Chapter - 41
ဆာစီးနီယာ၏အသံသည် ပုံမှန်နှင့်မတူ ကွဲပြားနေသည်။ မူလ ဖြူစင် ကျော့ရှင်းသော အသံမဟုတ်ဘဲ အေးစက်မာကျောသော သနားညှာတာမှုကင်းသည့်အသံပင်။
"ဟူး"
သူတို့အားလုံး ကြမ်းပြင်ပေါ်တွင် ပြားပြားဝပ်နေကြသည်။ အသက်ရှူရခက်ခဲလာသဖြင့် အကုန်လုံးမွန်းကြပ်စွာ နှလုံးခုန်သံများပြင်းထန်ပြီး ရင်ထဲဆို့နေကြသည်။ အသက်ဆုံးရှုံးရမှာကြောက်နေကြသောကြောင့် တုန်လှုပ်နေကြရုံသာမက ဇောချွေးများမှာလည်းနဖူးထက်မှ စီးကျနေကြသည်။
ဆာစီးနီယာက ရှေ့သို့ထွက်လိုက်သည်။ သူမ၏ခန္ဓာကိုယ်ကို အချိန်မရွေးပေါက်ကွဲနိုင်မည်ထင်ရသော မီးလျှံများက လေပွေသဖွယ် ပတ်ပတ်လည်ကို အဆက်မပြတ် ကာရံထားပြီး အက်ကွဲသံနှင့်အတူ မီးတောက်မီးပွား အသေးစားလေးများ များစွာ ကွဲထွက် တောက်ပနေသည်။
*ရှပ် ရှပ်*
သူမ၏ ပုံရိပ်ကို မြင်ရသည်မှာ သေမင်းတမန် မီးလျှံလှိုင်းလုံးကြီးပမာပင်။
"ကျေး ကျေး... ကျေးဇူးပြုပြီး ကယ်ပါအုံးဗျာ"
"ကျွန်တော့်ကို ကယ်ပါဗျာ ကျေးဇူးပြုပြီး"
ထွက်လည်းမပြေးနိုင် ရှောင်လည်း မရှောင်တိမ်းနိုင်သော ရွာသားများမှာ အခြားရွေးစရာမရှိ။ သူတို့၏အသက်ကို ကယ်ပေးရန် ငိုယိုတောင်းပန် နေကြရသည်။ ဆာစီးနီယာ၏ ရှေ့မှောက်တွင်တော့ သူတို့မှာ လေတိုက်လျှင် လွင့်ပါသွားမည့် မြူဖုံမျှသာ အရေးမပါလှချေ။
ဆာစီးနီယာမှာ ယခုအခါရယ်မောနေသည်။ ခန္ဓာကိုယ်ကို မီးလျှံလေပွေကြီး ဖုံးအုပ်နေပြီး မျက်နှာမှ သွေးများ တစက်စက်စီးကျနေသော သူမကို မြင်နေရသည်မှာ ချောက်ချားစရာပင်ဖြစ်နေသည်။ ခေါင်းကိုမော့ထားပြီး သူတို့ကို အထက်စီးမှကြည့်နေသည့် သူမ၏ပုံစံမှာ မည်သူတစ်ဦးတစ်ယောက်ရှေ့မှောက်တွင်မှ ဦးညွတ်အညံ့ခံခဲ့သည့်ပုံစံမရှိ။
"ပြန်ပြောစမ်း"
ဆာစီးနီယာ၏ ခေါင်းကိုစောင်းပြီး စိုက်ကြည့်လိုက်သည့် စူးစူးရဲရဲ အကြည့်များအောက်တွင် အကုန်လုံးတုန်ယင်စွာ ပိုမိုပြီး ပြားပြားဝပ် ဦးညွတ်နေကြသည်။
"ဒီ ... ဒီတစ်ကြိမ်ပါပဲ"
"ကျေး ကျေးဇူးပြုပြီး သနားပါအုံးရှင်"
ဆာစီးနီယာကို ယခင်ကဟားတိုက်ပြောင်လှောင်နေသော မျက်နှာတွင်မှဲ့ခြောက်များဖြင့် အမျိုးသမီးသည် ယခုတော့ ထိုအမူအရာများလုံးဝမတွေ့ရတော့ဘဲ အစွမ်းကုန်တောင်းပန်နေသည်။
"ဟမ်?"
