Chapter - 42
ရက်အနည်းငယ်အကြာ အရာရှိဒတ်စ်တာအမဲလိုက်ရာမှ ပြန်လာချိန်တွင် အံ့အားသင့်ဖွယ်ဇာတ်လမ်းကို ကြားလိုက်ရသည်။
"ဒါဆို ဘယ်တုန်းကဖြစ်တာလဲ?"
"သုံးရက်ရှိသွားပါပြီ အရာရှိမင်း"
အရာရှိသည် မြို့စားမင်းက သူပိုင်သည့်နေရာတွင် အာဏာပြသွားသည်ကို မယုံနိုင်ဖြစ်နေသည်။
"ပြီးတော့ ရွာလူကြီးရဲ့သား ချားစ် ကလည်း အကျဉ်းချခံထားရသည်လို့ ပြောနေကြပါတယ်"
"ဘာတွေလဲဟ..."
အရာရှိ၏ မျက်နှာရိပ်မျက်နှာကဲမှာ စိုးရိမ်ကြောင့်ကြဟန် ပေါ်နေသည်။ ဘန် သည် မြို့စားမင်းဖြစ်ခဲ့လျှင်ပင် ဤနယ်မြေသည် အရာရှိဒတ်စ်တာအပိုင်ပင်ဖြစ်သည်။ ဘုရင်၏ နယ်မြေပိုင်နက်ရေးရာဥပဒေများအရ မိမိအုပ်စိုးပိုင်ဆိုင်သည့် ပိုင်နက်ပေါ်တွင် အုပ်ချုပ်သည့် အရှင်သည် ဘုရင်မင်းမြတ်၏ အာဏာနှင့်ထပ်တူပင်ဖြစ်သည်။ ယခုနေရာသည် အရာရှိဒတ်စ်တာ၏ နယ်မြေဖြစ်သဖြင့် ဘုရင်မင်းမြတ်နှင့် အရာရှိမှလွဲလျှင် မည်သူမှ အာဏာပြ အသုံးချခွင့်မရှိချေ။
အရာရှိဒတ်စ်တာမှာ မြို့စားကြီးကိုင်လို့စ်၏ သစ္စာတော်ခံဖြစ်ရကား အဘယ့်ကြောင့် မြို့စားမင်းရှောဗာစ့်သည် သူ၏ စစ်သည်ရဲမက်များကို မိမိ၏ နယ်ပိုင်နက်ပေါ်သို့ ခေါ်ဆောင်လာရဲရပါသည်နည်း...ယခုအပြုအမူမှာ အရာရှိဒတ်စ်တာကိုသာမက မြို့စားကြီးကိုင်လို့စ်ကိုပါ မထီမဲ့မြင်ပြုလိုက်သလိုပင်ဖြစ်သည်။
"ငါ မြို့စားကြီးနဲ့ အခုချက်ချင်းသွားတွေ့မယ်"
အရာရှိသည် ဤသို့ မထီမဲ့မြင်ပြုမှုကို မျက်ကွယ်မပြုနိုင်။ သို့သော် သူ၏ပြိုင်ဖက်သည် မြို့စားမင်းဖြစ်နေသည်။ သူ့လိုအရာရှိအနေဖြင့် မည်သို့မျှ သူယှဉ်ပြိုင်ရင်ဆိုင်၍မရနိုင်။ ထို့ကြောင့် သူ အတိအလင်းဆန့်ကျင်ရန်အတွက် နောက်ခံ အထောက်အပံ့ကောင်းကောင်း လိုအပ်နေသည်။
"ဝင်လာခဲ့"
အရာရှိဒတ်စ်တာသည် မြို့စားကြီးကိုင်လို့စ်၏ လက်ထောက်က တံခါးဖွင့်ပေးလိုက်သောအခါ ဧည့်ခန်းထဲသို့ဝင်လာခဲ့သည်။
"ဘာဖြစ်လို့လဲ?"
