Chapter - 44
ဆာစီးနီယာမှာ မျက်စိမှိတ်ထားရင်း အသက်ကိုဖြည်းညှင်းစွာ ရှူရှိုက်နေသည်။ မျက်နှာပေါ်စီးကျထားသော သွေးတို့မှာ မရှိတော့ဘဲ သူမ၏ ဖြူဖျော့သော အသားအရေကို မြင်နေရသည်။ သူမက ဘန်ရဲ့ ဝတ်ရုံအနားသားကို တင်းနေအောင်ဆွဲထားဆဲပင်။ မည်မျှတင်းနေအောင် ဆွဲထားသည်မသိ သူမသတိလစ်သွားလျှင်ပင် လက်လွတ်သွားမည့်ပုံမပေါ်။
"..."
ဘန်က သူ့အောက်နှုတ်ခမ်းကို သွေးထွက်သည်အထိ ဖိကိုက်ထားသည်။ သူမမျက်ခုံးနားဆီမှ ပိတ်သွားပြီဖြစ်သော ဒဏ်ရာကို မြင်နေရသည်မှာ ဘန့် နှလုံးသားထဲတွင် မီးတောက်သကဲ့သို့ ပူလောင်နေသည်။ ဆာစီးနီယာကို ထိခိုက်အောင်လုပ်သူများအားလုံးကို သူကိုယ်တိုင်အပြတ်ရှင်းမည်ဟု သူ့ကိုယ်သူဆုံးဖြတ်ချက်ချလိုက်သည်။ အသေသာ သတ်လိုက်ပါတော့ဟု တောင်းပန်ရသည်အထိ နာကျင်ခံစားစေရမည်။
"ကျွန်..ကျွန်မသာ အမသွားမှာကို တားခဲ့ရင် ဟင့် .. ဟင့်"
မေကတော့ သူမကိုယ် သူမအပြစ်တင်နေမိသည်။ စစချင်းက သူမ တုန်လှုပ်ခဲ့သော်လည်း ဆာစီးနီယာက အဆင်ပြေသွားမှာပါဟု ပြောခဲ့သဖြင့် အဆင်ပြေမည်ထင်ခဲ့သည်။ ဆာစီးနီယာက အကုန်အဆင်ပြေသွားလိမ့်မယ်ဟု ပြောခဲ့သမျှ အဆင်ပြေခဲ့သဖြင့် ယခုလို အခြေအနေနှင့် ပြန်တွေ့ရမည်ဟု သူမလုံးဝ မတွေးထင်ထားခဲ့မိ။
'ကျွန်မ အမကို ဆွဲထားပြီး တားခဲ့သင့်တာ'
သူမ အချိန်ကိုသာ နောက်ပြန်လှည့်ပြီး ဆာစီးနီယာ ထွက်မသွားခင် တားဆီးခဲ့ချင်တော့သည်။ သူမသည်းခံပြီး မပြောခဲ့မိမှုအပေါ်သာ အပြစ်တင်ပြီး မျက်ရည်များ ပိုးပိုးပေါက်ပေါက် တရစပ်ကျနေရသည်။
"အဆင်ပြေသွားမှာပါ" ဟု ဘန်က ပြောလိုက်သည်။
မေနှင့် ဆာစီးနီယာကို ပြောလိုက်သလိုထင်ရသော်လည်း အမှန်မှာ သူ့ကိုယ်သူ ပြန်ပြောနေခြင်းဖြစ်သည်။ ဆာစီးနီယာရဲ့ မျက်လုံးများ ပြန်မပွင့်လာတော့မှာ သူစိုးရိမ်နေသည်။ ဆရာဝန်က အားပြတ်သွားလို့ဟု ပြောသော်လည်း ဘန်မှာ အလွန်အမင်းစိတ်ပူဆဲပင်။ သူ့နှလုံးသားမှာ ငရဲမီးများလောင်မြိုက်နေသလိုပင် နာကျင်နေရသဖြင့် ကောင်းသွားမှာပါဟုသာ သူ့ဘာသာ တရစပ်ရွတ်နေမိသည်။
'သူမ ကောင်းသွားမှာပါ။ သူမ နိုးလာတော့မှာ'
