Chapter - 43
ဘန်က ဆာစီးနီယာကို ထူမပေးလိုက်သည်။ သူမခြေထောက်များမှာ အလွန်အားနည်းနေသဖြင့် ဖေးမမည့်သူမပါဘဲ မတ်တပ်ပင်မရပ်နိုင်။ သူမမှာ ရွေးချယ်စရာမရှိ သူ့အပေါ်ပဲ မှီထားလိုက်ရသည်။ သူ၏ လက်များဖြင့် ဖက်သိုင်းကာထားသည်မှာ သူမအတွက် မည်သည့်အန္တရာယ်မှ မကျရောက်လာနိုင်တော့အောင်ပင် စိတ်လုံခြုံမှုပေးနိုင်သည်။
"ကိုယ်တို့ ဆေးကုတဲ့နေရာကို ချက်ချင်းသွားကြရအောင်"
သူ့အပေါ် တွယ်ရာမဲ့စွာ မှီထားရသော ဆာစီးနီယာမှာ သူမအလေးချိန်ကြောင့် ဘန် လေးနေမည်ကိုစိတ်ပူနေသည်။ သို့သော် ဘန် ကတော့ သူမကို ငှက်မွှေးလေးပမာပင် အသာအယာ ဖက်ကိုင်ထားသည်။ ဘန်က ညင်သာစွာ လက်တစ်ဖက်ဖြင့် သူမကိုခါးကို သိုင်းဖက်ထားပြီး လက်တစ်ဖက်က သူ့အိတ်ကပ်ထဲမှ လက်ကိုင်ပဝါထုတ်ကာ သူမရဲ့ နဖူးလေးကို ဖိပေးထားသည်။ လက်ကိုင်ပဝါကို ကိုင်ဖိထားသော သူ့ရဲ့လက်မှာ အကြောများထောင်ထနေသော်လည်း သူ့အထိအတွေ့မှာ အလွန်ဂရုစိုက်ပြီး အညင်သာဆုံးပင်ဖြစ်နေသည်။
ဘန်သည် ဆာစီးနီယာကို အခုလိုလုပ်သည့်သူအား ချက်ခြင်းသတ်ပစ်ချင်အောင် စိတ်တိုနေသော်လည်း သူမသည်ဟာ ပထမ အရေးအကြီးဆုံးပင်။ ယခုသူမမှာ သွေးထွက်နေဆဲဖြစ်ပြီး အသက်ရှူသံမှာလည်း အစောကတည်းကပင် တိုးညှင်းနေခြင်းမှာ သူ့ကို ပြာယာခတ်အောင်ကို ပူပန်နေစေသည်။ သူမရဲ့ နီညိုရောင် မျက်လုံးများမှာ မှေးမှိန်ပြီး အသက်ကင်းမဲ့ကာ မျက်နှာသည်လည်း အလွန်ပင် ဖြူဖျော့နေသည်။
"ဆာစီးနီယာ?"
ဆာစီးနီယာက တိုးတိတ်စွာ အသက်ရှူရင်း သူမရဲ့လက်ချောင်းများက သူ့ဝတ်ရုံအနားကို ဆွဲထားဆဲပင်။ သို့သော် သူမထံမှ ဖြေသံမကြားရ။ ဘန်မှာ ကိုယ့်ကိုကိုယ်သာ အပြစ်တင်နေသည်။ သူမ မထိခိုက်မိခင်ကတည်းက သူမကိုကာကွယ်ပေးခဲ့သင့်သည်။ သူဖြစ်ပျက်ခဲ့သမျှအကုန်လုံးကို ဖြစ်မလာအောင် တားဆီးနိုင်ခဲ့သင့်သည်။ သူသာ ကာကွယ် တားဆီးနိုင်ခဲ့လျှင် သူမအခုလို သွေးများစီးကျနေရမည်မဟုတ်။
'ကိုယ်လွန်ခဲ့တဲ့သုံးနှစ်က ဖမ်းမိမခံခဲ့ရသင့်ဘူး'
သူမဘေးမှာသာ သူရှိနေခဲ့လျှင် အခုလိုဖြစ်မည်မဟုတ်ပေ။ ဘန်သည် ဖြစ်ပျက်ခဲ့သမျှအကုန်လုံးအတွက်တာဝန်ရှိသော ယခင် မြို့စားမင်း ကန်ဒရစ်အပေါ် ဒေါသထွက်မိသည်။ သူ့ကြောင့်သာ အားလုံး အခုလိုဖြစ်ကြရသည်။ သို့ပေမယ့် ဘန်က သူ့ကိုယ်သူ ပိုစိတ်ဆိုးရသည်။ သူ့လည်ပင်းမှာတောင့်တင်းလာပြီး သွေးများတိုးလာနေသည်။
"ကိုယ့်ကို ခဏတော့ ခွင့်ပြုပါ"
သူ့လက်မောင်းကို မှီထားသော ဆာစီးနီယာရဲ့ ခါးနဲ့ ပုခုံးကိုကိုင်ကာ ပွေ့ချီလိုက်သည်။ သူမ၏ဒဏ်ရာများ ပိုမဆိုးလာခင် သူမကိုပွေ့ဖက်ပြီး ဆေးကုသောနေရာကို အရောက်သွားရန်ကြံရွယ်ထားသည်။
"ဘန်..."
