Ch 5
Viewers 62

🍭 Chapter 5

🍭 Damned Couple (2)

 

 

‘တကယ်ကြီး...သူ ပြန်ရောက်နေပြီ’

 

လုလီသည် ဆိုဖာပေါ်တွင်ထိုင်ကာ လက်ပ်တော့ပ်ကို ပေါင်ပေါ်တင်ပြီး လက်ချောင်းရှည်ကြီးများဖြင့် စာရိုက်ရင်း အလုပ်ရှုပ်နေသော ချင်ချန်းရန်ကိုမြင်လိုက်ရသည်။

 

လုလီ သူမနှုတ်ခမ်းထောင့်ကိုတွန့်ကွေးလိုက်သည်။

 

ချင်ချန်းရန်သည် လုလီအောက်ထပ်သို့ ဆင်းလာသောအသံကို ကြားလိုက်ရသဖြင့် လက်ပ်တော့ပ်ကို ပိတ်လိုက်ပြီး လုလီဘက်သို့ မျက်နှာမူကာ "လုလီ" ဟု ခေါ်လိုက်သည်။

 

လုလီ ခေါင်းညိတ်ကာ “အွန်း”

 

၎င်းတို့ခဏကြာသည်အထိ စကားမပြောပဲရှိနေကြပြီး ချင်ချန်းရန်ဘက်မှ အရင်စကားစလာသည်။

 

"ထမင်း စားကြရအောင်"

 

လုလီ: "အွန်း"

 

ဟင်းပွဲများမှာ စုံလင်လွန်းလှပြီး နှစ်ယောက်သား မျက်နှာချင်း ဆိုင်ထိုင်လိုက်ကြကာ အစားအသောက်ထဲ အာရုံစိုက်လိုက်ကြသည်။ လေထုမှာ ဇွန်းခက်ရင်းနှင့်ပန်းကန်တို့ ထိတွေ့သော အသံခပ်တိုးတိုးသာ ကြားနေရသည်။

 

လုလီ ထမင်းပန်းကန်ထဲရှိထမင်းများကို တူဖြင့်တူးဆွနေမိသည်။

 

သူမသည် ချင်ချန်းရန်နှင့် ထိုသို့ မကြာခဏအတူတူစားသောက်လေ့မရှိပေ။ ထိုအမျိုးသားသည် အမြဲလိုလို ရုံးပြန်ချိန်နောက်ကြတက်ပြီး အလုပ်ခရီးများ ထွက်နေရသည်လည်း များသည်။ လုလီသည်လည်း ရှိုးပွဲများကြည့်ရင်း ကြယ်နောက် လိုက်ရင်းဖြင့် အချိန်ကုန်နေတက်သည်။ နှစ်ယောက်လုံးတွင် ကိုယ်ပိုင်အရာတွေရှိနေကြပြီး မျဉ်းပြိုင်နှစ်ကြောင်းလို ဘယ် တော့မှ ဆုံနိုင်မည်မဟုတ်။

 

တိတ်ဆိတ်သောအနေထားကို လုလီ စိတ်မသက်သာဖြစ်လာပြီး သူမဘက်မှ စကားအစပျိုးလိုက်သည်။

 

"ရှင် စူပါချတ်ထဲရောက်လာတာကို သိလား?"

 

သူ့အား လုလီ စကားပြောနေမှန်းသိသွားပြီး ချင်ချန်းရန်မော့ ကြည့်လာကာ

 

 "စူပါချတ်ဆိုတာ ဘာလဲ"

 

လုလီ: "…"

 

သူမ နှုတ်ခမ်းထောင့်နား လှုပ်ယမ်းသွားပြီး ရှင်းပြဖို့ပင် စိတ်မပါတော့ဘဲ

 

"ဘာမှ မဟုတ်တော့ပါဘူး"

 

ချင်ချန်းရန် ခေါင်းညိတ်ကာ ထပ်မမေးတော့ဘဲ ထမင်းဆက်စားနေလိုက်သည်။

 

လုလီသည် မိခင်ဖြစ်သူ၏လွှမ်းမိုးမှုဖြင့်ခန္ဓာကိုယ်အလှကို ထိန်းသိမ်းရန် ညစာကိုအမြဲအနည်းငယ်သာ စားလေ့ရှိသည်။

 

သူမ မြန်မြန်ဆန်ဆန်စားသောက်လိုက်ပြီးနောက် ထမင်းပန်း ကန်ကို ငေးစိုက်ကြည့်နေလိုက်သည်။

 

သူ ဒီခင်ပွန်းနဲ့ အတူနေထိုင်စားသောက်ရတာကို ဘာလို့ အားအင်ကုန်ခမ်းသလို ခံစားနေရတာလဲ ?

