Chapter 48
“ဆာစီးနီယာ”
သူတံခါးကိုဖွင့်လိုက်တဲ့အချိန်မှာ သူ၏အရှေ့မှာမြင်နေရသောမြင်ကွင်း ကြားနေရသောအသံများသည် သူ့ကိုအံ့အားသင့်သွားစေသည်။
“ဘန် ဘာတွေ... ဖြစ်နေတာလဲ
ပျောက်သွားပြီဟုထင်ခဲ့သည့် ဘန်သည် သူ၏အိမ်ရှေ့တွင်မတ်တပ်ရပ်လျက်ရှိနေသည်။ သူသည်အနီရင့်ရောင်ဝတ်စုံဝတ်ထားကာ လက်ထဲတွင်လည်း ဓားရှည်ကိုကိုင်ထားသည်။ ဆာစီးနီယာနှင့် ပထမဆုံးတွေ့ခဲ့သည့်အချိန်က ပုံစံအတိုင်းဖြစ်နေသည်။ သို့ပေမဲ့ တစ်ခါမှာတော့ လူတွေဟာသူ၏ဘေးနားတွင် ဒူးထောက်လျက်ရှိနေကြကာ ကြိုးများဖြင့်လည်းချည်ခံထားရသည်။ ဆာစီးနီယာသည် သူနှင့်ရင်းနှီးသည့်မျက်မှာများဖြစ်သည့် ချားလ်စ်နှင့် သူ၏အိမ်ကိုမီးတုတ်များဖြင့်ပစ်ခဲ့သည့် မျက်နှာပေါ်တွင် တင်းတိတ်အများကြီးရှိသည့် ရွာသူကြီးတို့ကို ကြည့်နေသည်။ သူတို့တွေအကုန်လုံးသည် ခေါင်းနှင့်မြေကြီးထိအောင်ဦးညွှတ်နေကြကာ အပြစ်သားတွေလို ဆာစီးနီယာနှင့်မျက်လုံးခြင်းမဆုံရဲကြပေ။
“ဂျော်ဒန်”
ဆာစီးနီယာသည် သူတို့ကိုစိုက်ကြည့်နေရာမှ တစ်စုံတစ်ယောက်ရှေ့အရောက်တွင် ရပ်လိုက်သည်။ ဂျော်ဒန်။ ဆာစီးနီယာသည် သူ၏မိသားစုနှင့်ရွာမှထွက်သွားသည်ဟုကြားခဲ့ရသည်မှာ နောက်ဆုံးပင်ဖြစ်သည်။ သို့သော် ထိုနေရာတွင် ဒူးထောက်နေသည့်အထဲတွင် သူလည်းပါဝင်နေသည်။
“ဘယ်လိုဖြစ်ပြီးတော့…”
သူတို့ကို အေးစက်သောအကြည့်များဖြင့် ကြည့်နေသော ဘန်သည် ဆာစီးနီယာကိုမြင်သောအခါ နွေးထွေးသောအကြည့်များအဖြစ် ပြောင်းလဲသွားသည်။ ဘန်သည် ဆာစီးနီယာကိုတောင်းပန်ခိုင်းရခြင်းရဲ့ အကြောင်းအရင်းကိုသိချင်နေသော ရွာသူကြီးသည် ယခုတွင် နားလည်သဘောပေါက်သွားပြီဖြစ်သည်။ မြို့စားမင်း၏အကြည့်များကြောင့် ထိုစုန်းမသည် မြို့စားမင်းရဲ့ဆုံးဖြတ်ချက်များကိုပင် အဘယ်ကြောင့်လွှမ်းမိုးနိုင်သည်ကို သိရှိသွားသည်။
“ဂျော်ဒန်က အကုန်လုံးဝန်ခံလိုက်ပြီ”
ဘန်သည် စိတ်ရှုပ်ထွေးနေသော ဆာစီးနီယာနားသို့ ချဉ်းကပ်သွားသည်။
“အဲဒါအမှန်ပဲလား ဂျော်ဒန်”
“တောင်း-တောင်းပန်ပါတယ် မိန်းကလေးဆာစီးနီယာ… ချားလ်စ်က အဲလိုလုပ်ဖို့ခြိမ်းခြောက်လို့ပါ အဲဒါကြောင့် ရွေးစရာမရှိဘဲ…”
“ချားလ်စ် လုပ်တာပေါ့”
“တောင်းပန်ပါတယ်”