အချိန်အတန်ကြာပြီးနောက် ဆာစီးနီယာမှာ ပါးစပ်ဖွင့်ဟလာသည်။ သူမအသံမှာမူ ကွဲအက်ကြမ်းရှနေသည်။
"ပြောလေ ဆာစီးနီယာ"
ဘန်က မြန်မြန်ဆန်ဆန်ပင်တုံ့ပြန်လိုက်သည်။ သူ၏မျက်လုံးများမှာတော့ တစ်လောကလုံးတွင် သူမတစ်ယောက်သာကျန်ရှိတော့သည့်အတိုင်း တောက်လျှောက် စိုက်ကြည့်နေသည်။
"... ငါ အိမ်ပြန်ချင်တယ်"
"ဟုတ်ပြီ" သူ ချက်ချင်းပင် ပြန်ဖြေလိုက်သည်။
ကုသမှုဌာနကို သွားခြင်းသည် ဆေးကုရန်လိုအပ်နေသော သူမအတွက် အမှန်ကန်ဆုံး ဆုံးဖြတ်ချက်ဖြစ်သည်။ သို့သော် သူမအိမ်ပြန်ချင်သည်ဆိုလျှင် သူတို့အိမ်ပဲပြန်ကြမည်။ ဘန်သည် သူမပုခုံးက သူ၏အသားမာတက်နေသောလက်ကိုထိမိနေခြင်းကို ခံစားနေရသည်။ ပြီးတော့ သူထင်သည့်အတိုင်းပင် သူမ ပိန်သွားလေသည်။ သူမအရိုးများနှင့်ထိမိနေသည့် မရင်းနှီးသော ခံစားချက်ကြောင့် သူ့နှလုံးသားမှာ တစစ်စစ် ကိုက်နေသည်။
"မြန်မြန်လေး..."
ဆာစီးနီယာသည် မရည်ရွယ်ပါဘဲ ဘန်၏လည်ပင်းတဝိုက်ကို သိုင်းဖက်ထားရင်း ရင်ခွင်ထဲသို့ခေါင်းတိုးဝင်နေမိသည်။ သူမ ကြံရွယ်ထားသမျှ ဘာမှ မမှတ်မိတော့။ ဘာတွေဖြစ်နေမှန်းပင် သူမ မသိချေ။ သူမကိုယ်တိုင်ဖန်တီးထားသော နေရာ၊ သူမကိုရစ်ပတ်ဆွဲငင်သော အမှောင်ထုမဝင်ရောက်နိုင်ရာ နေရာဖြစ်သော သူမ၏အိမ်သို့ ပြန်ချင်စိတ်တစ်ခုတည်းသာ ရှိသည်။ မျက်လုံးများကိုသာ မှိတ်ထားလိုက်မိတော့သည်။
"ဘယ်သူမှ မင်းကို မထိနိုင်စေရဘူး။ ကိုယ်ကာကွယ်ပေးမယ်"
ဘန်က သစ္စာပြုသကဲ့သို့ သူမကိုတီးတိုးပြောဆိုနေမိသည်။
"သံအမတ်ကြီး၊ သခင်မ ဆာစီးနီယာ အဆင်ပြေပါရဲ့လား?"
