Chapter - 45
ဆာစီးနီယာက ဘန်ပြောသည်မှာ သူမ ခဏပျောက်သွားခြင်းမျိုးမဟုတ်ဘဲ တနေ့ သူမသေဆုံးကွယ်ပျောက်သွားမှာကို ဆိုလိုကြောင်း သိလိုက်သည်။
"အဲ့လို မဖြစ်ပါဘူး..."
ဆာစီးနီယာက တတ်နိုင်သမျှ အတည်ငြိမ်ဆုံးပြန်ဖြေလိုက်သည်။
သူမ ယခုအချိန်တွင်တော့ ထိုသို့မဖြစ်နိုင်ဘူးဟု ဖျောင်းဖြပြောဆိုထားမှရမည်။ မဟုတ်လျှင် ဘန်မှာ ပြိုလဲသွားတော့မလိုပင်။
"ဆာစီးနီယာ ကျေးဇူးပြုပြီး အရာအားလုံးကို တစ်ယောက်ထဲ မဖြေရှင်းပါနဲ့ကွာ"
အတွေးမျိုးစုံ ဘန်၏ ခေါင်းထဲသို့ဝင်လာပြီး ထိုထဲမှ နဂုံးချုပ်တွေးလိုက်လျှင် ဆာစီးနီယာ မရှိသည့်လောကကြီးတွင် သူလည်း အသက်ဆက်ရှင်သန်စရာလုံးဝအကြောင်းမရှိဟု ဆုံးဖြတ်ချက်ချမိသည်။
"...အဲ့လို မဟုတ်ပါဘူး"
ဆာစီးနီယာက သူ၏ ကောက်ချက်နှင့် အကြည့်ကို လွှဲရှောင်လိုက်သည်။
"ကိုယ်.."
သူ့ရဲ့မပြီးဆုံးသော စကားလုံးများက တိတ်ဆိတ်စွာ ကွယ်ပျောက်သွားသည်။ သူ၏အသံတိမ်သွားချိန်တွင် ဆာစီးနီယာက ဘန် ဘက်ကို ပြန်လှည့်လိုက်သည်။ သူ၏ မျက်ဝန်းများမှာ တုန်လှုပ်နေပြီး ကျယ်ပျံ့သောပုခုံးမှာလည်း ခေါင်းကိုညွတ်ချလိုက်ချိန်တွင် အနည်းငယ် တုန်ခါသွားသည်။
"ဘန်..."
ဘန် ငိုများငိုတော့မလားဟု စိတ်ပူကာ ဆာစီးနီယာက ရှက်ရွံ့စွာဖြင့် သူ၏ပုခုံးများကိုဆွဲကိုင်လိုက်သည်။ သူကတော့ သူ၏လက်များဖြင့် ဆာစီးနီယာ၏ လက်လေးများအပေါ် အုပ်မိုးကာ ဖြည်းဖြည်းလေး ညှစ်ထားလိုက်သည်။
"ကိုယ့်အပေါ် နည်းနည်းတောင် မမှီခိုချင်ဘူးလား? နည်းနည်းလေးပါပဲကွာ?"
