Chapter 40
ဘန် သည် သူ ထင်ထားသည်ထက် ဆာစီးနီယာ အိမ်ကို မြန်မြန် ရောက်လာသည်။ သူက မြင်းကို အိမ်နောက်ဘက်တွင် ချည်နှောင်ထားကာ အိမ်ရှေ့တံခါးဆီ လျှောက်သွားလိုက်သည်။
ဘန် သည် လမ်းကို မြန်မြန်လျှောက်နေသဖြင့် သူ့ခြေရာများက ရွှံ့မြေပေါ်တွင် အခွက်လိုက်၊အခွက်လိုက် ဖြစ်ကျန်ခဲ့သည်။
သူ အိမ်ထဲဝင်သွားသောအခါ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ခေါင်းပါ မူးသွားရသည်။
"ကျွန်မလည်း အစ်မ ဆာစီးနီယာ ဘယ်လိုခံစား နေရတယ်ဆိုတာ သိနေတော့ မတားရက်နိုင်ခဲ့ဘူးရှင်"
မေက ငိုယိုပြီး ပြောပြနေသည်။
ဆာစီးနီယာ အိမ်တွင် မရှိကြောင်း ဘန် သိလိုက်ရသောအခါ သူ၏ စိုးရိမ်စိတ်နှင့် ကြောက်ရွံ့စိတ်တို့သည် ငယ်ထိပ်ထိပါ တက်ဆောင့် လာရတော့သည်။သူ့ခေါင်းကြီးတစ်ခုလုံး ပေါက်ကွဲတော့မလို ခံစားနေရပြီး သူမတစ်ယောက်တည်း ထွက်သွားတာကိုလည်း မယုံနိုင်လောက်အောင် ဖြစ်နေရသည်။ ရင်ပြင်တုန်းကလို အဖြစ်အပျက်များ ထပ်ဖြစ်မှာကို စိုးရွံ့ပြီး သူမကို ဆုံးရှုံးရမှာ ကြောက်သည့်အတွက် သူမကို လိုက်ရှာဖို့ အိမ်အပြင်ဘက် ပြေးထွက်လာခဲ့သည်။
* * *
"သူ ထွက်သွားပြီလား"
"ဟုတ်ပါတယ်…ထွက်သွားပါပြီ"
လမ်းသွားလမ်းလာ တစ်ဦးထံမှ ဂျော်ဒန် အကြောင်းကို ဆာစီးနီယာ ကြားလိုက်ရသည်။
ဆာစီးနီယာ သည် စိတ်ပျက်စွာဖြင့် အိမ်ထဲကို လှမ်းကြည့်လိုက်ရာ ခြံဝင်းထဲ၌ ပရိဘောဂ အဟောင်းများ ထုတ်ထားသည်ကို တွေ့လိုက်ရသည်။
'ဘယ်လိုကောင်လဲ...'
သူမ မျက်နှာထား တင်းမာသွားရသည်။
'ဒါဆို ဒီကိစ္စကို ဘယ်သူ ရှင်းပေးမှာလဲချားလ်စ်!…ဟုတ်တယ်…သူနဲ့တွေ့ရမယ်…ဒါတွေ အားလုံး လုပ်ခဲ့တာ သူပဲ'
ဆာစီးနီယာ သည် ယခင်က သူမ မှားယွင်းစွာ အကျဉ်းကျခံခဲ့ရသည့် ထောင်ကို သွားကြည့်ချင်စိတ်တို့ ဖြစ်လာသည်။
"ဟင်...မင်းက သူ့ကိုရှာပြီး ဘာ… ဘာလုပ်မှာလဲ..."