လက်ဖက်ရည်တစ်ခွက်ကို အရသာခံသုံးဆောင်နေရင်း ကိုင်လို့စ်က မေးလိုက်သည်။
"မြို့စားကြီး ခင်ဗျာ မြို့စားမင်းရှောဗာစ့်က သူ့ကိုယ်ပိုင်ရဲမက်တွေကို ကျွန်တော့်နယ်မြေထဲ ဦးဆောင်လာခဲ့တယ်"
ဒတ်စ်တာ တင်ပြလိုက်ချိန်တွင် ကိုင်းလို့စ်လည်း မျက်ခုံးတွန့်သွားပြီး လက်ထဲတွင်ကိုင်ထားသော လက်ဖက်ရည်ခွက်ကို ဖြည်းဖြည်းချင်းချကာ ပြန်မေးလိုက်သည်။
"သူကဘာလို့ အဲ့လိုလုပ်ရတာလဲ?"
"ပြန်ကြားရတာကတော့ သူ့ရဲ့ လက်နက်အပြည့်တပ်ဆင်ထားတဲ့တပ်ဖွဲ့နဲ့ ကျွန်တော့်ပိုင်နက်ထဲ မဆင်မခြင်ဝင်ရောက်လာခဲ့တယ်။ ဒါဟာ အာဏာကို အလွဲသုံးစားလုပ်တာပဲ မဟုတ်လား..."
အရာရှိသည် ပြောနေရင်းပင် ဒေါသကြောင့်လားမသိ မျက်နှာမှာနီမြန်းနေသည်။
မြို့စားကြီးကိုင်လို့စ်၏မျက်လုံးများမှာမူ အေးစက်နေရာမှ ထူးဆန်းစွာ အရောင်ဝင်းလက်လာသည်။
"ဒါဟာ အရှင်မြို့စားကြီးကိုကော ကျွန်တော့်ကိုကော မလေးမစားလုပ်တာပဲ မဟုတ်လား?"
ဒတ်စ်တာသည် ဒေါသကို မထိန်းနိုင်ဘဲ လေသံပြင်းပြင်းဖြင့် ပြောဆိုနေသော်လည်း ကိုင်လိုစ့်သည် ဆိုဖာပေါ် လဲလျောင်းလိုက်ရင်း ခြေထောက်ကိုယှက်ထားသည်။
"ခွေးတစ်ကောင်တောင်မှ ရန်မပြုသေးရင် ဘယ်လောက်ကြောက်စရာကောင်းမယ်ဆိုတာ မသိနိုင်ဘူး"
မြို့စားကြီး၏ ပြတ်သားသောအသံပျံ့လွင့်လာချိန်တွင်တော့ စိတ်တိုစွာပြောဆိုနေသော အရာရှိသည် ပါးစပ်ကို ပိတ်လိုက်သည်။
"ဒီကောင် ငါ့ကို မထီမဲ့မြင်ပြုရဲတယ်ပေါ့ ဟုတ်လား!"
ကိုင်လို့စ်သည် မထီမဲ့မြင်ပြုခံရမှုကြောင့် ဒေါသဖြင့်တုန်ခါနေသည်။ အဘယ့်ကြောင့် မြို့စားမင်းမှာသူ့အပေါ်ယခုလို ပြုမူရသည်လဲ? မြို့စားမင်းဘွဲ့ရသည်မှာဖြင့်သိပ်ကြာသေးသည်မဟုတ်။ မည်သည့်နိုင်ငံရေးလှုပ်ရှားမှုတွင်မျှလည်း မပါဝင်ခဲ့။ မည်ကဲ့သို့ပြောင်းလဲသွားသည်ကား မသိ။
"ကျွန်တော်တို့ ဘာလုပ်သင့်လဲ မြို့စားကြီး?" ဒတ်စ်တာက ကိုင်လိုစ့်ကို လေသံလျှော့ကာ ပြန်မေးလိုက်သည်။
"သူ့ကိုဖမ်းလိုက်ကွာ"
"ခင်ဗျာ.. မြို့စားမင်းကိုပြောတာလား?"
