Chapter-47
ချားလ်စ်သည် ယခုအခြေအနေမှ မည်သို့မျှရုန်းထွက်လို့မရမှန်း သိသွားသည့်အချိန်တွင် သူ၏စိတ်တွေသည် ဂယောင်ချောက်ချားဖြစ်လာကာ ချက်ချင်းပင် ဆာစီးနီယာကိုသာ အပြစ်ဖို့တော့၏။
‘အဲခွေးမကြောင့်ဖြစ်တာ’ သူအလွန်ဒေါထွက်မိသည်။
‘ငါက အဲစုန်းမကြောင့် ဘာလို့အရှက်ကွဲခံရမှာလဲ’
ချားလ်စ်၏မျက်နှာသည် ဒေါသစိတ်တွေကြောင့် နီရဲနေကာ အသက်ရှုသံမှာလည်း ပပို၍တိမ်၀င်လာသည်။ ဆာစီးနီယာကို သူလုံလုံလောက်လောက် အရှက်မခွဲရသေးခင်မှာပင် သူ၏ဘဝသည် ယခုကတည်းက ပျက်စီးနှင့်ပြီးပြီဖြစ်နေသည်။ ချားလ်စ်သည် ဆာစီးနီယာသာ သူ့ကို အစကတည်းကလျစ်လျူမရှုခဲ့လျှင်ဟု အံကြိတ်ကာတွေးတောနေမိ၏။
ဘန်၏မျက်နှာမှာ အေးစက်လို့နေသည်။ ချားလ်စ်က တတွတ်တွတ်ဖြင့်ဗလွတ်ရွှတ်တွတ်ပြောဆိုနေပေမယ့် ထိုဗလုံးဗထွေးစကားများအနက်မှ ‘စုန်းမ’ ဟူသောစကားကိုသူ ရှင်းရှင်းလင်းလင်းကြားလိုက်ရသည်။
“ပြန်ပြောစမ်း” ဘန်သည် အေးစက်ရက်စက်နေသောအသံဖြင့်ပြောလိုက်သည်။
“အဲခွေးမကြောင့် ငါ… အား”
ချားလ်စ်၏ ဒေါသထွက်မှုကြောင့် အော်ဟစ်ဆဲဆိုသံသည် သိပ်မကြာလိုက်ခင်မှာပဲ နာကျင်မှုကြောင့် ငိုကြွေးမြည်တမ်းသည့်အသံအဖြစ်ပြောင်းလဲသွားတော့သည်။
[ ငိုရှိုက်သံ... ]
နေရာတစ်ခုလုံးသည် အနီရောင်သွေးများဖြင့်ဖုံးလွှမ်းနေ၏။ လူတိုင်းသည်လည်း ကြောက်ရွံ့မှုကြောင့် ဖြူဖျော့ကာသွေးပျက်လို့နေကြသည်။ ဘန်၏ဓားရှည်သည် ညအလင်းရောင်အောင်တွင် အံ့ဩထိတ်လန့်စရာအလျင်ဖြင့် ချားလ်စ်ရဲ့ပခုံးကို ဖြတ်တောက်သွား၏။
“အားးးးးး” ချားလ်စ်သည် ကြောက်မတ်ဖွယ်ရာ နာကျင်မှုကြောင့် ကြမ်းပြင်ပေါ်တွင် လူးလိမ့်လို့နေသည်။
“တခြားသူကိုများ မင်းက အပြစ်တင်ရဲသေးတယ်”
ဘန်၏အသံက လူတိုင်းကိုကြက်သီးမွှေးညှင်းထသွားစေခဲ့သည်။ ဘန်၏ လက်တစ်ဖက်သည် ချားလ်စ်ကိုလည်ပင်းမှဖမ်းဆုတ်ကိုင်ထားပြီး တခြားလက်တစ်ဖက်တွင်မူ သူ၏ဓားရှည်ကိုဆွဲကိုင်ထား၏။
“မင်းကိုဒုတိယအကြိမ်တော့ ထပ်အလွတ်ပေးတော့မှာမဟုတ်ဘူး”
“အားး ကျေး...ကျေးဇူးပြုပြီး အသက်...”
