Chapter-46
သူတို့သည် တစ်စုံတစ်ယောက်ရှိနေတာကို မခံစားမိခဲ့ကြပေ။ ထို့အပြင် သူတို့အနားတွင် ဝတ်စုံတွေနှင့်လူတစ်စု ရှိနေတာကိုပင် လုံး၀ မသိရှိ မခံစားမိခဲ့ကြခြင်းပင်။
“သူတို့ကိုဖမ်း”
အမိန့်ပေးသံ ကြားပြီးပြီချင်းမှာပဲ ထိုသူတို့ထဲက လူနှစ်ယောက်သည် သူတို့နားသို့တဖြည်းဖြည်းချင်း ချဉ်းကပ်လာပြီး ချက်ချင်းပင်ဖမ်းဆီးလိုက်ကြတော့၏။
“မင်းတို့ကဘယ်သူတွေလဲ”
“ပါးစပ်ပိတ်ထားစမ်း အဲလေသံနဲ့တောင် ပြောရဲတယ်ပေါ့လေ”
မှောင်မိုက်နေတဲ့ညအလင်းရောင်အောက်မှာ သူတို့၏ အပြာရောင်ဝတ်စုံတွေသည် တောက်ပလို့နေသည်။
‘အပြာရောင်ဝတ်စုံ ငါအရင်က အဲဒါမျိုးမြင်ဖူးပါတယ်’
စုန်းပွဲတော်ကျင်းပသည့်အခါက ၀တ်ဆင်ခဲ့သည့် မြို့စားမင်းရဲ့ နောက်လိုက်သူရဲကောင်းတွေ၏ ဝတ်စုံနှင့်တူနေ၏။ ထိုလူတွေဟာ မြို့စားမင်းရဲ့နောက်လိုက်တွေပင်ဖြစ်ရပေမည်။
“ဘယ်...ဘယ်လိုလုပ်ပြီးတော့ သူ...သူက မြို့တော်မှာရှိနေမယ်ထင်ထားတာ…”
လူငယ်လေးမှာ အရမ်းကို စိတ်ရှုပ်ထွေးသွားသည်။ မြို့စားမင်းက မြို့အရာရှိလူတွေနှင့် အိမ်ကနေထွက်သွားတာကို သူအသေအချာကိုမှတ်မိနေခဲ့သည်။
သို့ပေမဲ့ အခုကဘယ်လိုဖြစ်သွားလဲ။
“သူ့ကို တိတ်တိတ်လေးခေါ်လာခဲ့”
“ဟုတ်ကဲ့ပါ ဆရာအားချန်”
အားချန်ဆိုသူသည် သူ့လူတွေကို အထင်သေးသည့်မျက်လုံးတွေနဖြင့်ကြည့်ပြီးနောက် အရင်ဆုံးထွက်သွား၏။ သူရဲကောင်းတွေကလည်း ဘာမှမဆိုဘဲ သူတို့ကိုဆွဲခေါ်သွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာပဲ ဆာစီးနီယာ၏အိမ်သည် ပြန်လည်တိတ်ဆိတ်လို့သွားတော့သည်။ ယနေ့ညသည် အလွန်အေးချမ်းလွန်းသည့်အတွက် လွန်ခဲ့သောတစ်လက ဖြစ်ပျက်ခဲ့တာတွေကိုပင် တွေးတောင်မတွေးမိတော့ချေ။
* * *
ရဲမက်တွေ ညွှန်ကြားထားသည့်အတိုင်း သူတို့သည် လုံး၀မရပ်တန့်ရဘဲ လမ်းကိုဆက်လျှောက်နေခဲ့ကြရသည်။ ဆာစီးနီယာ၏အိမ်နှင့် မနီးမဝေးနေရာကို ရောက်သည့်အခါမှ အကြင်နာကင်းမဲ့စွာဖြင့် သူတို့အကုန်လုံးမြေကြီးပေါ်သို့အတွန်းချခံလိုက်ရ၏။