 

ဒီအချစ်မပါတဲ့အိမ်ထောင်ရေးထဲမှာ သက်တောင့်သက်သာရှိနေပေမယ့် ဒီခင်ပွန်းနဲ့ မျက်နှာချင်းဆိုင်ထိုင်လိုက်သောအခါ သူ့အတွက် တကယ်ကို ပျင်းရိဖွယ်ကောင်းလှသည်။

 

ဘယ်သူက ဒီလိုအတုအယောင်အိမ်ထောင်ရေးကို တစ်သက်လုံးဆက်သွားချင်မှာလဲ ?

 

အချစ်ခံရပြီးကြီးပြင်းလာတဲ့ သူ့လို နတ်သမီးလေးတစ်ယောက်က ဒီလောင်ကုန်းရဲ့အယုအယတွေကို မလိုချင်ဘူးလို့ ဘယ်သူပြောလဲ ?

 

လုလီသည် ချင်ချန်းရန် သူမအား ပွေ့ဖက်ထားသောပုံကိုစိတ် ကူးကြည့်ရုံနှင့်ပင် သူမ တစ်ကိုယ်လုံး တုန်လှုပ်သွားခဲ့သည်။

 

'နင့်အတွေးတွေ ရပ်လိုက်စမ်း...ကြောက်ဖို့ကောင်းတယ်'

 

ချိုမြိန်သောအချစ်ဇာတ်လမ်းများသည် ချမ်းသာသောမိသားစုများတွင် မပေါက်ဖွားတက်ကြပေ။ သူမနှင့်ချင်ချန်းရန်တို့ဟာ အခြားလူများနှင့်လုံးဝမတူကြချေ။

 

လုလီသည် ချင်ချန်းရန်နှင့် ပထမဆုံးစတွေ့ချိန်ကတည်းက သတိထားမိသည်။ သူတို့နှစ်ယောက်၏ စွမ်းအင်များသည်ဝင်ရိုးစွန်းနှစ်ခုလို ဆန့်ကျင်ဘက်ဖြစ်နေသည်။ နှစ်ယောက်လုံးလိုက်ဖက်ညီမှုမရှိကြဘဲ ချင်ချန်းရန်လည်း သူမကိုမကြိုက်သလို သူမလည်း ထိုအမျိုးသားကို ကြိုက်နှစ်သက်ခြင်းမရှိပေ။

 

ချင်ချန်းရင်၏ လုလီအပေါ်အမြင်တွင် မွေးကတည်းက ကိုယ် ပိုင်အမြင်မရှိပဲ လက်ထပ်ဖို့သာ စောင့်ဆိုင်းနေသည့် လုမိသား စု၏တစ်ဦးတည်းသော သမီးဖြစ်သော သူမအား မနှစ်သက်သလို ထိုနည် တူ လုလီလည်းအလုပ်နှင့်အမွေဆက်ခံမှုမှလွဲ၍ မည်သည့်အရာကိုမှစိတ်မဝင်စားသော ထိုအမျိုးသားကို အ ကြိုက်မတွေ့လှ။ အကယ်၍ ဒီအိမ်ထောင်ရေးသာမရှိခဲ့ပါက နှစ်ယောက်ဆုံမိခဲ့ရင်တောင် တစ်ယောက်ကိုတစ်ယောက်ပြန်လှည့်ကြည့်မှာ မဟုတ်တာသေချာသည်။

 

ယခင်က ၎င်းတို့မင်္ဂလာပွဲအတွက် စီစဉ်နေချိန် နှစ်ဖက်လူကြီးများမှ သူမနှင့်ချင်ချန်းရန်၏ ဇာတာကို တွက်ချက်ခဲ့ကြသည်။

 

ထိုစဥ်က ဗေဒင်ဆရာမှစိတ်လှုပ်ရှားပြီး "ဒီလောက် လိုက်ဖက်တဲ့စုံတွဲမျိုး ဘယ်တုန်းကမှမမြင်ခဲ့ဘူး၊သူတို့က ကောင်းကင်ဘုံက လက်ဆက်ပေးလိုက်တဲ့ စုံတွဲတစ်တွဲပဲ" ဟု ဆိုသည်။

 

ထိုအချက်က မိသားစုနှစ်ခု၏ယုံကြည်ချက်ကို ပိုမိုခိုင်မြဲစေခဲ့သည်။

 

လုလီ ထိုအကြောင်းပြန်တွေးမိတိုင်း ဗေဒင်ဆရာကိုစိတ်ထဲမှ လှစ်ကနဲကျိန်ဆဲမိသည်။

 

'လိမ်နေတာ! သောက်ကျိုးနည်း ဗေဒင်ဆရာ!'

