Chapter 25.1
“ရှန်းယွီမှာ တစ်ပတ်ရစ်ပစ္စည်းရောင်းရန်လို့တင်လိုက်”
ရှန်ချီဟွမ်းမရှိတော့ ရှန်းယုဟန်က အိမ်မှာတစ်ယောက်တည်းဖြစ်နေပြီး ဒီကမ္ဘာကို စရောက်တုန်းက ရက်သတ္တပတ်လိုပင် ထူးဆန်းသည့်ကမ္ဘာမှာ အထီးကျန်နေသည်။ သို့သော် ကွာခြားချက်က သူက ဒီတစ်ကြိမ်မှာ နေရမခက်တော့ပဲ သူမသိသောအရာများနှင့် ရုတ်တရက်ရင်ဆိုင်စရာမလိုတော့ပဲ သူက အနာဂတ်မှာ အမည်မသိနေရာတစ်ခုမှာ နေထိုင်ဖို့အတွက် စိတ်ပူစရာမလိုတော့ပေ။
သူနိုးလာတော့ သူ့ဘေးမှာလူမရှိပဲ ထမင်းစားနေစဥ် သူ့ဘေးခုံက လွတ်နေသဖြင့် အစာစားချင်စိတ်ပျောက်သွားပြီး စိတ်ကြည်လင်မှု ပျောက်ဆုံးလာသည်။ ထိုညက ရှန်ချီဟွမ်း၏ အပြုအမူနှင့် သူ၏ဖျားနာမှုကြောင့် စိတ်ဓာတ်ကျလာသည်။
ရှန်းယုဟန်က စိတ်အေးအေးထားကာ ခေတ်သစ်၏တိုတောင်းသော အချိန်ကာလကို သုံးသပ်နေသည်။ တစ်လနီးပါးက ဒီတိုင်းကုန်တော့မှာအံ့သြစရာပဲ။
ဒီကမ္ဘာကိုရောက်လာစဥ် သူပထမဆုံးလုပ်ခဲ့သည့်အရာမှာ အိမ်ထောင်ပြုတာဖြစ်ပြီး ပထမအပတ်နဲ့တင် သူကထိုအရာကို ကျော်ဖြတ်နိုင်ခဲ့သည်။ လက်ထပ်ပြီးနောက် ရှန်ချီဟွမ်းက သူ၏အဆင်မပြေမှုတစ်လျှောက် အဖော်ပြုပေးခဲ့သဖြင့် သူက ဘာမှစိတ်ပူစရာမလိုခဲ့ပေမယ့် သူက အကြောင်းပြချက်မရှိ ရန်ဖြစ်ပြီး ဖျားခဲ့သည်။
လက်ထပ်ပြီးနောက် သူက အနာဂတ်အတွက် စိတ်ပူစရာမလိုတော့ပေ။ အကြောင်းမှာ ရှန်ချီဟွမ်းက ရှုထောင့်ပေါင်းစုံက သန်မာသဖြင့် လမ်းပေါ်မှာ အိပ်ရနိုင်ချေရှိသော ကိစ္စအတွက် စိတ်ပူစရာမလိုခဲ့ပဲ သူက အလွန်သက်တောင့်သက်သာဖြစ်ခဲ့သည်။ သို့သော် သူ အလုပ်ခရီးရောက်နေ၍ ဘေးမှာမရှိတော့သဖြင့် စိတ်မသက်မသာခံစားလာရတော့သည်။
သူက ယူအက်စ်နှင့်ပြင်သစ်ကိုရောက်ဖို့ ရှန်ချီဟွမ်း ဘယ်လိုသယ်ယူပို့ဆောင်ရေးစနစ်ကို သုံးတာလဲမသိသလို ဘယ်လောက်ဝေးတယ်ဆိုတာလည်း မသိချေ။
သူက အတန်းတက်စရာမလိုသဖြင့် တီဗီဖွင့်ကာ အသစ်တစ်ခုစတင်သင်ယူရန် စီရီကိုဖွင့်လိုက်သည်။ သူက နိုင်ငံအရေအတွက်နှင့် ယူအက်စ်က ဘယ်လောက်ဝေးလဲဆိုတာကိုသိချင်သည်။
ခဏလောက်နားထောင်ပြီး ရှန်းယုဟန်က နားလည်ဖို့ကြိုးစားနေတာကို အရှုံးပေးလိုက်သည်။ ကြည့်ရတာ ဒီကမ္ဘာက ချီတိုင်းပြည်နှင့်ယှဥ်လို့မရပဲ ကမ္ဘာပေါ်မှာ ၁၉၇ နိုင်ငံရှိနေသည်။ ယင်းမှာ လမ်းလျှောက်လို့လည်းမရောက် ရထားလုံးစီးလည်း မရောက်နိုင်ပဲ အရမ်းအရမ်းဝေးကာ နိုင်ငံကြားက အကွာအဝေးကိုတောင် တွက်ချက်လို့မရပေ။ သူက အလျားယူနစ်ကို နားမလည်တာကြောင့် စဥ်းစားကာခေါင်းကိုက်လာသည်။