ဘန်မှာ သူတစ်ခုခု မလုပ်လိုက်ရလျှင် အသူတရာနက်သည့်ချောက်ထဲကျသလို ခံစားရတော့မည်ဟုထင်နေသည်။ ဆာစီးနီယာ၏ သူ့ဝတ်ရုံအနားကိုဆုပ်ကိုင်ထားသော လက်လေးကို သူ့လက်နှစ်ဖက်ဖြင့်ဖမ်းဆုပ်ထားလိုက်သည်။ သူမလက်များမှာ အေးစက်နေဆဲပင်ဖြစ်သော်လည်း သွေးခုန်နှုန်းယဲ့ယဲ့ကို သူခံစားလိုက်ရသည်။
"ကျေးဇူးပြုပြီး မျက်လုံးဖွင့်ကြည့်ပါအုံးကွာ"
ဘန်သည် မျက်လုံးကို ဖြည်းဖြည်းမှိတ်ထားရင်း ဆုတောင်းနေသည်။ သူတို့အိမ်ပြန်ရောက်သည်မှာ အချိန်အတော်ကြာပြီဖြစ်ပြီး နေတောင်ဝင်တော့မည်။
*ဒေါက် ဒေါက်*
သူ အသံလာသည့်ဘက် ခေါင်းလှည့်ကြည့်လိုက်သည်။ မေကတော့ ငိုယိုနေရသဖြင့် ဘယ်သူလာလဲ သွားကြည့်နိုင်မည့်ပုံမပေါ်။ ထို့ကြောင့် ဘန်သည် ဆာစီးနီယာ၏ လက်ကို ခဏလွှတ်ကာ တံခါးဆီသို့လျှောက်ပြီး ဖွင့်ပေးလိုက်သည်။ အပြင်ဘက်တွင်တော့ လူတစ်ယောက်ရပ်နေသည်။
"ဘာကိစ်စလဲ?"
"သင်က မြို့စားမင်းရှောဗာ့စ်လား?"
"မင်းကို ဘယ်သူလွှတ်လိုက်တာလဲ?"
သူတို့ တစ်ယောက်ကိုတစ်ယောက် မနှစ်မျို့စွာကြည့်နေကြသည်။
"အရာရှိဒတ်စ်တာက သင့်ကိုတွေ့ချင်လို့တဲ့။ ဘာလို့ဆိုတာ သံအမတ်ကြီးသိမှာပေါ့"
"သူပြောစရာတစ်ခုခုရှိရင် ငါ့ဆီကို လာပြီးပြောလို့ရတယ်"
"လေးစားစွာဖြင့် ပြောချင်ပါတယ်၊ ဒါက မြို့စားကြီးကိုင်လိုစ့်ရဲ့ ဆန္ဒလည်းဖြစ်ပါတယ်"
ဘန်ရဲ့ ပြတ်သားတဲ့အသံက သူတို့ကို စိတ်တုန်လှုပ်သွားစေသည်။ သို့သော် အရာရှိဒတ်စ်တာက ဤသည်မှာ မြို့စားကြီးကိုင်လိုစ့်ရဲ့ အမိန့်ဟု ပြောလိုက်သောကြောင့် အလွယ်တကူ အလျော့ပေး၍မရ။
"အဲ့ဒါ ဘာဖြစ်လဲ?"
"ခင်ဗျာ...အဲ့ဒါက မြို့စားကြီးကိုင်လိုစ့်ရဲ့ အမိန့်.. မိန့် --"
"ငါထပ်မပြောချင်ဘူး"
ဘန်၏ အေးစက်သောအကြည့်ကြောင့် သူတို့တုန်လှုပ်သွားကြပြီး တံထွေးမျိုချကာ တစ်ယောက်နှင့်တစ်ယောက် ကယောင်ကတမ်းကြည့်နေကြသည်။ မြို့စားမင်းမပါဘဲပြန်လျှင် အရာရှိက သူတို့ကို ဆူပူကြိမ်းမောင်းတော့မည်။ မြို့စားမင်းကိုလည်း သူတို့ အတင်းခေါ်ဆောင်၍မဖြစ်။
ထိုအချိန်တွင်ပဲ သူတို့၏အနောက်တွင် အားချန်ကို ဘန်တွေ့လိုက်ရသည်။ လက်ဟန်ခြေဟန်ပြနေသော အားချန်ကိုတွေ့လိုက်သည့်အခါ ဘန်က
"ဟုတ်ပြီ ငါလိုက်ခဲ့မယ်"
"ဗျာ..."