 

လိုက်ဖက်ညီတဲ့ စုံတွဲတဲ့လား?

 

ဒီကျိန်စာသင့်တဲ့ စုံတွဲကတော့ လုံးဝမဟုတ်ဘူး!

 

အရင်ဘဝက ဗေဒင်ဆရာ၏ဘိုးဘွားသင်္ချိုင်းတူးခဲ့မိဟန်ရသည်။ ဒီဘဝမှာ ချင်ချန်းရန်နှင့် လိုက်ဖက်ညီသည်ဟူသော စကားကိုကြားခဲ့ရသည်။

 

ချင်ချန်းရန်သည် ထမင်းပန်းကန်အား ငေးကြည့်နေသော လုလီကိုသတိထားမိသည်။ သူမ ဘာတွေးနေမှန်း သူ မသိသော် လည်း မျက်နှာပေါ်ရှိ အမူအရာကတော့ အတွေးနယ်ကျွံနေမှန်း ထင်ရှားပေသည်။

 

လုလီလည်း ချင်ချန်းရန် စိုက်ကြည့်နေသလိုခံစားလိုက်ရသဖြင့် ခေါင်းမော့လာကာ ထမင်းစားပွဲမှ ထလိုက်သည်။

 

ချင်ချန်းရန်  သူ့အာရုံကို ပြန်ရုတ်သိမ်းလိုက်သည်။

 

လုလီ အပေါ်ထပ်ကိုတက်ပြီး သူ့အိပ်ခန်းထဲကို ဝင်သွားသည်။

 

ချင်ချန်းရန်၏အခန်းထဲတွင် စာကြည့်ခန်းပါရှိပြီး သူ အိမ်ပြန်ရောက်တိုင်း ထိုအခန်းထဲတွင် စာရွက်စာတမ်းဖက်ရင်းအလုပ် လုပ်လေ့ရှိသည်။ လုလီအခန်းထဲတွင်တော့ အားကစားကိရိ ယာများနှင့် ယောဂဖျာများခင်းထားသည့် လေ့ကျင့်ခန်းနေရာပါရှိသည်။

 

လုလီ လေ့ကျင့်ခန်း လုပ်လိုက်ပြီး ရေချိုးခန်းထဲဝင်လိုက်ပြီးနောက် သူမ ပြန်ထွက်လာချိန်တွင် ညနက်လုပြီဖြစ်သည်။

 

 

စာဖတ်ခန်းထဲတွင် ချင်ချန်းရန် စာရွက်စာတမ်းများကို လက်စ သတ်လိုက်ပြီး အဝတ်လဲခန်းသို့ ထွက်လာကာ ညအိပ်ဝတ်စုံရွေးလိုက်သည်။ အဝတ်လဲခန်းထဲတွင် လုလီအတွက်သီးသန့်နေရာများ ပိုပိုများလာသည်ကိုတွေ့လိုက်ရသည်။

 

ထိုမိန်းကလေးသည်  ရှိုးပွဲကြည့်ခြင်း၊ အဝတ်အစားများ ဝယ် ယူခြင်းကို ကြိုက်နှစ်သက်သူဖြစ်ရာ ဒါက ထူးခြားတဲ့ ဝါသနာတစ်ခုတော့ ဟုတ်မနေပေ။

 

ချင်ချန်းရန်  ညအိပ်ဝတ်စုံကိုယူပြီးနောက် ရေချိုးခန်းဆီသို့ သွားလိုက်သည်။ ထိုစဥ် ညအိပ်ဝတ်စုံနှင့် ရေချိုးခန်းထဲမှ ထွက်လာသော လုလီနှင့် ပက်ပင်းတိုးသွားပြီး နှစ်ယောက်သား အကြည့်ချင်းဆုံသွားကြသည်။