သတင်းကို ကြားပြီးသည့်နောက် အားချန်က ဘန်နောက်သို့လိုက်လာခဲ့သည်။ မျက်လုံးများပိတ်နေသော ဆာစီးနီယာသည် ဘန်၏ လက်များကြားတွင် အလွန်တုန်လှုပ်စွာဖြင့် ရှိနေသည်။
"အားချန် ဆရာဝန် ပင့်ခဲ့စမ်းကွာ"
"ဟုတ်ကဲ့ပါ သံအမတ်ကြီး"
အားချန်သည် ဘာမှ မမေးတော့ပဲ အလျင်အမြန် ချက်ချင်းပင် ထွက်သွားသည်။ ဘန်က သေချာဂရုစိုက်ရင်း တစ်လှမ်းချင်းလှမ်းနေပုံမှာ သူပေါ့ဆလိုက်တာနှင့် သူမက ပြိုလဲကျသွားတော့မည်ကဲ့သို့ပင်။ သို့သော် သူစိတ်မရှည်တော့ဘဲ မြန်မြန်သွက်သွက် လျှောက်လာခဲ့သည်။
***
"ငါတို့ဒီလို ဆက်သွားနေရင် အကုန်သေကုန်ကြတော့မှာပဲ"
"အဲ့ဒါအမှန်ပဲဟေ့။ မင်းတို့ခုနက တွေ့လိုက်တယ်မလား? အဲ့ဟာမက စုန်းမပဲဟေ့ စုန်းမ!"
အသံများက တကြွက်ကြွက် ထွက်ပေါ်နေသည်။ အားလုံး၏အကြည့်များသည် ထိုင်နေသောလူတစ်ယောက်ပေါ်တွင်ရှိပြီး အော်ဟစ်နေကြသည်မှာ တိုးတိုးသက်သာပြောလျှင်မည်သူမှ မကြားနိုင်တော့မည့်အတိုင်းပင်။
"အဲ့ မိန်းမက ... မကောင်းဆိုးဝါးပဲ"
မှဲ့ခြောက်များနှင့် အမျိုးသမီး ပါးစပ်ဟလိုက်သောအခါ အော်ဟစ်ပြောဆိုနေကြသူများ အသံတိတ်သွားကြသည်။ သူတို့အားလုံး အစောက ဖြစ်ပျက်ခဲ့သည်ကို ကြုံခဲ့ကြသော်လည်း ဤအမျိုးသမီးလို သေမင်းနှင့်ရင်ဆိုင်လိုက်ရသကဲ့သို့ အဖြစ်ဖြင့်မူ ယှဉ်မရနိုင်အောင်ပင်။ သူမမျက်လုံးများမှာ ယခုထက်တိုင်ပြာဝေနေပြီး ဘယ်နေရာ ဘာကိုစိုက်ကြည့်နေမှန်း ဘယ်သူမှမမြင်နိုင်။ သတိလက်လွတ်ဖြစ်နေသော အမျိုးသမီးသည် တဆတ်ဆတ်တုန်နေသည်မှာ မကောင်းဆိုးဝါးကို အရှင်လတ်လတ်တွေ့ခဲ့သလိုပင်။ သူမရဲ့လည်ပင်းတွင်လည်း လက်ရာက အတိုင်းသား ပေါ်နေသည်။
"ဒါကိုကြည့်စမ်း! ဟိုတစ်ယောက်က သူ့ကိုတစ်ကယ်သတ်ဖို့ လုပ်တာ!"
ဆာစီးနီယာရဲ့ ရှေ့တွင် ဒူးထောက်အသနားခံခဲ့တဲ့ ယောက်ျားက အခုတော့ ထိုအမျိုးသမီး၏လည်ပင်းကို ညွှန်ပြရင်းပြောနေသည်။ ဤသည်ပင်လျှင် စဉ်းလဲ ကောက်ကျစ်ကာ မိမိတို့ပြုလုပ်ခဲ့သမျှကို သတိမရသော လူသားတို့၏ သဘာဝပင်ဖြစ်သည်။ ရွာသူကြီးကားလ်ဂျက်ကွက်စ်မှာ မျက်မှောင်ကြုံနေမိသည်။ သူ့ခေါင်းလည်း ပို၍ထိုးကိုက်လာသည်။
"အခြေအနေကို သတင်းပို့ဖို့ အရာရှိဒတ်စ်တာဆီ လူလွှတ်ထားတာ ကြာနေပြီ။ ဘာလို့ တစ်ယောက်မှ မလာကြသေးတာလဲ?"
သူ့သားမှာ အေးစက်သော အချုပ်ခန်းထဲတွင် အကျဉ်းကျနေရသည်မှာ သုံးရက်ရှိပြီဖြစ်သည်။ ထိုသို့ဖြစ်ပျက်နေသည့်ကြားထဲမှ ရွာသူရွာသားများက သူ့ထံလာပြီး စုန်းမကို သတ်ပစ်ရန်ပြောဆိုနေကြသည်မှာ သူ့အတွက် ပိုခေါင်းခဲလာရသည်။
"အရှင်က မကြာခင် မင်းတို့ကို တစ်ခုခုပြောပါလိမ့်မယ်"
"မိန်းမတစ်ယောက်ကြောင့် ဘယ်လောက်တောင် ရှုပ်ထွေးကုန်တာလဲကွာ?"