တောင်းပန်တိုးလျှိုးနေကြသည်ကို မြင်ရသောအခါ ဆာစီးနီယာသည် အောင်နိုင်သူပမာ နှုတ်ခမ်းကိုတွန့်ကာ ခပ်ထေ့ထေ့ပြုံးလိုက်သည်။ ပြီးနောက် သူမ၏ရှည်သွယ်သော လက်ချောင်းများဖြင့် လက်ဖျောက်တစ်ချက်တီးလိုက်သောအခါ ကြမ်းတမ်းစွာမွှေ့လည်နေသော မီးလျှံလေပွေသည် သူမခန္ဓာကိုယ်ကို ချက်ချင်းဆွဲစုတ်ယူလိုက်သည်။
"ကျေး ကျေးဇူးပြုပြီး..."
ထိုအမျိုးသမီးသည် လေကိုမနည်းပင့်သက်ရှိုက်ရှူရင်း တောင်းပန်နေသော်လည်း အသက်ရှူရသည်မှာပင် နာကျင်နေပြီဖြစ်သည်။ မီးပုံပေါ်တွင်ရပ်နေသလိုခံစားနေရပြီး အဆုတ်မှာလည်း ကျုံ့သွားသလိုပင် ထင်နေမိသည်။ ပြင်းထန်လှသောအပူရှိန်ကြောင့် ပတ်ဝန်းကျင်မှာလည်း ထိခိုက်ပျက်စီးလာကာ အမျိုးသမီး၏ အမြင်အာရုံများမှာလည်း ဝေဝါးလာနေသည်။
"အရူးတွေ"
ဆာစီးနီယာက သူမ၏ ရှည်သွယ်သော လက်ချောင်းများဖြင့် ပြားပြားဝပ်နေသော ထိုမိန်းမ၏လည်ပင်းကို ဆွဲညှစ်လိုက်သည်။
"အ အ .. သ သနား.."
ထိုမိန်းမသည် လွတ်လိုလွတ်ငြား သူမလည်ပင်းကို ကိုင်မြှောက်ညှစ်ထားသော ဆာစီးနီယာ၏ လက်များကိုလှမ်းရိုက်သော်လည်း တုပ်တုပ်မျှမလှုပ်။ အမျိုးသမီးသည် သူမ၏ခြေထောက်များကိုဆာစီးနီယာ၏လက်မှ လွတ်လျှင်လွတ် မလွတ်လျှင်လည်း မြေပြင်ကိုထိနိုင်ရန်ကြိုးစားကာ ရှေ့နောက်ရမ်းခါနေသော်လည်း သူမ၏ ကိုယ်အလေးချိန်နီးပါးရှိသောမိန်းမတစ်ယောက်ကို လက်တစ်ဖက်ဖြင့်ကိုင်မြှောက်ထားသော ဆာစီးနီယာသည် လှုပ်ပင်မလှုပ် အေးအေးဆေးဆေးပင်။ နီရဲနေသော ထိုအမျိုးသမီး၏မျက်လုံးများမှ မျက်ရည်များစီးကျလာသည်။
"သူမက ခုနက ဟိုကောင်လေးပစ်လိုက်တဲ့ ကျောက်ခဲမှန်သွားတဲ့တစ်ယောက်မှ ဟုတ်ရဲ့လား?"
သူမ၏အပြုအမူ၊ လေသံနှင့် သူမအနီးတဝိုက်မှ ခံစားချက်များသည် အဖြူနှင့်အမည်းကဲ့သို့ လုံးဝဆန့်ကျင်ဘက်ပြောင်းလဲသွားသည်။ ထိုအရာအားလုံးက သူမလက်ထဲမှ ကြောက်လန့်နေသော အမျိုးသမီးကို ပိုမိုကြောက်ရွံ့လာစေသည်။ ဆာစီးနီယာ၏ မျက်လုံးများမှာ သားရဲတိရိစ္ဆာန်မျက်လုံးကဲ့သို့ ဝင်းဝင်းတောက်နေပြီး လှုပ်ရှားသမျှကို ဝါးမျိုမယောင် ဖြစ်နေသည်။
"ငါဒီလောက်သည်းခံခဲ့ရပြီးတော့မှ မင်းတို့တွေက ကိုယ့်ကိုကိုယ် အသက်ရှင်ကြအုံးမယ်ထင်နေတာလား? မင်းတို့တွေ သေချာတောင် မစုံစမ်းဘဲနဲ့ ငါ့ကိုစွပ်စွဲပြီးတော့မှလေ?"