ဆာစီးနီယာ သည် လမ်းသွားလမ်းလာ၏ စကားကြောင့် အတွေးတို့ရပ်တန့်သွားရသည်။
"ရှင် ဘာပြောလိုက်တာလဲ"
ဆာစီးနီယာ နှင့် မျက်လုံးချင်းဆုံသောအခါ ထိုလူက မကောင်းဆိုးဝါး တစ်ကောင်ကို ရင်ဆိုင်ရသလို ကြောက်ရွံ့နေပြီး နာကြည်းမုန်းတီပုံလည်း ပေါက်နေသည်။
"ရှင် ဘာပြောလိုက်တာလဲလို့"
"အား"
ဆာစီးနီယာ နောက်တစ်ကြိမ် ထပ်မေးသော်လည်း ထိုလူမှာ လူသတ်မှုတစ်ခုကို မျက်ဝါးထင်ထင် မြင်လိုက်ရသလို ကတုန်ကယင်ကြီး ထွက်ပြေးသွားလေသည်။
ဂျော်ဒန် ၏ အိမ်ရှေ့တွင် ရပ်နေသော ဆာစီးနီယာ သည် ဆံပင်ကို စိတ်ရှုပ်ရှုပ်နှင့် ဖွပစ်လိုက်သည်။
လူအများက သူမကို မကောင်းဆိုးဝါးတစ်ကောင်လို ဆက်ဆံသည့်အတွက် သူမ စိတ်ပျက်လာမိသည်။ သူမသာ ဂျော်ဒန် နှင့် ချားလ်စ် တို့ကို ဖမ်းမိပါက လူတိုင်းရှေ့တွင် အဖြစ်မှန်ပြောပြစေပြီး တောင်းပန်ခိုင်းမည်ဖြစ်သည်။
“အာ”
သူမ ဒေါသထွက်လာရစဉ် သူမ ခန္ဓာကိုယ်ကို ရုတ်တရက် အားဖြင့် ဆောင့်တွန်း ခံလိုက်ရသလိုဖြစ်သွားရသည်။ လဲကျတော့မလို ဖြစ်သွားသော်လည်း သူမ ဟန်ချက်ညီညီ ပြန်ရပ်လိုက်သည်။
"ဘာလဲဟ"
ဆာစီးနီယာ အောက်ကို ငုံကြည့်လိုက်သည်။ သူငယ်ချင်းတွေနှင့် ပြေးလွှားဆော့ကစားနေသည့် ကလေး တစ်ယောက်က သူမ ခြေထောက်ကို ကိုယ်လုံးနှင့် ဝင်ဆောင့်မိခြင်းပင်။
ကလေးလေးမှာ နာကျင်သွားပုံဖြင့် ငိုမဲ့ငိုမဲ့ ဖြစ်လာသည်။
“အစ်မ လက်ကို ကိုင်ထားလေ”
သူမ စိတ်တိုနေသော်လည်း ကလေးကို သနားသွား၍ လက်ကမ်း ပေးလိုက်သည်။
"ဟာ"
ကလေးလေးမှာ မျက်နှာဖြူဖျော့သွားရသဖြင့် ဆာစီးနီယာ ကို မှတ်မိနေခြင်း ဖြစ်နိုင်သည်။ သူ့နှုတ်ခမ်းတွေကလည်း တုန်ယင်နေကြပြီး ကြောက်ရွံ့နေလေသည်။
"သူမက စုန်းမပဲ"
ဆာစီးနီယာ မျက်ခုံးများ တွန့်ချိုးသွားရသည်။
"အား…ပြေးကြ"
လဲကျသွားသည့် ကလေးကို မြင်ပြီး အပြေးရပ်သွားသည့် အဖွဲ့က ဆာစီးနီယာ ကိုမြင်ပြီး အမြန် ထွက်ပြေးသွားကြသည်။
“အား…”
ကောင်လေးမှာ အခု တစ်ယောက်တည်း ကျန်တော့သဖြင့် တော်တော်လေး ကြောက်လန့်နေပုံရသည်။ သူက လေးဘက်ထောက် ပြေးရန် ကြိုးစားကြည့်သော်လည်း သူ့ခြေထောက်သေးသေးလေးမှာ ရွှံ့နွံထဲ နစ်နေသဖြင့် ထ,မပြေးနိုင်ဘဲ ရှိနေသည်။
