အပိုင်း ၃၉
Viewers 12k

Chapter 39


လိုင်မာဖီးရပ်စ် သည် ဘန်၏ သဘောထားကြောင့် အလွန်ပင် အံ့သြသွားရသည်။


 "ဘာကိုမှစိတ်မဝင်စားသလို နေတတ်တဲ့သူက ဒီလောက်တောင် ပြောင်းလဲသွားပါလား..'


ဘန် ၏အကြည့်များသည် ရက်စက်လွန်းသဖြင့် လိုင်မာဖီးရပ်စ် တစ်ယောက် ကျောထဲကပါ စိမ့်လာရသည်။


လိုင်မာဖီးရပ်စ် သည် တတ်နိုင်သမျှ မအံ့ဩဟန်ဆောင်လိုက်ကာ တံတွေးတစ်ချက် မျိုချလိုက်သည်။ 


'ဒါက နိုင်ငံတော်ပုန်ကန်မှုဆိုတာ သူ သိရောသိရဲ့လား'


  


သူသိရင်တောင် ဘာမှပြောင်းလဲသွားမှာ မဟုတ်ဘူးဟု လိုင်မာဖီးရပ်စ် ထင်မိသည်။


'ဒီမိန်းကလေးကြောင့် မျက်ကန်းတစ်ယောက်လို ဖြစ်သွားပါပေါ့လား'


ထို့နောက် လိုင်မာဖီးရပ်စ် သည် လျှို့ဝှက်ဆန်းကြယ်သော ဤမိန်းကလေးကို ပို၍ပင် သိချင်လာမိသည်။ 


“ကောင်းပြီ…ကောင်းပြီ” 


နောက်ဆုံး လိုင်မာဖီးရပ်စ်  လက်မြှောက် အရှုံးပေးလိုက်ရတော့သည်။ထို့အပြင် သူမကို တစ်နေ့ သေချာပေါက် တွေ့ရမည် ဖြစ်သောကြောင့် စိတ်အေးအောင် ပြောထားလိုက်၏။ 


"ငါ နားလည်ပါတယ်…ဒီနေ့ပဲ  ဖြေရှင်းပေးပါ့မယ်"


ဘန် ချက်ချင်း ငြိမ်သက်သွားရသည်။ 


'အမလေးနော်…' 


အိမ်ရှေ့မင်းသားမှာ ပြုံးသာ ပြုံးနေရတော့သည်။ယနေ့ မြင်လိုက်ရသော ဘန်၏ သတ္တိမှာ ပေါ့သေးသေးမဟုတ်ပေ။မနက် အစောကြီးလာပြီး ဤကိစ္စကို ‌အတင်းတောင်းဆိုသွားသဖြင့် သူ မိုးလင်းတာနှင့် ဧကရာဇ်မင်းကို တွေ့ပြီး ပြောရတော့မည် ဖြစ်သည်။ တစ်နေ့လုံး အလုပ်များတော့မည်ဖြစ်၍ လိုင်မာဖီးရပ်စ် ခေါင်းပါကိုက်လာရတော့သည်။စိတ်ပျက်လက်ပျက် ဖြစ်သွားရသော အိမ်ရှေ့စံမင်းသားသည်  နဖူးပေါ်ကျနေသော ရွှေရောင်ဆံပင်များကို နောက်လှန်တင်လိုက်သည်။


"ကျွန်တော် သွားလိုက်ပါဦးမယ်"


ဘန် က အိမ်ရှေ့မင်းသားနှင့် အချိန်မဖြုန်းချင်တော့၍ ထွက်သွားသည်။ 


လိုင်မာဖီးရပ်စ် သည် မေးစေ့ကို ပွတ်နေရင်း ဘန် ထွက်သွားသည်ကို စောင့်ကြည့်နေသည်။ ဘန် တစ်ယောက် သုတ်သုတ် ထွက်သွားပုံမှာ သူ့အိမ်တွင် ရွှေတွေဝှက်ထားသလိုမျိုး သူခိုးခိုးခံရမှာ ကြောက်နေပုံမျိုးဖြစ်နေသည်။


 


“ဆာစီးနီယာ…” 