“ငါအခု မင်းခေါင်းကိုဖြတ်လိုက်လို့ရတယ်”
ထိုစကားမှာ အသက်ရှင်လိုစိတ်ပြင်းပြနေသည့် ချားလ်စ်အတွက် ကြောက်လန့်တုန်လှုပ်စရာကောင်းသော သတိပေးချက်ပင်ဖြစ်သည်။
“ဟမျ့…”
ထိုအဖြစ်အပျက်ကို ကြည့်လိုက်ရသောလူတိုင်းသည် ထိတ်လန့်ကြောက်ရွံ့မှုကြောင့် သူတို့၏ခန္ဓာကိုယ်တွေကို မြေကြီးပေါ်သို့ပူးကပ်မတတ်၀တ်တွားလိုက်ကြ၏။ သူတို့၏ပုံစံသည် ကြောက်မက်ဖွယ်ကောင်းသော ခြင်္သေ့၏အရှေ့တွင် အားနည်းချိနဲ့သည့်သမင်များက သူတို့ရဲ့ သေရမည့် အသက်ဘေးအန္တရာယ်ကနေလွတ်မြောက်အောင် ရှိခိုးတောင်းပန်နေကြသလိုပင်။
“အား အ...အသက်ကို…ချမ်းသာပေးပါ”
ချားလ်စ်သည် စတင်ပြီးအပြင်းအထန်ငိုကြွေးတော့၏။ သူ၏မျက်နှာနှင့်မျက်လုံးများသည် အသက်ရှူမ၀သဖြင့် နီရဲလို့နေသည်။
“ငါမင်းကို အချိန်မရွေးသတ်လိုက်လို့ရတယ်”
ဘန်၏အသံသည် ခံစားချက်တွေကို ထိန်းချုပ်ထားမှန်း သိသာနေသည်။ ဓားရှည်ကိုကိုင်ထားသောသူ၏လက်သည် အနည်းငယ်တုန်ယင်လို့နေ၏။ ဓားရှည်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားသည့်အတွက် အကြောများပင်ထောင်ထွက်နေသည်။ ဘန်၏စိတ်အလိုတိုင်းသာဆိုလျှင် ချားလ်စ်သည်ယခုအချိန်ထိ အသက်ရှင်နေစရာအကြောင်းမရှိပေ။
ချားလ်စ်၏ လည်ပင်းနှင့်ခန္တာကိုယ် အိုးစာမကွဲရသေးသည့် အကြောင်းအရင်းမှာ…
ဆာစီးနီယာ...သူမကြောင့်ပင်။
ဆာစီးနီယာသည် ချားလ်စ်ကြောင့် နစ်နာခဲ့ရသူဖြစ်သဖြင့် သူ့ကိုအပြစ်ပေးရမှာမည့်သူမှာလည်း ဆာစီးနီယာပဲဖြစ်ရပေမည်။ ထို့အတွက်ကြောင့် ဘန်သည်ချားလ်စ်ကို စိတ်တိုင်းကျ ခုတ်ဖြတ် မသတ်ပစ်သေးခြင်းဖြစ်၏။ သူ၏မျက်လုံးတွေက အေးစက်နေကာ အကြည့်တွေဖြင့် သတ်ပစ်လို့ရလျှင်သတ်ပစ်တော့မည့်ပုံဖြင့် ချားလ်စ်ကို စိုက်ကြည့်နေပေမယ့် အဆုံးတွင် ထိုသကောင့်သားအား သူ မည်သည်မျှမလုပ်လိုက်ပေ။
“ဟမျး...ဟမျး”
ချားလ်စ်သည် အသက်ကိုပြင်းပြင်းရှုနေရသည်။
“ကြီး...ကြီးမြတ်လှသောအရှင် ကျွန်တော်မျိုးတို့ကို ချမ်းသာပေးပါ…”
ကားလ်ဂျက်ကွက်စ်သည် သူ၏သားကြမ်းပြင်ပေါ်တွင် လူးလိမ့်နေရသည်ကို တွေ့လိုက်ရသည့်အခါ သူတို့အသက်ကိုချမ်းသာပေးရန် အနူးအညွတ်တောင်းပန်တော့သည်။ မြို့စားမင်းသည် သူတို့ကို အချိန်မရွေး အလွယ်တကူ သတ်ပစ်လိုက်နိုင်ပေသည်။