ဆာစီးနီယာ မနစ်မြို့စိတ်နှင့် မခံချင်စိတ်တို့ ဖြစ်လာရသည်။
"သွား… သွားတော့"
ဘယ်လိုပင် တခြားသူများထံမှ မုန်းတီးခံရပါစေ၊ ကလေးကတောင် သူမကို လန့်နေသဖြင့် နာကျင်သွားရသည်။
ထို့ကြောင့် သူမသည် မတ်တပ်ထရပ်ရန် ကြိူးစားနေသော ကလေးကို လက်ကမ်းပေးမနေတော့ပေ။သူမကို မုန်းနေသူတစ်ယောက်ကို ကူညီပေးချင်စိတ်လည်း မရှိတော့။
"အား…စုန်းမ…ထွက်သွား”
ထောက်…
ပြင်းထန်သော ထိရှသံတစ်ခု သူမတို့နှစ်ယောက်ကြား ဖြိုခွင်းလာသည်။
ဆာစီးနီယာ သည် နဖူးတွင် နာကျင်လာရသဖြင့် မျက်မှောင်ကြုတ်လိုက်မိသည်။ ထို့နောက် ပူနွေးသော အရည်များသည် နဖူးမှ သူမ ပါးပြင်ပေါ် စီးကျလာသည်။ သူမ ပါးပြင်ကို လက်ဖြင့်အသာပွတ်ပြီး ကြည့်လိုက်ရာ သွေးစ,များ ဖြစ်နေသည်။
"စုန်းမ…နင် ထွက်သွားတော့"
သွေးထွက်သံယိုဖြစ်နေသည်ကို မြင်လိုက်ရသောအခါ အံသြသွားသော ကလေးသည် သူ့အား ရန်မူတော့မည်ဟု တွေးကာ ငိုယိုနေတော့သည်။
ကြောက်စရာကောင်းသည့် စုန်းမကြီးက သူ့ကို ဖမ်း၊ သွေးထွက်အောင်လုပ်၊ သူ့အသားကို လှီးဖြတ်ပြီး မီးရှို့ပစ်တော့မည်ဟု သူတွေးနေခြင်းပင်။
"အား"
အရာအားလုံးမှာ ထင်ယောင်ထင်မှား ဖြစ်နေခြင်း မဟုတ်တာကြောင့် သူ ပြန်လှည့်မကြည့်ဘဲ ထွက်ပြေးသွားသည်။
ဆာစီးနီယာ သည် မျက်ခုံးအထက်နားမှ သွေးများ စီးကျလာသည်ကို သိလိုက်သည်။ အောက်နည်းနည်းကျပြီး ထိမှန်သွားပါက မျက်လုံးကန်း သွားနိုင်ပေသည်။
“ဟားဟား…”
သူမ ရယ်မောလိုက်သည်။ အေးစက်နေသော သူမ နှလုံးသားသည် မီးတောက်တစ်ခုလို ပူလာသည်။
"အရူးမ…နင် ငါတို့စားစရာဂိုဒေါင်ကို မီးရှိုတာနဲ့ မလောက်သေးဘူးလား… အခု ကလေးတွေကိုတောင် ရန်မူချင်နေတာလား"
"သူမ အခု ငါတို့ တစ်ရွာလုံးကို မီးရှို့ပစ်တော့မှာ မဟုတ်ဘူးလား"
ဝိုင်းစက်နေသည့် မျက်လုံးကြီးတွေ၊ စေ့နေအောင် ကြိတ်ထားကြသည့် သွားများ၊မုန်းတီးမှုတွေနှင့် ဝေဖန်မှုတွေ ရောထွေးနေသည့် အကြည့်တွေ အားလုံးကို ဆာစီးနီယာ အထင်းသား မြင်နေရသည်။ သူတို့ အကြည့်တွေက အပ်ချောင်းတွေထက် ပိုစူးရှနေပြီး ကရုဏာမဲ့စွာ သူမကို ဓားသွားနှင့် ထိုးဆွနေကြသည်။