သူမထောက်ပြ ပြောဆိုလိုက်သောအခါ အကုန်လုံးမှာ နှုတ်ဆိတ်သွားကြသည်။ အကုန်လုံး၏ နာကျင်ခံစားနေမှုကို သူမကျေနပ်စွာပြုံးလိုက်ပြီး သူမ၏လက်ထဲမှ အမျိုးသမီးအချိန်မရွေးလဲပြိုကျသွားတော့မည်ကို စိတ်လှုပ်ရှားနေသည်။
"ငါ ဒါမျိုးမခံစားရတာ ဘယ်လောက်တောင်ကြာနေပြီလဲ?"
သူမ၏အပျော်တွေသည် နဖူးမှခြေဖျားထိပျံနှံ့သွားသည်။
"ငါ အခုဒီနေရာကို ကျေကျေနပ်နပ် ပြာချပစ်လိုက်မယ်"
သူမကို မည်သူမှ လျစ်လျူမရှုနိုင် အထင်မသေးနိုင် အောင် ပြောဆိုလိုက်သည်။ ပရမ်းပတာပတ်ဝန်းကျင်အခြေအနေများကြားထဲမှပင် သူမ၏မျက်နှာမှာလည်း ဝင်းပစွာ သူမ၏ မြေပြင်ပေါ်မှ သွေးစက်များကဲ့သို့ ကွဲထွက်တောက်ပနေသည်။ အမျိုးသမီးကို ညှစ်ထားသော လက်ဆီသို့ သူမ အပူများထုတ်လွှတ်လိုက်သောအခါ အနီရောင်မီးလျှံများက တဖြည်းဖြည်း
နှစ်ဦးစလုံးကို လွှမ်းခြုံလာသည်။ သူမ၏ဆံပင်အနီရောင်များက ထိုးတက်လာသောမီးလျှံများနှင့်လိုက်ဖက်စွာ လေထဲတွင် မြွေရိုင်းများကဲ့သို့ ဝဲပျံလွင့်နေသည်။ သူမ၏ အစွမ်းကို ထုတ်လွှတ်ရန်ကြံရွယ် လိုက်စဉ်တွင် ...
"ရပ်လိုက်..."
စိတ်ရှုပ်စရာအသံတစ်ခု သူမနှလုံးသားထဲပဲ့တင်လာသည်။ ဆာစီးနီယာ၏ တစ်လျှောက်လုံးခံစားချက်ကင်းမဲ့နေသောမျက်နှာမှာလည်း အနည်းငယ်ပျက်ယွင်းသွားသည်။ မြူများရှင်းလင်းသွားသောအခါ သူမ၏ပါးစပ်ကိုလည်း မြင်လာရသည်။ ပျောက်ကွယ်နေသော သူမ၏ဆင်ခြင်ဉာဏ်မှာလည်း ခေါင်းထဲပြန်ဝင်လာသည်။ ခပ်တိုးတိုးညည်းတွားသံတစ်ခု နှုတ်ခမ်းဖျားမှ ထွက်ပေါ်လာပြီး သူမညှစ်ကိုင်ထားသော အမျိုးသမီးကိုလွှတ်လိုက်ချိန်တွင် ဆာစီးနီယာ၏ မျက်လုံးများမှာ နဂိုမူလနီညိုရောင်သို့ပြန်လည်ပြောင်းလဲသွားသည်။ စက္ကန့်ပိုင်းအတွင်းတွင်ပင် အားလုံးခံစားခဲ့ရသော အပူရှိန်တို့မှာ အစရှာမရအောင်ပင် ပျောက်ကွယ်သွားခဲ့လေပြီ။
"ပြေး ... ပြေးကြဟေ့"
ဆာစီးနီယာ၏ မျက်တောင်တခတ်အတွင်းမှာပင် အားလုံးမှာ ထွက်ပြေးပျောက်ကွယ်သွားကြသည်။ သူမအမြင်တို့ကြည်လင်သွားချိန်တွင် တချက်ဝေ့ဝိုက်ကြည့်လိုက်သောအခါ သူမ အပြစ်ရှိသလို ရှက်ရွံ့စွာခံစားလိုက်ရသည်။ ဘေးပတ်ဝန်းကျင်တွင် လူသူကင်းမဲ့ခြောက်သွေ့နေပြီး လေသံကိုသာကြားရတော့သည်။
"ဘာလို့လဲ.."