“အား”
မြေကြီးပေါ်တွင် စုတ်ပြတ်ညှိုးနွမ်းနေသည့်ပုံဖြင့် လဲကျနေရာမှ သူတို့၏ပတ်ဝန်းကျင်ကို ကမန်းကတန်းကြည့်မိလိုက်ကြသည်။
“သူ...သူကြီး”
ဆာစီးနီယာ၏ အိမ်အရှေ့တွင် ဖမ်းခံထားရသည့်လူတွေသည် ဒူးထောက်လျက်နေ နေကြရသည်။ မျက်နှာ၌တင်းတိတ်တွေအများကြီးနှင့် အမျိုးသမီး ချယ်ရက်စ် ဆိုသူ၊ သူကြီးနှင့် ရွာကနေထွက်သွားရမည်လို့ ပြောခဲ့သည့် ဂျော်ဒန် သည် ဆာစီးနီယာ၏အိမ်ကို မီးတုတ်တွေဖြင့်ပစ်ခဲ့ကြသည်။ ချယ်ရက်စ် နှင့် ဂျော်ဒန် မှလွဲ၍ ကျန်သည့်လူတွေသည် ဆာစီးနီယာထံမှ လွတ်မြောက်ရန်အတွက်သာ စီစဉ်နေကြသည်။
‘ငါ့တို့အစီအစဥ်ကို ဘယ်လိုများသိသွားရတာလဲ’
တစ်ယောက်ကိုတစ်ယောက် သံသယမျက်လုံးတွေဖြင့်ကြည့်နေကြသည့်အချိန်တွင် ယောက်ျားကြီးတစ်ယောက်က သူရဲကောင်းတွေဘေးမှာ ကလေးလေးတစ်ယောက် ရပ်နေတာကို သတိထားမိသွားကြသည်။ သူ့မျက်လုံးတွေဟာ ဤအခြေအနေနဲ့ လုံးဝမလိုက်ဖက်တဲ့ ကောင်လေးဆီကိုပဲ အာရုံစိုက်နေမိသည်။
“မင်း...မင်း”
ယောက်ျားကြီးသည် အဖြစ်မှန်ကို သူနားလည်သွားသည်နှင့် အသားကုန်အော်ဟစ်လိုက်တော့သည်။ ထိုကောင်လေးကိုတွေ့တာ ယခုကပထမဆုံးအကြိမ်မဟုတ်ပေ။
ကောင်လေးသည် သူကြီးအခန်းထဲကို လက်ဖက်ရည်ယူလာပေးခဲ့သည့်သူဖြစ်၏။ သူမှတ်မိသွားသည့်အချိန်တွင် ကြက်သီးတွေထလာတော့သည်။
‘အဲကောင်လေးက မြို့စားမင်းရဲ့သူလျှိုလား’
သူတို့ အမှုမဲ့အမှတ်မဲ့ဖြစ်သွားခဲ့သည်။ သို့ပေမဲ့ မည်သူက ကလေးတစ်ယောက်ကို သံသယဝင်မိမှာလဲ။ မျှော်လင့်ချက်တွေမဲ့လာသည့်အလျောက် ယောက်ျားကြီးသည် ဒူးထောက်ပြီး သူ့အသက်ကိုချမ်းသာပေးရန် စတင်တောင်းပန်တော့သည်။
“ကျွန်...ကျွန်တော်က ပြောတဲ့အတိုင်းပဲလုပ်ရတာပါ”
ကောင်းလေးက ချက်ချင်းပင် ၀င်ရောက်ပြောဆိုတော့၏။
“သူလိမ်တာ...”