ဒတ်စ်တာ၏ ရူးမိုက်မိုက်မေးခွန်းအပေါ် ကိုင်လိုစ့်က ခပ်စွေစွေကြည့်လိုက်သည်။ သူ၏ ဒေါသများသည် ဒတ်စ်တာအပေါ်သို့ ပေါက်ကွဲထွက်တော့မတတ်ပင်။
"ငါနောက်တစ်ခါထပ်ပြောရအောင် ဘယ်တော့မှမလုပ်နဲ့။ အကုန်လုံးကို ငါတာဝန်ယူမယ်"
ယခုအခြေအနေတွင် ဘယ်သူက အသာစီးရသလဲ ဘယ်သူက စည်းမျဉ်းတွေ ချမှတ်နိုင်သလဲဆိုသည်ကို မြို့စားမင်းမြင်အောင် သူပြရလိမ့်မည်။ ထို့ထက်ပိုအရေးကြီးသည်မှာ သူပိုင်နယ်မြေကို လာထိလျှင် ဘယ်လိုဖြစ်မည်ဆိုတာကို ပြကိုပြရပေလိမ့်မည်။
"အရှင်မြို့စားကြီးရဲ့ မြင်းစီးစစ်သည်တွေနဲ့ သွားလိုက်ရမလား?"
"ငါ့ရဲ့လူတွေကိုတော့ ဟိုကောင်ဖမ်းမိတာ မခံနိုင်ဘူး။ ငါအရင်ပို့ထားဖူးတဲ့ မြင်းစီးစစ်သည်တွေနဲ့ သွားဖမ်းလိုက်စမ်းကွာ"
ဒတ်စ်တာသည် မြို့စားကြီးကိုင်လိုစ့်၏အပေါ်တွင်လောင်းကြေးထပ်လိုက်ပြီး ကျောဆန့်ရင်းကျေနပ်စွာပြုံးလိုက်သည်။ အရာရှိ၏ မြင်းစီးစစ်သည်ကို လွှတ်လိုက်ခြင်းသည် မြို့စားကြီးက မြို့စားမင်းကို လုံးဝ မထေမဲ့မြင်ပြုသည့်အဓိပ္ပာယ်ပင်။
"ဟုတ်ကဲ့ ကျွန်တော်နားလည်ပါတယ်"
ဒတ်စ်တာသည် မြို့စားကြီး၏ ဧည့်ခန်းက လှည့်ပြန်လာချိန်ထိ ကိုင်လိုစ့်၏ ရက်စက် အေးစက်သော အကြည့်စိမ်းက သူ့စိတ်ထဲ ကျောချမ်းနေဆဲဖြစ်သည်။
"ကျွန်တော်တို့ဘာလုပ်သင့်လဲ အရာရှိမင်း?" အရာရှိကိုစောင့်နေသော သူ့လက်ထောက်က မေးလိုက်သည်။
"မြို့စားကြီးကတော့ မြို့စားမင်းကိုဖမ်းဖို့ ငါ့ကိုအမိန့်ပေးလိုက်ပြီ။ မြန်မြန် မြင်းစီးစစ်သည်တွေကို ခေါ်ခဲ့တော့ကွာ"
"ဟုတ်ကဲ့ အမိန့်အတိုင်းပါ အရာရှိမင်း"
အရာရှိ၏ လက်ထောက်မှာ နှုတ်ဆက်ပြီးလှည့်ထွက်သွားသည်။ အရာရှိ၏၏ အိမ်အပြန်လမ်းတွင်တော့ စိတ်ပေါ့ပါးလာပြီး သူ့ကိုထိလျှင် မြို့စားကြီးကို ထိသကဲ့သို့ မြို့စားကြီးကိုင်လိုစ့်က သက်သေပြသောကြောင့် ကျေနပ်နေခဲ့သည်။ သို့သော်သူ၏စိတ်ပေါ့ပါးမှုတို့ ကြာရှည်မခံခဲ့။ ပြန်ရောက်သည်နှင့် သူ့စီးတော်ယာဉ်တံခါးကို ဆောင့်ဖွင့်ခံလိုက်ရသည်။
"ရာဇဝတ်သားကို ဖမ်းလိုက်စမ်း"
အရာရှိဒတ်စ်တာ၏ အိမ်ရှေ့တွင် စခန်းချစောင့်နေသော နန်းတွင်းစစ်သည်များမှ အော်ဟစ်လိုက်ပြီး သူ့ထံသို့ပြေးဝင်လာသည်။
"ဘာ .. ဘာလုပ်တာလဲ?"