ရှန်ချီဟွမ်းက လက်ရှိနိုင်ငံကနေ ယူအက်စ်ကိုရောက်ဖို့ ဆယ်နာရီကြာပြီး ဆိုလိုတာက ရှန်ချီဟွမ်းက လေယာဥ်ပေါ်မှာ ဆယ်နာရီကျော်နေရမှာဖြစ်သည်။
ရှန်းယုဟန်က လေယာဥ်၏ပုံသဏ္ဍန်ကို စွယ်စုံကျမ်းမှမြင်ဖူးပြီး ယင်းမှာ ငှက်အကြီးကြီးနှင့်တူသည်။ ကြည့်ရတာ ထိုအရာက ကောင်းကင်ပေါ်ပျံသန်းသည့် စက်ပစ္စည်းတစ်ခုဖြစ်ပုံရပြီး ဘယ်လောက်ပျံနိုင်လဲ သို့မဟုတ် လမ်းခုလတ်မှာပျက်ကျနိုင်လားဆိုတာကို သူမသိပေမယ့် သူ့ခင်ပွန်းက ယူအက်စ်နှင့်ပြင်သစ်ကိုသွားရန် ဤလေယာဥ်ကိုစီးနေသည်။
သူက စွယ်စုံကျမ်းကိုသေချာလေ့လာထားပြီး လေယာဥ်ပေါ်မှာ ဖုန်းပြောခွင့်မရှိတာကိုတွေ့ခဲ့သည်။ ဆိုလိုတာက သူ့ခင်ပွန်း၏ အားရင်ဗီဒီယိုကောလ်ခေါ်မည်ဆိုသော ကတိစကားက ဖြစ်လာဖို့ကြာပေဦးမည်။ သူထွက်သွားတာမကြာသေးပဲ လေးနာရီသာရှိသေးသည်။
သူ့လည်ချောင်းရောင်ရမ်းတာက အလုံးစုံမသက်သာသေးသဖြင့် ရှန်းယုဟန်က မလိုအပ်ရင်စကားမပြောပေမယ့် သူ့လည်ချောင်းက ချောင်းဆိုးတိုင်းနာနေသည်။
အအေးမိပျောက်ဆေးမှာ အိပ်ပျော်စေသောအာနိသင်ရှိလို့ နေ့လည်ဆေးသောက်ပြီးစဥ် ရှန်းယုဟန်က သုံးနာရီလောက်အိပ်ပျော်သွားသည်။
နိုးလာတော့ အချိန်ကိုကြည့်ကာ ရှန်ချီဟွမ်းထွက်သွားတာ ငါးနာရီပဲရှိသေးပြီး ရှန်ချီဟွမ်းက လေဆိပ်ကို ကြိုသွားခဲ့တာဖြစ်၍ လေယာဥ်ပေါ်တိုက်ရိုက်တက်သွားတာ မဟုတ်ကြောင်းသတိရသွားသည်။ လေယာဥ်ဆင်းသက်ဖို့ အနည်းဆုံးသုံးနာရီကြာဦးမည်။
ရှန်းယုဟန်က မြည်မလာသောဖုန်းကိုကြည့်ကာ တကယ်အသုံးမဝင်လိုက်တာဟု တွေးလိုက်သည်။
ညနေငါးနာရီမှာ လူတစ်ယောက်က တံခါးလာခေါက်ပြီး အန်တီက တံခါးဖွင့်လိုက်တော့ ချောပို့သမားဖြစ်နေသည်။
ရှန်းယုဟန်က အတန်းထဲမှာရှိခဲ့စဥ် သူက သင်တန်းကျောင်း၏ ကောင်တာအမျိုးသမီးများက ပါဆယ်ပစ္စည်းများကို လက်ခံနေတာကိုတွေ့ခဲ့သည်။ မမျှော်လင့်ထားစွာ သူ့ဆီလည်း တစ်ခုရောက်လာသည်။
သူက ပါဆယ်ဘူးကို ကတ်ကြေးနဲ့ဖွင့်လိုက်တော့ သူ့တံဆိပ်တုံးဖြစ်နေသည်။