သူမ၏ သွေးစွန်းနေသော လက်ဖဝါးများကိုငုံ့ကြည့်ကာ တီးတိုးရေရွတ်နေသည်။ အဖြူရောင် လက်ဖဝါးများမှာ သွေးများစွန်းထင်းနေကာ သူမလူတစ်ယောက်ကို သတ်ပစ်ချင်စိတ်ပါ ဖြစ်ခဲ့ရသည်။ သွေးဆာနေသောစိတ်ရိုင်းကို ပျောက်ကွယ်သွားအောင်ခေါင်းကိုခါရမ်းလိုက်သော်လည်း ပျောက်မသွားပေ။
"ဒါကဘာလဲ..?"
နီညိုရောင်မျက်လုံးများမှာ အလွန်တုန်လှုပ်နေသည်။ သူမ၏အစွမ်းများကို မသုံးလိုက်ရသော်လည်း အားအင်ကုန်ခမ်းနေသကဲ့သို့ ခံစားနေရသည်။ မျက်လုံးများကိုခဏမှိတ်ပြီး သူမကြားဖူးသော ယခင်ကအသံကိုပြန်လည်စဉ်းစားမိချိန်တွင် ခန္ဓာကိုယ်တစ်ခုလုံးက လူသတ်ချင်စိတ်များထွက်ပေါ်လာသည်ကို ခံစားလိုက်ရသည်။ သူမရှေ့တွင် တွေ့သမျှအရာအားလုံးကို ပြာချပစ်ချင်မိသည်။ ယခုလို ခံစားချက်မျိုးကို သူမ ခံစားခဲ့ရဖူးပေသည်ပဲ။
"ဘယ်လိုလုပ် ငါမေ့နိုင်မှာလဲ?"
သစ်သားအိမ်ကို မီးပင်လယ်ဖြစ်အောင် မီးလျှံများဖြင့်ဖုံးလွှမ်းခဲ့သည့်နေ့၊ ညှာတာမှုကင်းမဲ့သော နဂို ဆာစီးနီယာက သူမ၏ စိတ်ကိုထိန်းချုပ်သွားသောနေ့ ကို ပြန်သတိရမိသည်။ နှလုံးခုန်သံများလည်း ပိုမြန်လာသည်။ သူမ၏ တုန်ယင်နေသောလက်များကို ကျစ်ကျစ်ပါအောင်ညှစ်ထားလိုက်သည်။ အားနှင့် ညှစ်ထားရာ သွေးများပင်စီးကျလာသည်။
"အဲ့တုန်းကလို ခံစားချက်မျိုး.."
သို့သော် သစ်သားအိမ်တုန်းက ခံစားချက်နှင့်တော့မတူ အနည်းငယ်ကွဲပြားနေသည်။
"ဒီခန္ဓာကိုယ်က ဘာတွေများသောက်တလွဲတွေ ဖြစ်နေပါလိမ့်?"
"ဒီလောက်သည်းခံခဲ့ရပြီးတော့မှ မင်းတို့က အသက်ရှင်နေမယ် ထင်နေသေးတာလား? မင်းတို့သေချာတောင် မစုံစမ်းဘဲနဲ့ ငါ့ကိုစွပ်စွဲခဲ့တာလေ?!"
ထူးခြားရက်စက်သောအသံမှာ သူမ၏ အတွေးထဲတွင် ပဲ့တင်ထပ်နေသည်မှာ ပျက်စီးနေသော တိတ်ခွေဖွင့်ထားသလိုပင်။ သို့သော် အသံမှာရင်းနှီးနေသည်။
"အဲ့ဒါငါ့အတွေးတွေ မဟုတ်ဘူးလား..."