အလဲက်စ်ဒီမီကန်ရှောဗာစ့်။ ထိုသူသည် ယခင်မြို့စားမင်းသေဆုံးသွားပြီးနောက်တွင် မြို့စားမင်းရာထူးကို အမွေဆက်ခံထားသူဖြစ်သည်။ သူမြို့စားမင်းဖြစ်ပြီး ပထမဆုံးလုပ်ခဲ့သည်အရာမှာ သူ့အဖေ၏အစေခံများကိုနှင်ထုတ်ပြီး သူ့အားဆန့်ကျင်ဖီဆန်သူ မှန်သမျှကို သတ်ပစ်ခဲ့ခြင်းပင်ဖြစ်သည်။ မြို့စားမင်းရာထူးကိုဆက်ခံနိုင်ရန်အတွက် သူ၏အဖေအရင်းကိုပင် သတ်ပစ်ခဲ့သည်ဟု ကောလဟာလများထွက်ပေါ်ခဲ့သေး၏။
ကားလ်ဂျက်ကွက်စ်သည် ထိုသို့သော လူမျိုးထံတွင် အသနားခံနေခြင်းပင်။ သူ၏သား သေခြင်းတရားနဲ့အဆုံးမသတ်ရရန်အတွက် တစ်ရွာလုံးကိုရှင်းပစ်လိုက်ဖို့ကလွဲ၍ ရွေးချယ်စရာမရှိတော့ပေ။
“ကျေးဇူးပြုပြီး သက်ညှာပေးပါ…”
“သက်ညှာပေးရမယ်ဟုတ်လား”
ဘန်၏အန္တရာယ်မရှိတော့သော ညပင်လယ်ပြင်ကဲ့သို့ အေးစက်တည်ငြိမ်နေသည့် အကြည့်တို့က ရွာသူကြီးဘက်သို့လှည့်ကြည့်လာသည်။
“သက်ညှာပေးရမယ်လို့ ပြောလိုက်တာလား”
“ကျေးဇူးပြုပြီး...ကျေးဇူးပြုပြီးစာနာပေးပါ…”
“မဟုတ်သေးဘူး အခုညှာတာပေးဖို့တောင်းပန်နေတဲ့သူ မှားနေတယ်မထင်ဘူးလား ဒီကလူတွေတစ်ယောက်နဲ့မှ ငါပြသနာ ဖြစ်ထားတာမဟုတ်ဘူးလေ မင်းတို့တွေ တစ်ခုခုမှားနေတယ်မထင်ဘူးလား အခု ညှာတာပေးဖို့တောင်းပန်ခံရမဲ့သူက တကယ်ပဲငါဆီကဟုတ်လို့လား”
“ခွင့်ပြုပါ ဘာကိုပြောချင်တာပါလဲ…”
စိတ်ရှုပ်ထွေးသွားသည့် ကားလ်ဂျက်ကွက်စ်သည် နားမလည်သည့်အတွက် ခေါင်းမော့ကာမေးလိုက်သည်။ သို့သော် ဘန်၏အေးစက်နေသောမျက်လုံးများဖြင့် ဆုံတွေ့ရသည့်အခိုက်တွင် ကြောက်လန့်သောကြောင့်ချက်ချင်းပင် မျက်လွှာချလိုက်ရသည်။ မြို့စားမင်းပြောသည့်အဓိပ္ပါယ်ကို သူတကယ်နားမလည်ချေ။
‘ညှာတာဖို့တောင်းဆိုတဲ့သူ မှားနေတယ်ဆိုတာ ဘာကိုပြောချင်တာပါလိမ့်’
ဧကရာဇ်သည် မြို့စားမင်းကိုလုပ်ပိုင်ခွင့်ပေးအပ်ထားသည်လေ၊ အသက်ရှင်ရန်အရေး သူ့ထံမှမတောင်းဆိုရလျှင် မည်သူ့ထံက သနားညှာတာခွင့်ကိုတောင်းခံရမည်နည်း။ စိတ်ရှုပ်ထွေးသွားသော ရွာသူကြီးသည် ကြောက်လန့်ကာစဉ်းစားရခက်နေတော့၏။
“မင်းငါ့ကို ညှာတာပေးဖို့ တောင်းဆိုရမှာမဟုတ်ဘူး”
“အဲဒါဆို ဘယ်သူ့ကို…”