လိုင်မာဖီးရပ်စ်က သူ ရရှိထားသော အစီရင်ခံစာမှ အမည်ကို ရေရွတ်ကြည့်လိုက်သည်။


‘အဲလက်စ်က အသားကင် ဖြစ်လုနီးနီး မီးလောင်တော့မယ့် မိန်းကလေးတစ်ယောက်ကို ကယ်တင်ခဲ့တယ်… ရှေ့လျှောက် ဘာဖြစ်မယ်ဆိုတာတော့ သိပ်စိတ်ဝင်စားနေပြီ'


 * * * 


"သွားတော့မှာ သေချာလား" 


မေ၏ ခြေထောက်များ တုန်ရီနေတော့သည်။ အနက်ရောင် ၀တ်စုံဝတ်ထားသည့် ဆာစီးနီယာ သည် မေ့ ပခုံးကို ပုတ်၍ နှစ်သိမ့်ပေးလိုက်သည်။


 "ငါ မကြာခင် ပြန်လာမယ်"


 “ဒါပေမယ့်…”


 "ဒီလို ထွက်သွားရတာ မတရားတာတော့ အမှန်ပဲ" 


သူမ စကားမှာ မှန်နေသည့်အတွက် မေ က တွေတွေလေး စိုက်ကြည့်နေသည်။


ဆာစီးနီယာ သည် မမှန်မကန်စွပ်စွဲခံရပြီး အရှက်ခွဲခံရသည့်တိုင် စိတ်ဓာတ်ခိုင်မာသူ တစ်ယောက်ဖြစ်တာကြောင့် သူမ အဆင်ပြေမည်ကို သိသော်လည်း မေ စိုးရိမ်နေမိသည်။


 


“ညီမ အစ်မနဲ့ လိုက်ခဲ့မယ်…” 


မေက ငိုယိုပြီး ဆာစီးနီယာ ၏ ၀တ်ရုံကို ဆွဲထားလိုက်သည်။


“တစ်ယောက်တည်း သွားတာ ပိုမြန်တယ်… ပြီးတော့ ငါက ဒုက္ခခံဖို့ သွားရမယ့် သူမျိုးလား"


မေ သည် ဆာစီးနီယာ အနာတရ ဖြစ်ရမည့် အကြောင်း တွေးတောင်တွေးမကြည့်နိုင်ပေ။


ဆာစီးနီယာ ၏ စရိုက်နှင့် စိတ်ဓာတ်ကို  မေ သိသောကြောင့် သူမ အဆင်ပြေမည်မှန်း သိသော်လည်း...


 "လူတွေအများကြီး အစ်မကို တိုက်ခိုက်ဖို့ကြိုးစားရင် ဘာလိုလုပ်မလဲ" 


" ငါထွက်ပြေးမယ်လေ"


ထိုအဖြစ်မျိုးသာ ဖြစ်ပါက ဆာစီးနီယာ လွယ်လွယ်လေး  ဖြေရှင်းနိုင်သော်လည်း စိုးရိမ်နေရှာသည့် မေ ကို လိမ်ညာလိုက်သည်။စကားပြောရတာ အချိန်တော်တော် ကုန်သွားပြီဖြစ်သောကြောင့် သူမဦးထုပ်ကို သေချာဆောင်းလိုက်သည်။


 "သတိထားနော်"


မေ သည် ဆာစီးနီယာ ၏ ဆံပင်များကို မမြင်ရအောင် ၀တ်ရုံထဲ ဂရုတစိုက် ထိုးထည့်ပေးလိုက်၏။


 


"ဟုတ်ပြီ ငါသွားတော့မယ်… တံခါးကို သေချာသော့ခတ်ထားနော်"


ဆာစီးနီယာ သည် အိမ်မှ ထွက်လာရင်း လမ်းရှင်းနေသည်ကို တွေ့လိုက်ရသည်။  


မိုးသည် နောက်ဆုံးတွင် ရပ်သွားကာ ပတ်ဝန်းကျင်လည်း သာယာနေသည်။လူတိုင်းက သူမကို ဆန့်ကျင်နေကြသော်လည်း ဆာစီးနီယာ ထွက်ကို ထွက်လာရမည့် အကြောင်းပြချက် နှစ်ခုရှိသည်။ ပထမဆုံး ဂျော်ဒန် နှင့်တွေ့ပြီး အမှန်တရားကို ရှာရမည်။ ဒုတိယအနေနှင့် သူမ ခန့်မှန်းတာ မှန်‌နေပါက ကိစ္စအားလုံးကို ကြံစည်ခဲ့သည့် ချားလ်စ် ကို သွားတွေ့ရပေမည်။