ဂျော်ဒန်သည် သူတတ်နိုင်သလောက် သူ၏ခေါင်းကိုမြေကြီးဖြင့်ထိအောင် ဦးညွှတ်ထားသည်။
“ဟ”
ဆာစီးနီယာထံမှ စူးရှသောရယ်သံထွက်ပေါ်လာသည်။ သူသည် အစောကြီးကတည်းက ဘန်ထိုသို့လုပ်မည်ကို သိနေခဲ့သည်။ သူမှန်နေခဲ့သောကြောင့် အလွန်ပင်အံ့ဩသင့်ကာ ရယ်ခဲ့ခြင်းဖြစ်သည်။
ဆာစီးနီယာသည် ချားစ်လ်အနားသို့ချဥ်းသွားသည်။ ပိုနီးနီးလာလေ စက်ဆုပ်စရာကောင်းသည့်သွေးအနံ့နှင့် ရက်ရှည်များစွာရေမချိုးထားသောကြောင့် ထိုအနံ့များသည် သူ၏နှာခေါင်းထဲသို့ဝင်လာသည်။ ချားလ်စ်သည် တုန်ရီလို့နေသည်။ သူ၏မျက်နှာသည် ဖျော့တော့နေကာ ယခုချက်ချင်းပင်သေတော့မည့်ပုံပေါက်နေသည်။ ဆာစီးနီယာ၏မျက်လုံးများသည် သွေးနံ့ထွက်နေသောနေရာကို ရှာဖွေနေခဲ့သည်။ နောက်ဆုံးမှာ ချားလ်စ်၏ပခုံးတစ်ဖက်ပြတ်နေသည်ကို တွေ့ရှိသွားသည်။
“ထင်ထားတဲ့အတိုင်း နင့်ဆီကပါလား”
ဆာစီးနီယာသည် သူ၏လက်မောင်းကသွေးအကြောင်းကို သိပ်ဂရုမထားဘဲ ချားလ်စ်အပေါ်ဒေါသပဲထွက်ခဲ့သည်။
“အသက်-အသက်ချမ်းသာပေးပါ…”
အရှက်မဲ့သောနှုတ်ခမ်းများမှ ထိုစကားလုံးများထွက်လာသည်။ စိတ်ပျက်စရာကောင်းသောမျက်နှာဖြင့် ချားလ်စ်သည် သူ၏အသက်ကိုချမ်းသာပေးရန် တောင်းခံနေသည်။
“မင်းကြောင့်…”
ဆာစီးနီယာသည် ဒေါသနှင့်အတူ တခြားအရာများကိုလည်းခံစားခဲ့ရသည်။ သူအချိန်အကြာကြီးခံစားခဲ့ရသည့် မကျေမချမ်းဖြစ်မှုတွေ အချိန်အကြာကြီးသည်းခံရသည့်ဒေါသထွက်မှုတွေကိုပါ ခံစားလိုက်ရသည်။ ဆာစီးနီယာသည် နောင်တရချင်နေသောကြောင့် တုန်ရီနေသောသူ၏နှုတ်ခမ်းများကိုပင် ထိန်းချုပ်ရန်ကိုက်ထားသည်။
“အသက်-အသက်ကိုချမ်းသာပေးပါ... ငါအမှားလုပ်မိတာဝန်ခံပါတယ်... အဲဒါကြောင့် အသက်ကိုချမ်းသာပေးပါ…”
ချားလ်စ်သည် ဆာစီးနီယာကို ငိုယိုကာတောင်းပန်ခဲ့သည်။ ဆာစီးနီယာခွင့်မလွှတ်နိုင်သည်ကို ရှင်းရှင်းလင်းလင်းသိနေသောကြောင့် ကြံရာမရဖြစ်နေသည်။ သွေးဆာနေသောမကောင်းဆိုးဝါးပုံစံဖြင့် ကြည့်နေသောဘန်ကလည်း တစ်စက္ကန့်မှတုံ့ဆိုင်းမနေဘဲ သတ်ပစ်တော့မည့်ပုံဖြစ်နေသည်။