ကားလ်ဂျက်ကွက်စ်သည် စုန်းမကြောင့် သူ့သားအကျဉ်းကျနေရသည်ကို စိတ်တိုနေသည်။ ဒေါသကြောင့် အခုချက်ချင်းပင် စုန်းမကို သတ်ပစ်ချင်နေသော်လည်း သူမကို ကာကွယ်နေသည့် အနီရင့်ခြင်္သေ့မင်း က ရှိနေသည်။
နာမည်ကြီး မြို့စားမင်း ရှောဗာစ့်နှင့် စုန်းမကြားထဲတွင် မည်သို့သော ဆက်ဆံရေးရှိနေသည်ကို ဂျက်ကွက်စ်မသိ။ သို့သော် မြို့စားမင်းက စုန်းမကို ကယ်တင်သွားပြီး သူ့သားကို အကျဉ်းချထားကတည်းက သူတို့အချင်းချင်းတော့ သိကြမည်မှန်း ရိပ်စားမိသည်။ ထိုအချက်တစ်ခုတည်းဖြင့်ပင် စုန်းမနှင့်ပတ်သက်လျှင် သေချာသတိထားပြီး လှုပ်ရှားမှရမည်။
"ငါတို့ လက်လွတ်စပယ် သွားလုပ်လို့မရဘူး။ အကုန်လုံးမြင်ပြီးကြပြီမလား? အနီရင့်ခြင်္သေ့မင်း လေ"
ထိုစုန်းမ၏နောက်ကွယ်တွင် မြို့စားမင်းရှိနေသည်။ သူတို့ အလျင်စလို လှုပ်ရှားလိုက်မိလျှင် သူတို့သာ ဒုက္ခရောက်သွားလိမ့်မည်။ ထိုအချိန်တွင် တံခါးပွင့်လာပြီး ဝတ်ရုံနဲ့လူများ ရွာသူကြီး၏ရုံးခန်းထဲသို့ ဝင်လာကြသည်။
"အရာရှိဒတ်စ်တာက မြို့စားမင်းကို ဖမ်းဖို့ သင့်ကို အမိန့်ပေးလိုက်ပါတယ်"
နောက်ဆုံးတော့ အရာရှိဒတ်စ်တာထံမှ သတင်းစကားကြားရပြီ။ ကားဂျက်ကွက်စ်က အနည်းငယ်စိတ်သက်သာရာရကာ သက်ပြင်းချရင်း အမြန်ထပြီး သူတို့ကို နှုတ်ဆက်လိုက်သည်။
"ငါ မင်းတို့ကိုစောင့်နေတာ"
"အခု မြို့စားမင်းက ဘယ်မလဲ?"
"ချန်က လမ်းပြပါလိမ့်မယ်"
အခန်းထောင့်တွင်ရပ်နေသော ချန်က သူ့ကိုရွေးလိုက်သဖြင့်ပျော်ဟန်မရှိပေမယ့် တာဝန်ကို လိုက်နာရသည်။
"ကဲ ဒါဆိုပြီးပြီပေါ့"
ကားဂျက်ကွက်စ်က သက်ပြင်းချရင်း ထိုင်ခုံကိုပြန်ထိုင်ချလိုက်သည်။
"တခါထဲ အကုန်လုံးကို အဆုံးသတ်ပစ်လိုက်ရင်ကော?"
ထိုစကားကိုကြားလိုက်ရသောအခါ အားလုံးက ပြောလိုက်သူကို အာရုံစိုက်မိသွားသည်။
"ဘယ်လို? အဲ့ဒါဘာအဓိပ္ပါယ်လဲ?"
*ဒေါက် ဒေါက်*
တံခါးခေါက်သံကြားလိုက်ရချိန်တွင် အကုန်လုံးမှာ အသက်ပင်မရှူနိုင်ဘဲ သတိဖြင့် တံခါးကို ကြည့်နေကြသည်။
"ဘယ်သူလဲ?"