 'မမေ့နိုင်သေးဘူး…မဟုတ်ဘူး…ငါတစ်သက်လုံး မေ့မှာမဟုတ်ဘူး' 


သူမကို မီးရှို့ဖို့ ကြိုးစားခဲ့သည် လူအများ၏ မုန်းတီးနေသည့် မျက်လုံးတွေ…


 "စိတ်တိုလိုက်တာ"


သူမ အောက်နှုတ်ခမ်းကို ကိုက်ထားမိလိုက်သည်။


ဆာစီးနီယာသည် ဦးထုပ်ကို  ပိုဆွဲချပြီး အလုံဆောင်းလိုက်သည်။ သူမ တတ်နိုင်သမျှ တိတ်တိတ်ဆိတ်ဆိတ် သွားရန်သာ ရည်ရွယ်ထားသည်။ မိုးရွာထားတာကြောင့် လမ်းက ရွှံ့ထူနေပြီး နေရာတိုင်းမှာ အမှိုက်တွေ ရှိနေကြသည်။သွားနေရင်း အမှိုက်ပုံကြားထဲတွင် ကြယ်သီးတစ်လုံးကို သူမ ဖျတ်ကနဲမြင်လိုက်ရသည်။


 'ကြယ်သီး...' 


ဆာစီးနီယာ သည် မနေ့ညက အဖြစ်အပျက်ကို ပြန်သတိရသွားသည်။


ဘန် ရဲ့ကျောပြင်မှ အနီရောင်ဒဏ်ရာများ…


သူမ တစ်သက်လုံး ထိုဒဏ်ရာမျိုးကို တစ်ခါမျှ မတွေ့ခဲ့ဖူးဘဲ ဝတ္ထုထဲတွင်လည်း မူလပိုင်ရှင်က တွေ့ဖူးထားဟန် မတူပေ။


 


"အဲ့ဒါဘာလဲ…"


 'ဘာဖြစ်တာလဲ...'


ဘန် အဲ့ဒီ ဒဏ်ရာတွေကို ဘယ်လိုတောင် နာကျင်ခံစာရပြီးတော့ ရလာတာလဲ…


သူမ သက်ပြင်းတစ်ချက် ချလိုက်မိသည်။


ဘန် နာကျင်ခံစားနေရပုံကို သူမ စိတ်ထဲ ပေါ်လာရပြီး မျက်မှောင်ကြုတ်သွားတော့သည်။


 'သူငါ့ကို မပြောပြဘူး…ငါ့ဘာသာ ငါပဲ ရှာရတော့မယ်… ဒါပေမယ့် အခုတော့ ရွာအခြေအနေကို အရင်ရှင်းအောင် လုပ်ရမယ်'


လေပြင်းကလည်း အလွန်ပြင်းထန်စွာ တိုက်နေသောကြောင့် ဆာစီးနီယာ ၏ ၀တ်ရုံသည် သူမ,ခြေလှမ်းလှမ်းလိုက်တိုင်း လွင့်ပျံသွားသည်။ရာသီဥတုမှာ မခံနိုင်လောက်အောင် အေးနေပြီး ဆောင်းဦးရဲ့ အနံ့က သူမကို တိုးဝှေ့ကျီစယ်နေကြသည်။ 


ဆာစီးနီယာ သည် လေပြင်းကြောင့် ဦးထုပ် ပြုတ်မကျသွားအောင် ဦးထုပ်ကို ဖိကိုင်ထားသည်။ထို့နောက် ရှေ့ဆံပင်ကို ဖြည်ချထားလိုက်သည်။


 "အဲ့ဒါ စုန်းမကြီး မလား" 


" အပြင်တောင်ထွက်ရဲတယ်နော်…အရှက်မဲ့လိုက်တာ… "


မျှော်လင့်ထားသည့်အတိုင်း သူမ၏ ဆံပင်ကို မြင်လိုက်သူများသည် ချက်ချင်းပင် သူမကို မှတ်မိသွားကြသည်။


သူတို့၏ ဝေဖန်သံများသည် လေနှင့်အတူ လွင့်ပျံလာရသဖြင့် ဆာစီးနီယာ   ရှင်းရှင်းလင်းလင်း ကြားနေရသည်။


'ငါကပဲ အရှက်မရှိ ထွက်လာတယ် ဖြစ်ရသေးတယ်'


 