ယင်းမှာ မြန်လွန်းပြီး ယိဖန့်ကျွီရှိီးဟူသော ရင်းနှီးသောစကားလုံးက သူ့ကိုခေတ်သစ်နှင့် သက်ဆိုင်သည်ဟု ခံစားမိစေခဲ့ပြီး စာလုံးက ကမ္ပည်းပြားမှာ သူကိုယ်တိုင်ထွင်းထားတာဖြစ်သည်။ သူ၏မူလတံဆိပ်တုံးနှင့်မကွာပဲ အကြီးမားဆုံးကွာခြားချက်က အတိတ်က သူ့မှာရှိခဲ့သော ကျောက်စိမ်းတုံးထက် ပိုမိုကြည်လင်ပြတ်သားနေခြင်းဖြစ်သည်။
သူက ရွေးပြီး သူ့ခင်ပွန်းက ဝယ်ပေးခဲ့ကာ ပိုကြည့်လေလေ ကြည့်ကောင်းလာလေဖြစ်၏။
အချိန်က ဖြည်းဖြည်းချင်းကုန်နေပြီး ရှန်းယုဟန်က သူ့အကြိုက်ဆုံးဇာတ်လမ်းတွဲကိုတောင် မကြည့်ခဲ့ပေ။
ရှန်ချီဟွမ်းက အိမ်မှာမရှိပေမယ့် ရှန်းယုဟန်မှာ ကိုယ်ပိုင်အစီအစဥ်လေးတွေ ရှိနေ၍ မပျင်းရချေ။
ညစာစားပြီးနောက် သူက လက်ရေးလှလေ့ကျင့်ဖို့ စာဖတ်ခန်းကိုသွားခဲ့သည်။ လေ့ကျင့်မှုကို ခဏလောက်အာရုံစိုက်ပြီး သူက ချောင်းနည်းနည်းဆိုးလာသဖြင့် လက်ရေးလှလေ့ကျင့်တာကို ရပ်လိုက်ပြီး ဖုန်းယူကာ အခန်းပြန်သွားခဲ့သည်။ သူ့ဖုန်းထဲမှာ စီရီအပြင် လင်းမုန့် သင်ပေးထားသလို ဒေါင်းလုဒ်လုပ်ထားသော ဆော့ဖ်ဝဲများလည်းရှိပေမယ့် သူမသင်ယူနိုင်ခင် ဖျားသွားခဲ့တာဖြစ်၏။ အခုတော့ ရှန်ချီဟွမ်းက အိမ်မှာမရှိ၍ သူက သေချာစဥ်းစားနိုင်လေပြီ။
သူက သူ့ဖုန်းနံပါတ်ကိုမှတ်သားလိုက်ပြီး အာရဗီဂဏန်းများကို ရင်းနှီးလာပြီး တချို့ဗီဒီယိုအတွက် ဖုန်းနံပါတ်နှင့် စာရင်းသွင်းရမည်ဟုဆိုသည်။ တစ်လုံးချင်းစီကို သူနားလည်နေသရွေ့ ရှန်းယုဟန်က ဆော့ဖ်ဝဲများကို အမြန်သုံးနိုင်သည်။ သို့သော် လုပ်ဆောင်မှုက နှေးကွေးလို့ သူက ကလိရင်းနဲ့ စည်းမျဥ်းရှင်းလင်းချက်များကို ဖတ်လိုက်သည်။ ယင်းမှာ သင်ယူချင်စိတ်ဖြင့် ကစားနေသော သူ့အတွက်ကောင်း၏။
သူက ဗီဒီယိုအတိုဆော့ဖ်ဝဲတစ်ခုကို နှိပ်လိုက်ပြီး မှတ်ပုံတင်စရာမလိုပဲ စိတ်ဝင်စားစရာ ဗီဒီယိုများကိုကြည့်နိုင်သည်။
ပထမတစ်ခုမှာ မိန်းမလှလေးတစ်ယောက်က ဖြူဖွေးနေသော ခြေတံနှစ်ချောင်းကိုဖော်ကာ အတိုဝတ်ထားပြီး အမိုက်စားကကွက်တစ်ခုကို ကနေပြီး ဖုန်းတစ်ခုလုံးမှာနေရာယူထားသည်။ ရှန်းယုဟန်က လက်ချောင်းကိုချဲ့ကာ ဖုန်းမျက်နှာပြင်ကိုမကြည့်ရန် သူ့မျက်လုံးကိုကာလိုက်သည်။ ထိုဆွဲဆောင်မှုရှိသော ကကွက်က သူ့ကိုရှက်သွေးဖြာပြီး နှလုံးခုန်မြန်စေသည်။
ခုနောက်ပိုင်းမိန်းကလေးတွေက ပွင့်လင်းလွန်းတယ်!