သူ့မျက်လုံးများမှာ သူမကိုတောင်းပန်နေပြီး သူမ၏ ရင်ထဲတွင် ဖုံးကွယ်ထားသော ခံစားချက်များမှာလည်း ပြန်လည်ထွက်ပေါ်လာသည်။
"ကိုယ်မင်းရဲ့အနားမှာ အမြဲရှိနေမှာပါ။ တခါတလေ ကိုယ့်အပေါ်မင်း မှီလိုက်မယ်ဆိုရင် ကိုယ်တကယ်ပျော်မိမှာပဲ"
သူမရဲ့ လက်ဖမိုးပေါ်သို့ သူ့နဖူးဖြင့်ထိလိုက်ပြီး ဆာစီးနီယာ၏လက်လေးများကို ပိုမိုဆုပ်ကိုင်ကာ နှစ်သိမ့်ပေးနေမိသည်။
"... အင်းပါ၊ ကျေးဇူးတင်ပါတယ်"
ဆာစီးနီယာ၏ အသံမှာ တိုးဝင်သွားပြီး သူမ ဆို့နင့်လာသည်။ မျက်လုံးအိမ်ထောင့်တွင် မျက်ရည်များဝေ့တက်လာသည်မှာ လျှံကျတော့မလိုပင်။ ထို့ကြောင့်ပင် ဘန်၏ရှေ့တွင် သူမ မငိုမိချင်သည့်အတွက် ခေါင်းကို ဝေးရာသို့လှည့်လိုက်သည်။ သူမ မရှိုက်ငိုမိအောင်လည်း အောက်နှုတ်ခမ်းကို တင်းတင်းကိုက်ထားရသည်။ မျက်စိကိုလည်း မပိတ်မိအောင် ကြိုးစားတင်းထားရသည်။ မျက်တောင်ခတ်မိလျှင်ပင် မျက်ရည်များ စီးကျလာတော့မည်။
ဘန်က သူမအင်မတန်ကြားချင်သော စကားလုံးများကို အမြဲတမ်း ပြောဆိုတတ်သည်။ ဘန်ကို စတွေ့ကတည်းကလည်း ထိုကဲ့သို့ပင်။ သူမကို အထီးကျန်နေသလားဟု မေးလိုက်ကတည်းက သူမတစ်ကိုယ်လုံး တည်ငြိမ်နေသောရေပြင်ကို ကျောက်ခဲပစ်ချလိုက်သလို တုန်ခါသွားရသည်။ နဂို ဆာစီးနီယာလိုမဟုတ်၊ သူမတွင် ခံစားချက်များရှိပြီး ယခု ကမ္ဘာထဲသို့ရောက်ရှိလာကတည်းက သူမမှာ အမြဲတမ်းအထီးကျန်နေရသည်။ ထို့အတွက်ပင် သူမမှာ တစ်စုံတစ်ယောက်ကို လိုအပ်သည်။ သူမ၏အစွမ်းများကို မကြောက်ရွံ့ဘဲ သူမဘေးတွင် အမြဲရှိပေးမယ့်သူကို သူမတကယ်လိုအပ်သည်။
"ကျွန်မရဲ့အစွမ်းတွေကြောင့် ရှင်လည်း ခံစားရနိုင်တယ်။ ရှင် အဲ့ဒါကို အဆင်ပြေမယ်ဆိုရင်တော့.."
"ကိုယ်မင်းနဲ့အတူရှိချင်တယ်၊ ကိုယ့်နားမှာနေပေးပါ၊ ဆာစီးနီယာ"
ဘန်တောက်ပစွာ ပြုံးလိုက်သည်မှာ သည်းထန်စွာရွာသွန်းနေသော မိုးထဲတွင် နွေဦးပန်းများ ပွင့်လန်းလာသည်ကိုပင် သူမသတိရမိသွားသည်။ ဘန်ရဲ့ အဖြေမှာ ဟန်ဆောင်မှုကင်းပြီး ရိုးသားလှသည့်အပြင် မဆိုင်းမတွဖြေကြားလိုက်ခြင်းမှာလည်း စစ်မှန်ကြောင်း ပိုမိုသိသာစေသည်။ ထို့ကြောင့်ပင် ဘန်ပျောက်သွားတုန်းက သူမ စိတ်အလွန် အလိုမကျဖြစ်ခဲ့ရခြင်းဖြစ်မည်။
သို့ရာတွင် ယခုတော့ ဘန်ပြန်လာပြီး သူမအကြားချင်ဆုံးစကားလုံးများကိုပြောနေပြီ။ လူတိုင်းက သူမကိုအထင်အမြင်လွဲကာ ကျောက်တုံးဖြင့်ပေါက်ကြချိန်တွင် သူက သူမ၏ရှေ့တွင် တိတ်ဆိတ်စွာရပ်လျက် ကာကွယ်ပေးခဲ့သည်။ သူ့ရဲ့ လက်ထဲတွင်ထွေးပွေ့ပြီး သူမကိုပုန်းကွယ်ခွင့် အသက်ရှူခွင့်ရစေခဲ့သည်။ တလောကလုံးသူမကို မုန်းတီးစက်ဆုပ်စွာ ကြည့်နေကြချိန်တွင်လည်း ထိုအကြည့်များထံမှ ကာကွယ်စောင့်ရှောက်ပေးခဲ့သည်။ သူက သူမကိုအမြဲဂရုစိုက် ဦးစားပေးခဲ့သည်ပေပဲ။
မျက်ရည်များက ဆာစီးနီယာ၏ပါးပြင်ထက်တွင် တိတ်တဆိတ်စီးကျလာနေသည်မှာ မရပ်တန့်နိုင်တော့။ သူမနှလုံးသားထဲမှ ခံစားရမှုများ ဖုံးကွယ်ထားသည့် ခံစားချက်များအကုန် မျက်ရည်များက ဖွင့်ဟပြနေသလိုပင်။
"ကိုယ်မင်းရဲ့ဘေးမှာ အမြဲရှိမယ်နော်"
ထိုဟန်ဆောင်မှုကင်းသော နှလုံးသားမှလာသည့်စကားလုံးများမှာ သူမနားထဲတွင် နားမလည်စရာမရှိ ထပ်မံတိုးဝင်လာသည်။
'ဘာလို့လဲ .. ဘာလို့ရှင်ဟာ အမြဲတမ်း..'