ထိုစကားများက သူမ သွေးများကို ဆူပွက်စေပြီး ဘာမှလည်းမလုပ်ရပဲနှင့် ရာဇ၀တ်ကောင်လို ခံစားသွားစေသည်။သူမ၏ ကိုယ်ကျင့်သိက္ခာနှင့် မာနလည်း ထိခိုက်ပွန်းပဲ့ရသည်။


 'ဘာလို့လဲ… ငါ ဘာအမှားမှ မလုပ်ခဲ့ဘူးလေ…ဘာလို့ ဖုံးထားရမှာလဲ'


ထိုအတွေးကြောင့် သူမ ဦးထုပ်ကို ချက်ချင်း ချွတ်ပစ်လိုက်သည်။ 


သူမသည် အမှားမလုပ်ခဲ့၍ အပြစ်သားတစ်ယောက်လို ရှောင်ပုန်းမနေချင်တော့ပေ။


သူမကို သူတို့ ဒေါသတကြီး ပြုမူလာလျှင်လည်း ထွက်ပြေးမနေတော့ဟု ဆုံးဖြတ်လိုက်သည်။


'ဘာအမှားမှ ငါ မလုပ်ထားတဲ့အတွက် ခေါင်းမော့ပြီး လျှောက်မယ်'


သူမ၏ စူးစူးရှရှ အကြည့်များက ပတ်ဝန်းကျင်ကို လွှမ်းမိုးသွားသည်။ ထို့နောက် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားပြီး တီးတိုးပြောသံများလည်း ရပ်တန့်သွားကြသည်။သူတို့အားလုံး တည့်တည့်ရင်မဆိုင်ရဲသော သူရဲဘောကြောင်သူများပင်။


 "ဟာ" 


သူမနှင့် မျက်လုံးချင်းဆုံမိသူတိုင်း သူမအကြည့်ကို သေမင်းနှင့် အကြည့်ဆုံးဖို့ ကြောက်သလိုပင် ရှောင်သွားကြသည်။ 


 "ကျွတ်" 


ဆာစီးနီယာ သည် သူတို့၏ သူရဲဘောကြောင်သည့် စိတ်ဓာတ်ကို တွေ့လိုက်ရသောကြောင့် စုတ်သပ်လိုက်သည်။ သူမ စိတ်ပျက်လာမိပြီး လုပ်စရာရှိတာလုပ်ပြီး အိမ်ပြန်ချင်စိတ်သာ ကြီးစိုးနေတော့၏။


သူမ၏ အနီရောင်ဆံပင်များသည် လေထဲတွင် တဖျပ်ဖျပ်လွင့်နေကာ စစ်မြေပြင်တွင် ရပ်နေသော စစ်နတ်ဘုရားမတစ်ပါးလို ဖြစ်နေသည်။ သူမ ကိုယ်သူမ ယုံကြည်မှု ရှိနေသောအခါ သူတို့လည်း ကိုယ့်လမ်းကိုယ် ရှေ့ဆက်သွားကြသည်။


* * *


ဘန် သည်  ဆာစီးနီယာ ကို အမြန်ဆုံး တွေ့ချင်နေသဖြင့် မရပ်မနား မြင်းစီးလာသည်။ သူ့မှာ လုပ်စရာအလုပ်တွေ အများကြီးရှိသော်လည်း ထားပစ်ခဲ့ရသည်။ ရွာမှ မြို့တော်ကို အသွားအပြန် မြင်းစီးရသည်မှာ ပင်ပန်းသော်လည်း ဘန် မမှုဘဲ မြန်မြန်ပင် ဒုန်းစိုင်းလာခဲ့သည်။


သို့သော် သူ မမောသော်လည်း မြင်း ပန်းလာရသလို ညအမှောင်ထုကလည်း တဖြည်းဖြည်း ကြီးစိုးလာသည်။ ယခု နေဝင်ချိန်သည် ဆာစီးနီယာ ၏ မျက်လုံးများလို ကြက်သွေးနီရောင် ဖြစ်နေသည်။ ထို့နောက် ဘန် သည် ဒဏ်ရာများကို မြင်သွားစဉ်က ဆာစီးနီယာ ၏ မျက်နှာအမူအရာကို မှတ်မိသွားရသည်။ 