"သူကြီး, ကျွန်တော် လက်ဖက်ရည်လာပို့တာပါ"
ငယ်ရွယ်သော အသံတစ်ခုကို တံခါးအပြင်ဘက်မှ ကြားလိုက်ရသည်။
"ဝင်လာခဲ့"
ကားဂျက်ကွက်စ် ခွင့်ပြုလိုက်သောအခါ တံခါးပွင့်လာပြီး ကလေးငယ်တစ်ဦးက ဗန်းကိုကိုင်လျက်ဝင်လာသည်။ ကလေးမှာ လက်ဖက်ရည် မဖိတ်မစင်ရအောင် သတိထားလျှောက်လာသည်။ တံခါးခေါက်သံကြားရစဉ်က သတိကြီးစွာထားနေကြသူများလည်း သူတို့ကို အန္တရာယ်မပေးနိုင်သော ကလေးငယ်ကိုတွေ့မှ စိတ်ပေါ့သွားတော့သည်။
"စုန်းမကို ငါတို့နောက်တစ်ကြိမ် မီးရှို့ကြည့်ကြမလား... ဒီတိုင်းလွှတ်ထားလိုက်လို့ကတော့ နောက်ကျ ငါတို့ပဲ ဒုက္ခရောက်လိမ့်မယ်"
ထိုသူ့ပြောစကားအပြီး ကားဂျက်ကွက်စ်က သူ့ရဲ့အာရုံစိုက်စဉ်းစားလျှင်လုပ်သည့်အကျင့်အတိုင်း စားပွဲကို လက်ချောင်းများဖြင့်ခေါက်နေသည်။ ထိုသူပြောသည်မှာလည်း အမှန်ပဲဖြစ်သည်။ စုန်းမကို မသတ်ဘဲ လွှတ်ပေးလိုက်မိလျှင် နောင်တစ်ချိန်ဘာတွေဖြစ်လာမလဲ မပြောနိုင်။
"ပူနေပါသေးတယ် သူကြီး"
ကလေးက လက်ဖက်ရည်ခွက်ကို စားပွဲပေါ်သို့ ကိုးယိုးကားရား တင်လိုက်ရင်း ပြောသည်။ အားလုံးပြောနေကြသည်မှာ သူ့အတွက်အရေးမပါသကဲ့သို့ သူ့အလုပ်သူသာလုပ်နေသည်။
"ငါတို့အရာရှိရဲ့ ရဲမက်တွေ မြို့စားမင်းကို ဖမ်းပြီးတာနဲ့ စုန်းမရဲ့ အိမ်ကိုမီးတင်ရှို့လိုက်ကြမယ်"
ရွာသူကြီးက သူ့အဆိုကို သဘောတူကြောင်းယူဆပြီးတာနှင့် ထိုသူမှာ ပိုမိုစိတ်တက်ကြွလာပြီး အစီအစဉ်များပါချနေသည်။ အားလုံးက ဆာစီးနီယာကိုရှင်းပစ်ချင်နေကြသဖြင့် သူ့နားမှာ ဝန်းရံပြီး သူ့အဆိုပြုချက်များကို ခေါင်းတညိတ်ညိတ်ဖြင့် ထောက်ခံနေကြသည်။
ကားဂျက်ကွက်စ်၏မျက်နှာတွင် မသိမသာကျေနပ်ဟန်ပေါ်နေသည်။ ထိုမိန်းမသည် မကောင်းမှု၏ ဝင်ရိုးဖြစ်ပြီး ဘေးကပ်အန္တရာယ်များပေါက်ဖွားမည့် မျိုးစေ့ပင်ဖြစ်သည်။ သူမကြောင့် သူ့သားမှာလည်း အမျိုးမျိုးအရှက်ရခဲ့ပြီး ထောင်သွင်းအကျဉ်းချခံခဲ့ရသည်။ တွေးနေရင်းပင် ကားဂျက်ကွက်စ်မှာ လက်သီးကို ကျစ်ကျစ်ဆုပ်ထားမိသည်။
"ငါ အဲ့မိန်းမကို လုံးဝအသက်ရှင်ခွင့်မပေးဘူး"
မြို့စားမင်းသာမရှိလျှင် သူ မလုပ်နိုင်တာမရှိ။
"ကောင်းပြီ။ ငါတို့ မနက်ကျရင် အဲ့စုန်းမအိမ်ကို မီးတင်ရှို့လိုက်မယ်"
"အဲ့မိန်းမကို ရှင်းပစ်လိုက်ကြစို့!"