ဆာစီးနီယာ က ခေါင်းကိုတဖြည်းဖြည်းငုံ့လိုက်သည်။
"ဆာစီးနီယာ..."
သူမအသံအက်ကွဲနေသည့်အပြင် သူမတုန်တုန်ရီရီဖြစ်နေကြောင်း ဘန် သတိထားမိသွားသည်။ ဆာစီးနီယာ၏ ပုခုံးလေးများတုန်ယင်နေသည်မှာ သူ့နှလုံးသားကိုဓါးနှင့်ထိုးသလိုပင်။ သူ့ခန္ဓာကိုယ်ကို မော့လိုက်ပြီး ဆာစီးနီယာရဲ့ ဆံနွယ်လေးများကို နားနောက်သို့သပ်ပေးလိုက်သည်။ သူမ၏ အောက်နှုတ်ခမ်းလေးမှာ ခုနကသွေးထွက်အောင်ဖိကိုက်ထားသောကြောင့်ဖူးယောင်နေသည်။ သူမ၏ မျက်တောင်မှာလည်း မျက်ရည်တွေနှင့်စိုစွတ်နေသဖြင့် ပိုမိုနက်မှောင်နေသလိုပင်။
"အကုန်လုံး အဆင်ပြေသွားမှာနော်"
ဘန်၏လက်မှာ ဆာစီးနီယာရဲ့ မျက်နှာနားသို့ ဖြည်းဖြည်းချင်း တိုးကပ်သွားပြီး မျက်ဝန်းထောင့်လေးကို နွေးထွေးသည့် လက်ချောင်းထိပ်လေးများဖြင့် ပွတ်သပ်ပေးလိုက်သည်။ သူမ၏ မျက်ရည်များကို သုတ်ပေးလိုက်သည်နှင့်ပင် သူမခံစားနေရသောဝေဒနာများအားလုံးကို ဖယ်ရှားပေးလိုက်သကဲ့သို့ခံစားလိုက်ရသည်။ သူ့ရဲ့လက်ချောင်းထိပ်မှာတော့ မျက်ရည်များစိုစွတ်နေသည်မှာ ပြိုးပြိုးပျက်ပျက် ကြယ်ကလေးများ အတိုင်းပင်။
"ကိုယ် အားလုံးအဆင်ပြေအောင် သေချာလုပ်ပေးမယ်"
သူ့ရဲ့ ဆုံးဖြတ်ချက်ခိုင်မာသည့် အသံမှာ ညဥ့်ယံတွင်ပဲ့တင်ကာ သူတို့နှစ်ယောက်ကြားတွင် ထွင်းဖောက်ဝင်ရောက်သွားသည်။
"မနက်မိုးသောက်ရင် အားလုံး အဆင်ပြေသွားလိမ့်မယ်"
အိပ်ယာပေါ်တွင် လှဲလျောင်းနေပြီဖြစ်သော ဆာစီးနီယာ၏ လည်ပင်းနားအထိ စောင်ကိုဆွဲခြုံပေးလိုက်ရင်း သူမနားကို တီးတိုးကပ်ပြောလိုက်သည်။
ဆာစီးနီယာ က အနည်းငယ်ပြုံးပြရင်းခေါင်းညိတ်လိုက်သည်။ ဖြစ်နိုင်ချေနည်းပုံရပေမယ့် သူ့အသံမှာ အကုန်လုံးကိုဖြစ်အောင်လုပ်မည်ဟု သံသယမရှိ ယုံကြည်စိတ်ချရပေသည်။ သူမကို နှစ်သိမ့်ရုံသာ ပြောသည်ဆိုလျှင်လည်း သူမစိတ်ကိုကော နှလုံးသားကိုပါ တည်ငြိမ်အောင် လုပ်နိုင်စွမ်းရှိသည်။ ဆာစီးနီယာက ဒီညအနားယူလိုက်ပြီး မနက်ဖြန်မနက်နေရောင်နှင့်အတူနိုးထလာလျှင် အကုန်အဆင်ပြေသွားမည်ဟု ယုံကြည်ချင်သည်။