ရုတ်တရက်ပြောင်းလဲသွားခြင်းကြောင့် သူတို့ အံ့ဩပြီးပြန်မေးမိသည်။
"ဒီညသန်းခေါင်ယံ ငါသွားတွေ့လိုက်မယ်"
"သေ..သေချာလားဗျ?"
ဘန် သူတို့ကို ခပ်စိန်းစိန်းပဲ စိုက်ကြည့်နေလိုက်သည့်အခါ အမြန်ပြန်ပြောကြရသည်။
" ဟုတ် ... ဟုတ်ကဲ့ပါ သံအမတ်ကြီး၊ နားလည်ပါပြီ!"
အဘယ့်ကြောင့် မြို့စားမင်း၏ အတွေးရုတ်တရက်ပြောင်းလဲသွားမှန်း သူတို့မသိသော်လည်း မိမိတို့အသက်ရှင်ရက်ရှိနေဆဲမို့ စိတ်သက်သာရာရမိသည်။ သူတို့ထွက်သွားချိန်တွင် အားချန်က ဘန်ကို ဘုရင့်အမှတ်အသားပါသည့် စာတစ်စောင် ကမ်းပေးလိုက်သည်။
* * *
ငိုယိုပြီးအိပ်မောကျသွားသော မေရဲ့အခန်းထဲမှ ဆာစီးနီယာထွက်လာသည်။ မေက သူမကို မသွားရန်တားတုန်းက ပုံစံကို သတိရမိသောအခါ သူမကို သူမ အပြစ်ရှိသည်ဟု ခံစားနေရသည်။
"ငါသာ မေ ပြောသလို ထွက်မလာခဲ့ရင် ဒါတွေဘာမှ ဖြစ်မှာမဟုတ်ဘူး"
သူမရဲ့ နီညိုရောင်မျက်လုံးများတွင် နောင်တအရိပ်အယောင်များထင်နေပြီး တဖျတ်ဖျတ် ခပ်လိုက်သည်။
"မင်း အဆင်ပြေရဲ့လား?"
ဘန်က ဆာစီးနီယာနား တိုးကပ်လာရင်း မေးလိုက်သည်။ နိုးထလာပြီးချိန်တွင် သူမနေရတာ အဆင်ပြေပြီး ဆရာဝန်ကလည်း ဘာမှ စိုးရိမ်စရာမရှိဟု ပြောခဲ့သော်လည်း ဘန်ကတော့ စိတ်ပူမြဲပင်။ သူ့ရဲ့ စိုးရိမ်ပူပန်မှုများကို အတိုင်းသားမြင်နေရသည်။
"အင်း ငါ နေကောင်းပါတယ်"
ပျော့ခွေနေသော သူမ၏ လည်ပင်းထဲမှ အသံခပ်အုပ်အုပ်ထွက်လာပြီး သူမ ပြတင်းပေါက်ဘေးတွင်ထိုင်လိုက်သည်။ သူမဘေးတွင် တုန်ယင်နေသော ဆရာဝန်ကို ပြန်လွှတ်ခါနီးအချိန်ထိ ဘန်က ခေါင်းမာစွာ ဆရာဝန်ကို အနားခေါ်ထားချင်ကြောင်း သူစိတ်ပူကြောင်းပြောနေသည်။ သို့သော် ဆာစီးနီယာ၏ သူမအေးအေးဆေးဆေး အနားယူချင်သည် ဟူသော စကားကြောင့် ပြန်ခွင့်ပြုလိုက်ရသည်။ ထပ်ပြီးစိတ်ဖိစီးလျှင် သူမခန္ဓာကိုယ်ကို ထိခိုက်နိုင်ကြောင်း ဆရာဝန်က မှာခဲ့သဖြင့် သူမအလိုကျ ဖြစ်စေရန် ဘန်က ကြိုးစားနေခြင်းကြောင့် ဆာစီးနီယာက သူ့ကို ကျေးဇူးတင်မိသည်။