“ရွာလူကြီးက အဲလိုလုပ်ဖို့ပြောလို့ လုပ်ခဲ့ရတာပါ”
အားချန်ကိုကြည့်ကာ ကြောက်လန့်နေသည့်အသံဖြင့်ပြောလာသည်။ ထိုသို့ပြောပြီးနောက်တွင် မည်သည်ကိုမျှမကြားချင်ယောင်ဆောင်ကာ သူ့အရှေ့က မကောင်းဆိုးဝါးတွေကိုသာ အာရုံစိုက်ကြည့်နေမိတော့သည်။ ဆာစီးနီယာကို စုန်းမလိုဆက်ဆံပြီး အကြိမ်ကြိမ်သတ်ဖို့ကြိုးစားနေတဲ့သူတွေက အခုချိန်တွင် ကြောက်ရွံ့မှုကြောင့်တုန်လှုပ်နေကြကာ သူတို့ရဲ့သေခါနီးနောက်ဆုံးအချိန်ကိုရောက်နေသလိုမျိုး ဦးညွှတ်နေကြသည်။ အားချန်မျက်နှာသည် အားနည်းကြောက်ရွံ့နေကြသော လူတစ်စုကိုကြည့်ပြီး စက်ဆုပ်ရွံရှာမှုတွေဖြင့်ပြည့်နှပ်နေ၏။
“အရာရှိဒတ်စ်တာနဲ့ စကားပြောချင်တယ်”
သူကြီးဟာ ခေါင်းကိုမော့ကာ ဒေါသထွက်စွာဖြင့် အော်ပြောလိုက်သည်။ သူ့ပုံစံက လုံးဝဒေါသတကြီးဖြစ်နေသည်။
“ဒီနေ့ကစပြီး ငါကအရာရှိရာထူးကို ထိုက်ထိုက်တန်တန်နဲ့ချီးမြှင့်ခံထားရတာ ဧကရာဇ်က ဒီနယ်မြေမှာ ဖြစ်ပေါ်သမျှကိစ္စရပ်တိုင်းကို မြို့စားမင်းကိုဖြေရှင်းခွင့်ပေးအပ်ထားပြီးသား မင်းကိုအပြစ်ပေးရမှာလည်း မြို့စားမင်းရဲ့တာဝန်ပဲ”
လူတိုင်းသည် ထိုစာကားလုံးတွေကိုကြားအပြီးတွင် စိုးရိမ်ပူပန်မှု၊ စိတ်လှုပ်ရှားကြောက်ရွံ့မှုတွေ အပြည့်နှင့်ဖြစ်နေတော့သည်။ ဒါဇင်နှင့်ချီသော သူရဲကောင်းများသည်လည်း အားချန်၏နောက်တွင် မီးတုတ်များကိုင်ကာ ရပ်နေကြသေး၏။
“မ...မဟုတ်ဘူး မဟုတ်ဘူး မဟုတ်ဘူး မဟုတ်ဘူး... မဖြစ်နိုင်ဘူး အဲဒါအမှန်မဖြစ်နိုင်ဘူး ငါကဘာလို့ယုံရမှာလဲ”
ရွာသူကြီးက အကြောက်အကန်ငြင်းဆိုတော့သည်။
အားချန်သည် သူ၏အရှက်မရှိသည့်ပုံစံကို စိတ်ပျက်လွန်းသဖြင့် 'ကျစ်'တစ်ချက်စုတ်သတ်လိုက်ပြီး သူကိုင်ထားသော စာတစ်စောင်ကို သူကြီးအရှေ့သို့ယူသွား၍ပေးလိုက်သည်။
“အရာရှိက မင်းကိုလာကယ်မယ်လို့ မျှော်လင့်မနေနဲ့”
စာ၏အပြင်ဘက်တွင် ဧကရာဇ်၏သင်္ကေတကို လှပသော ရွှေရောင်အဆင်းဖြင့် ခြယ်သထားသည်။ ယင်းစာကိုဖတ်နေသည့် သူကြီးမျက်နှာမှာ လုံးဝကိုသွေးပျက်ကာဖြူဖျော့နေတော့၏။
“ဒါ...ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ…”