ကြည့်ပြီးနောက် နောက်ဗီဒီယိုတစ်ခုကိုကျော်လိုက်သည်။ ဤတစ်ခုတွင် ဆူညံသောကြောင်သံနှင့်ပြည့်နေ၍ တစ်ယောက်ယောက်က ကြောင်ကိုရိုက်နေတယ်ထင်ပြီး ရှန်းယုဟန်က လန့်သွားပေမယ့် တကယ်တမ်းမှာ ဗီဒီယိုမှာပေါ်လာတာက အမျိုးသားတစ်ယောက်က ကြောင်ကိုရေချိုးပေးနေပြီး သူ့လက်က သွေးစွန်းနေသည်အထိ ကုတ်ခြစ်ခံထားရကာ သူ့လက်ကို ကြည့်ရှုသူများကိုပြဖို့ ဖုန်းမျက်နှာပြင်အရှေ့ကိုထိုးပြနေသည်။ ဗီဒီယိုသည် သန့်ရှင်းသွားသော ကြောင်လေးတစ်ကောင်က အမျိုးသားနှင့်အတူ ကုတင်ပေါ်မှာ အိပ်ပျော်သွားပုံနှင့် အဆုံးသတ်ထားသည်။
လူသားနှင့် အိမ်မွေးတိရစ္ဆာန်ကြားက နွေးထွေးသော အချစ်ဇာတ်လမ်းဖြစ်ပုံရပေမယ့် သွေးအနည်းငယ်တော့ပါဝင်နေသည်။
ကံကောင်းစွာပင် သူမွေးဖူးသော ရွှေရောင်အကျားလေးက လူတွေကို မကုတ်ခြစ်တတ်ပဲ ကြွက်ဖမ်းတာကလွဲရင် ခေါင်မိုးပေါ်မှာ လဲလျောင်းကာ နေပူခံရတာကြိုက်သည်။ သူက အပျင်းကြီးပြီး အပြင်ခေါ်ခံရတာကိုလည်းမကြိုက်ပဲ ကြောင်ပေါက်များစွာမွေးထားသည်။ ကြောက်ပေါက်တစ်ကောင်မွေးတိုင်း ငါးခြောက်လာယူသွားလေ့ရှိသည်။
သူက ရွှေရောင်အကျားကြောင်ကို နာမည်မပေးသင့်ဟု လူတွေပြောတာကြားဖူးသည်။ အကြောင်းမှာ ရှင်သန်နိုင်စွမ်းလျော့သွားတတ်လို့ဟုဆိုသည်။ ဒါကြောင့် ရှန်းယုဟန်က နှစ်ပေါင်းများစွာ ကြောင်ကို နာမည်မပေးပဲမွေးလာပြီး ပြန်စဥ်းစားကြည့်တော့ နောင်တရသည်။
တတိယဗီဒီယိုမှာ အလွန်ဖြူဖျော့နေသော အမျိုးသားတစ်ယောက်က နှုတ်ခမ်းနီကိုကြွားနေပြီး အဆုပ်ကွဲမတတ်အော်လိုက်သည်။ သူ့အသံက ရှန်းယုဟန်ထက် အက်ကွဲနေပေမယ့် သူ့လက်ထဲက နှုတ်ခမ်းနီက ဆိုးပြီးနောက် မတူညီသောလူအဖြစ် တကယ်ပြောင်းပေးနိုင်သည်။ ရှန်းယုဟန်က ထိုနှုတ်ခမ်းနီကိုဝယ်ဖို့ လိပ်စာရှာချင်ပေမယ့် ဖုန်းမျက်နှာပြင်ကို အကြာကြီးကြည့်နေသော်လည်း လိပ်စာရှာလို့မတွေ့ချေ။
ခဏလောက်စဥ်းစားပြီး ဗီဒီယိုက ပြီးသွားခဲ့သည်။