ဘန်၏ဓားသွားမှ သွေးစက်များသည် မြေပြင်ပေါ်သို့ တစ်စက်စက်ကျနေသည်။ ထိုမြင်ကွင်းကို မြင်တွေ့လိုက်ရသော ကားလ်ဂျက်ကွက်စ်သည် အန္တရာယ်အငွေ့အသက်ကိုချက်ချင်းပင်ရလိုက်ရသည်။ ထိုမြင်ကွင်းဖြင့်ကြုံတွေ့လိုက်ရသော ကားလ်ဂျက်ကွက်စ်သည် ကြက်သေသေနေတော့၏။
“ဆာစီးနီယာ”
“ဆာ...ဆာစီးနီယာကို ပြောတာပါလား”
သူကြီး၏မေးခွန်းအဆုံးတွင် ဘန်သည်မျက်မှောင်ကျူံသွားသည်။ ယခုလို ညစ်ပတ်နေတဲ့လူတွေရဲ့ပါးစပ်ကနေ ဆာစီးနီယာ၏နာမည်ထွက်လာသည်ကို ဘဝင်မကျသောကြောင့်ဖြစ်သည်။
'သူတို့လိုလူတွေပါးစပ်က ဆာစီးနီယာရဲ့နာမည်ထွက်မလာသင့်ဘူး'
ဘန်သည် သူ၏ဓားကိုတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ပြီး ရွာသူကြီး၏လည်ပင်းနားကို ချိန်ထားလိုက်သည်။ အသက်ရှုမိလျှင်ပင် သတ်တော့မည်ဟုခြိမ်းခြောက်နေသယောင်ထင်ရသည်။ ရွာသူကြီး၏ နှုတ်ခမ်းတွေမှာပြာဝေလာပြီး နှဖူး၌ ချွေးတွေစို့လာတော့၏။
“အသက်...အသက်ချမ်းသာပေးပါ…”
“မင်းအသက်ချမ်းသာပေးခံချင်ရင် မင်းရဲ့အပြစ်တွေကို သူ့ဆီမှာဝန်ခံပြီးသာ တောင်းပန်လိုက် မင်းအသက်က ဆာစီးနီယာလက်ထဲမှာရှိနေတာ”
* * *
“…ဆာစီးနီယာ”
ဆာစီးနီယာသည် နှစ်ခြိုက်စွာအိပ်ပျော်နေသောကြောင့် သူမနာမည်ကိုတစ်စုံတစ်ယောက် ခေါ်နေသံကြားသော်လည်း မျက်လုံးတန်းမဖွင့်နိုင်သေးချေ။ အလွန်ပင်ပန်းနေတာကြောင့် အိပ်ယာမှထရန် ချက်ချင်းပင် ငြင်းဆိုပစ်လိုက်သည်။
“ဟာ...အပြင်မှာ ဆူညံနေတာပဲ”
သူမသည် ထိုသို့ပြောနေရင်းမှ တစ်စုံတစ်ယောက်ငိုကြွေးနေသံကြားလိုက်ရသောကြောင့် မျက်လုံးများကို ပွတ်သပ်ရင်း ထလာလိုက်သည်။
မလေား။
သူမအရမ်းကြောက်ရွံ့နေတာများလား။
“အပြင်ကလား”
သူမ၏စိတ်သည် အိပ်ငိုက်နေရာမှ ချက်ချင်းပင် ကြည်လင်သွားတော့သည်။ မနက်ခင်းမိုးသောက်ချိန်ဖြစ်သောကြောင့် ကောင်းကင်သည် အနီရောင်ဖြစ်နေကာ ပြတင်းပေါက်မှတဆင့် မှေးမှိန်သော မြင်ကွင်းများကိုသာ မြင်နေရသေး၏။
“ဟမ့်...လူတွေထပ်လာကြပြန်ပြီထင်တယ်…”
ထိုစကားသံတွေကြောင့် ဆားစီနီယာသည်အလျင်အမြန်ပင် လိုက်ကာတွေကို ကာပစ်လိုက်သည်။ ဘန်တစ်ယောက် သူမအတွက်ငြိမ်းချမ်းရေးရအောင်လုပ်ပေးနေသည်ကို သတိမမူမိချေ။
‘ငါဒီရွာမှာ သတိလက်လွတ်နေလို့ မဖြစ်တော့ဘူး…’