သူ့ ဆင်ခြေတွေကို မယုံသော်လည်း ကြိတ်မှိတ် ခေါင်းညိတ်လိုက်ရပုံပေါ်သည်။ သူမကို မလိမ်ညာချင်ပေမယ့်လည်း သူ့နာကျင်မှုတွေကို မပြောပြချင်သလို သူမကိုလည်း စိတ်မပူစေချင်ပေ။


သူ့သဘောထားက ဆာစီးနီယာ တစ်ချိန်လုံး ပျော်ရွှင်၊ပြုံးစေချင်ရုံမျှသာ ဖြစ်သည်။


ထို့ကြောင့် ဘန် သည် ရွာမှ မြို့တော်သို့ သွားလိုက်၊လာလိုက်နှင့် မအိပ်ဘဲ ခရီးနှင်လာခြင်းပင်။


 "ကိုယ်မင်းကို လွမ်းလိုက်တာ" 


ချိုမြိန်စွာ လွန်ခဲ့သည့် သုံးနှစ်ကလို  အပူအပင်မရှိ ပြုံးရယ်နေသော သူမကို တွေးကြည့်မိသည်။


ဘန် က မြင်းဇက်ကြိုးကို တစ်ချက်ဆောင့်ပြီး အမြန်ပြေးခိုင်းလိုက်သည်။


 "ဟီ…ဟီ"


ချောမွေ့စွာ ပြေးလွှားနေသော မြင်းကလေးသည် ရုတ်တရက် လန့်သွားပြီး ခုန်ပေါက်သွားသောအခါ ဘန်က ဇက်ကြိုးကို လက်မောင်းကြွက်သားကြီးများ ဖောင်းကားလာအောင် ဆုပ်ကိုင်ထားလိုက်၏။


 


“အို… အဆင်ပြေပါတယ်…ဘာကိုလန့် နေတာလဲ” 


သူက မြင်းကို လက်ဖြင့်ပွတ်သပ်လိုက်ပေးရာ မြင်းကလေးမှာ တဖြည်းဖြည်း တည်ငြိမ်စပြုလာသည်။ 


ဘန် သည် မြင်းပေါ်မှ ချက်ချင်း ခုန်ဆင်းလိုက်ပြီး ရှေ့ကို ဆက်သွားကြည့်လိုက်သည်။


 


"မြေခွေးတစ်ကောင် ပါလား"


တောလမ်းအလယ်၌ သွေးအိုင်ထဲမှာ လဲနေသည့် မြေခွေးနီတစ်ကောင်ကို ဘန် တွေ့လိုက်ရသည်။ မြေခွေး၏ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများကို မြင်လိုက်ရသောအခါ သူ ထူးဆန်းစွာပင် စိုးရိမ်သွားရသလို ဖြစ်သွားပြီး ကြက်သီးမွေးညှင်းများပင် ထလာသည်။


ထို့နောက် ဘန် သည် မြေခွေးကို သစ်ပင်တစ်ပင် အောက်တွင် ရွှေ့ထားလိုက်ကာ သစ်ရွက်ကြွေများဖြင့် အုပ်ပေးလိုက်သည်။ 


"ကဲ…သွားကြရအောင်"


ဘန် မြင်းပေါ် ပြန်တက်လိုက်ပြီး စောစောကထက် အရှိန်ပိုမြှင့်လိုက်သည်။


 'မြေခွေးနီရဲ့အမွေးကိုကြည့်ပြီး ဆာစီးနီယာ ကိုတောင် သတိရသွားတယ်'


ထိုအတွေးကြောင့် သူ့တစ်ကိုယ်လုံး စပ်ဖျင်းဖျင်းပင် ဖြစ်သွားသည်။


 'မဟုတ်ဘူး… မဟုတ်ဘူး…ငါ အိပ်ရေးပျက်လို့ တောင်တွေးမြောက်တွေး တွေးနေမိတာပဲ'


ဘန်က စိုးရိမ်စိတ်ကို ဖြေဖျောက်ဖို့ရာ သူမ ဘေးကင်းလုံခြုံစွာ ရှိနေကြောင်း မျက်စိနှင့် တပ်အပ်တွေ့မှသာ စိတ်အေးတော့မည် ဖြစ်သည်။


ထို့နောက် ဘန်က တောထဲကို အရှိန်ပြင်းပြင်း စီးနှင်လာရာ သူ့အနက်ရောင်ဆံပင်များက မြင်းလည်ဆံမွှေးလို လေထဲမှာ တဖျပ်ဖျပ်လွင့်ခါနေကြသည်။