"စိတ်ချလက်ချအိပ်ပါ။ ကိုယ်မင်းဘေးနားမှာ ရှိနေမယ်"
ထိုစကားကြောင့် သူမ အံ့အားသင့်သွားပြီး မျက်လုံးပြူးသွားသည်။
"ဟမ်? မဟုတ်ဘူးလေ ရှင်လည်း အိပ်သင့်တယ်လေ"
"ရပါတယ်၊ ကိုယ်က ဘာမှမဖြစ်ဘူး"
ဘန်က မျက်လုံးချင်းဆုံအောင်ကြည့်ကာ ပြုံးပြရင်းပြောသည်။ သူမရဲ့ အမူအယာ၊ လှုပ်ရှားမှုတိုင်းသည် သူ့နှလုံးသားကို နွေးထွေးစေပြီး ရင်ခုန်သံပင်မှားစေသည်။
"မရပါဘူး၊ ရှင်လည်းလှဲတော့နော်"
ဆာစီးနီယာက တုတ်တုတ်မျှလှုပ်မည့်ပုံမပေါ်သည့် ဘန်ကို ဆွဲယူနိုင်ရန် လှဲနေရာမှ အနည်းငယ် ထလိုက်သည်။ မကြာခင်မှာပဲ သူ့ရဲ့ လက်ဖဝါးများဖြင့်ဖိကာ သူမကို ပြန်လှဲလျောင်းစေလိုက်သည်။
"ဘန်"
သူမ မထနိုင်အောင် ပုခုံးကိုဖိထားသော ဘန်ကို မျက်စောင်းထိုးလိုက်မိသည်။ တကယ်ဉာဏ်ကောင်းတဲ့အကွက်ဖြစ်သည်။
"ကဲ ဒါဆို မင်းအိပ်ပျော်သွားအောင် စောင့်ပေးပြီး ကိုယ်သွားမယ်"
ဘန်က ပါးနပ်နပ်ပြုံးလိုက်ပြီး သူမပုခုံးပေါ်မှ လျှောကျသွားသော စောင်ကိုပြန်ခြုံပေးလိုက်သည်။ သူ့ရဲ့ ခရမ်းရင့်မျက်လုံးများက ဆုံးဖြတ်ချက်ခိုင်မာနေသဖြင့် သူမပြန်မငြင်းနိုင်တော့။
"ကျွန်မ အိပ်ပျော်သွားတာနဲ့ ရှင်တန်းပြီးအိပ်ရမယ်၊ နားလည်လား?"
သူမ မအိပ်ပျော်မခြင်း ထွက်သွားမည့်ပုံမပေါ်သည့် သူ့ကို ကြည့်ရင်း ပြောလိုက်သည်။
"ကိုယ်နားလည်ပါတယ်"
ဆာစီးနီယာက ဘန့်ကို မသင်္ကာစွာတစ်ချက်ကြည့်လိုက်သော်လည်း သူမမျက်လုံးမှိတ်ထားရန်သာ ဆုံးဖြတ်လိုက်သည်။ သို့သော် မျက်လုံးမှိတ်ထားလျက်ပင် သူမကို ကြည့်နေသော ဘန်၏ မျက်လုံးများကိုခံစားရသည့်အခါ ရုတ်တရက် တောင့်သွားသည်။ သူမအနားယူနေပေမယ့် ဘန်ကြည့်နေမှာကိုသိသောအခါ မည်သို့အိပ်ရမလဲ မမှတ်မိတော့သလိုပင်။
"..."