ရွာလူကြီးဆီက ခွင့်ပြုချက်ရသည်နှင့် အကုန်လုံး အော်ဟစ်လိုက်ကြသည်။ ဒီအခိုက်အတန့်ကို အကုန်လုံးစောင့်မျှော်နေကြသည်ပဲ။ ကားဂျက်ကွက်စ်ကတော့ အံဆွဲထဲတွင် သိမ်းထားသော စာရွက်များကို ဆွဲထုတ်လိုက်သည်။
"အရာရှိဒတ်စ်တာနဲ့ အဆက်အသွယ်မပြတ်စေနဲ့။ ဘာတွေဖြစ်ခဲ့သလဲ ငါသူ့ကိုပြောပြပြီးတော့ မီးလောင်တာက စုန်းမ ဘာသာ မတော်တဆဖြစ်တဲ့ပုံစံ ဖန်တီးလိုက်မယ်"
သူတို့မျက်လုံးများထဲတွင် မီးဝင်းဝင်းတောက်နေပြီး တစ်ဦးထက် တစ်ဦးမှာ ပိုမိုရက်စက်ကြမ်းကြုတ်နေသလိုပင်။ ကလေးငယ်ကတော့ လူအုပ်ကြားမှရှောင်ထွက်ကာ အခန်းထဲက တိတ်တဆိတ်ထွက်ခွာသွားသည်။
* * *
"တော်...တော်သေးတာပေါ့ အနာက သိပ်မနက်လို့ နှစ်ချက်ပဲ ချုပ်လိုက်ရတယ်"
ဆရာဝန်က စကားပြောပြီး ချွေးသီးချွေးပေါက်များကို ပင့်သုတ်လိုက်သည်။ သူ့ရှေ့တွင်တော့ ဆာစီးနီယာမှာ မျက်စိကိုမှိတ်ထားရင်း အသက်မရှိသလို လှဲလျောင်းနေသည်။
"တခြားထိခိုက်ထားတာကော ရှိသေးလား?"
"မ..မရှိပါဘူး အရှင်မင်း"
"ဒါဆို သူမဘာလို့နိုးမလာသေးတာလဲ?"
ဘန်၏ ထိတ်လန့်စရာအသံကြောင့် ဆရာဝန်မှာ တုန်သွားပြီး ဤနေရာမှ ချက်ချင်းပင် ထွက်ပြေးသွားချင်မိသည်။
"ဘာ..ဘာလို့လဲဆိုတော့ သူမ အားပြတ်သွားလို့ပါ။ နားပြီးရင်တော့ သက်သာသွားပါလိမ့်မယ်"
ထိုသို့ကြားလိုက်ရမှ ဘန်၏ စူးစိုက်ကြည့်နေသော အကြည့်များမှာ ညင်သာသွားသည်။ ဆရာဝန်မှာလည်း ယခုမှသာ အသက်ရှူချောင်တော့သည်။
"အမာရွတ်ကကော?"
ဘန်၏ ထိတ်လန့်စရာအသံကို ပြန်ကြားလိုက်ရသောအခါ ဆရာဝန်ပြန်ပြီးလန့်ဖျန့်သွားသည်။
"အ...အမာရွတ် ခပ်ရေးရေးတော့ ကျန်နိုင်ပါတယ်ဗျာ။ ကျေး...ကျေးဇူးပြုပြီး အသက်ချမ်းသာပေးပါ!"
ဘန်၏ ခပ်ပြတ်ပြတ်အမေးကို နားလည်သော ဆရာဝန်မှာ ဂုဏ်သိက္ခာများ ဘေးချကာ ပြားပြားဝပ်တောင်းပန်နေသည်။ သူအသက်ရှင်ချင်သည်လေ။
"ဟင့် .. ဟင့် ဆာစီးနီယာ"
မေမှာ ဆာစီးနီယာနားတွင် ရပ်လျက် ကျနေသော သူမ၏မျက်ရည်များကို သုတ်နေသော်လည်း ပါးပြင်ထပ်တွင် မျက်ရည်တို့မှာ မခမ်းခြောက်နိုင်အောင် စီးကျနေသည်။
"သူမသတိပြန်ရလာတဲ့အထိ ကြည့်ရှုစောင့်ရှောက်ပေးပါ"
"ဟုတ်ကဲ့ ကျွန်မ နားလည်ပါတယ်"
ဘန်သည် ဆရာဝန်မလာခင်ကတည်းကနေ ယခုအချိန်ထိ ဆာစီးနီယာထံမှ အကြည့်ကို လုံးဝ တစ်ချက်မှပင် မခွာပေ။
Xxxxxxx