ဒဏ်ရာမှ နာကျင်ဆဲဖြစ်ပြီး ပျောက်ရန်အချိန်ယူရပေမည်။ ထိုအနာမှာ ရွာသားများကြောင့်ရသော စိတ်ဒဏ်ရာကဲ့သို့ နာကျင်နေသည်။ ဒဏ်ရာမှနာကျင်နေသလို အသံများမှာလည်း သူမ နားထဲတွင်ပဲ့တင်ထပ်နေသည်။ သူတို့၏ စက်ဆုပ်သောအကြည့်များမှာလည်း သူမစိတ်ထဲတွင် စွဲထင်နေသည်။ သူမနားတွေမျက်စိတွေ ပိတ်လိုက်လျှင်တောင်မှ ပြန်သတိရနေမိသည်။ ထိုအရာအားလုံးက သူမရင်တွင် စူးကဲ့သို့နစ်ဝင်နေပြီး သူမကိုဖျက်ဆီးပစ်နေသလို ပြန်လည်တုံ့ပြန်ခွင့်မရှိဘဲ ကယ်ရာမဲ့နေသလို ခံစားနေရသည်။
ဆာစီးနီယာသည် ထိုင်ခုံပေါ်တွင် ပိုမိုတိုးဝင်လိုက်မိသည်။ သူမ၏ရှေ့ရှိ ညကောင်းကင်ရှုခင်းမှာမူ အေးချမ်းစွာဖြင့် ဘာမှ မဖြစ်ထားသကဲ့သို့ လှပလျက်..။ အဝါရောင် ပုတီးလုံးလေးများကို အနက်ရောင်ပိတ်ကားပေါ်တွင် ဖြန့်ခင်းထားသကဲ့သို့ ကြယ်များသည်သာ ညကောင်းကင်ယံမှာ တောက်ပနေကြသည်။
မြင်နေရသည်မှာ အေးချမ်းလှသဖြင့် နေ့ခင်းက အဖြစ်အပျက်များက အမှန်တကယ်ဖြစ်ခဲ့ခြင်းဟုတ်မဟုတ်တောင် သူမ မဝေခွဲနိုင်တော့။ သူမ၏ လက်ဖဝါးများကို စူးစိုက်ကြည့်နေမိသည်။ နိုးထလာပြီးကတည်းက ကြောက်လန့်စရာ မရင်းနှီးသော ခံစားမှုများ မရှိတော့။ သူမ ပုံမှန်အတိုင်းခံစားနေရသည်မှာ ဖြစ်ခဲ့သမျှက ပုံရိပ်ယောင်လားဟုပင် ထင်မှတ်မှားမိသည်။ ဆာစီးနီယာက သတိမမူမိဘဲ နဖူးရှုံ့ပြီး မရင်းနှီးသော အသံကိုသတိရသွားချိန်တွင် အေးချမ်းနေသောစိတ်မှာ ပြန်ညစ်ညူးသွားရသည်။
"နေမကောင်းဘူးလား?"