ရွာသူကြီးသည် ကြက်သေသေကာ မြေကြီးပေါ်သို့ လုံးဝခေါင်းစိုက်သွားတော့သည်။ သူ့လက်တွေသည်လည်းကြောက်လန့်မှုကြောင့် တုန်ခါလို့နေသည်။ အားချန်သည် ယခုလိုဖြစ်ပျက်နေတဲ့ရွာသူကြီးကို ကြည့်ပြီး သူတို့ယူဆောင်လာသည့် ပစ္စည်းတချို့ကိုအသာ ပိတ်ကန်လိုက်သည်။
“မင်းတို့တွေ ဘယ်လောက်ပဲကြိုးစားပြီးလုပ်ခဲ့လုပ်ခဲ့ ဒီနေ့ကိုတော့ အေးအေးဆေးဆေးဖြတ်သန်းခွင့်ရတော့မှာ မဟုတ်ဘူး အထူးသဖြင့် မင်းတို့တစ်စုံတစ်ယောက်ရဲ့အိမ်ကို မီးရှို့ဖို့ လုပ်ခဲ့တဲ့အတွက်ကြောင့်ပေါ့”
သူကန်လိုက်သည့်နှင့်ကြီးမားသည့်စည်ပိုင်းကြီးတစ်ခုက ဘေးဘက်သို့ပြုတ်ကျလာသည်။ ၎င်းမှာ လောင်စာတွေထည့်ထားသည့်စည်ပိုင်းကြီးဖြစ်ပြီး ယင်းဘေးတွင် မီးခြစ်ဆံကိုင်ဆောင်ထားသောလူတစ်ဦးပါအသင့်ရှိနေသည်။ ထိုအချိန်တွင် တိတ်ဆိတ်နေသည့်ညခင်းကို ဖြိုခွင်းသွားသည့် မြင်းခွာသံများကြားလိုက်ရသည်။ သူရဲကောင်းများသည် ချက်ချင်းပင် အသံလာရာဘက်သို့လှည့်ကာ တညီတညွှတ်တည်း ဦးညွှတ်လိုက်ကြ၏။
ဘုတ်~
လူတစ်ယောက် မြင်းပေါ်မှဆင်းလာပြီး လမ်းလျှောက်လာသောအသံကို ကြားလိုက်ရသည်။ ထိုလူက အနီရင့်ရောင်ဝတ်စုံကို ဝတ်ဆင်ထားကာ ညအမှောင်ယံကို ဖြတ်သန်း၍လျှောက်လှမ်းလာသည်။ ထို့နောက် ယင်းအမျိုးသား၏မျက်နှာဟာ တဖြည်းဖြည်းချင်းရုပ်လုံးပေါ်လာတော့သည်။
အနီရင့်ရောင်ခြင်္သေ့… အဲလက်စ်ဒီမီကန်ရှောဗာစ့်ပင်ဖြစ်သည်။ သူကလမ်းလျှောက်နေရာမှရပ်လိုက်ကာ သူ၏ဓားရှည်ကို ဆွဲထုတ်လိုက်သည်။ ဓားတစ်လျှောက်တွင် လိမ္မော်ရောင် မီးတောက်တွေကအလင်းပြန်နေ၏။ ကြည့်ရသည်မှာ ထိုဓားရှည်က မီးတောက်ထဲမှ သူတို့ထံသို့ထိုးဖောက်၀င်ရောက်လာတော့မည့်ဟန်ဖြစ်နေ၏။ ထိုမြင်ကွင်းကိုမြင်လိုက်ရသည့် လူတိုင်းသည် ကြောက်ရွံ့မှုကြောင့် သူတို့မျက်လုံးတွေကိုအောက်သို့စိုက်၍အကြည့်လွှဲဖယ်မိလိုက်ကြသည်။ သူတို့သာအသံလေးနည်းနည်းလောက် ထွက်လိုက်မိ၍သော်လည်းကောင်း၊ အသက်ပြင်းပြင်းရှူလိုက်မိ၍သော်လည်းကောင်း ချက်ချင်းပင် သူတို့ခေါင်းအဖြတ်ခံလိုက်ရနိုင်၏။
မြို့စားမင်းဟာ အတော်လေးကိုစိတ်ကောင်း၀င်နေသောမျက်နှာထားဖြင့် အပြစ်သားတွေဆီသို့ ခြေလှမ်းကျယ်ကျယ်ဖြင့်လျှောက်လှမ်းလာသည်။ သူဆံပင်တွေက အနည်းငယ်ပါးလျနေပေမယ့်လည်း၊ မိန်းမဆန်ဆန်နူးညံ့ပျော့ပျောင်းတာမျိုးမဟုတ်ဘဲ အမြင်တစ်မျိုးဖြင့်သိမ်မွှေ့ကာဆွဲဆောင်မှုရှိနေ၏။