ရဲမက်များသည် အချင်းချင်းအချက်ပေးလိုက်ကြပြီး ဒတ်စ်တာ၏ လက်မောင်းနှစ်ဖက်မှ မတွန့်မဆုတ် ချုပ်ကိုင်ထားလိုက်ကြသည်။
"ငါ့ ... ငါ့လက်ကိုလွှတ်ကြစမ်း! မင်းတို့ငါဘယ်သူလဲဆိုတာ သိရဲ့လား!"
အော်ဟစ်နေသော ဒတ်စ်တာကို နန်းတွင်းစစ်သည်တို့၏ တပ်မှူးမှ စာတစ်စောင်ထုတ်ပြလိုက်သည်။
"ဒါဟာ နန်းတွင်းက အမိန့်ပဲ"
ဒတ်စ်တာသည် စာဖတ်နေရင်း မျက်နှာမှာဖြူဖျော့လာသည်။ စာတွင်ကား နန်းတွင်းတံဆိပ်တုံး ထင်ရှားစွာ ပါသည်ပေတည်း။
"ငါ့... ငါ့ကို မြို့စားကြီးကိုင်လိုစ့်ဆီ ဆက်သွယ်ခွင့်ပေးပါဦးကွာ!"
ဒတ်စ်တာက အလျင်အမြန် အော်ဟစ်ပြောဆိုနေသည်။ သို့သော် မြို့စားကြီး၏ အေးစက်စက် အကြောင်းပြန်မှုကို ထောင်ထဲတွင်သူရလိုက်သည့်အခါတွင်ကား ကိုင်လိုစ့်သည် အသုံးမဝင်တော့သည့် ရုပ်သေးရုပ်တစ်ရုပ်ကို သွေးအေးရက်စက်စွာဖြင့်ဥပေက္ခာပြုလိုက်ပြီမှန်း သိလိုက်ရသည်။
.......
"ဘုတ်"
တစ်စုံတစ်ခု ပြင်းထန်စွာ ပြုတ်ကျသံနှင့်အတူ ဖုန်မှုန့်များ မြင့်တက်လာသည်။ တစ်ချိန်တည်းမှာပင် သူမ၏ ခန္ဓာကိုယ်အောက်ပိုင်းတွင် မာကျော အေးစက်သော အထိအတွေ့တစ်ခုကို ခံစားလိုက်ရသည်။
"ဆာစီးနီယာ"
သူမနာမည်ခေါ်သံကို ကြားလိုက်ရချိန်တွင် ခေါင်းကိုဖြည်းဖြည်းချင်း ထောင်ကြည့်လိုက်သည်။ ရင်းနှီးပုံရသော မျက်နှာကျကို သူမ၏မျက်နှာရှေ့တွင် ခပ်ရေးရေး မြင်နေရသည်။ ဆောင်းဦးလေနှင့်အတူ သူမရင်းနှီးသော ကိုယ်သင်းနံ့လေး လွင့်ပျံ့လာပြီး သူမခံစားနေရသော မသက်မသာခံစားရမှုများ မရင်းနှီးသော အတွေ့အကြုံများနှင့် တုန်လှုပ်စရာခံစားချက်များကို အကုန်ပျောက်ကွယ်သွားစေသည်။
"ဘန် ... နင်ဖြစ်နေတာပဲ"