ဆာစီးနီယာကို တောက်လျှောက် အာရုံစိုက်ကြည့်နေသောဘန်က သူမ၏ မျက်နှာအမူအယာအနည်းငယ်ပြောင်းသွားခြင်း တစ်ခုခုပြုမူလိုက်ခြင်းမျိုးကိုပင် အလွတ်မပေးဘဲ မျက်လုံးတောက်ထောက်ကြည့်နေသည်။
"မဟုတ်ပါဘူး"
ပြတ်သားသော မေးခွန်းအပေါ်တွင် ဆာစီးနီယာ၏ မျက်နှာ အမူအယာများကွယ်ပျောက်သွားသည်မှာ သူမ၏ လျှို့ဝှက်ချက်တစ်ခုကို ဘန်သိသွားသည့်နှယ်။
"ကိုယ် မင်းအတွက်ပဲ စိတ်ပူနေတာပါ"
ဘန်က ဆာစီးနီယာ မော့ကြည့်မနေရရန် သူမရှေ့တွင် ဒူးထောက်ထိုင်ချလိုက်သည်။ မှောင်မိုက်နေသော အိမ်ကို အလင်းရောင်ပေးနေသည်မှာ မီးပုံနှင့် သေးငယ်သော ဖယောင်းတိုင်တစ်တိုင်မျှသာ။ ဆာစီးနီယာ၏ မျက်နှာရိပ်မှာ အနည်းငယ်ညိုနေသည်။ ဘန်၏ များစွာသော စိုးရိမ်ပူပန်မှုကြားထဲမှပင် ဆာစီးနီယာက သူမကို မဟုတ်မမှန်စွပ်စွဲမှုများအား ဖြေရှင်းရန် ထွက်သွားခဲ့ခြင်းဖြစ်ကြောင်း သတိထားမိသည်။
သို့သော် ယနေ့ဖြစ်ပျက်ခဲ့သမျှ အန္တရာယ်များကြားမှ လုံခြုံစွာဖြင့် သူမ၏ မျက်လုံးများ ပြန်လည်ဖွင့်လာနိုင်သည်ကို ဘန်တကယ် ကျေးဇူးတင်မိသည်။ သွေးများစီးကျကာ သူ့လက်ထဲတွင် ခွေလဲနေသော သူမ၏ပုံရိပ်သည် ဘန့်စိတ်ထဲတွင် အမြဲဆွဲထင်နေတော့မည်။ သူ့ရှေ့တွင်ပင် သူမကို ဆုံးရှုံးလိုက်ရတော့မတတ် အဖြစ်အပျက်သည် အသူတရာမကနက်သောချောက်ထဲသို့ ပြုတ်ကျသည့်ပမာ အလွန်အမင်းသူ့ကို တုန်လှုပ်လန့်ဖြန့်သွားစေသည်။
"ငါတကယ်အဆင်ပြေပါတယ်"
သူမက ဘန်၏ တောက်လျှောက်ပူပန်နေသော မျက်လုံးများနှင့် အကြည့်ချင်းဆုံမိသည်။ ရင်ထဲမှ နှစ်နှစ်ကာကာ စိုးရိမ်ပူပန်နေသော မျက်လုံးများမှာ တုန်ယင်နေသည်။ သူနဲ့ မေတို့၏ ပူပန်ပေးမှုကြောင့် ဆာစီးနီယာမှာ စိတ်ချနေနိုင်သည်။ လူတွေ၏ အမြင်မည်သို့ပင်ရှိပါစေ သူမကို တကယ့်စိတ်ရင်းအမှန်ဖြင့်စိုးရိမ်ပူပန်ကာ သူမနားအမြဲနေပေးသူများ ရှိနေခြင်းက သူမကိုတကယ် စိတ်သက်သာရာရစေသည်။ သူမရင်ထဲမှ အလုံးကြီးကျသွားသည်။ သူမတွင် ရှိသောတန်ဖိုးထားရာများကိုဆွဲကိုင်ပြီးမှသာ သူမပြန်လည်ထနိုင်ပေမည်။
"တကယ်ကျေးဇူးတင်ပါတယ်"
ဆာစီးနီယာက တကယ့်စိတ်ရင်းနှင့် ပြောလိုက်သည်။