မုတ်ဆိတ်မွှေးနှင့်လူပင် မြို့စားမင်းနှင့် အကြည့်ချင်းဆုံတွေ့လိုက်ရခိုက် အခုဖြစ်ပျက်နေသည့် အခြေအနေတွေကိုပင် ခေတ္တမေ့ပျောက်သွားမိသည်။ သို့ပေမဲ့ မြို့စားမင်း၏သွေးအေးရက်စက်လွန်းသည့်အကြည့်တွေကြောင့် ချက်ချင်းပင်အသိပြန်၀င်ပြီး ခိုက်ခိုက်တုန်သွားတော့သည်။ သူက သူတို့နှင့်ခပ်ဝေးဝေးမှာ ရှိနေပေမဲ့ မုတ်ဆိတ်မွှေးနဲ့လူတစ်စုဟာ သူ့ဆီကနေသွေးအေးရက်စက်မှုတွေကို ခံစားနေရတုန်းပင်ဖြစ်သည်။
သူ့ပုံစံက ယခုအချိန်တွင် မည်သူ့ကိုမဆို စိတ်ရှိသလို အချိန်မရွေးသတ်ပစ်လိုက်နိုင်တဲ့ပုံမျိုးဖြစ်နေ၏။
“မင်းက ဂျော်ဒန်လား”
ဘန်သည် ဂျော်ဒန်၏အရှေ့တွင် ရပ်တန့်လိုက်သည်။ သူ၏အသံရှရှသည် ဂျော်ဒန်ကို ပို၍ကြောက်လန့်လာအောင်လုပ်နေသလိုဖြစ်နေသည်။
“ကျေး...ကျေးဇူးပြုပြီး အသက်ကိုချမ်းသာပေးပါ ကျွန်တော်က သူတို့ပြောတဲ့အတိုင်းပဲ လုပ်လိုက်တာပါ”
ဂျော်ဒန်သည် သူ့လက်တွေကိုချည်နှောင်ထားသည်ဆိုပေမဲ့ ထိုလက်နှစ်ဖက်ကိုအတင်းလှုပ်ယမ်းကာ သွေးပျက်မှုအပြည့်ဖြင့်အော်ဟစ်တောင်းပန်နေမိသည်။
“ဒါဖြင့် ဘယ်သူပြောခဲ့တဲ့အတိုင်း လုပ်ခဲ့တာလဲ”
“...ဆာစီးနီယာက ရိက္ခာသိုလှောင်ရုံကို မီးရှို့ခဲ့တဲ့လူလို့ ချားလ်စ်ကရွာသားတွေကို ပြောခိုင်းခဲ့တာပါ”
“အ...အတင့်ရဲလိုက်တာ”
ချားလ်စ် ပေါက်ကွဲသွားခဲ့သည်။ ဒေါသထွက်စွာဖြင့် သူ့ခန္ဓာကိုယ်ကိုမပြီး ဂျော်ဒန်ရဲ့ကော်လာကိုဆွဲရန် ကြိုးစားပေမဲ့ စိတ်မကောင်းစွာဖြင့် ကျရှုံးသွားရသည်။ သူသည် ခေါင်းဖြင့်မြေကြီးပေါ်သို့ တိုက်ရိုက်ပစ်လဲကျသွားတော့သည်။
“သူကျွန်တော့်မိသားစုကို ခြိမ်းခြောက်လို့ပါ ကျွန်တော်မှာရွေးစရာမရှိလို့ လုပ်ခဲ့ရတာပါ ကျေး...ကျေးဇူးပြုပြီး အသက်ချမ်းသာပေးပါ”
ဂျော်ဒန်သည် မြေကြီးနှင့်ခေါင်းကိုထိကာ အကြိမ်ကြိမ်ဦးညွှတ်ပြီး တောင်းဆိုနေခဲ့သည်။ သူပြောခဲ့သည့်စကားကြောင့်ရုတ်ရုတ်သဲသဲဖြစ်သွားရပြီး အကုန်လုံးရဲ့မျက်လုံးတွေဟာ ချားလိစ့်ဆီကိုဦးတည်ကုန်၏။
ချားလ်စ်သည်ရွာသားတွေကို ဆာစီးနီယာက ရိက္ခာသိုလှောင်ရုံကို မီးရှို့ခဲ့ကာ ကြီးလေးသည့်ပြစ်မှုကိုကျူးလွန်ထားသောကြောင့် အပြစ်ပေးရန် ဦးဆောင်စည်းရုံးခဲ့ကြောင်း ဂျော်ဒန်ဟာ ရှင်းရှင်းလင်းလင်းသက်သေထွက်ဆိုလိုက်သည်။ သို့ပေမဲ့ ထိုသူပြောခဲ့သမျှတွေက အကုန် အလိမ်အညာတွေသာဖြစ်၏။