သူမ အသံတိမ်တိမ်လေးဖြင့် ပြောလိုက်သည်။ ဘန်ကိုမြင်လိုက်ရသည်နှင့် သူမကို သူမပြန်ထိန်းချုပ်လာနိုင်သလိုခံစားရသည်။ ဘန် သူမနာမည်ကို အော်ခေါ်လိုက်ချိန်တွင်လည်း သူမ၏ မသက်မသာခံစားချက်များကွယ်ပျောက်သွားကာ သူမကိုယ်သူမကော ဘေးပတ်ဝန်းကျင်ကိုကောပါ သတိထားမိလာသည်။ ဆာစီးနီယာက တုန်ရီနေသောလက်လေးများဖြင့် ဘန်၏ဝတ်ရုံအနားသားကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားသည်မှာ ဘန်ပျောက်ကွယ်သွားလျှင် သူမနှင့် မရင်းနှီးသော ခံစားချက်များပြန်ဝင်လာမည်ကို ကြောက်ရွံ့နေသောကြောင့်ပင်။
"ကိုယ်ပါ ဆာစီးနီယာ"
ဆာစီးနီယာက သူမသည် ဘန်ရဲ့ အပေါ်တွင်ရောက်နေပြီး ထိုသို့လဲနေသည်မှာ ပစ်လိုက်သော မီးတုတ်ထံမှ သူမကို ကာကွယ်ရန်ကြိုးစားရင်းလဲကျသွားကြောင်း သူမသိလိုက်သည်။ ထို့ကြောင့်ပင် သူမ မည်သည့်နာကျင်မှုကိုမှ မခံစားရ။ ဘန်ကတော့ သူမအစား ထိခိုက်မိသွားလား မသိချေ။ သို့သော် သူမအနေဖြင့် ပါးစပ်မှ သူအဆင်ပြေလား မေးရန်ကိုပင် ခက်ခဲပင်ပန်းနေပြီး သူ၏ကိုယ်ပေါ်မှထကာ သူမကို သူမ အဆင်ပြေမပြေ စစ်ဆေးရန်မူ လုံးဝ လုပ်နိုင်မည့်ပုံမပေါ်။
"ဘယ်သူလဲ?"
"..."
"မင်းကိုဒီလိုဖြစ်အောင် ဘယ်သူလုပ်တာလဲ?"
ဆာစီးနီယာကို ယခုကဲ့သို့မြင်ရသည်မှာ ဘန်၏သွေးများ ပြောင်းပြန်ဆောင့်တက်လာသလိုပင်၊ နှုတ်ခမ်းကို ခပ်တင်းတင်းကိုက်ထားရင်း မေးလိုက်သည်။ ဆာစီးနီယာမှာ အသက်ထွက်တော့မတတ် ခံစားခဲ့ရပုံပေါ်ပြီး သူ့ဝတ်ရုံအနားသားကိုဆွဲကိုင်ထားသော လက်လေးများမှာလည်း တုန်ရီနေသည်။ မျက်လုံးတစ်ဖက်၏ထောင့်မှ စီးကျနေသောသွေးများကလည်း သူမမျက်နှာတစ်ခြမ်းလုံးဖုံးလွှမ်းနေသည်။ ဘန်မှာ လုံးဝပေါက်ကွဲထွက်တော့မတတ်ပင်။
"နောက်မှနော်.."