'ဘန်သာရောက်မလာခဲ့လျှင် သူမဘာတွေဖြစ်နေမလဲဆိုတာ ကိုယ့်ဘာသာကိုတောင် မတွေးရဲ'
ဘန်က သုံးနှစ်အကြာတွင်ပြန်ရောက်လာပြီး သူမလိုအပ်တိုင်း ဘေးတွင်ရှိနေပေးခဲ့သည်။ သူမပါးစပ်က ထုတ်မပြောပြသော်လည်း သူ့ကို လိုအပ်နေသည်ကို ဘန်ကလည်း နားလည်သည်။
"ဆာစီးနီယာ"
ဘန်၏အကြည့်က သူမ၏ ဒဏ်ရာများကို သက်သာသွားစေသည်။ ဆာစီးနီယာ တစ်ယောက်ထဲ ပင်ပန်းဆင်းရဲမှုများကို ကာလကြာရှည်စွာ သည်းခံခဲ့ရသဖြင့် ယခုအချိန်တွင် သူသည် သူမမှီခိုရာ အားကိုးရသောသူ ဖြစ်ချင်သည်။ သို့သော် ဆာစီးနီယာက ဒီနေ့မတိုင်ခင်အထိ ဘယ်သောအခါမှ အခွင့်အရေးမပေးခဲ့။
'သူမတစ်ယောက်ထဲ ဖြစ်မနေခဲ့ရင် ငါ့ကိုပြောမှာပဲ၊ သူမ ပြောရင်လည်း ငါသူမနောက် လိုက်သွားမှာပဲ'
ကြည့်ရသည်မှာ ဘန်သည် စကားတခွန်းမှမပြောဘဲ ပျောက်သွားသည့်အတွက် သူမသည် သူ့ကို အပြည့်အဝယုံကြည်သေးပုံမရ။ သူအမြဲခံစားရသည့် အပြစ်ရှိသည်ဟူသော ခံစားချက်က ရင်ဘတ်ထဲ ဆောင့်ဝင်လာပြန်သည်။
"အာ"
ဘန့်အကြည့်တွင် သူမ၏ဒဏ်ရာကို မမြင်နိုင်စေရန် ဆာစီးနီယာက ဆံပင်နှင့်ဖုံးလိုက်သည်။
"အဲ့အနာက မကြာခင်ပျောက်သွားပါလိမ့်မယ်။ စိတ်မပူပါနဲ့"
ဆာစီးနီယာက သူမ၏ အားနည်းမှုများကိုသာ ဘန်မြင်တွေ့နေရသဖြင့် နေရထိုင်ရခက်နေသည်။
"ဆာစီးနီယာ"
ညသန်းခေါင်ယံကဲ့သို့ နက်မှောင်သော ခရမ်းရင့်မျက်လုံးများက ဆာစီးနီယာကို စိုက်ကြည့်နေသည်။ သို့သော် သူမက သူ့ကိုအမြဲကာကွယ်စောင့်ရှောက်ခွင့်မပေးသည့်အတွက် ဘန်၏ ရင်ဘတ်မှာတင်းကြပ်ကာ ပါးစပ်ထဲတွင်လည်း ခါးသက်သက်ခံစားနေရသည်။
'ကိစ္စမရှိပါဘူး၊ အခြေအနေ ကိစ္စအရပ်ရပ်တိုင်း အချိန်တိုင်း နေရာတိုင်း သူမနားမှာ အမြဲထာဝရ ရပ်တည် စောင့်ရှောက်ပေးမယ့် ကိုယ်ရှိတယ်ဆိုတာ ဆာစီးနီယာလည်း တဖြည်းဖြည်း နားလည်လာမှာပါ...။'
သို့ပေမယ့် သူမတစ်ယောက်ထဲ အကုန်လုံးကို ရင်ဆိုင်သည်းခံရင်း ပြိုလဲကျသွားမှာ သူစိတ်ပူနေဆဲပင်။ သူမကို ဘယ်တော့မှ ပြန်မမြင်ရတော့မှာကို အလွန်အမင်းစိတ်ပူနေမိသည်။
"ကိုယ် .. ကိုယ်စိတ်ပူတာက တနေ့ကျရင် မင်းရုတ်တရက်ပျောက်ကွယ်သွားပြီး ကိုယ်အဲ့ဒါနဲ့ပတ်သက်လို့ ဘာမှ မလုပ်နိုင်မှာကိုပဲ..."
ဘန်က တုန်ခါနေသောအသံဖြင့် ပြောလိုက်သည်။
Xxxxxx