ဆာစီးနီယာက စိတ်ထဲတွင်ညည်းတွားလိုက်ရင်း အမြန်အိပ်ပျော်နိုင်ရန် သိုးများကို ရေတွက်နေသည်။ ဘန် သူမကို စောင့်ကြည့်နေသမျှ သူမအိပ်ပျော်မည့်ပုံမပေါ်။ မိနစ်များစွာ သိုးများစွာ ကုန်ဆုံးရေတွက်ပြီးချိန်တွင်တော့ သူမဘာသာ သတိမထားမိဘဲ မှိန်းနေလိုက်မိသည်။
စဉ်းစားကြည့်လျှင် ဒီနေ့ဖြစ်ပျက်ခဲ့သမျှကြောင့် သူမ၏ ခန္ဓာကိုယ်မှာ ခံနိုင်စွမ်းကုန်ကာ ပင်ပန်းနေခဲ့ပြီ။ နည်းနည်းလောက်လှုပ်မိလျှင်ပင် မောပန်းနေပြီး သာမန်ထက်လည်း အလွန်အားနည်းနေသည်။ ဆရာဝန်ကလည်း စိတ်မဖိစီးဘဲ ကောင်းကောင်းစား ကောင်းကောင်းအနားယူရန်ပင်ပြောသည်။ ထို့ကြောင့် ဆာစီးနီယာမှာ မျက်လုံးများကို အသာပင်မှိတ်ထားသည်။
"အိပ်မက်လှလှမက်ပါစေ ဆာစီးနီယာ"
မျက်လုံးချင်းဆုံမိပြန်လျှင်တော့ ဘန်က သူမကို အသိမ်မွေ့ဆုံးပြုံးပြသည်မှာ သူမကို မည်သည့်အန္တရာယ်မှမဆို ကာကွယ်ပေးရန် သူရှိနေကြောင်း နှင့် အေးအေးဆေးဆေးအနားယူပြီး အိပ်လိုက်ရန် ပြောနေသလိုပင်။ သူ့ပုံစံက အလွန်ယုံကြည်အားကိုးရသည်ဖြစ်ရာ ဆာစီးနီယာ၏ စိုးရိမ်ပူပန်မှုများမှာ နှင်းခဲများလို အရည်ပျော်ကျသွားသည်။
"ကောင်းသောညပါရှင်ရေ.." သူမလည်း တီးတိုးရေရွတ်လိုက်သည်။
ဆာစီးနီယာ၏တစ်ကိုယ်လုံးမှာ ပင်ပန်းနွမ်းနယ်နေသဖြင့် အိပ်ယာထဲတွင်ပျော်ဝင်သွားသည်။ ဘန်၏ မျက်လုံးများမှာ ဆုံးဖြတ်ချက်ခိုင်မာစွာတောက်ပနေသည်ကို သူမဝိုးတဝါးတွေ့လိုက်ရပြီးနောက် ဒီနေ့ဘာတွေဖြစ်ခဲ့မှန်း မှန်းမရအောင်ပင် တည်ငြိမ်သော မျက်နှာထားလေးနှင့် အိပ်မောကျသွားခဲ့သည်။
လရောင်ဖြာနေသော အခန်းထဲတွင် သူတို့နှစ်ဦး၏ အသက်ရှူသံကိုသာ ကြားရတော့သည်။ ဘန်က သူမကိုလေမတိုးနိုင်စေရန် စောင်ဖြင့် ညင်ညင်သာသာလေး ထပ်မံဖုံးလွှမ်းပေးလိုက်သည်။ မျက်နှာတွင်ငြိတွယ်နေသော ဆံနွယ်လေးများကို ယားယံနေမည်စိုးသဖြင့် ဂရုတစိုက်ဖယ်ရှားပေးလိုက်သည်။ အချိန်ကြာမြင့်စွာထိ ဘန်က သူမ၏ မျက်နှာကိုစူးစိုက်ကြည့်နေသည်မှာ သူ့ရဲ့စိတ်ထဲတွင် အချိန်ကာလရှည်ကြာစွာ စွဲထင်နေနိုင်စေရန်ကဲ့သို့ပင်။
'ငါသာ အချိန်ရပ်လို့ရခဲ့ရင် ...' ဘန်၏ ခေါင်းထဲတွင်အကြိမ်ကြိမ်တွေးတောမိနေသည်။
ညသန်းခေါင်တော့ မတိုင်သေး။ သို့သော် ဘန်က တိတ်တဆိတ် ရပ်လိုက်သည်။ ဆာစီးနီယာ မမြင်ဖူးသော သူ့ရဲ့မဲမှောင်နက်ရှိုင်းသည့် မျက်ဝန်းများဖြင့် ပြတင်းပေါက်ကို ကြည့်နေရင်း သူလှုပ်ရှားရန် အကုန်လုံးစီစဉ်ပြီးပြီဟု အချက်ပြမှုကို စောင့်ဆိုင်းနေသည်။
"အခု ဒါတွေအားလုံးကို ရှင်းရမယ့် အချိန်ရောက်ပြီ"
သူကိုယ်တိုင် ဆာစီးနီယာကို နှောက်ယှက်နေသောအရာမှန်သမျှကို အကုန်ရှင်းပစ်မည်။ သူမကို အပူအပင်ကင်းမဲ့စွာပဲ ပြုံးနေစေချင်သည်။ အချက်ပြမှုကို မရခင်မှာပင် စိတ်မရှည်စွာဖြင့် ကျားသစ်နက်တစ်ကောင်လို အမှောင်ထဲသို့ တိုးဝင်သွားလိုက်သည်။ အိမ်ခန်းမှာမူ လူသူမရှိသကဲ့သို့ တိတ်ဆိတ်အေးစက်သွားသည်။
* * *
"ဒါ.. ဒါ အဆင်ပြေပါ့မလား?"