အတွေးဟူ၍သာ သူမထင်လိုက်သော်လည်း ပြတ်သားသောအသံကို ကြားလိုက်ရသည်မှာကား ထူးခြားနေသည်။ သူမကိုသူမ အော်ပြောနေသကဲ့သို့ပင်။
"သူမထပ်ထိန်းချုပ်သွားတာများလား?"
စိတ်ရှုပ်ထွေးစရာပင်။ သူမ၏ ခြေထောက်များမှာအားမကိုးရအောင်ကို ယိမ်းယိုင်နေသည်။ မည်သို့ဖြစ်ပျက်သွားမှန်း သူမကိုသူမပင်မသိ။ ပတ်ဝန်းကျင်မှာ ရုတ်ခြည်းတုန်ခါသွားပြီး လှုပ်ရှားမှုကြောင့်မူးဝေခြင်းကို အနည်းငယ်ခံစားလိုက်ရသည်။ တိုက်ခတ်နေသောလေ၊ သူမပတ်ဝန်းကျင်၊ သူမ၏ခန္ဓာကိုယ်ပါမကျန် ရင်းနှီးသောအရာအားလုံး မရင်းနှီးတော့သလိုခံစားရပြန်သည်။ တဖြည်းဖြည်း သူမပြန်သွေးအေးသွားချိန်တွင် အေးခဲမတတ်သောလေကို ပြန်ခံစားလာရသည်။
"အဲ့ဟာမဘယ်မှာလဲ?"
မီးတုတ်ကိုင်ပြီးလျှောက်လှမ်းလာသော သက်လတ်ပိုင်းအမျိုးသမီးတစ်ဦး၏ ကြမ်းတမ်းသောလေသံသည် တိတ်ဆိတ်မှုကိုဖြိုခွင်းထွက်ပေါ်လာသည်။ တုန်လှုပ်အားငယ်စွာရပ်နေသော ဆာစီးနီယာထံသို့ ကြောက်ရွံမှုမရှိ အပြေးလှမ်းလာသည်။ အမျိုးသမီးဘေးတွင်တော့ ဆာစီးနီယာကို ခဲဖြင့်ပေါက်လိုက်သော ကလေး၊ ထိုအမျိုးသမီးမှာ အမေဖြစ်လိမ့်မည်။
"ငါ့ကလေးကို မင်းဘယ်လိုလုပ်လိုက်တာလဲ!"
အမျိုးသမီးက ငြိမ်ငြိမ်သက်သက်ရပ်နေမိသော စိတ်ရှုပ်ထွေးနေသည့် ဆာစီးနီယာကို ဒေါသဖြင့်အော်ဟစ်လိုက်သည်။
"ဒီရွာထဲက ထွက်သွားစမ်း စုန်းမ!"
အမျိုးသမီးမှာ ဆာစီးနီယာနား ချဉ်းကပ်လာရင်း တွန့်ဆုတ်မနေဘဲ လက်ထဲမှမီးတုတ်ဖြင့် သူမထံ ထိသည်ဖြစ်စေ မထိသည်ဖြစ်စေ အားကုန်ပစ်ပေါက်လိုက်သည်။ မီးတုတ်မှာလည်း လေတိုက်နေသည့်ကြားထဲမှပင် တောက်လောင်လျှက် မလှုပ်မယှက်ရပ်နေသော ဆာစီးနီယာထံ တည့်တည့်မတ်မတ်လွင့်ပျံလာသည်။
"ဆာစီးနီယာ!"
တစုံတစ်ယောက်က အလျင်အမြန်အော်ဟစ်လိုက်ပြီး ထိုစိတ်မရှည်သော အသံနောက်တွင် တွဲရက်ပင် ခြေသံကို ကြားလိုက်ရသည်။ ပစ်လိုက်သောမီးတုတ်က ဆာစီးနီယာကို ထိလုထိခင်မှာပင် သူမကို အားဖြင့် မီးတုတ်နှင့်ဝေးရာသို့ ဆွဲလိုက်သည်ကိုခံစားလိုက်ရပြီး သူမမှာ မြေပြင်ပေါ်သို့ ယိုင်လဲကျသွားရသည်။