နောက်ဗီဒီယိုတစ်ခုက မိသားစုသုံးယောက်ရိုက်ကူးထားသော ဗီဒီယိုဖြစ်ပြီး အဖေက ပိုက်ဆံကိုဖွက်ကာ သားကတွေ့သွားပြီး အမေက သူ့အဖေမှာ သိမ်းထားတဲ့ပိုက်ဆံရှိနေလားမေးတော့ သားက အဖေဖွက်ထားသည့် မွေ့ရာကိုညွှန်ပြလိုက်ပြီး နောက်ဆုံးအခိုက်အတန့်မှာ ဖခင်က မျက်နှာအုပ်ကာ ငိုချင်ယောင်ဆောင်နေသည်။
ရှန်းယုဟန်က ချက်ချင်းရွှင်မြူးသွားသည်။
ခေတ်သစ်မိသားစုများကလည်း ဒါမျိုးလုပ်နိုင်ပြီး ချစ်စရာကောင်းတဲ့မိသားစုအချို့ ရှိနေဆဲပဲ။
နှိပ်ကြည့်ဖို့ဗီဒီယိုများစွာရှိနေပြီး ရှန်းယုဟန်က ပိုတက်ကြွလာကာ မအိပ်ချင်တော့ပဲ ရယ်စရာဗီဒီယိုများကြောင့် ရွှင်မြူးနေကာ သတိလက်လွတ်ရယ်မောနေသည်။
တချို့ဗီဒီယိုများက ခေတ်မီအမျိုးသားနှင့်အမျိုးသားကြားက ချစ်ခြင်းမေတ္တာကိုပြသထားပြီး တချို့က ယောကျာ်းလေးများနှင့် ပရော်ပရည်လုပ်နေပြီး တချို့ကမိန်းကလေးများနှင့် ပရော်ပရည်လုပ်နေသည်။
လူငယ်များ အပျော်ကစားသည့် ဗီဒီယိုများတင်မဟုတ်ပဲ သက်ကြီးရွယ်အို အမျိုးသား၊ အမျိုးသမီးများ ကနေသောဗီဒီယိုများ၊ လက်သမားနှင့် အချက်အပြုတ်ဗီဒီယိုများလည်းရှိသည်။
မသိလိုက်ပဲ အချိန်ကုန်သွားပြီး ရှန်းယုဟန်က ကိုယ်ဟန်အနေအထားမပြောင်းပဲ ဗီဒီယိုများကို ပွတ်ဆွဲကာ သူ့လည်ပင်းက အနည်းငယ်တောင့်လာသည်။
မိုဘိုင်းဖုန်းသေးသေးလေးက တကယ်ကိုစိတ်ဝင်စားဖို့ကောင်းပြီး အရင်က ဒီအကြောင်းအများကြီးမသိတာ သူ့အပြစ်ဖြစ်သည်။
သူ့အာရုံက လုံးဝပြောင်းသွားပြီး ရှန်းယုဟန်က ရှန်ချီဟွမ်းဆီက ဗီဒီယိုကောလ်ကိုစောင့်နေပြီး ယင်းမှာ မက်ဆေ့တစ်ခုပေါ်လာသည်အထိပင်။
မူကမ်း: ရှန်းယုဟန်၊ ငါယူအက်စ်ကိုရောက်ပြီ၊ မင်းအိပ်နေတာလား။
ရှန်းယုဟန်က ဖုန်းပေါ်က အချိန်ကိုစစ်လိုက်သည်၊ အဲ့လောက်နောက်ကျနေပြီလား?
တစ်ဖက်က ရှန်ချီဟွမ်းက ရှန်းယုဟန် သူ့ကို ဒီအချိန်မှာ စာပြန်ဖို့မမျှော်လင့်ထားပေ။ သူက စောစောအိပ်လေ့ရှိတာကြောင့် သူ့အလုပ်နှင့် အနားယူချိန်ကကောင်းသည်။
ဒါပေမယ့် သူတကယ်စောင့်နေခဲ့သည်။
ဇနီးလေး: မအိပ်ဘူး။
မူကမ်း: ဗီဒီယိုကောလ်ခေါ်ရမလား?