ထိုမျှသာပြောနိုင်ပြီး ဘန်ရဲ့ရင်ခွင်ထဲတွင် သူမမျက်နှာတစ်ခုလုံးတိုးဝင်နေလိုက်သည်။ သူမပြိုလဲကျသွားတော့မတတ် ပင့်သက်ရှိုက်နေရင်း ယခုနေရာမှ အမြန်ဆုံးထွက်သွားကာ အိမ်ကိုပဲ ပြန်ချင်တော့သည်။
ပါးလွှာသော အဝတ်စကို ကျော်လွန်ပြီး ဘန်ရဲ့ ကိုယ်အနွေးဓာတ်ကို သူမခံစားမိနေသည်။ သူမကို ဘန်ထွေးပွေ့ထားသည့် ပထမဆုံးအကြိမ်ပင်ဖြစ်ပြီး နွေးထွေးလှသည်။ သူမလောက် ဘန်၏ ကိုယ်အပူချိန်မှာ မနွေးသော်လည်း ယခုမှာမူ အလွန်နွေးထွေးနေသည်။ သူမခန္ဓာကိုယ်မှာ အေးစက်နေသောကြောင့်လားတော့မသိ။ သူမနှင့် မရင်းနှီးမသက်ဆိုင်သော ဗလာနတ္ထိကမ္ဘာကြီးထဲတွင် ဘန်မှာ ပထမဆုံးသူမရင်းနှီးသောသူပင်ဖြစ်သည်။
'ဒါ့ကြောင့်ပဲ လုံခြုံတယ် စိတ်သက်သာရာရတယ်လို့ ခံစားရတာထင်တယ်...'
သူမ၏ တစ်စုံတစ်ယောက်ကို သတ်ပစ်ချင်စိတ်ကော ၊ ကြားနေရသည့်အသံကော ဘန်က သူမကိုထိလိုက်သည့်အချိန်တွင် ပျောက်ကွယ်သွားသည်။ သူမ၏ လက်များ တုန်ယင်နေတာလည်း ငြိမ်သက်လာသည်။ ဘန်ရှိနေသည်မှာ သူမကို စိတ်သက်သာရာရစေပြီး တည်ငြိမ်လာစေသည်မှာ သားချော့တေးလေးဖြင့် သူမတစ်ကိုယ်လုံးကို လွှမ်းခြုံကာကွယ်ထားသည့်နှယ်။ ဘန်သည် သူမအတွက် အမှောင်ထုလွှမ်းခြုံထားရာထဲမှ ရုန်းထွက်နိုင်မည့် လိုအပ်သော အလင်းရောင်လေးပင်။
"မင်းရဲ့ ဒဏ်ရာက နက်တယ်"
သူမက နောက်မှပြောမည်ဟု ပြောလိုက်သည့်နောက် ဘန်မှာ စကားလမ်းကြောင်း အမြန်ပြောင်းလိုက်သည်။ သူမရှူထုတ်လိုက်သောလေသည် သွေးစွန်းနေသော ဘန်၏အင်္ကျီကို တိုးဝှေ့သွားသည်။ သူ့အင်္ကျီတွင် စွန်းထင်းနေသောသွေးများမှာ သူ့သွေးမဟုတ်ဘဲ သူမ၏သွေးများဖြစ်နေခြင်းမှာ သူရင်ကွဲမတတ်နာကျင်နေရသည်။ သူမရဲ့ ကိုယ်အပူချိန်မှာလည်း အမြဲမြင့်ပြီး ခန္ဓာကိုယ်က နွေးထွေးနေတတ်သော်လည်း ယခုပထမဆုံးအကြိမ် အေးစက်နေသည်ကို ခံစားလိုက်ရသည်ထိုတစ်ချက်ထဲနှင့်ပင် သူ့နှလုံးသားမှာ ပိုမိုစိုးရိမ်ကြောက်လန့်စရာချောက်ထဲသို့ကျသကဲ့သို့ပင်။ သူ၏မျက်လုံးများမှာတုန်ရီနေပြီး တုန်တုန်ရီရီဖြစ်နေသော ဆာစီးနီယာကို ကြည့်မိလေတိုင်း နှလုံးသားမှာတစစ်စစ် နာကျင်ရလေသည်။
"..."
ဖြည်းဖြည်းညင်းညင်းပေမယ့် သူသတိထားမိသွားသည်။
'သူမဒီလိုဖြစ်အောင် ဘယ်သူလုပ်တာလဲ?'