သူ၏ခြေချောင်းကိုထိကာ တောင်းပန်နေသောချားလ်စ်ကို ဆာစီးနီယာသည် စိုက်ကြည့်လို့နေသည်။ ထိုရွာကြောင့် အရှက်ခွဲခံရတာတွေ စော်ကားခံရတာတွေသည် ချားလ်စ်ကြောင်ပင်ဖြစ်သည်။ လူတွေကိုတွေ့လျှင် အမြဲပြုံးပြတတ်သော မေသည်ပင် ထိုလူများကြောင့် ငိုယိုကာအမြဲပုန်းနေရသည်။ သူ၏အိမ်ကိုကျူးကျော်လာမည်လား စိုးရိမ်နေရ၍ အိပ်မရသောညပေါင်းများစွာကြောင့် ဆာစီးနီယာ၏နှလုံးသားတွင် မေ့ဖျောက်လို့မရသောဒဏ်ရာသည်တဆစ်ဆစ်ဖြင့်နာကျင်နေသည်။
“ရှင်ကများ ကျွန်မဆီမှာအသက်ကိုချမ်းသာပေးဖို့ တောင်းဆိုရဲတယ်ပေါ့လေ”
ချားလ်စ်သာ အသိစိတ်ရှိခဲ့မည်ဆိုလျှင် ဒီနေရာမှာ အသက်ချမ်းသာပေးဖို့ တောင်းဆိုနေမည်မဟုတ်ပေ။ အနည်းဆုံးလူစိတ်လေးသာရှိခဲ့လျှင် ငိုယိုကာတောင်းပန်ခြင်းတွေ လုပ်လိမ့်မယ်မဟုတ်ချေ။ ထပ်ပြီးသည်းမခံနိုင်တော့သောကြောင့် ဆာစီးနီယားသည် ချားလ်စ်၏ လည်ပင်းကိုဆွဲကိုင်လိုက်သည်။
“ဟစ်..."
ချားလ်စ်သည် အသက်ရှူရကြပ်နေသောကြောင့် ဆာစီးနီယာထံမှ လွှတ်မြောက်အောင် ရုန်းနေသည်။ ထို့နောက် ဆာစီးနီယာသည် စိတ်မချမ်းမြေ့စရာကောင်းသောခံစားမှု ပြန်လည်ဖြစ်ပေါ်လာကာ ချားလ်စ်ကိုသတ်ပစ်ရန်စိတ်အားထက်သန်နေသည်။ တစ်ခဏတွင်းမှာပဲ သူ၏ခေါင်းသည် တစ်စုံတစ်ခုကိုမှတ်မိသွားကာ ထိန်းချုပ်လို့မရအောင်ပင် နာကျင်နေခဲ့သည်။
“အား အား…”
ဆာစီးနီယာသည် တုန်လှုပ်သွားပြီး ချားလ်စ်ကိုလက်မှလွှတ်လိုက်ပြီးပြီချင်းတွင် မြေပေါ်လဲကျသွားသည်။
“အဟွတ် အဟွတ်…”
လည်ပင်းကိုအချိန်ကြာကြာညှစ်ခံထားရာမှ လွှတ်လိုက်သည်ဖြစ်၍ အသက်ကိုအလုအယက်ရှုလိုက်ရသောကြောင့် ချားလ်စ်သည်ချောင်းဆိုးနေသည်။ ဆာစီးနီယာသည်လဲကျနေရာမှ သူ၏အလွန်လျင်မြန်စွာခုန်နေသော နှလုံးကိုလက်ဖြင့်ဖိလို့ထားသည်။
‘အဲဒါဘာမှတ်ဉာဏ်ကြီးလဲ’
သူမလုပ်ထားသောအရာကို အဘယ်ကြောင့်ရှင်းရှင်းလင်းလင်းကြီးမှတ်မိနေရတာလဲ။ သူ၏စိတ်ရှုပ်ထွေးစရာကောင်းသောအခြေအနေကြောင့် ခေါင်းမူးနေကာ သူ၏မျက်လုံးများသည် ဂနာမငြိမ်ဖြစ်နေသည်။
“အဆင်ပြေရဲ့လား ဆာစီးနီယာ”
ဘန် ဆာစီးနီယာနားသို့ပြေးသွားကာ သူ၏ပခုံးကိုလှမ်းဖက်လိုက်သည်။
“မင်းကြိုက်တဲ့အချိန်ပြောလိုက် ကိုယ်သူ့ကိုသတ်လိုက်မယ်”
ဘန်သည် ဆာစီးနီယာကနှလုံးအားနည်းသည့်အတွက် ချားလ်စ်ကိုအပြစ်မနိုင်သည်ဟုထင်သွားသောကြောင့် ဆာစီးနီယာ၏ဆန္ဒများအတိုင်း ဘန်သည်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားလိုက်သည်။ ဆာစီးနီယာအတွက် သူ၏လက်သွေးစွန်းရမည်ဆိုရင်တောင် ဘာမဆိုလုပ်မည်ဖြစ်သည်။