'ဒီလိုစကားတွေ ဘယ်နှစ်ခါတောင် ကြားနေရမှာလဲ'
ဆာစီးနီယာ ၏ ခန္ဓာကိုယ်သည် ထိန်းမနိုင် သိမ်းမရ ဒေါသများဖြင့် တုန်လှုပ်နေပြီး အပူငွေ့များပါ တရှိန်းရှိန်းထွက်လာသည်။
'ငါဘာလုပ်မိလို့လဲ'
အစားအသောက်ဂိုဒေါင် မီးလာင်သွားသည့်အတွက် တစ်ယောက်ယောက်ကို အပြစ်တင်ချင်သဖြင့် ယခုလို ဖြစ်နေတာလားဟုလည်း သူမ တွေးနေမိသည်။
'ငါ ဘယ်လောက်ကြာကြာ သည်းခံရမှာလဲ'
“ရွံစရာကြီး… ကြည့်စမ်း… သူမ အရမ်း ရယ်စရာကောင်းတာပဲ"
ဆာစီးနီယာ သည် လှောင်ပြောင်ရယ်မောနေသည့် ရယ်မောသံများလက်ကို ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်သည်။
"သူမ ကြည့်ရတာ အသက် 20 လောက်ပဲ ရှိဦးမယ်"
ငယ်ရွယ်ပြီး မျက်နှာပေါ်တွင် တင်းတိပ်များရှိသော အမျိုးသမီးသည် ဆာစီးနီယာ ကို လှောင်ပြောင်ပြီး ကြည့်နေသည်။
“…”
'ငါ ဘယ်လောက်အထိ ခံနိုင်ရည်ရှိရမှာလဲ…ငါ့ခံစားချက် တွေကို ဘယ်သူမှလည်း နားမလည်ပေးကြဘူး'
သူမ အသက်ရှူပါ ကျပ်လာရသည်။
သူမလည်း ဘာမှမလုပ်ဘဲနှင့် အရူးတစ်ယောက်လို၊မကောင်းဆိုးဝါးတစ်ကောင်လို ဆက်ဆံခံနေရတော့သည်။
အကြောက်တရား၊ လှောင်ပြောင်မှု၊ မထီမဲ့မြင်ပြုမှု၊ မုန်းတီးမှုတို့သည် သူမအား သက်ညှာမပေးဘဲ ထိုးနှက်နေကြသည်။
နှလုံးသားထဲတွင် စုပုံလာသော ခံစားချက်တို့ကြောင့် သူမ တစ်ကိုယ်လုံး မီးတောင်ကြီးလို တုန်ခါနေရသည်။သူမ ဒီ့ထက် ပိုပြီး သည်းခံနိုင်စွမ်း မရှိတော့ပေ။
"သွားသေလိုက်"
တင်းတိပ်များ ရှိနေသာ မိန်းမကြီးက ကျိန်ဆဲနေပြီး မုန်းတီးစက်ဆုပ်သော မျက်လုံးများဖြင့် သူမကို ကြည့်နေတော့သည်။ သူမ မျက်နှာပေါ်တွင်လည်း စက်ဆုပ်ရွံရှာသော အပြုံးတစ်ခု လွှမ်းမိုးထားသည်။
"သေလိုက်တော့"
"သေလိုက်"
ဆာစီးနီယာ နားထဲတွင် ထိုစကားသံတို့ အကြိမ်ကြိမ် ပဲ့တင်ထပ်နေပြီး စိတ်ထဲမှာလည်း ငရဲပွက်သလို တုန်ခါလာသည်။