ဇနီးလေး: အိုကေ
ရှန်းယုဟန်က တစ်ညလုံး ဗီဒီယိုကြည့်ပြီး များစွာသော ဗီဒီယိုဇာတ်ဝင်ခန်းက သူ့စိတ်ထဲပေါ်လာကာ သတိရတိုင်းရယ်ချင်နေသည်။
သို့သော် ရှန်ချီဟွမ်းက ဗီဒီယိုကောလ်ခေါ်လာတော့ သူ၏အပြုံးမျက်နှာကို ပွတ်သပ်ကာ လည်ပင်းကိုထောင်ပြီး ကုတင်ပေါ်မှထလိုက်သည်။
တစ်ညလုံးလှဲနေပြီးနောက် လည်ပင်းက နည်းနည်းနာလာပြီး အိပ်ထားသလို ညောင်းညာလာသည်။
သူက ဖန်သားပြင်ပေါ်ရှိ အစိမ်းရောင်ခလုတ်ကိုနှိပ်ကာ စီရီက ဖုန်းဖြေဖို့ပြောခဲ့သဖြင့် အစိမ်းရောင်ခလုတ်ကို နှိပ်နိုင်သွားသည်။
သေချာသည်မှာ ဖုန်းခေါ်ဆိုမှုက ချိတ်ဆက်သွားပြီး ရှန်ချီဟွမ်း၏ အသံနက်ကြီးက ဖုန်းထဲမှထွက်လာသည်။ “ဘာလို့ဒီအချိန်ထိမအိပ်သေးတာလဲ?”
ရှန်းယုဟန်က ဖုန်းကိုကြည့်ကာ အသံတင်မဟုတ်ပဲ ရှန်ချီဟွမ်းလည်းပေါ်လာသည်။
ဒါက ဗီဒီယိုကောလ်လား? မိုက်တယ်။
အံ့သြစရာက အံ့သြစရာပေမယ့် ရှန်းယုဟန်က ခံစားချက်ကိုထိန်းချုပ်ဖို့ သင်ယူထားပြီး စိတ်ဆိုးနေသည့်ပုံပြောင်းသွားသည်။ “ကျွန်တော်ဗီဒီယိုကြည့်နေတာ။”
“ဘယ်လိုဗီဒီယိုလဲ?”
“ရယ်စရာတစ်ခုခု”
“ကောင်းပါပြီ၊ အချိန်ကုန်ဖို့ပေါ့။” သူ့ကိုစောင့်နေရင်း အချိန်ကုန်သွားဖို့။
သို့သော် ဒီတစ်ကြိမ် ရှန်းယုဟန်၏ မျက်လုံးများက အဝတ်အစားချွတ်နေသော ရှန်ချီဟွမ်းကြောင့် ဆွဲဆောင်ခံလိုက်ရပြီး သူက ဒီနေ့အိပ်ရာမထခဲ့တာကြောင့် ရှန်ချီဟွမ်းက ထွက်မသွားခင် ဘာဝတ်ထားလဲမသိခဲ့ပေ။ အခု သူက ကုတ်ကိုတွေ့ပြီး ရင်းနှီးသောခံစားချက်ကို ပြန်ရလိုက်ပြီး သူကြည့်ခဲ့သော ဗီဒီယိုထဲက ဘယ်သူကမှ သူ့ခင်ပွန်းလောက် မခန့်ညားပေ။
ရှန်းယုဟန်က ဗီဒီယိုထဲက တခြားတစ်ခုကို အာရုံစိုက်နေသည်။ ရှန်ချီဟွမ်း၏ အခန်းကတောက်ပနေပေမယ့် မီးအလင်းရောင်ကြောင့်မဟုတ်ပဲ နေ့ဘက်အလင်းရောင်ကြောင့်ဖြစ်သည်။
“ခင်ဗျားရောက်နေတဲ့နေရာက နေ့ဘက်လား?” ရှန်းယုဟန်က ဖုန်းမျက်နှာပြင်ကိုကြည့်ဖို့ ကြိုးစားလိုက်သည်။
“အွန်း၊ မနက်ရှစ်နာရီ၊ မင်းနေရာမှာဆို ဆယ့်တစ်ဖြစ်မယ်။” ရှန်ချီဟွမ်းက ဖုန်းကိုစားပွဲပေါ်တင်ကာ ရှန်းယုဟန် သူဘာလုပ်နေလဲမြင်ရအောင် ရှုထောင့်ပြောင်းလိုက်သည်။
ခေတ်သစ်ကမ္ဘာမှာ နိုင်ငံများကြား နေ့နဲ့ညကွာခြားမှုရှိသည်။