“ဟမ် ဘာလို့လဲ…”
ဆာစီးနီယာသည် အံအားသင့်ကာစိတ်ရှုပ်ထွေးနေသည်။ မည်သို့ကြောင့်နောက်ဆုတ်လိုက်မိမှန်းမသိချေ။ ညပေါင်းများစွာအိပ်မရခဲ့သောဒဏ်များကြောင့် အိပ်ရေးမဝ၍ယခုလိုခံစားရခြင်းဖြစ်နိုင်သည်။ သူတစ်စုံတစ်ခုကိုမှတ်မိသလိုရှိပေမဲ့ အတိအကျတော့မမှတ်မိပေ။ သူခံစားနေရသည်မှာ ချားလ်စ်လည်ပင်ကိုညှစ်ထားခဲ့တုန်းက နွေးထွေးမှုသာကျန်ရှိနေတော့သည်။
“ရပါတယ် ကျေးဇူးပါပဲ”
သူ၏စိတ်ရှုပ်ထွေးနေသောအခြေအနေကို ရုန်းထွက်ရန် ဖက်ထားသောဘန်၏လက်ကိုဖယ်လိုက်သည်။ ဆာစီးနီယာသည် မည်သည်မျှမစဉ်းစားနိုင်တော့ပေ။ သူ၏အေရှေ့ကထိုလူများကို အရင်ဆုံးရှင်းထုတ်ရမည်ဖြစ်သည်။
“ကျွန်-ကျွန်တော်တို့ မိန်းကလေးကိုစုန်းမလို့ထင်ပြီး ရိက္ခာသိုလှောင်ရုံကိုမီးရှို့ခဲ့တဲ့လူလို့ထင်လို့ မနေ့ညက မီးတုတ်တွေနဲ့လာပစ်ခဲ့တာပါ…”
အခြေအနေတင်းမာမှုများ ခဏတာငြိမ်သက်သွားသောအခါ ကားလ်ဂျက်ကွက်စ်သည် စတင်ကာဝန်ခံခဲ့သည်။ မြေကြီးပေါ်တွင်ဒူးထောက်နေသောလူများသည် ဆာစီးနီယာထံမှ အသနားခံမှုကိုမျှော်လင့်နေကြသည်။
“…”
ဆာစီးနီယာသည် သူ၏ရှေ့တွင် အကြိမ်ကြိမ်အသနားခံနေသောလူများကိုကြည့်ကာ စက်ဆုပ်ရွှံရှာနေသည်။ သူ၏ပုံစံသည်အော့အန်ချင်နေပုံတောင် ပေါက်နေသည်။
“ကျွန်တော်တို့အထင်လွဲသွားခဲ့တာပါ။ တစ်ရွာလုံးရဲ့ကိုယ်စားပြုအနေနဲ့ အကုန်လုံးအစား ခွင့်လွှတ်ပေးဖို့ကို တောင်းပန်အပ်ပါတယ်”
ရွာသူကြီးသည် ဆာစီးနီယာကိုကြည့်ကာ ဂရုတစိုက်ဖြင့်ပြောလိုက်သည်။ အဲလိုပြောရတာကို သဘောမကျပေမဲ့ စိတ်ရင်းဖြင့်ဦးညွှတ်သလိုပုံစံဖြင့် ဦးညွှတ်နေသည်။ သူ့အတွက်တော့ စုန်းမတစ်ယောက်ကိုဦးညွှတ်ရတာသည် ဂုဏ်သိက္ခာကျဆင်းပြီး ရှက်စရာလည်းကောင်းသည်။ သို့ပေမဲ့ သူတို့အသက်ကိုကယ်တင်နိုင်သည်မှာ ဆာစီးနီယာပဲရှိသည်ကို သိနေသောကြောင့် ထိုသို့မဖြစ်မနေလုပ်နေရသည်။
“တောင်းပန်ပါတယ်…”
“ဒီတစ်ကြိမ်ကိုတော့ခွင့်လွှတ်ပေးဖို့ တောင်းဆိုပါတယ်…”
“…ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ…”