အရင်က အေးသည်ဟု ထင်ရသော လေပြေတို့က ပူလာသလို ခံစားလာရပြီး ဆာစီးနီယာ ကတုန်ကယင်ကြီး ဖြစ်နေရလေ၏။
ရုတ်တရက်ဆိုသလိုပင် ဆာစီးနီယာ ၏ ကြက်သွေးရောင် မျက်လုံးများသည် သွေးနီရောင် ပြောင်းသွားရသည် ။
အနီရောင် တောက်တောက် သွေးများသည် ဆာစီးနီယာ ၏ ပါးပြင်ပေါ်သို့ ဒရဟော စီးကျနေသည်။
သွေးစက်များသည် ပူကျစ်နေသော သူမ ပါးပြင်ကို ထိမိသွားသောအခါ ရွှဲကနဲ ခြောက်သွားရသည်။
ထိန်းမနိုင်သိမ်းမရအောင် ပြင်းထန်သော ဒေါသစိတ်တို့သည် သူမ သွေးထဲတွင် ပျော်ဝင်သွားသည်ကို သက်သေပြလိုက်သလိုပင်။သွေးစက် ခြောက်ရာနေရာတွင် ချက်ချင်းပင် အညိုမဲကွက်ကြီး ဖြစ်လာသည်။
ရွာသားများသည် ပါးစပ်ကို လက်ဖြင့် အသီးသီး အုပ်ထားကာ တုန်လှုပ်သွားကြသည်။ သူတို့အားလုံး တုန်တုန်ယင်ယင် ဖြစ်နေကာ ကမ္ဘာပေါ်တွင် အရက်စက်ဆုံးသော ဘီလူးတစ်ကောင်နှင့် ရင်ဆိုင်နေကြရသလို ကြောက်နေကြသည်။
သူတို့အားလုံး ထွက်ပြေးချင်ကြသော်လည်း သူတို့ခြေထောက်ကို ချိတ်နှင့် ချိတ်ထားသလို လှုပ်တောင်လှုပ်မရကြပေ။ လေထု အပူရှိန်ပြင်းလာသည်နှင့် အမျှ သူတို့လည်း အသက်ရှူရခက်လာသည်။
“ဟောဟဲ”
“အိုး”
လေထုကြီး ပိုပူလာသည်နှင့်အမျှ သူတို့ မီးရှို့ခံရမှာလည်း စိုးရိမ်နေကြသည်။ သူတို့အားလုံး မောဟိုက်နေကြသော်လည်း ဆာစီးနီယာမှာမူ လူအုပ်ကြီးကို စိုက်ကြည့်ရင်း အေးအေးဆေးဆေး ရပ်နေသည်။
'သူတို့အားလုံးကိုသတ်လိုက်…ဘာလို့ တွေဝေနေတာလဲ… သူတို့အားလုံးကို သတ်ပစ်လိုက်ရင် ဘယ်သူမှ နင့်ကို အထင်သေးမှာ မဟုတ်တော့ဘူး'
သူမသည် စိတ်ညှို့ခံထားရသလို ခံစားနေရပြီး ထိုစကားသံတို့ကို နားထဲမှာသာမက ခေါင်းထဲမှာရော၊နှလုံးသားထဲမှာပါ ကြားနေရသည်။
ဆာစီးနီယာ သည် အိပ်မက်ထဲတွင် လမ်းလျှောက်နေရသလိုကြီး ခံစားနေရကာ ခေါင်းမူးလာပြီး မျက်လုံးကိုသာ စုံမှိတ်ထားမိတော့သည်။
လွန်ခဲ့တဲ့ သုံးနှစ်က ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်တို့ အလိုလို ပြန်ဖြစ်လာသလိုပင်။
“အဆင်ပြေပါတယ်”
ခဏကြာသောအခါ နှုတ်ခမ်းတစ်စုံ ပွင့်ဟ,လာပြီး တိုးလျခြောက်ကပ်နေသည့် အသံတစ်ခု ထွက်ကျလာသည်