အမှန်တကယ်တွင် ဆာစီးနီယာက မီးရှို့ခဲ့တဲ့သူမဟုတ်ချေ။
ချားလ်စ်က ရွာသားတွေကိုလှည့်စားခဲ့မှန်း သိရှိသွားပြီးကြသည့်နောက် လူတိုင်းကချားလ်စ်ကို အခဲမကျေသည့်မျက်လုံးတွေဖြင့် စိုက်ကြည့်ကုန်ကြတော့သည်။
“ငါအဲတုန်းကတည်းက မင်းကိုရှင်းပစ်ခဲ့လိုက်ရမှာ”
မျက်စိတစ်မှတ်အတွင်းမှာပဲ ဘန်သည် သူ၏ဓားရှည်ကိုဆွဲထုတ်လိုက်သည်။ သူ၏မျက်လုံးတွေသည် အညှာအတာကင်းမဲ့နေကာ တစ်စုံတစ်ယောက်ကို သတ်တော့မည့်ပုံပေါ်နေသည်။
နောက်ဆုံးတွင် ထိုအရာတွေအကုန်လုံးက ချားလ်စ်၏အစီအစဉ်တွေသာဖြစ်သည်။
“မင်းက ဆာစီးနီယာကိုပိတ်လှောင်ထားခဲ့တဲ့သူပေါ့”
“ဟေး ဘာသက်သေမှမရှိဘဲနဲ့ ငါ့ကိုဖမ်းရဲတယ်ပေါ့ ဂျော်ဒန်ဇာတ်လမ်းထွင်ပြီးပြောနေတာ အသိသာကြီးကို”
ချားလ်စ်သည် ကြောက်လန့်ပြီး အထစ်အထစ်အငေါ့ငေါ့ဖြင့် ပြောမိပြောရာပြောလိုက်မိသည်။
“မဟုတ်ဘူး အဲဒီလိုလုပ်ဖို့ ချားလ်စ်ပဲအမိန့်ပေးခဲ့တာ”
ဂျော်ဒန်သည် မြို့စားမင်း ချားလ်စ်ကိုယုံကြည်သွားမည်စိုးသောကြောင့် ကြောက်လန့်တကြားဖြင့်အော်ပြောလိုက်သည်။ ဘန်၏မျက်လုံးတွေက ချားလ်စ်၏မျက်ခွက်ကိုကြည့်ကာ ပို၍ပင်စိတ်အနှောင့်အယှက်ဖြစ်လာတော့သည်။
ဟိုတစ်ခေါက်ကတည်းက သူ့ကိုသတ်ပစ်ခဲ့သင့်တာ။
ထိုအချိန်တုန်းက အသက်ရှင်ခွင့်ရသွားတာက ဆာစီးနီယာ၏ကျေးဇူးကြောင့်ပင်။ ဘန်သည် သူ၏ဓားရှည်ကို ပို၍ပင် တင်းကြပ်စွာဆုပ်ကိုင်ထားမိသည်။
“ငါအဲဒီလိုမျိုး မလုပ်ခဲ့ဘူး သက်သေမရှိဘဲနဲ့ ဘာလို့ဒီလိုလုပ်နိုင်ရတာလဲ”
“အမှန်အတိုင်းပြောရင် မင်းအသက်ကိုချမ်းသာပေးမယ်”
“ငါမလုပ်ခဲ့ဘူး”
ချားလ်စ်သည် အဆုံးထိငြင်းနေခဲ့သည်။ အမှန်တိုင်းပြောရလျှင် သူဝန်ခံနေစရာပင်မလိုတော့အပြင် ရှင်းလင်းတိကျသည့်သက်သေက ရှိနှင့်နေပြီးသားဖြစ်၏။ မြို့စားမင်းက တမင်တကာသူ၏ဝန်ခံချက်တစ်ခုစီတိုင်းကို အပြစ်ပေးချင်နေသည်မှာ သိသာလှသည်။ ချားလ်စ်က ဆိုးရွားသည့်အကြံအစည်တွေကိုတွေးမိဟန်ဖြင့် ခိုးပြုံးလိုက်သည်။ သက်သေမရှိသောကြောင့် မြို့စားမင်းသည် အမှန်အတိုင်းဝန်ခံဖို့ရာပဲ လုပ်စရာရှိတော့သည်ကို သူသိနေ၏။
“အားချန်”