သူ့အကြည့်တို့သည် ကောင်လေးနှင့် မီးတုတ်ပစ်လိုက်သော အမျိုးသမီးထံသို့ရောက်ကာ စူးစိုက်ကြည့်လိုက်သည်။ နက်မှောင်နေသော မျက်လုံးများမှာ ပိုမိုနက်မှောင်လာပြီး သူ့ကိုကြည့်ရသည်မှာ အခွင့်အရေးရသည်နှင့် ထိုသားအမိကို သတ်ပစ်လိုက်မလိုပင်။ ဆာစီးနီယာကို သူပိုမိုတိုးကပ်ကာထွေးပွေ့ထားသည်ကလည်း သူမတစ်ကိုယ်လုံးကို ကာကွယ်ထားသကဲ့သို့ဖြစ်သည်။ သူ၏နှုတ်ခမ်းမှာ တွန့်သွားပြီး သားရဲတစ်ကောင်လို ချွန်ထက်သောသွားများကို ထုတ်ပြလိုက်သည့်ပမာပင်ဖြစ်သည်။
"ဟင်း"
သူနှင့်မျက်လုံးချင်း ဆုံလိုက်မိသော ထိုအမျိုးသမီးမှာ တုန်လှုပ်သွားပြီး မျက်နှာလည်း တဖြည်းဖြည်း ညိုမည်းသွားသည်။
"လုပ်ရဲတယ်ပေါ့"
သူ့ရဲ့ တိုးညှင်းသော အသံသည်ပင် သားရဲတစ်ကောင်ငြီးတွားသလို ထိတ်လန့်စရာကောင်းနေပြီး သူ၏ သတ်ဖြတ်ချင်စိတ်ကြောင့်လည်း ပိုမိုကြောက်မက်ဖွယ်ရာကောင်းနေသည်။ သူ၏ ကြံ့ခိုင်သောလက်မောင်းများဖြင့် ဆာစီးနီယာကို တင်းကြပ်စွာထွေးပွေ့ထားသည်မှာ သူမကို လာထိရန်ကြိုးစားသူများကို သတိပေးနေသကဲ့သို့ပင်။ ဆာစီးနီယာကိုသာ မထွေးပွေ့ထားလျှင် ထိုအမျိုးသမီး၏ လည်ပင်းကို ပိုင်းဖြတ်ပြီးဖြစ်နေမည် ဖြစ်၍ ကျန်နေသော ခြေလက်များကိုလည်း တစစီဆွဲဖြဲမိနေလိမ့်မည်။
"အားး"
အမျိုးသမီးမှာ သတိပေးခြင်းကို နားလည်သကဲ့လို့ လန့်ဖြန့်ပြီးထွက်ပြေးသွားသည်။ ထိုမိန်းမ၏အော်သံကြောင့် ဆာစီးနီယာ မျက်လုံးပင့်ကြည့်မိချိန်တွင်တော့ အသက်လုကာ ပြေးရသည့်နှယ် အလျင်အမြန်ပြေးလွှားသဖြင့် မီးတုတ်ပါငြိမ်းသွားသော အမျိုးသမီးကိုတွေ့လိုက်ရသည်။ အတိတ်ကလိုသာဆိုလျှင်ဖြင့် ထိုမိန်းမကို ဆွဲကာ ကိုင်ပေါက်လိုက်ပြီးပြီ။ အခုအချိန်တွင်တော့ သူမပင်ပန်းနေပြီး ဘာအစွမ်းမှ မရှိသည့်အပြင် အသက်ရှူလိုက်တိုင်း သူမအသက်ဝိညာဥ်ပါ တဖြည်းဖြည်းပါသွားသလို ခံစားနေရသည်။ သူမခန္ဓာကိုယ်ထဲတွင် အမြဲတောက်လောင်နေသော မီးတောက်မှာ ငြိမ်းသွားသည့်ပမာပင်။
"မင်းကို ဆေးကုပေးဖို့လိုတယ်" ဘန်၏ လေးပင်သော အသံမှာ စိုးရိမ်ပူပန်စိတ်တို့ ပြည့်နှက်နေသည်။
Xxxxxx