"သေချာတာပေါ့ကွ၊ ရွာလူကြီးက သူအကုန်တာဝန်ယူတယ်တဲ့"
လူရွယ်မှာ ဘေးပတ်ဝန်းကျင်ကိုကြည့်ရင်း စိတ်ပူစွာတတွတ်တွတ်ညည်းတွားနေသည့်အတွက် သူ့ဘေးမှ သတ်လတ်ပိုင်း မုတ်ဆိတ်နှင့်လူက အော်လိုက်သည်။
"မင်း အခုလိုက်ဖြန်းမှာလား မဖြန်းဘူးလား? ဒီတိုင်းဆို ငါတို့တစ်ညလုံးအိပ်ရမှာမဟုတ်ဘူး!"
"ဒါ...ဒါပေမယ့်"
လူရွယ်မှာ ငိုနေတော့သည်။
'ဘာလို့ ဒီဟာကို ငါလုပ်ရတာလဲ?'
စုန်းမအိမ်ကို မီးတင်ရှို့ရန် အကြံမှာ သူ့အကြံအစည်မဟုတ်ပါဘဲနှင့် ဤခက်ခဲသော အလုပ်ကို လုပ်နေရသဖြင့် မမျှတဟု ခံစားနေရသည်။ သူတို့နှစ်ဦး အိမ်ရှေ့မှာ ငုတ်တုတ်ထိုင်ရင်း ဆီပေပါနှင့် မီးခြစ်ကိုကိုင်ထားကြသည်။
"ငါ...ငါ မလုပ်နိုင်တော့ဘူး"
မခံစားနိုင်တော့သော လူရွယ်မှာ လက်ထဲမှ ဆီပေပါကို ပစ်ချလိုက်ရာ လိမ့်ကျသွားပြီး ဆီများဖိတ်စင်ကုန်သည်။ ဖိတ်စင်သွားသော ဆီနံ့မှာလည်း လေနှင့်အတူ ဘေးပတ်ချာလည်သို့ ပျံ့လွင့်ကုန်သည်။
"ဒီကောင်ကတော့ကွာ!"
မုတ်ဆိတ်နှင့်လူမှာ ဆီပေပါ ကို အမြန်ပြန်ကောက်ယူလိုက်သော်လည်း သူတို့၏ အဖိုးတန်သော ဆီတစ်ဝက်လောက်မှာ ဖိတ်ကျသွားပြီဖြစ်သည်။
"အဲ့လောက်လုပ်ချင်နေရင် ခင်ဗျား ဘာလို့မလုပ်တာလဲ?"
"ဟမ် ဘာလို့မလုပ်တာလဲ?"