တိတ်ဆိတ်နေသော တခြားသူများသည်လည်း အလျင်အမြန်ခွင့်လွှတ်ပေးရန် လိုက်တောင်းဆိုကြသည်။ စုန်းမတစ်ယောက်ကို တောင်းပန်နေရတာမျိုး လုပ်ချင်သည့်သူတစ်ယောက်မှမပါသော်လည်း မည်သို့မျှမတတ်နိုင်တော့ပေ။ သူတို့အသက်ရှင်ချင်ကြသည်။ သူတို့၏တောင်းပန်မှုသည် မြို့စားမင်းထံမှ လွှတ်မြောက်ရန်သာ မဖြစ်မနေတောင်းပန်နေကြရခြင်းဖြစ်သည်။ ထို့ကြောင့် သူတို့၏အသံသည် ကသိကအောက်ဖြစ်နေကာ စိတ်ရင်းမဟုတ်မှန်း သိသာနေသည်။ ဆာစီးနီယာသည် အများကြီးသည်းခံထားလျက်နှင့်ပင် သူတို့၏တောင်းပန်ပုံသည် ထိုမျှလောက်ပဲလား။
“ခွင့်မလွှတ်ပေးနိုင်ဘူး”
မထင်မှတ်ထားသောအဖြေကြောင့် ရွာသားများသည် ခေါင်းမော့လိုက်ကာ ဆာစီးနီယာကိုကြည့်နေကြသည်။ သူ၏ကြက်သွေးရောင်မျက်လုံးများသည် ထွက်ခါစနေကြောင့် နီရဲနေသောတိမ်ထက် ပိုရဲနေကာ အလွန်ပင်အေးစက်နေသည်။
“ဘ-ဘာ”
ရွာသူကြီးသည် စိတ်ရှုပ်ထွေးသွားသည်။ သူနားကြားမှားသည်ဟုထင်ချင်ပေမဲ့ ဆာစီးနီယာ၏အသံသည် မှားကြားချင်စရာမကောင်းလောက်အောင်ကို ကြည်လင်ပြတ်သားနေသည်။
“ခွင့်လွှတ်ဖို့မခွင့်လွှတ်ဖို့က ကျွန်မအပေါ်ပဲမူတည်တာမလား...ကျွန်မ ရှင်တို့ကို ခွင့်မလွှတ်ဖို့ဆုံးဖြတ်လိုက်တာလေ”
ဆာစီးနီယာ၏ပြတ်သားသောအသံသည် သူ၏ဆုံးဖြတ်ချက်ကိုပြင်တော့မည်မဟုတ်ကြောင်း ထင်ရှားနေသည်။
“စုန်းမ…”
ချားလ်စ်သည် ဒေါသထွက်ကာ ဆာစီးနီယာကိုကြည့်ပြီးအော်လိုက်သည်။ သို့သော် ဘန်၏ဓားရှည်သည်သူ၏လည်ပင်းနားရောက်လာသောကြောင့် ရပ်တန့်သွားသည်။
“ဒါ-ဒါပေမဲ့ အခုတောင်းပန်နေတာပဲလေ”
ရွာသူကြီးကအော်ပြောလိုက်သည်။ သူ၏စိတ်ထဲတွင် သူကောင်းကောင်းလုပ်နေပါလျက်နှင့် အဘယ်ကြောင့်ခွင့်မလွှတ်သနည်းဟု စဉ်းစားနေသည်။ သူအပြောနှင့်သာတောင်းပန်ခဲ့ကာ အရှက်ကွဲနေသော်လည်း မည်သို့ခွင့်လွှတ်ရမည်နည်း။ သူ၏မျက်နှာသည် ဒေါသစိတ်ကြောင့်နီရဲလာသည်။
“ကျွန်မသိပါတယ်... ပြီးတော့ကျွန်မကလည်း ခွင့်မလွှတ်နိုင်ဘူးလို့ပြောခဲ့တာလေ”
ဆာစီးနီယာ၏ အေးစက်သောအကြည့်များသည် ရွာသူကြီးဘက်သို့လှည့်ကာကြည့်နေသည်။ သူ၏ပြတ်သားသောအကြည့်များသည် ဆွေးနွေစရာဘာအကြောင်းမျှမရှိကြောင်းပြောနေသည်။
ရွာသားများသည် သူ၏အဖြေကြောင့် မည်သို့ဖြစ်မည်ကိုသိရှိနေသောကြောင့် ကြောက်လန့်နေကြသည်။
“ငါတောင်းပန်နေတာတောင် နင်က… ဟမ်း”
