ စကျင်ကျောက်ကြမ်းခင်းနှင့် ရှေးခေတ်လက် တိုင်လုံးကြီးများသည် အနုပညာလက်ရာမြောက်လှသည်။ မျက်နှာကျက်တွင်လည်း အင်ပါယာရှိ ပါရမီရှင်တစ်ဦး ဖြစ်သည့် မီရန်ဒရီရယ် ၏ ပန်းချီကားများသည် သစ်ပင်များလို များပြားလှပေသည်။ထို့ကြောင့် အခန်းထဲမှာ ပိုင်ဆံရှိတိုင်း ပေးဝယ်လို့မရသည့် အနုပညာလက်ရာတွေ အများကြီးရှိနေ၏။
ဘန် ဇိမ်ခံပစ္စည်းများဖြင့် အကျသားထိုင်နေသော အိမ်ရှေ့မင်းသားကို ကြည့်ရင်း တွေးလိုက်မိသည်။
' နည်းနည်းလေး ချွေတာပါလို့ ပြောထားရဲ့သားနဲ့'
"မင်း မျက်နှာကို လာလာပြပါဦး… မဟုတ်ရင် မင်းရုပ်ကို ငါ မေ့သွားတော့မယ်"
အိမ်ရှေ့မင်းသားက မတွေ့ရတာ ကြာပြီဖြစ်သည့် ဘန့် ကို ရွဲ့ပြောလိုက်သည်။
ဘန် က သူ့ကို လျစ်လျူရှုပြီး သူကိုင်ထားသည့် စာရွက်စာတမ်းတွေကို ကမ်းပေးလိုက်သည်။သူ လုပ်စရာရှိတာ မြန်မြန်လုပ်ပြီး ဆာစီးနီယာဆီ အမြန်ပြန်သွာရမည် ဖြစ်သည်။ ဆာစီးနီယာ နှင့် ဝေးနေရသည့် စက္ကန့်တိုင်းဟာ သူ့အတွက် အလဟဿပင်။
"ဒါဘာလဲ"
အိမ်ရှေ့မင်းသားက စာရွက်စာတမ်းတွေကို ဖတ်နေရင်း သူ့မျက်နှာက သိသိသာသာ တင်းမာသွားသည်။
"ဒါ အမှန်ပဲလား"
"ဟုတ်ကဲ့…ကျေးဇူးပြုပြီး ဖြေရှင်းပေးပါ"
"အဲလက်စ်…ငါမေးတာ ဒါအမှန်လားလို့"
"သူတို့ရဲ့ အခြေစိုက်စခန်း တည်နေရာကို သိပြီးထားပါပြီ"
“ဟင့်အင်း…”
'ဒါကို သူစုံစမ်းနေတာ ဘယ်လောက်ကြာပြီလဲ'
ပြည့်တန်ဆာလုပ်ငန်းကို တားမြစ်ထားသောကြောင့် အင်ပါယာရှိ လူယာတ်မာများသည် လူကုန်ကူးခြင်းဖြင့် ငွေရှာနေခြင်းပင်။
လိုင်မာဖီးရပ်စ် ကိုယ့်နားကိုယ်တောင် မယုံနိုင်တော့။
"အဲလက်စ်…ဒါတွေကို မင်းက ဘာလို့လုပ်ထားတာလဲ"
နိုင်ငံရေးကို သိပ်စိတ်မဝင်စားသည့် သူ့အတွက် ရုတ်တရက်ကြီး ထလုပ်ထားခြင်းမှာ ထူးဆန်းပေသည်။
သူ ရာထူးတက်ချင်လို့လား…
"ကျေးဇူးပြုပြီး အရာရှိ ဒက်စ်တာ ကိုရာထူးချလိုက်ပါ"
"အရာရှိ ဒက်စ်တာ က မြို့စားကြီး ကိုင်လို့စ် ရဲ့ လက်အောက်မှာရှိတာ… ပြီးတော့ မြို့စားကြီး ကိုင်လို့စ် က ဒီကိစ္စကို ကိုင်တွယ်တဲ့ နေရာမှာ မင်း ပတ်သက်နေတယ်ဆိုတာသာ သူသိရင် အသာနေမှာမဟုတ်ဘူး… မင်းမသိဘူးလား"
"ကျွန်တော် ဂရုမစိုက်ပါဘူး"
ဘန် သည် စိတ်ဓာတ် ယိမ်းယိုင်သွားမည့် အရိပ်အယောင်မပြဘဲ တည်ကြည်လေးနက်နေသည်။
အိမ်ရှေ့မင်းသားသည် ဘန် ဘာကြောင့် ယခူလို စိတ်ဓာတ်ပြတ်သားသွားရသည်ကို သိချင်နေမိသည်။
'ဘာကိုမှ မလိုချင်တတ်တဲ့ ဒီကောင်က အခု ငါ့ဆီကနေ တစ်ခုခုကို လိုချင်နေတာလား…ငါ ကြားထားတာများ မှန်နေတာလား'
"အဲ့ဒီ မိန်းကလေး ကြောင့်ပဲလား"
ဘန် ၏ မျက်ခုံးမွှေးများရုတ်တရက် တွန့်ချိုးသွားရသည်ကို မျက်စိလျင်သူ လိုင်မာဖီးရပ်စ် သေချာပေါက် တွေ့လိုက်သည်။
"အို…ငါပြောတာ မှန်နေပါရောလား"
'ခံစားချက်မဲ့တဲ့ အရုပ်လေးလို နေတတ်တဲ့ သူက ဒီလို ပြောင်းလဲသွားတာ မယုံနိုင်ဘူး…အဲ့ဒီ ကောင်မလေးက ဘယ်လို ကောင်မလေးပါလိမ့်'
လိုင်မာဖီးရပ်စ် ၏ အပြာရောင်မျက်လုံးများသည် စိတ်ဝင်စားစရာကောင်းသော အရုပ်အသစ် ရသွားသော ကလေးတစ်ယောက်လို သိချင်စိတ်တို့ ပြည့်နေသည်။
"ကျေးဇူးပြုပြီး အရှင့်သား ဖြေရှင်းပေးပါ"
"မင်းကို ပြောင်းလဲသွားစေတဲ့ မိန်းကလေးကို ငါ တွေ့ဖူးချင်လိုက်တာ"
"အရှင့်သား"
ဘန် သည် အကျယ်ကြီး အော်ဟစ်လိုက်ပြီး သူ့မျက်လုံးမှာလည်း စူးရဲစွာ တောက်ပလာကာ အိမ်ရှေ့မင်းသား၏ လည်ပင်းကို ကိုက်ပစ်တော့မလိုပင်။ဤသည်မှာလည်း ဆာစီးနီယာကို နည်းနည်းလေးမှ စိတ်မဝင်စားမိစေရန် ဘန် က သတိပေးခြင်းဖြစ်တော့သည်။
"အရှင့်သားကို သူမနဲ့တွေ့ခွင့်ပေးလို့ မရပါဘူး…ပြီးတော့ အရှင့်သား သူမကို လုံးဝ စိတ်ဝင်စားခွင့်မရှိပါဘူး"
ဘန် ၏ အကြည့်များသည် စူးရှနေပြီး သူ လုံးဝ အလေးအနက် ပြောနေကြောင်း ထင်ရှားလှသည်။