ဘန်သည် သူ့အနောက်မှာရပ်နေသော အားချန်ဘက်သို့ကြည့်ကာ ခေါင်းညိမ့်ပြလိုက်သည်။ သူ့သခင်အချက်ပြလိုက်သည်နှင့်တစ်ပြိုင်နက် အားချန်သည် သူ့အိတ်ထဲကတစ်စုံတစ်ခုကို ဆွဲထုတ်ပြီး မြေကြီးပေါ်သို့ပစ်ချလိုက်သည်။
“ဒါ...ဒါက…”
အားချန်၏ ကျေနပ်နေသောမျက်လုံးတွေဖြင့် ဆုံလိုက်ရသည့် ချားလ်စ်သည် မြေကြီးပေါ်ကို ပစ်ချလိုက်သည့်အရာကို သိသွားပြီးတဲ့နောက် အတော်လေး စိတ်ရှုပ်ထွေးကြောက်လန့်သွားတော့သည်။
“မင်းဒါကို မှတ်မိတယ်မလား”
ထိုအရာက အမဲရောင်ကြိုးတစ်ချောင်းဖြစ်သည်။ အစွန်းဘက်တွင်မီးလောင်ကျွမ်းထားပေမဲ့ ထိုကြိုးပေါ်ကရင်ထိုးသည် လူတိုင်းရဲ့အာရုံစိုက်မှုကိုဖမ်းစားလို့နေသည်။ မြွေပုံရင်ထိုးဟာ ရွာသားတွေကို မြင်လိုက်တာနဲ့ မှတ်မိစေသည်။
“ချားလ်စ် အဲဒါက မင်းဟာမလား…”
ချားလ်စ်ဘေးမှ လူတစ်ယောက်က ပြောလိုက်သည်။ ထိုအရာသည် ချားလ်စ်ရင်ထိုးမှန်းတန်းသိကြသည်။ သူသည် ထိုရင်ထိုးကိုအမြဲဝတ်ကာ ပလက်တီနမ်ဖြင့်ပြုလုပ်ထားကြောင်း တစ်ရွာလုံးကို ပတ်ကြွားတတ်ခြင်းကြောင့်ပင်ဖြစ်၏။
“ရင်ထိုးက ရိက္ခာသိုလှောင်ရုံမှာ ကျန်နေခဲ့တာ ကြိုးကတော့ မင်းအခန်းထဲကပေါ့”
အားချန်တစ်ယောက် ထိုပစ္စည်းတွေကို တွေ့ရှိခဲ့သည့်နေရာအတိအကျကိုပြောပြီးသည့်နောက် လူတိုင်းက ချားလ်စ်ကို ဒေါသထွက်သောမျက်လုံးများဖြင့် စိုက်ကြည့်ကြတော့သည်။ သို့ပေမဲ့ အားလုံးထဲတွင် အံ့အားအသင့်ဆုံးဖြစ်သွားရသည့်သူမှာ ကားလ်ဂျက်ကွက်စ်ဖြစ်၏။
“ဒါ...ဒါက…”
ချားလ်စ်သည် စိတ်တွေပူထူနေရလွန်းတာကြောင့် မျက်တောင်ပင်မခတ်နိုင်ခဲ့ချေ။ သူ့အမှားကိုသူသိသွားပြီ။ ထိုကြိုးသည် သူမီးရှို့ခဲ့တုန်းက မီးလောင်သွားခဲ့သည့်ကြိုး ပြီးတော့ရင်ထိုးသည်လည်း သူရိက္ခာသိုလှောင်ရုံမှာ ကျကျန်ခဲ့သည့်ပစ္စည်းပင်ဖြစ်သည်။
မြို့စားမင်းသည် ဖြစ်ကြောင်းကုန်စင်အကုန်လုံးကို အစကတည်းက သိထားပြီးဖြစ်သော်လည်း ချားလ်စ်ကိုဝန်ခံဖို့အခွင့်အရေးပေးခဲ့သည်။ ယခုအချိန်တွင် ချားလ်စ်၏နှလုံးသည် မြန်မြန်နှင့်ကျယ်ကျယ် ခုန်နေပေါက်ရသည်။ နှလုံးခုန်သံဟာ မြို့စားမင်းကြားရလောက်အောင်အထိကို ကျယ်လောင်လို့နေ၏။
“အဲဒါမင်းကြောင့်”
“မင်းလူတစ်ယောက်ကို မဟုတ်ဘဲနဲ့စွပ်စွဲခဲ့ပြီး ငါတို့ရွာလေးကိုဖျက်ဆီးခဲ့တာ”
“မင်းကြောင့် ငါတို့ဒီအခြေအနေရောက်နေရတာ မင်းအခု ဘာလုပ်မှာလဲ ဟမ်...”