ခေါင်းဆောင်သည်အော်ပြောဖို့လုပ်လိုက်သော်လည်း သူ၏ပခုံးပေါ်သို့ရောက်လာသည့် အေးစက်လေးလံသောဓားအိမ်ကြောင့် ချက်ချင်းရပ်သွားသည်။ ထိတ်လန့်ကြောက်လန့်မှုကြောင့် တုန်ရီနေသည်။ ထိုနေရာတွင် ဓားအိမ်မဟုတ်ဘဲ ဓားသွားဆိုလျှင် သေသွားနိုင်မည်ဖြစ်သည်။
“သူကလက်မခံနိုင်ဘူးလို့ ပြောနေတယ်လေ”
သူရှိနေတာကို အမှတ်ရနေစေရန်အတွက် ရွာသူကြီး၏ပခုံးပေါ်တွင်ဓားအိမ်ကို ပြင်းထန်စွာဖြင့်ဖိလိုက်သည်။
“အား တောင်းပန်ပါတယ်”
ရွာသူကြီးသည်ရာကျင်မှုကြောင့် တောင်းပန်ခဲ့သည်။ သူ၏ပခုံးသည် ကျောက်တုံးတစ်တုံးလာတင်ထားသလိုပင် နာကျင်နေသည်။
“ဘန် ရပါတယ်”
ဆာစီးနီယာသည် ဘန်ကိုတားလိုက်သည်။ မလိုအပ်သောနေရာမှာ အားကုန်မခံစေလိုသောကြောင့်ဖြစ်သည်။ တကယ်လို့အင်အားသုံးရမည်ဆိုလျှင်ပင် သူကိုယ်တိုင် သူ၏လက်ဖြင့်လုပ်ချင်နေသည်။ ဆာစီးနီယာသည် တုံးဆိုင်းမှုမရှိဘဲ ဘန်၏ဓားအိမ်ထဲမှ ဓားကိုဆွဲယူလိုက်သည်။
“ဆာစီးနီယာ”
ဘန်သည် မထင်မှတ်ထားသောအပြုအမူကြောင့် အံ့အားသင့်အား သူ၏မျက်လုံးများပြူးသွားခဲ့သည်။
“မင်းဘာလုပ်မလို့လဲ…”
ချားလ်စ်သည် ဆာစီးနီယာ၏လက်ထဲတွင်ဓားရှည်တစ်ချောင်းကိုင်ထားသည်ကိုတွေ့သောအခါ အန္တရာယ်ကျရောက်တော့မည်ကိုသိသောကြောင့် ကြောက်လန့်နေသည်။
“ငါသူ့ကိုသတ်လိုက်ရင် ဘာပြဿနာမှမရှိဘူးမလား”
ဆာစီးနီယာသည် သွေးစွန်းနေသောဓားရှည်ကိုကြည့်လိုက်သည်။ သူသည် ချားလ်စ်ကိုဆွဲဖြဲသတ်ဖြတ်ချင်သည်ဟု အကြိမ်ပေါင်းများစွာတွေးခဲ့ဖူးသည်။ ယခုသည် ထိုအရာပြုလုပ်ရန် အခွင့်အရေးပင်ဖြစ်သည်။ ချားလ်စ်၏နှလုံးကိုထိုးစိုက်ကာ လက်စားချေရန်အခွင့်အရေးပင်ဖြစ်သည်။
“ဘယ်ရှိမလဲ ဒီကိစ္စတွေအားလုံးရဲ့တာဝန်ရှိသူက ကိုယ်ဆိုတော့ မင်းကိုလုံးဝထိခိုက်မှာမဟုတ်ပါဘူး”
ဘန်၏စကားများသည် သူမကိုနှစ်သိမ့်သလိုဖြစ်ကာ ဆုံးဖြတ်ချက်ကို ပိုခိုင်မာသွားစေသည်။ ထို့ကြောင့် သူသည်ဓားရှည်ကိုတုံ့ဆိုင်းမနေဘဲ မြောက်လိုက်သည်။ ထိုမြင်ကွင်းကိုကြည့်နေရသော လူများကလည်း အံ့ဩမှုဖြင့်မျက်လုံးများပင်ပြူးနေလေသည်။
“အားး”
ချားလ်စ်၏အော်သံနှင့်အတူ ငွေရောင်ဓားရှည်သည် လေကိုဖြတ်သွားကာ ကျယ်လောင်သောဓားခုတ်သံတစ်ခုထွက်ပေါ်လာခဲ့သည်။
Xxxxxxx