သူမအိပ်ရာကနေ အမြန်ထရပ်လိုက်သည်။ ကြမ်းပြင်ကိုခြေချမိသည့်အခါ အလွန်အမင်းပင် အေးစက်နေ၏။ ဘန် သူမအနားတွင်မရှိတာ အချိန်အတော်ကြာသွားခဲ့ပြီဖြစ်မှန်း သတိထားမိသွားသည်။ စောင်တွေကိုခင်းကျင်းထားသလား၊ မထားသလားကိုကြည့်ရန်အတွက် မီးလင်းဖိုဘက်သို့ အလျင်စလိုလှည့်ကြည့်လိုက်သည်။
“ဘန်ရော”
“ညီမနိုးလာကတည်းက သူ့ကိုမတွေ့သေးဘူး”
‘သူဘယ်များသွားနေတာလဲ…’
သူမတစ်အိမ်လုံးကို ပတ်ကြည့်ခဲ့သော်လည်းဘန်၏အရိပ်အယောင်ကို လုံး၀ မတွေ့ရချေ။ သူမ၏စိုးရိမ်ပူပန်မှုများ တဖြည်းဖြည်း မြင့်တက်လာရသည်။ လွန်ခဲ့သည့်သုံးနှစ်က သူပျောက်သွားခဲ့သောကိစ္စသည် ရုတ်ချည်းဆိုသလိုသူမ၏အတွေးထဲသို့ဝင်ရောက်လာကာ သူမအား ခြောက်လှန့်လို့နေသည်။
‘မဖြစ်ရဘူး…’
ဆာစီးနီယာ၏နှလုံးသားလေးသည် လှံထက်ထက်ဖြင့်ထိုးစိုက်ခံလိုက်ရသလို နာကျင်သွားရသည်။ သူမခန္ဓာကိုယ်မှာ မူးဝေမူကြောင့် ယိမ်းထိုးလို့သွား၏။
“အဆင်ပြေရဲ့လားဟင်”
မေကအလျင်စလိုဖြင့် ဆာစီးနီယာကိုလှမ်းထိန်းလိုက်သည်။ သူမ၏မျက်ရည်များသည် ဆာစီးနီယာ၏လက်မောင်းပေါ်သို့ ကျဆင်းလာတော့သည်။
“ဘာမှမဖြစ်ပါဘူး မေ မငိုပါနဲ့”
မေကို နှစ်သိမ့်ပေးနေရင်း တဆက်တည်းဆိုသလို စိုးရိမ်ပူပန်မှုကြောင့် ဆာစီးနီယာသည် သူမ၏လက်သီးများကိုကျစ်ကျစ်ပါအောင် ဆုပ်လိုက်သောကြောင့် လက်သည်းများက အသားထဲထိစိုက်၀င်ကုန်သည်။
'မဖြစ်နိုင်ဘူး ဘန်က အရင်တစ်ခေါက်ကလို ဘာမှမပြောဘဲ ထပ်ပျောက်သွားမှာမဟုတ်ဘူး…’
စိုးရိမ်ပူပန်မှုတွေက တစ်စထက်တစ်စပိုပိုတိုးလာသည်။ ဆာစီးနီယာ၏ဘေးရှိမေသည် ဘန်ဘာမှမပြောဘဲ ထပ်ပျောက်သွားနိုင်ခြေရှိသည်ကို သတိထားမိသောကြောင့် သူမအစားစိုးရိမ်ပူပန်လို့နေသည်။
“ဆာစီးနီယာ ထွက်...ထွက်ပြေးလိုက်ပါလား”
မေက သူမ၏မျက်ရည်များကို ကပျာကယာသုတ်လိုက်ကာ ဆာစီးနီယာကို ဆွဲထူလိုက်သည်။ သူမအစောပိုင်းတုန်းက ကြားနေရသည့် ဆူညံသံများမှာ အပြင်တွင်လူများရောက်နေသောကြောင့်ဖြစ်ပုံရသည်။ မေ၏မျက်လုံးများသည်နီရဲတွတ်နေသဖြင့် အတော်အတန်ငိုထားမှန်း သိသာလွန်းလှသည်။ ဆာစီးနီယာ ထပ်နာကျင်ရမှာကို သူမ မကြည့်နိုင်တော့ပေ။ ဆာစီးနီယာကို လူအများက ငကြောက်အဖြစ်ထင်မြင်သွားနိုင်ပေမဲ့ သူမ၏လုံခြုံရေးအတွက် ဤတစ်နည်းပဲရှိတော့သည်ဖြစ်၍ မေသည် ဆာစီးနီယာကို ဖြစ်နိုင်သမျှ မြန်မြန် ထွက်ပြေးသွားစေချင်၏။