လူရွယ်က မျက်လုံးပြူးကာ စိန်ခေါ်သလို ပြောဆိုလိုက်သည်။ မုတ်ဆိတ်နှင့်လူကတော့ သုန်မှုန်ကာ မြေကြီးပေါ်သို့ တံထွေးထွေးချလိုက်သည်။
"စိတ်ပျက်စရာကောင်းလိုက်တာကွာ၊ ဒီတစ်ခုတောင် ဖြစ်မြောက်အောင်မလုပ်နိုင်ဘူး"
လူရွယ်ကို တံတောင်ဖြင့်တွန်းဖယ်လိုက်ပြီး မုတ်ဆိတ်နှင့်လူမှာ ကိုင်ထားသောဆီကို အိမ်ထဲသို့ပတ်ဖြန်းနေလိုက်သည်။ ဆီပက်ဖြန်းသံမှာ တိတ်ဆိတ်သော ညတွင် ပဲ့တင်ထပ်သွားသည်။ အိမ်ထဲတွင်တော့ အကုန်လုံးအိပ်မောကျနေသလိုပင်။ ပတ်ပတ်လည်လှည့်ပြီး လိုက်ဖြန်းချိန်မှာတော့ လေနှင့်မပါသွားသည့်ဆီနံ့က သူ့နှာခေါင်းထဲတိုးဝင်နေသည်။
"တော်တော့"
မုတ်ဆိတ်နှင့်လူသည် ဆီကုန်သည်အထိ လောင်းချပြီး အနောက်မှ လူရွယ်ကို မကျေမချမ်း လှည့်ကြည့်လိုက်သည်။ ထို့နောက်ပြန်လှည့်သွားကာ တံထွေးကို မျိုချလိုက်သည်။ သူ ထုတ်မပြပေမယ့် သူ့လက်များမှာလည်း တုန်ယင်နေသည်။
'ငါမီးခြစ်ကိုမီးညှိပြီး အိမ်ထဲပစ်ထည့်လိုက်တာနဲ့ စုန်းမအိမ်နောက်ဆုံးတော့ ပြာကျပြီကွာ'
ချမ်းစိမ့်သောဆောင်းဦးလေကတိုးဝှေ့နေသော်လည်း ထိုလူမှာ ကြောက်ရွံ့မှုနှင့် အပြစ်ရှိသလိုခံစားရကာ ချွေးသီးချွေးပေါက်များ စီးကျနေသည်။ စုန်းမ ဟုဆိုပေအုံးတော့ လူသတ်မှုကျူးလွန်ဖို့ သူအတော်သတ္တိမွေးနေရသည်။ စုန်းမ ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ လူသတ်မှုက လူသတ်မှုပင်ဖြစ်သည်။
"ခင်ဗျားဘာတွေစောင့်နေတာလဲ? ခုဏကတော့ ခင်ဗျားပဲအော်ဟစ်နေပြီးတော့ အခုမှ ဘာတွေ လက်တွန့်နေတာလဲ!"
မုတ်ဆိတ်နှင့်လူက သူ့ကိုဖိအားပေးနေသောလူရွယ်အား ပြန်အော်လိုက်သည်။ အခြားသူကိုအော်ဟစ်ထားပြီးကာမှ သူလည်း ထိုလူရွယ်ကဲ့သို့ပင် ဖြစ်နေသည်။ လူရွယ်မှာ သူ့ကိုကြည့်ပြီး အင်္ကျီလက်ကိုခေါက်ကာ နှာရည်ယိုနေရင်းဖြင့်
"ကျွန်..ကျွန်တော်လုပ်လိုက်မယ်"
မုတ်ဆိတ်နှင့်လူ ပြန်ဆွပေးလိုက်သဖြင့် လူရွယ်မှာမျက်နှာနီလာပြီး သူ့လက်ကို အောက်ဘက်နှိမ့်ကာ မီးခြစ်ရန်ကြိုးစားနေသည်။
"ဟ .. ဟင်"
ထိုစဥ် သူ၏နောက်ကွယ်မှ ထိတ်လန့်စရာ အသံတစ်ခု ကြားလိုက်မိသဖြင့် ပါလာသောအဖော်ကို လှည့်ကြည့်မိသည်။
"အ့"
ပါလာသောအဖော်၏ ပင့်သက်ရှိုက်သံ ကြားလိုက်ရ၍ နောက်ပြန်လှည့်ကြည့်မိသောအခါ သူ၏ အဖော် ကြည့်နေသောအရာကို မြင်တွေ့လိုက်ရသည်။ သူ၏လက်ထဲက မီးခြစ်ပင် လွတ်ကျသွားကာ မျက်နှာတစ်ခုလုံး ထိတ်လန့်ပြီး ဖြူဖျော့သွားတော့သည်။
Xxxxxxxx