ရွာသားတွေ၏ အမျက်ဒေါသတွေသည် ချားလ်စ်ဆီသို့ ချက်ချင်းပင်ဦးတည်သွားကြသည်။ ချားလ်စ်သည် ရွာသားတွေ၏အခဲမကြေမှုတွေကို ခံစားလိုက်ရသဖြင့် တုန်လှုပ်ချောက်ခြားသွားသည်။ သူ အကြောင်းတစ်ခုခုအမြန်ပြရမှာပေမဲ့ ထိတ်လန့်တုန်လှုပ်နေသည့်အတွက် ဘာတစ်ခုမှမပြောနိုင်တော့ပေ။ သူတို့က ဆာစီးနီယာကို လုပ်ခဲ့သလိုမျိုး ချားလ်စ်ကိုပြင်းပြင်းထန်ထန်ဖြင့် အော်ဟစ်အပြစ်တင်နေကြ၏။
“ငါတို့...ငါတို့တကယ်မသိခဲ့ဘူး ချားလ်စ်ပဲ… ဒါတွေအကုန်လုံး စခဲ့တာ ချားလ်စ်ပဲ…”
“ဟုတ်တယ် ငါတို့ကိုလည်းလှည့်စားခဲ့တယ်”
သူတို့သည် အသက်ရှင်ချင်ကြသည့်အတွက် ချားလ်စ်ကို ဝိုင်းအပြစ်တင်နေကြသည်။ လူတစ်ယောက်ကို စတေးရမည်ဆိုလျှင်ပင် သူတို့အသက်ရှင်ရန်အတွက် ဘာမဆိုလုပ်ကြမည့်သူမျိုးတွေပင်။ ဘန်သည် သူ့အရှေ့မှာဖြစ်ပျက်နေတာတွေကိုကြည့်ကာ ဘဝင်မကျဖြစ်မိ၏။ လူတွေ၏မကောင်းတဲ့ဘက်ခြမ်းကို ကြည့်နေရသလို ဖြစ်နေသောကြောင့်ပင်။
အမှိုက်ထက် ညစ်ပတ်သည့်သူတွေ၊ ရေဆိုးမြောင်းထက် အနံ့ဆိုးသည့် သူတွေပင်။
သူသည် သူတို့၏စိတ်ကိုပြောင်းလဲနိုင်ဖို့ မျှော်လင့်ခဲ့ပေမယ့် ယခုလိုစက်ဆုပ်ရွံရှာစရာကောင်းသည့်အရာတွေ ဖြစ်လာလိမ့်မည်လို့မထင်ထားခဲ့ပေ။ သူတို့အားလုံးသည် တစ်ကိုယ်ကောင်းဆန်ပြီး ကိုယ်ကျိုးပဲကြည့်ကြသည့်သူတွေပင်။ ဘန်တစ်ယောက် သူတို့ဖြစ်ပျက်နေကြသည့် ပုံစံတွေကိုကြည့်ကာ လှောင်ပြုံး ပြုံးမိသွား၏။
‘တကယ့်ကို စက်ဆုပ် ရွံရှာစရာ သတ္တဝါတွေပဲ’
သူတို့၏ မနှစ်မြို့စရာဆဲဆိုအပြစ်တင်သံတွေ၊ ဒေါသအမုန်းတွေဖြင့် စူးစူးဝါးဝါးကြည့်သည့်ဒဏ်တွေကြောင့် ဆာစီးနီယာ မည်မျှ နာကျင်နေခဲ့မည်ကိုတွေးရင်း ဘန်း၏နှလုံးသားထဲတွင် ဒေါသမီးတွေဖြင့်ပြည့်နှက်လှောင်မြိုက်လာတော့သည်။
ဘန်သည် သူ့စိတ်ထဲတွင် ထိုလူတွေရဲ့ လျှာတွေကို ဖျက်ပစ်တာ၊ ခေါင်းတွေဖြတ်ပစ်တာနှင့် သားရဲတိရစ္ဆာန်တွေအစာအဖြစ်ကျွေးတာ စသည့်နည်းလမ်းအမျိုးမျိုးကို အကြိမ်ကြိမ်စဉ်းစားခဲ့ပေမယ့် အတင်း မြိုသိပ်ထားလိုက်ရသည်။
“ဘာပြောစရာများရှိသေးလဲ”
ဘန်သည် တခြားသူတွေကိုလျစ်လျူရှုကာ ချားလ်စ်ကိုမေးလိုက်၏။
“…အဲဒီစုန်းမကြောင့်”
“ဘာပြောတယ်”
“အဲဒီစုန်းမကြောင့်…”
ချားလ်စ်သည် တောင်ကြည့်မြောက်ကြည့်ဖြင့် ထိုစကားကိုပဲတတွတ်တွတ်ရေရွတ်နေ၏။
___________________________________________