“အပြင်မထွက်နဲ့”
“ကျေးဇူးပြုပြီး...ကျေးဇူးပြုပြီး ဆာစီးနီယာ”
မေရဲ့မျက်နှာတစ်ခွင်တွင် မျက်ရည်များရွှဲရွှဲစိုနေပြီး သူမကခေါင်းကိုတွင်တွင်ယမ်းခါလို့နေသည်။ ဆာစီးနီယာသည် မေကို နူးညံ့စွာပြုံးပြလိုက်ပြီး အဆင်ပြေသွားမှာပါဟု တီးတိုးစွာပြောလိုက်သည်။ သူမထွက်ပြေးခဲ့လျှင်ပင် မည်သည်မှပြောင်းလဲသွားမှာမဟုတ်ချေ။ ရွာသားတွေလာတိုက်ခိုက်မည်ကို စိုးရိမ်ပြီး ဤနေရာမှထွက်ပြေးလွတ်မြောက်ခဲ့လျှင်ပင် ပတ်ဝန်းကျင်အသစ်တွင် မေသည်နေ့စဉ်နေ့တိုင်း စိုးရိမ်ပူပန်မှုများဖြင့် ဖြတ်သန်းနေရဦးမည်ဖြစ်၏။
‘ကျွန်မကြောင့် မေ့ကို ထပ်ပြီးနာကျင်မှုတွေ မခံစားစေချင်တော့ဘူး’
သူမတို့ဘ၀ကိုရှေ့ဆက်လျှောက်သွားနိုင်ရန်အတွက် ထိုအရှုပ်တော်ပုံကိုရပ်တန့်မှဖြစ်တော့မည်ဖြစ်၏။ ဆာစီးနီယာသည် အပြင်မထွက်စေချင်သောကြောင့် အတင်းအကျပ်ဆုပ်ကိုင်ထားသည့် မေ၏လက်ကိုဆွဲဖယ်ကာ တံခါးရှေ့တွင်ရပ်တန့်လိုက်သည်။ တစ်ဘက်အခြမ်းမှ ဆူညံသံ အသံပေါင်းစုံကို ရှင်းရှင်းလင်းလင်းကြားနေရသည်။
အသက်ကိုပြင်းပြင်းရှူပြီးနောက်တွင် ဆာစီးနီယာသည် တုန်ရီနေသောလက်များဖြင့် တံခါးလက်ကိုင်ကိုဆွဲလိုက်သည်။ သူမ၏ပုံစံသည် တည်ငြိမ်နေပုံပေါက်သော်လည်း အမှန်မှာတံခါးဖွင့်ရန်အတွက် စိုးရိမ်ပူပန်မှုကြောင့်တုံ့ဆိုင်းနေမိ၏။
သူမ၏နေအိမ်ကို မီးတုတ်များဖြင့်ပစ်ပေါက်ခဲ့ကြသည့် ထိုအပြောအဆိုပတ်စက်ရိုင်းစိုင်းသည့် လူ့တရိစ္ဆာန်တွေ အကြောင်းတွေးရင်း သူမ ရင်ထဲတွင်ဒေါသမီးများ တဟုန်းဟုန်းတောက်လောက်လာတော့သည်။ ရွာသားတွေ၏စူးစူးဝါးဝါးစိုက်ကြည့်မှုတွေ၊ သေပါစေဟုဆဲဆိုကျိန်ဆဲမှုတွေကို ဆာစီးနီယာသည် တစ်ခုမကျန်မှတ်မိလို့နေဆဲပင်။
‘အဆင်ပြေပါတယ် အကုန်လုံးအဆင်ပြေပါတယ်’
ဆာစီးနီယာသည် သူမကိုယ်သူမနှစ်သိမ့်နိုင်ရန်အတွက် ထိုစကားကို အကြိမ်ကြိမ်ရေရွတ်နေမိသည်။ စက္ကန့်အနည်းငယ်လောက်ကြာပြီးနောက်တွင် ဆာစီးနီယာသည်တုံ့ဆိုင်းခြင်းအလျဥ်းမရှိဘဲ တံခါးကိုဆွဲဖွင့်လိုက်တော့၏။
__________________________________________